← Chapters

လတ်စသတ်တော့ သူပဲ။

Vol. 19 Ch. 206

လတ်စသတ်တော့ သူပဲ။

Vol. 19 Ch. 206

တုရှောင်ဟွေ့ ထွက်သွားသည်နှင့် လီယောင်က သူမ လှုပ်ရှားဖို့ အချိန်ကျပြီ ဆိုတာ နားလည်လိုက်သည်။

ဝင်ခွင့်ထောက်ခံချက်အတုပေါ်ကို သူမ အမွှေးမှုန့်တွေ အများကြီး ဖြူးထားခဲ့သည်။ သို့သော်လည်း လူတွေ ပြွတ်သိပ်ကြပ်ညပ်နေတဲ့ ဒီနေရာမှာ အနံ့တွေကလည်း ပေါင်းစုံဖြစ်လေရာ ထိုအနံ့ကို သတိထားမိဖို့ သိပ်မလွယ်ပေ။

လီယောင်သည် အနီးအနားရှိ လူအုပ်ကြီးထဲမှာ လှည့်ပတ်ပြီးတဲ့ထိ အမွှေးမှုန့်တွေရဲ့ အနံ့ကို မရသောအခါ နီးစပ်ရာ လမ်းတွေပေါ်သို့ တိုးချဲ့ရှာဖွေလိုက်သည်။

စာမေးပွဲဖြေဆိုရမည့် နေရာနှင့် သိပ်မဝေးသော လမ်းသွယ်လေးထဲမှာ နှုတ်ခမ်းထောင့်တွင် မှည့်ပါသော ခပ်ပိန်ပိန် ယောက်ျားတစ်ယောက်က တစ်စုံတစ်ယောက်ကို စိတ်လှုပ်ရှားစွာ စောင့်နေပုံဖြင့် ရံဖန်ရံခါဆိုသလို လမ်းကြားထဲက ခေါင်းပြူထွက်နေခဲ့သည်။

သူက လျင်မြန်စွာ ချဉ်းကပ်လာသော လီယောင့်ပုံရိပ်ကို မြင်တော့ လှည့်ထွက်ပြေးသွားသည်။

လီယောင်ကလည်း သူ့ရဲ့ ပုံမှန်မဟုတ်သော အပြုအမူနှင့်အတူ အမွှေးမှုန့်ရနံ့ကိုပါ တစ်ချိန်တည်းမှာ အနံ့ခံမိလိုက်သောကြောင့် ထိုလူ့နောက်ကို အရှိန်အမြင့်ဆုံးတင်၍ ပြေးလိုက်လာခဲ့သည်။ ထိုလူက ဘေးပတ်ဝန်းကျင်နှင့် အလွန် ရင်းနှီးနေပုံရပြီး သွေးရူးသွေးတန်း လျှောက်ပြေးနေသည့် ကြွက်တစ်ကောင်လိုပင် ရှုပ်ယှက်ခတ်နေသော လမ်းကြားလေးတွေထဲ ပြေးသွားခဲ့သည်။

ဒါပေမဲ့ နှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့ လီယောင့်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သာမန်လူတွေ ယှဉ်လို့ မရသလို သူမရဲ့ နောက်ယောင်ခံစွမ်းရည်ကိုလည်း ကောင်းကောင်း သွေးယူထားတာမို့ တစ်မိနစ်အတွင်းမှာပဲ ထိုလူ့ကို တစ်ဖက်ပိတ်လမ်းကြားလေးထဲမှာ ချောင်ပိတ်ဖမ်းမိခဲ့လေသည်။

“ ကျုပ် … ကျုပ် လုပ်ချင်လို့ မဟုတ်ပါဘူး။ လူတစ်ယောက်က ကျုပ်ကို ခိုင်းလို့ပါ။ ”

“ ဘယ်သူကလဲ။ ”

“ ရှုယို့ခိုင်ပဲ။ ” ဟု ထိုလူက ကြောက်စိတ်မွှန်ကာ ပြန်ပြောသည်။ “ သူက မင်းမိသားစုထဲက ဝမ်အာ့ကို ကြောက်နေတာ။ အဲ့ဒါကြောင့် သူ စာမေးပွဲဖြေတာကို တားဆီးဖို့ သူ့ဝင်ခွင့်ထောက်ခံချက်ကို ကျုပ်ကို ခိုးခိုင်းလိုက်တာ။ အဲ့ဒါမှ သူ အလွယ်တကူ ပထမရနိုင်မှာလေ။ ”

“ ဝင်ခွင့်ထောက်ခံချက် ဘယ်မှာလဲ။ ”

“ ကျုပ် ဖျက်ဆီးပစ်လိုက်ပြီ … ”

ဝင်ခွင့်ထောက်ခံချက်သာ တကယ်ပဲ အခိုးခံပြီး ဖျက်ဆီးခံလိုက်ရရင် ဝမ်အာ ဒီတစ်ခေါက် စာမေးပွဲဖြေခွင့်ရတော့မှာ မဟုတ်ပေ။

လက်ရှိအချိန်မှာ ဝင်ခွင့်ထောက်ခံချက်တွေကို အစားထိုးပေးမယ့် စည်းမျဉ်းတွေလည်း မရှိသေးတာမို့ ယိကျိုးမင်းသားနှင့် အုပ်ချုပ်ရေးမှူးစုန့်တို့ ကြားဝင်ကူညီပေးဖို့ ကြိုးစားရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ပါ။

“ ရှင့်နာမည် ဘယ်လိုခေါ်လဲ။ ”

“ ကျုပ်နာမည် ရှုကောကျစ်။ ကျုပ်က သူခိုးအလုပ်နဲ့ အသက်မွေးတယ်။ ” ဟု ထိုလူက ပြန်ပြောသည်။ “ မနေ့တုန်းက ရှုယို့ခိုင်က ကျုပ်ကို လာရှာပြီး သူ့အတွက် ဒီကိစ္စကို ကူညီပေးဖို့ ငွေချောင်း ငါးချောင်း ပေးသွားတယ်။ ”

လီယောင်ကတော့ သူ့စကားကို မယုံကြည်ပေ။

အတွေ့အကြုံရင့်ပြီးသား သူခိုးတစ်ယောက်က သူ ခိုးထားတဲ့ ပစ္စည်းတွေကို သူ့ခန္ဓာကိုယ်ပေါ်မှာ သိမ်းထားမှာ မဟုတ်ပါ။ ပြီးတော့ ဒီလူ့ရဲ့ ပုံစံကသာ ထိတ်လန့်နေပုံပေါ်သော်လည်း သူ့မျက်လုံးတွေကတော့ အတော်လေး တည်ငြိမ်နေပြီး စကားပြောတဲ့အခါလည်း ကြောက်လန့်မှုမရှိဘဲ အဆီအငေါ်တည့်စွာ ရှင်းရှင်းလင်းလင်း ပြောနိုင်သည်။

အခုအချိန်မှာ သူမက ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားတဲ့ ဘွဲ့ထူးဂုဏ်ထူးကို ရထားတယ် ဆိုတာရော ၊ သူမနှင့် ယိကျိုးမင်းသား ၊ အုပ်ချုပ်ရေးမှူးစုန့်တို့က ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးရှိတယ် ဆိုတာကိုရော ယိကျိုးမြို့သူမြို့သားတိုင်း သိနေပြီးဖြစ်ပါသည်။

ဒီလူကတော့ ဘာ့ကြောင့် ကြိမ်ဒဏ် အချက်နှစ်ထောင်တို့ ၊ ပြည်နှင်ဒဏ်တို့လို ကြီးလေးတဲ့ အပြစ်တွေကို မကြောက်ရတာလဲ … ။

“ ရှင် ရှုယို့ခိုင်ကို လူချင်းတွေ့ပြီး စွပ်စွဲရဲလား။ ”

“ မင်း ကျုပ်ကို လွှတ်ပေးမယ်လို့ ကတိပေးရင် ကျုပ် မင်းနဲ့အတူ သူ့ကို သက်သေခံပေးမယ်။ ”

“ ကောင်းပြီ။ ကျွန်မနဲ့ လိုက်ခဲ့။ ”

လီယောင်က ရှုကောကျစ်ကို စာမေးပွဲဖြေဆိုမည့် ခန်းမဝင်ပေါက်သို့ ခေါ်သွားပြီး လူတစ်ယောက်အား စာမေးပွဲခန်းမထဲက အုပ်ချုပ်ရေးမှူးစုန့်ကို သွားခေါ်ခိုင်းလိုက်သည်။

အုပ်ချုပ်ရေးမှူးစုန့်ကလည်း တစ်စုံတစ်ယောက်က ဝမ်အာရဲ့ ဝင်ခွင့်ထောက်ခံချက်ကို ရဲတင်းစွာ ခိုးယူရဲတယ် ဆိုတဲ့ သတင်းကို ကြားသည်နှင့် သူ့လူတွေနှင့်အတူ ချက်ချင်း ထွက်လာသည်။

“ ခိုးတဲ့ လူက သူပဲ။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ဒါပေမဲ့ သူ့ကို တခြားတစ်ယောက်က ခိုင်းလို့ လုပ်ရတာပါလို့ သူက အခိုင်အမာ ပြောနေတယ်။ ”

“ ဘယ်သူ ခိုင်းတာလဲ။ ”

“ ရှုယို့ခိုင် ခိုင်းတာတဲ့။ ”

“ ဘယ်လို … ။ ရှုယို့ခိုင် လုပ်ခိုင်းတာ … ဟုတ်လား။ ” အုပ်ချုပ်ရေးမှူးစုန့်သည် ရှုယို့ခိုင်အား ဒီလို လုပ်ရပ်မျိုး လုပ်တဲ့ထိ ယုတ်မာကောက်ကျစ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။ ထိုကောင်လေးကို ယိကျိုးမြို့မှာ ဂုဏ်သတင်းအကြီးဆုံး ၊ အရည်အချင်းအရှိဆုံး လူငယ်လေးတစ်ယောက်ဟုသာ သူ ထင်ထားခဲ့တာပင်။ “ ရှုယို့ခိုင်ကို ဒီကို ခေါ်လာခဲ့ကြစမ်း အစောင့်တွေ။ ”

တန်းစီနေတဲ့ လူတန်းကြီးရဲ့ ထိပ်ဆုံးမှာ ရှိတဲ့ ရှုယို့ခိုင်ကို အမှုထမ်းနှစ်ယောက်က အလျင်အမြန် ဆွဲခေါ်လာခဲ့ကြသည်။ သို့သော် ရှုကောကျစ်ရဲ့ စွပ်စွဲမှုတွေကို ရင်ဆိုင်ရချိန်မှာ ရှုယို့ခိုင်တစ်ယောက် အံ့ဩလွန်းလို့ စကားပင် မပြောနိုင်တော့ပေ။

“ ကျွန်တော် မတရား စွပ်စွဲခံရတာပါ အုပ်ချုပ်ရေးမှူး။ ကျွန်တော် သူ့ကို ခိုင်းဖို့ နေနေသာသာ သူ့ကိုတောင် မသိပါဘူး။ ”

“ ရှုယို့ခိုင် … မင်း ကလိမ်ကကျစ်ကောင်။ ” ဟု ရှုကောကျစ်က ဒေါသတကြီး အော်ပြောလိုက်သည်။ “ မင်းပဲ ငါ့ကို ဝမ်အာရဲ့ ဝင်ခွင့်ထောက်ခံချက် ခိုးပေးဖို့ ငွေချောင်း ငါးချောင်း ပေးထားတာလေ။ အခုမှ မင်း လုပ်ထားတာကို လာငြင်းနေတာလား။ ”

ရှုယို့ခိုင်သည် မျက်နှာကြီးရဲတက်လာတဲ့ထိ ဒေါသထွက်သွားခဲ့သည်။ “ ခင်ဗျားက ဘယ်သူလဲ။ ကျွန်တော် ခင်ဗျားကို တစ်ခါမှ မမြင်ဖူးဘူး။ ”

“ ငါ့ကို တစ်ခါမှ မမြင်ဖူးဘူးတဲ့လား။ မနေ့ညတုန်းက တိမ်လွှာတစ်ထောင်အိမ်တော်မှာ မင်းနဲ့ တခြားလူတွေ သောက်စားရင်းနဲ့ ငါတို့ ဆုံခဲ့တယ်လေ။ အဲ့ဒီက စားပွဲထိုးကိုလည်း မေးကြည့်လို့ ရတယ်။ သူ အားလုံး မြင်တယ်။ ”

“ ကျွန်တော် … ” ရှုယို့ခိုင်က ငိုတော့မလို ဖြစ်နေသည်။ တကယ်လည်း သူ မနေ့ညတုန်းက တိမ်လွှာတစ်ထောင်အိမ်တော်မှာ သောက်ခဲ့ပေမဲ့ မဟုတ်တာ ဘာတစ်ခုမှ မလုပ်ခဲ့ပါ။

အုပ်ချုပ်ရေးမှူးစုန့်က “ တော်လောက်ပြီ။ ” ဟု အေးစက်စက် ပြောလိုက်သည်။ “ ဒီကိစ္စကို သေသေချာချာ စစ်ဆေးသွားမယ်။ ဒီနှစ်ယောက်ကို ရုံးတော်ထဲကို ခေါ်လာခဲ့လိုက် ၊ သူတို့နှစ်ယောက်ကို ကြပ်ကြပ်မတ်မတ် စစ်ဆေးမေးမြန်းမယ်။ ”

“ ကျွန်တော်က အပြစ်ကင်းပါတယ် အုပ်ချုပ်ရေးမှူး။ ကျွန်တော် မဟုတ်ပါဘူး … ”

“ အုပ်ချုပ်ရေးမှူးခင်ဗျာ … ” ဟု ရှုကောကျစ်က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “ ဒီသခင်မလေးက ကျွန်တော်သာ သက်သေခံပေးရင် ကျွန်တော့်ကို လွှတ်ပေးမယ်လို့ စောစောတုန်းက ကတိပေးထားပါတယ်။ ”

အုပ်ချုပ်ရေးမှူးစုန့်က လီယောင့်ကို ကြည့်လိုက်တော့ သူမက ခေါင်းညိတ်ပြီး “ ကျွန်မ အဲ့လို ပြောထားတယ်။ ” ဟု ပြောလိုက်သည်။

“ ဒါဆို မင်းကို အခုလောလောဆယ်တော့ လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း မင်း ယိကျိုးမြို့ကနေ ထွက်မသွားရဘူး ၊ ဆင့်ခေါ်တဲ့ အချိန်တိုင်းမှာလည်း အချိန်မရွေး အဆင်သင့်ဖြစ်နေရမယ်။ ”

“ စိတ်မပူပါနဲ့ အုပ်ချုပ်ရေးမှူး။ ကျုပ်က အနောက်ဘက်မြို့မှာ နေတာပါ။ အဲ့မြို့က လူတွေကို မေးကြည့်လိုက်တာနဲ့ ဘယ်သူမဆို ကျုပ်ကို အလွယ်တကူ ရှာတွေ့မှာပါ။ ”

အုပ်ချုပ်ရေးမှူးစုန့်က ရှုကောကျစ်ကို လွှတ်ပေးလိုက်ပြီးနောက် ရှုယို့ခိုင်ကိုလည်း အမှုထမ်းတွေက ဆွဲခေါ်သွားကြသည်။ ဘေးက ဝိုင်းကြည့်နေတဲ့ လူတွေကတော့ စကားသံတွေ ပွက်ပွက်ညံလျက် ကျန်ရစ်ခဲ့ပါသည်။

“ ရှုယို့ခိုင်ကို အဲ့လို လူမျိုး ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားဘူး။ ”

“ ဟား … ယိကျိုးစီရင်စုရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်နေပါရက်နဲ့ ဒီလို လုပ်ရပ်မျိုး လုပ်ရတယ်လို့။ ဒါ ကျောင်းသားတွေကို သိက္ခာချလိုက်တာပဲ။ ”

“ ကြည့်ရတာ အခု ရှုယို့ခိုင်ရော ၊ ဝမ်အာရော စာမေးပွဲမဖြေနိုင်တော့ဘူး ထင်တယ်။ ဒီကိစ္စကနေ ဘယ်သူ အကျိုးအမြတ်ရသွားမလဲ ဆိုတာ သိချင်လိုက်တာ။ ”

…

အုပ်ချုပ်‌ရေးမှူးစုန့်ကလည်း သူ့မျက်စိရှေ့မှောက်မှာ ဒီလို အဖြစ်အပျက်မျိုး ဖြစ်သွားတာမို့ ဒေါပွနေခဲ့လေသည်။ သို့သော် အခြေအနေက လွန်ခဲ့တဲ့ နှစ်တွေတုန်းက အခြေအနေနှင့် မတူပါ။

ယိကျိုးစီရင်စုက အခု လျို့ယွင်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိနေတာ ဖြစ်ပြီး သူက လျို့ယွင်ထံမှ လစာရတဲ့ လျို့ယွင်ရဲ့ အုပ်ချုပ်ရေးမှူးသာ ဖြစ်ကာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဧကရာဇ်တရားရုံးတော်က တရားဝင် ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး မဟုတ်ပါ။

စီရင်စုစာမေးပွဲ‌တွေက ဧကရာဇ်တရားရုံးတော်ရဲ့ စီရင်ပိုင်ခွင့်အောက်မှာ ရှိပြီး စာမေးပွဲကြီးကြပ်ရေးမှူး ၊ စာစစ်သူနှင့် အကြံပေးအရာရှိတွေအားလုံးဟာ တရားရုံးတော်က စေလွှတ်ထားသူတွေ ဖြစ်သည်။

အုပ်ချုပ်ရေးမှူးတစ်ယောက်အနေဖြင့် သူ့အခန်းကဏ္ဍက အလွန်ဆုံးမှ ဘေးက ကူညီပေးရုံလောက်သာ ရှိသည်။ စာမေးပွဲနှင့် ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေက စာမေးပွဲကြီးကြပ်ရေးမှူးရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပင်။

အပွင့်လင်းဆုံး ပြောရလျှင် စာမေးပွဲကြီးကြပ်ရေးမှူးက သူ့ကို မျက်နှာသာမပေးဘဲ စာမေးပွဲခန်းမထဲ ဝင်ခွင့်မပေးရင်တောင် သူ ဘာမှ မပြောနိုင်ပါ။

အုပ်ချုပ်ရေးမှူးစုန့်က “ မင်း ဘာလို့ ရှုကောကျစ်ကို လွှတ်ပေးလိုက်တာလဲ အမျိုးသမီးလီ။ ” ဟု မေးလိုက်တော့ လီယောင်က “ ရှုယို့ခိုင်က တရားခံအစစ် မဟုတ်ဘူး။ သူ့ကိုလည်း ခဏနေရင် လွှတ်ပေးပြီး စာမေးပွဲဆက်ဖြေခွင့်ပေးလိုက်ပါ။ ” ဟု တိုးတိုးလေး ပြောလိုက်သည်။

“ ဒါဆို တရားခံက ဘယ်သူလဲ။ ”

“ ကျွန်မတို့ မကြာခင် သိရတော့မှာပါ။ အုပ်ချုပ်ရေးမှူးစုန့် ပွဲကြည့်ချင်ရင်တော့ ကျွန်မနဲ့အတူ လိုက်ခဲ့လို့ ရတယ်။ ”

အုပ်ချုပ်ရေးမှူးစုန့်က ဒီလို အခွင့်အရေးကောင်းကို လက်လွှတ်ခံမှာ မဟုတ်ပါ။ စာမေးပွဲခန်းမအပြင်မှာ ထိုင်ပြီး ဘာမှ လုပ်စရာမရှိတဲ့အတူတူ တရားခံလိုက်ဖမ်းတာက ပိုကောင်းလိမ့်မည်။

အမှုထမ်းတွေအကုန်လုံးက စာမေးပွဲခန်းမထဲမှာ ကူညီပေးနေသောကြောင့် အုပ်ချုပ်ရေးမှူးစုန့်က မြို့စောင့်တပ်သားတွေအား ကျန်းရှန် ( ကာကွယ်ရေးခေါင်းဆောင်ကျန်း ) နှင့်အတူ အကူတွေ သွားခေါ်ပေးဖို့ အမိန့်ပေးလိုက်သည်။

ပိုင်ချွမ်းခရိုင်ရဲ့ တရားသူကြီးရာထူးကနေ နှုတ်ထွက်ပြီးနောက် လက်ရှိအချိန်မှာ ကျန်းရှန်က သတ္တမအဆင့် စစ်ရေးအရာရှိရာထူးနှင့် ညီမျှသော မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ကာ ထောင်ချီသေ ဝါရင့်တပ်သားဟောင်းကို အုပ်ချုပ်နေခဲ့သည်။ သူ့အရည်အချင်းကြောင့် သူ ထိုလူတွေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့တာ ကြာပါပြီ။

ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရချိန်မှာ သဘာဝကျစွာပင် ခံစားချက်ပြောင်းလဲသွားသည်။ စစ်တန်းလျားတွေထဲမှာ ပျင်းရိနေသော ကျန်းရှန်သည်လည်း အပြင်ထွက်လာပြီး လေရှူလိုက်ရတော့ ပျော်နေသည်။

“ မတွေ့ရတာ ကြာပြီ အမျိုးသမီးလီ။ ”

“ ဂုဏ်ပြုပါတယ် ခေါင်းဆောင်ကျန်း။ ကျွန်မ ရှင့်ကို ဒီတစ်ခေါက်တော့ အလုပ်ရှုပ်ခိုင်းရဦးမယ်။ ”

“ ကျွန်တော့်ကို ယဉ်ယဉ်ကျေးကျေး ပြောနေစရာမလိုပါဘူး အမျိုးသမီးလီ။ ကျွန်‌တော်တို့ရဲ့ ပစ်မှတ်က ဘယ်မှာလဲ။ သူတို့ကို မြန်မြန် ဖမ်းကြမယ်လေ။ ”

“ ရှင် ခွေးတွေ ခေါ်လာခဲ့လား။ ”

“ ခွေးတွေကို ခေါ်လာခဲ့ကြစမ်း။ ”

ကျန်းရှန်က သူ့လူတွေအား အမဲလိုက်ခွေးကြီးနှစ်ကောင်ကို ခေါ်လာခိုင်းလိုက်သည်။ လီယောင်က ထိုခွေးတွေအား အမွှေးမှုန့်ရနံ့ကို ရှူခိုင်းပြီးမှ ကြိုးဖြည်ပေး၍ ထိုအနံ့ကို ခြေရာခံခိုင်းလိုက်သည်။

ခဏအကြာမှာပဲ သူတို့လူစုသည် အိမ်ကြီးရခိုင်တစ်လုံး၏ ဂိတ်တံခါးဆီသို့ ရောက်လာခဲ့ကြလေသည်။ လီယောင်က “ ကျွန်မ ထင်တာ မှန်နေတာပဲ။ ဒီကိစ္စက ယန်ချန်းရဲ့ လက်ချက်ပဲ။ ” ဟု ပြောလိုက်သည်။

…

All Chapters