မှည့်။
Vol. 19 Ch. 207
ကျန်းရှန်က တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားသော အရှေ့ဂိတ်တံခါးကို ကြည့်ပြီး “ ကျွန်တော်တို့ ဒီတိုင်းပဲ ဖျက်ဝင်သွားပြီး သူတို့ကို ဖမ်းလိုက်ရမလား။ ” ဟု မေးလိုက်သည်။
“ မလုပ်နဲ့ ၊ ကျွန်မတို့ အဲ့လို အလောတကြီး ဝင်သွားရင် ရှုကောကျစ်က ထွက်ပြေးသွားလိမ့်မယ်။ ” ဟု လီယောင်က ပြန်ပြောလိုက်သည်။ “ ရှင်တို့တွေက ဒီမှာပဲ ကျန်ခဲ့ပြီး သတိရှိရှိ စောင့်နေကြပါ။ အရင်ဆုံး ကျွန်မတစ်ယောက်တည်း ဝင်သွားလိုက်မယ်။ ”
ထိုအချိန်မှာ ယန်ချန်းကတော့ စာကြည့်ခန်းထဲမှာ ရှုကောကျစ်ကို လက်ခံတွေ့ဆုံနေတာ ဖြစ်သည်။ ဒီတစ်ခေါက် ရှုကောကျစ်ရဲ့ လုပ်ပုံကိုင်ပုံကို အလွန် စိတ်တိုင်းကျနေသော ယန်ချန်းက ရှုကောကျစ်ကို ငွေချောင်း ဆယ်ချောင်း ဆုချလိုက်သည်။
မနေ့တုန်းက ယန်မင်တက္ကသိုလ်မှာ အရှုံးကို ရင်ဆိုင်ခဲ့ရခြင်းက သူ ရသင့်ရထိုက်တဲ့ ငွေကြေးတွေကို ဆုံးရှုံးသွားစေခဲ့သည်။ အဲ့ဒါတွေအားလုံးက လီယောင့်စိတ်ကူး ဆိုတာ သူ သိနေတာမို့ သူမကို လက်တုံ့ပြန်နိုင်မယ့် နည်းလမ်းကို သူ စဉ်းစားခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့မြေးအကြီးဆုံး ယန်ဟွေ့ကလည်း ဒီနှစ် စီရင်စုစာမေးပွဲကို ဝင်ရောက်ဖြေဆိုသည်။ ယန်ဟွေ့က ရှုယို့ခိုင်နှင့် ရင်းနှီးတာကြောင့် ပိုင်ချွမ်းခရိုင်မှာ ရှုယို့ခိုင် အရှက်ကွဲခဲ့ရတာကိုလည်း သိသည်။
ထို့ကြောင့် ယန်ချန်းက ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ကို ပစ်နိုင်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်လိုက်တာ ဖြစ်သည်။ မဟုတ်သေး ၊ ခဲတစ်လုံးတည်းနှင့် ငှက်သုံးကောင် ပစ်နိုင်သွားတယ်လို့တောင် ပြောလို့ ရသည်။
သက်တမ်းရင့်တဲ့ ဂျင်းတက်ဟာ အစပ်ဆုံးပင်။
အခု လီယောင့်သား ဝမ်အာရဲ့ ဝင်ခွင့်ထောက်ခံချက် ပျောက်ဆုံးသွားသလို ရှုယို့ခိုင်ကလည်း အစိုးရရုံးတော်မှာ ထိန်းသိမ်းခံထားရသည်။ ထို့ကြောင့် သူတို့ထဲက တစ်ယောက်မှ စီရင်စုစာမေးပွဲ ဆက်ဖြေနိုင်တော့မှာ မဟုတ်ပါ။
အဲ့ဒါက သူ့မြေးအကြီးဆုံးမှာ အားကောင်းတဲ့ ပြိုင်ဖက်နှစ်ယောက် လျော့သွားပြီ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပြီး စီရင်စုစာမေးပွဲကို အမှတ်အများဆုံးနှင့်တောင် အောင်နိုင်ချေရှိသည်။
လီယောင်ကတော့ သူဟာ တခြားလူတွေကို လျို့ဝှက်စွာ ဒုက္ခပေးပြီး အပြစ်တွေကိုလည်း လွှဲချနိုင်လိမ့်မည်ဟု အိပ်မက်ထဲမှာတောင် စိတ်ကူးယဉ်မကြည့်ဖူးလောက်ပေ။
ယန်ချန်းသည် ထိုအတွေးကြောင့် ကိုယ့်ကိုယ်ကိုယ် အလွန် ဂုဏ်ယူသွားသလို သူ့ဘိုးဘေးဘီဘင်တွေရဲ့ ကောင်းချီးတွေကိုလည်း အဆက်မပြတ် ကျေးဇူးတင်မိသည်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ ကြံရည်ဖန်ရည်ကိုလည်း ကျေနပ်မိသည်။
တစ်သက်လုံး စီးပွားရေးလုပ်လာခဲ့တာတောင် သူ့ဆီမှာ လှည့်ကွက်လေးတွေ ရှိနေသေးပါသည်။
“ ငါ မင်းကို ငွေပေးပြီးပြီ ဆိုတော့ မင်း ဘာဆက်လုပ်ရမလဲ ဆိုတာ သိတယ်မလား။ ”
“ သိပါတယ် သိပါတယ်။ ” ရှုကောကျစ်က လေးလံသော ငွေချောင်းတွေကို သူ့အင်္ကျီထဲ ထည့်လိုက်သည်။ “ ကျွန်တော် အခုချက်ချင်း တစ်နေရာမှာ သွားပုန်းနေပြီး ( ၁ ) နှစ် ၊ ( ၂ ) နှစ် ကြာမှ ဒီကို ပြန်လာခဲ့ပါ့မယ်။ ”
“ အေး။ မင်း နားလည်လို့ တော်သေးတာပေါ့။ ”
“ ဒါဆို ကျွန်တော် သွားပြီနော် သခင်ကြီးယန်။ ”
“ ရှင် အခု သွားစရာမလိုတော့ပါဘူး။ ”
ထိုအချိန်မှာပဲ စာကြည့်ခန်းတံခါး ရုတ်တရက် ပွင့်သွားကာ လီယောင်က သူတို့နှစ်ယောက်ရှေ့မှာ ဘွားခနဲ ပေါ်လာခဲ့လေသည်။
ယန်ချန်း ထိတ်လန့်သွား၏။ သူက စီးပွားရေးသမားတစ်ယောက် ဆိုပေမဲ့ သူ့မှာ တစ်အိမ်လုံးကို တင်းကြပ်စွာ စောင့်ကြပ်နေတဲ့ အစောင့်တွေ အများကြီး ရှိသည်လေ။ လီယောင်က ဘယ်လိုလုပ် ဝင်လာတာလဲ … ။
“ အစောင့်တွေ … ”
ယန်ချန်းက အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်သော်လည်း ခါတိုင်းဆို လျင်လျင်မြန်မြန် တုံ့ပြန်နေကျ အစောင့်တွေက အခုတော့ ငြိမ်ချက်သားကောင်းနေသည်။
“ အော်ခေါ်နေလည်း ဘာမှ မထူးဘူး။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ရှင် မွေးထားတဲ့ ခွေးတွေက အိပ်ပျော်နေကြပြီ။ ”
“ မင်း ငါ့ကို ဘာလုပ်မလို့လဲ လီယောင်။ ” ယန်ချန်းရဲ့ မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။ “ သူများရဲ့ အိမ်ထဲကို ပိုင်နက်ကျူးကျော်မှုနဲ့ ငါ မင်းကို တရားစွဲလို့ ရတယ် ဆိုတာရော သိလား။ ”
“ အပြင်မှာ အုပ်ချုပ်ရေးမှူးစုန့် ရှိတယ်။ ကျွန်မ သူ့ကို ရှင့်အတွက် ဖိတ်ခေါ်ပေးရမလား။ ”
ယန်ချန်း အနည်းငယ် ထိတ်လန့်သွားသည်။ သူ ဝမ်အာ့ရဲ့ ဝင်ခွင့်ထောက်ခံချက်ကို ခိုးဖို့ ရှုကောကျစ်ကို ခိုင်းထားတဲ့ ကိစ္စသာ ပေါ်သွားရင် အကျိုးဆက်တွေကို တွေးတောင် မတွေးရဲပေ။
အဲ့ဒါထက် ပိုအရေးကြီးတာက လီယောင်က သူ့ကို အခု လက်ပူးလက်ကြပ်မိသွားတာမို့ သူ့အတွက် ဘယ်သူ့ကိုမှ အပြစ်လွှဲချလို့ မရတော့ပါ။
“ မင်း ဘာလို့ အဲ့မှာ ကြောင်တောင်တောင်နဲ့ ရပ်နေတာနဲ့ ရှုကောကျစ်။ မြန်မြန် ပြေးတော့လေ။ ”
ရှုကောကျစ်က နောက်ဆုံးတော့ သတိပြန်ဝင်လာပြီး သူ့ရဲ့ သွက်လက်မြန်ဆန်သော ခြေထောက်တွေကို အားကိုးကာ စာကြည့်ခန်းပြတင်းပေါက်ကို ဖြတ်ကျော်၍ ခြေရာလက်ရာတောင် မကျန်ဘဲ ပျောက်ကွယ်သွားခဲ့လေသည်။
ယန်ချန်းက ရှုကောကျစ် ထွက်ပြေးလွတ်မြောက်သွားတာကို မြင်တော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်သည်။
ရှုကောကျစ် မရှိရင် အတည်ပြုပေးနိုင်မယ့် မျက်မြင်သက်သေလည်း ရှိတော့မှာ မဟုတ်။ လီယောင် သူ့ကို ရုံးတော်မှာ တရားစွဲရင်တောင် သူ ဘာကိုမှ မဝန်ခံဘဲ နေလို့ ရသည်။
သို့သော် သူ ပျော်လို့တောင် မဝသေးခင်မှာပဲ အပြင်ဘက်ကနေ ဗလုံးဗထွေး ညည်းညူသံတွေ ထွက်ပေါိလာကာ မချိမဆန့် အော်သံတွေပါ နောက်ဆက်တွဲ လိုက်ပါလာခဲ့သည်။ ထို့နောက် သွက်လက်ဖျတ်လတ်သော အစောင့်တွေက ရှုကောကျစ်ကို ပြန်ဆွဲခေါ်လာကြသည်။
ပွဲပြီးသွားပြီ။
ယန်ချန်းသည် သူ့နှလုံးသားက ချောက်ကမ်းပါးအောက်ခြေကို နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူ့မှာ အခု ငြင်းဆန်နိုင်မယ့် နည်းလမ်း မရှိတော့ပါ။
“ ရှင့်မှာ တစ်ခုခု ပြောချင်တာတွေ ၊ ဘာတွေ ရှိသေးလား ယန်ချန်း။ ”
“ လီယောင် … လီယောင် … ” ယန်ချန်းက ရုတ်တရက် ရယ်မောလိုက်သည်။ ဟုတ်တယ် ၊ ငါ ဒီတစ်ခေါက် မင်းလက်ထဲမှာ ကျရှုံးသွားပြီ။ ဒါပေမဲ့ အဲ့တော့ ဘာဖြစ်လဲ။ ရှုကောကျစ်ကို ပစ္စည်းခိုးခိုင်းတာက ကြီးလေးတဲ့ ရာဇဝတ်မှု မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ သားကတော့ အခု စီရင်စုစာမေးပွဲ မဖြေနိုင်တော့ဘူး။ ဟားဟား … မင်း တွေးကြည့်လိုက်စမ်း။ ဒီကိစ္စမှာ အကျိုးအမြတ်ပိုရတဲ့ လူက ငါ ဖြစ်နေတုန်းပဲ။ ”
လီယောင်က “ ဟုတ်လား။ အဲ့ဒါဆိုလည်း ရှုကောကျစ်ကို မေးပြီး သူ ဆုတ်ဖြဲပစ်လိုက်တဲ့ ဝင်ခွင့်ထောက်ခံချက်က တကယ့်အစစ်ရော ဟုတ်ရဲ့လား ဆိုတာ မေးကြည့်လိုက်ပါဦး။ ” ဟု ပြန်ပြောလိုက်သည်။
ယန်ချန်းရဲ့ အမူအရာက ပြောင်းလဲသွားကာ ရှုကောကျစ်ကို မျက်ထောင့်နီကြီးနှင့် စိုက်ကြည့်လိုက်သည်။ “ ငါ့ကို ပြောစမ်း။ မင်း ဝင်ခွင့်ထောက်ခံချက်ကို ဖျက်ဆီးခဲ့တာ သေချာလား။ ”
ရှုကောကျစ်က တွန့်ဆုတ်ဆုတ် ပြန်ပြောသည်။ “ ကျုပ် … ကျုပ် အဲ့ဒါကို စုတ်ဖြဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ ကျုပ်က အက္ခရာတွေကို မဖတ်တတ်တော့ တကယ့်အစစ်လား ၊ အတုလား မသိဘူး။ ”
“ မင်း … ”
ယန်ချန်းသည် ဒေါသထွက်လွန်း၍ သွေးအန်ချင်သွားသည်။ သူကတော့ ဒီလို အကြံအဖန်ကောင်းတဲ့ အစီအစဉ်ကို အပတ်တကုတ် စဉ်းစားခဲ့ရတာ ၊ အခုတော့ ထောင်ထဲမှာ ဇာတ်သိမ်းရတော့မှာလား … ။ ရှုကျစ်ကော ခိုးခဲ့တဲ့ ဝင်ခွင့်ထောက်ခံချက်က အတုကြီးတဲ့လား … ။
လီယောင်က ဆက်ပြောလိုက်သည်။ “ အုပ်ချုပ်ရေးမှူးစုန့်က ရှုယို့ခိုင်ကို အခုလေးတင်ပဲ လွှတ်ပေးလိုက်တယ်။ သူ အခုဆို စာမေးပွဲဖြေနေလောက်ပြီ။ ”
ယန်ချန်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ချည့်နဲ့သွားပြီး မြေကြီးပေါ်ကို ပုံခနဲ လဲကျသွားသည်။ ဒီတစ်ခေါက်ကတော့ ဘာတစ်ခုမှ မအောင်မြင်ဘဲ အရာအားလုံး ပျက်စီးသွားတာ ဖြစ်သည်။ နောက်ပိုင်း သူ ယိကျိုးမြို့မှာ အဆင်ပြေပြေ အေးအေးချမ်းချမ်း နေလို့ မရလောက်တော့ပါ။
နောက်ဆုံးတော့ ယန်ချန်းက “ အမျိုးသမီးလီ … ကျုပ် မင်းအပေါ် အမှားလုပ်ထားတာတွေ ၊ ရန်ငြိုးရန်စတွေလည်း မရှိဘဲနဲ့ ကျုပ်ကို ဘာလို့ ဒီလိုမျိုး တိုက်ခိုက်ရတာလဲ။ ” ဟု မေးလိုက်သည်။
“ ဘာလဲ။ ရှင်က ရှင့်ဘာသည အမှားလုပ်ထားပြီး သူများကို အပြစ်လွှဲချချင်နေပြန်ပြီလား။ ယန်မင်တက္ကသိုလ်ကို အလှူငွေမထည့်ခဲ့တာက ရှင့်သဘောနဲ့ရှင်ပါ ၊ ကျွန်မ ဘာမှ ဖိအားမပေးခဲ့ဘူး။ ရှင်ကိုယ်တိုင် ရွေးချယ်ထားတဲ့ ရွေးချယ်မှုရဲ့ အကျိုးဆက်တွေကို ရှင်ကိုယ်တိုင် ခံရမှာပဲ။ ရှင့်လုပ်ရပ်တွေကို ဒီမှာတင် ရပ်တန်းက ရပ်လိုက်ရင် ကျွန်မ ရှင့်ကို သက်ညှာပေးမယ်။ ဒါပေမဲ့ ရှင် မသမာတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ကျွန်မကို ဆက်ဒုက္ခပေးနေမယ် ဆိုရင်တော့ ကျွန်မ ရှင့်ကို မညှာတော့ဘူး။ ပိုင်ချွမ်းခရိုင်မှာ လီယောင် ဆိုတဲ့ ကျွန်မက ပါးစပ်ကြမ်းတယ် ဆိုပြီး နာမည်ကြီးတယ်။ ကျွန်မ ရှင့်ကို မျက်လုံးနဲ့ နှာခေါင်းကနေ သွေးတွေ စီးကျတဲ့အထိ မကြိမ်းမောင်းသေးတာနဲ့တင် ရှင့်ကို အများကြီး မျက်နှာသာပေးထားတာပဲ။ ”
လီယောင့်မှာ ပြောစရာစကား မကျန်တော့တာကို မြင်တော့ ကျန်းရှန်က “ ကျုပ်တို့နဲ့အတူ ရုံးတော်ကို လိုက်ခဲ့ပါ သခင်ကြီးယန်။ ” ဟု ပြောလိုက်သည်။
…
စာမေးပွဲခန်းမအပြင်ဘက်တွင် ဖြစ်သည်။
စာဖြေသူတွေက တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကာ အစိုးရစာရေးရဲ့ ရှာဖွေစစ်ဆေးမှုကို ခံယူပြီးနောက် တည်ငြိမ်လေးနက်သော စာမေးပွဲခန်းမထဲသို့ အသီးသီး ဝင်သွားခဲ့ကြသည်။
“ သွားတော့။ ” အုပ်ချုပ်ရေးမှူးစုန့်က ရှုယို့ခိုင်ကို ဝင်ပေါက်သို့ ခေါ်လာခဲ့သည်။ “ မင်းပစ္စည်းတွေ အဲ့ဒီမှာ ရှိတယ်။ ”
“ ကျေးဇူးတင်ပါတယ် လူကြီးမင်း။ ”
ရှုယို့ခိုင်သည် ခုနတုန်းက မှားယွင်းစွပ်စွဲခံရခြင်းကြောင့် ကြောက်စိတ်မပြေသေးပေ။
ဒါပေမဲ့ အုပ်ချုပ်ရေးမှူးစုန့်ကို အခြေအနေကို သူ့ကို ရှင်းပြခဲ့သည်။ တကယ်တော့ ပြဿနာအားလုံးကို ယန်ချန်းက နောက်ကွယ်ကနေ ကြိုးကိုင်နေတာ ဖြစ်သည်။ သူက ယန်ချန်းရဲ့ မြေး ယန်ဟွေ့နှင့် အမြဲတမ်း ရင်းနှီးခင်မင်သော ဆက်ဆံရေးရှိခဲ့တာကြောင့် တစ်ဖက်လူက သူ့ကို ဒီလို မကောင်းကြံလိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ။
တကယ့်ကို လူပေါင်းမှားတာပဲ … ။
အခုမှ သေချာ ပြန်တွေးကြည့်သောအခါ အရာရာတိုင်းကို ပွင့်လင်းဖြောင့်မတ်စွာ လုပ်ဆောင်ခဲ့တဲ့ ဝမ်အာကမှ လူကောင်းနှင့် တူသည်ဟု ခံစားရသည်။ သူ့အပြုအမူတွေက အမှန်တကယ်ပဲ လူကြီးလူကောင်းဆန်သည်။
ထို့ကြောင့် သူ စာမေးပွဲခန်းမထဲကို ပြေးဝင်သွားဘဲ ဝမ်အာ ရောက်လာတဲ့အထိ စောင့်နေခဲ့သည်။
“ ညီလေးဝမ်အာ … အစ်ကို မင်းကို တောင်းပန်ပါတယ်။ ”
“ အစ်ကိုရှုက ဘာအပြစ်လုပ်ထားလို့လဲ။ ”
“ ဒါတွေအလုံးက မင်းကို ဒီပြဿနာထဲ သက်သက်မဲ့ ဆွဲသွင်းမိတဲ့ ငါ့အပြစ်တွေပါ။ ” ဟု ရှုယို့ခိုင်က ပြန်ပြောလိုက်သည်။ “ မင်းအမေက အမြော်အမြင်ရှိလို့ တော်သေးတယ် ၊ မဟုတ်ရင် ညီလေးဝမ် စီရင်စုစာမေးပွဲမှာ ဝင်ဖြေနိုင်တော့မှာ မဟုတ်ဘူး။ ငါလည်း အပြစ်ရှိစိတ်ကို မဆုံးနိုင်အောင် ခံစားရလိမ့်မယ်။ “”
“ ဟုတ်တယ်။ ကျွန်တော်လည်း အမေ့ကို ကျေးဇူးတင်ရမှာပါပဲ။ အခုတော့ အချိန်က မစောတော့ဘူး ဆိုတော့ မြန်မြန် ဝင်ရအောင်လေ။ ”
“ ညီလေးဝမ် အရင် ဝင်ပါ။ ”
လီယောင်သည် စာမေးပွဲခန်းမထဲကို အောင်အောင်မြင်မြင် ဝင်သွားသော ဝမ်အာနှင့် တခြားနှစ်ယောက်ကို ကြည့်ကာ သူမမှာ လုပ်စရာမကျန်တော့ဘူးလို့ ခံစားလိုက်ရသည်။
စာမေးပွဲမှာ အမှတ် ဘယ်လောက် ရမလဲ ဆိုတာကတော့ ဝမ်အာနှင့် စုန့်ကျယ်တို့အပေါ်မှာပဲ လုံးလုံးလျားလျား မူတည်ပါတော့သည်။
“ အိမ်ပြန်ပြီး စောင့်နေရအောင်။ ”
ဝမ်ရှောင်စစ်က “ ကျွန်တော်တို့ ဒီမှာပဲ စောင့်နေတာ မကောင်းဘူးလား အမေ။ လိုရမယ်ရ အစ်ကိုကြီး တစ်ခုခု အကူအညီလိုရင် ကျွန်တော် ကူညီပေးလို့ ရတာပေါ့။ ” ဟု ပြောလိုက်သည်။
“ မင်းရဲ့ ဦးလေးစုန့်နဲ့ ယိကျိုးမြို့က အစ်ကိုဝမ် ရှိနေတာကို စိတ်ပူစရာလိုသေးလို့လား။ ” လီယောင်က ဝမ်ရှောင်စစ်ရဲ့ ခေါင်းလေးကို ပွတ်လိုက်သည်။ “ မင်း စာမလုပ်ချင်လို့ သက်သက်မဲ့ ဆင်ခြေပေးနေတာမလား။ ”
“ မဟုတ်ပါဘူး။ ကျွန်တော်က စာလုပ်ရတာ အကြိုက်ဆုံးပဲ။ ” ဟု ဝမ်ရှောင်စစ်က ပျာပျာသလဲ ပြန်ပြောသည်။ “ တက္ကသိုလ်ကို မြန်မြန် ပြန်ကြမယ် အစ်မရှောင်ဟွေ့။ အမေလည်း စောစော ပြန်ပြီး အနားယူသင့်တယ်။ ”
ဝမ်ရှောင်စစ်လေးက ထိုသို့ ပြောပြီးသည်နှင့် ခေါင်းလေးပင် လှည့်မလာတော့ဘဲ ရထားလုံးပေါ်ကို ခုန်တက်သွား၏။ ဒီကလေးက အခုဆို မျက်ရိပ်မျက်ကဲဖတ်ခြင်းကို တဖြည်းဖြည်း ပိုကျွမ်းကျင်လာပြီး လူတွေကို ဘယ်လို မျက်နှာချိုသွေးရမလဲ ဆိုတာကိုတောင် နားလည်နေပြီ ဖြစ်လေသည်။
လီယောင်လည်း ရထားလုံးပေါ် တက်လိုက်ပါသည်။ အိမ်မှာ အခုထိ မဖမ်းရသေးတဲ့ အိမ်တွင်းသူလျှိုတစ်ယောက် ကျန်သေးသည်။
…