← Chapters

အသေးအဖွဲပြဿနာ မဟုတ်ပါ။

Vol. 19 Ch. 208

အသေးအဖွဲပြဿနာ မဟုတ်ပါ။

Vol. 19 Ch. 208

လီယောင်က ဟဲရှောင်ယာနှင့်အတူ လမ်းကို သွား၍ ဟင်းသီးဟင်းရွက် တချို့နှင့်အတူ ယန်ရန်လေးအတွက် အဝတ်အစားအသစ်တွေလည်း ဝယ်လာခဲ့သည်။ သူတို့ အိမ်ပြန်ရောက်တော့ နေ့လယ်ရောက်နေပါပြီ။

သူတို့ အရှေ့တံခါးကို ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်နှင့် အစေခံနှစ်ယောက် ဖြစ်တဲ့ အန်နာနှင့် အဲလ်ဆာကို ခြံထဲမှာ ဒူးထောက်လျက်သား တွေ့လိုက်ရသည်။

လီယောင် ပြန်ရောက်လာတာကို မြင်တော့ သူတို့နှစ်ယောက်က အပြေးအလွှားနှင့် မြေကြီးပေါ်မှာ ဦးတိုက်လိုက်ကြလေသည်။

“ သမီးတို့ လုပ်ခဲ့တာ မဟုတ်ပါဘူး သခင်မလီ။ သမီးတို့ကို အလုပ်မထုတ်ပါနဲ့နော်။ ”

လီယောင်က “ ထပါ။ ” ဟု ပြောလိုက်သော်လည်း ကလေးမလေးနှစ်ယောက်ကတော့ မထရဲပေ။

“ ငါ အကြိမ်ပေါင်းများစွာ ပြောပြီးသွားပြီ။ ငါတို့အိမ်မှာ ဒူးမထောက်ရဘူး။ နင်တို့ ဒီစည်းမျဉ်းကို မလိုက်နာရင် တခြား မိသားစုမှာ သွားအလုပ်,လုပ်လို့ ရတယ်။ ”

အစေခံနှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး မြေကြီးပေါ်က‌နေ ချက်ချင်းပဲ လူးလဲထလိုက်ကြလေသည်။ သူတို့က တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေပေမဲ့ လီယောင်က သူမ ကိုင်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို သူတို့လက်ထဲ ထည့်ပေးလိုက်သည်။ “ မြန်မြန်လုပ် ၊ ဒီအသီးအရွက်တွေကို ဆေးပြီး နေ့လယ်စာချက်။ ”

“ သမီးတို့ကို အပြစ်မတင်ဘူးလား သခင်မလီ။ ”

“ ဘာလို့ အပြစ်တင်ရမှာလဲ။ ”

အန်နာက “ ဘာ … ဘာလို့လဲ ဆိုတော့ သမီး ချက်ထားတဲ့ ကြက်စွပ်ပြုတ်က ပုံမှန်မဟုတ်လို့ပါ။ ” ဟု ပြောကာ အဲလ်ဆာကလည်း “ ဒုတိယသခင်လေးနဲ့ သခင်လေးစုန့်ကျယ်အတွက် သမီး ပြင်ဆင်ပေးထားတဲ့ ရိက္ခာနဲ့ ရေတွေကလည်း တစ်ခုခု မှားနေတယ်။ ” ဟု ပြန်ပြောသည်။

“ နင်တို့ကို ဘယ်သူက ဘာပြောနေလို့လဲ။ တကယ်လို့သာ ပြဿနာတစ်ခုခုရှိနေရင် ငါက နင်တို့ကို အခုချိန်ထိ ဒီမှာ ထားနေမလား။ ”

အစေခံလေးနှစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ တကယ်ပဲ ပြဿနာမရှိဘူးလား … ။ ဒါဆို သူတို့ ပြင်ဆင်ပေးထားတဲ့ ပစ္စည်းတွေအကုန်လုံးကို ဘာလို့ အသစ်လဲလိုက်တာလဲ … ။

ဟဲရှောင်ယာက “ နင်တို့ ဒီမှာ ရပ်မနေကြနဲ့လေ။ အသီးအရွက်ကို မြန်မြန် သွားဆေးချေ။ နောက်ကျနေပြီ။ ” ဟု ပြောလိုက်သည်။

“ ကျေးဇူးတင်ပါတယ် သခင်မ။ ” အစေခံလေးနှစ်ယောက်က ထိုသို့ ပြောကာ အသီးအရွက်တွေကို ဆေးကြောချက်ပြုတ်ဖို့ ထွက်သွားသည်။

လီယောင်နှင့် ဟဲရှောင်ယာကလည်း အဝတ်လဲကာ မီးဖိုချောင်ထဲ ဝင်၍ ဟင်းလျာတွေကို ပြင်ဆင်လိုက်သည်။ အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေသည်ဟု ခံစားရသည်။ ပုံမှန်မဟုတ်တာ ဘာတစ်ခုမှ မရှိပါ။

ခဏအကြာမှာပဲ စားပွဲပေါ်ကို ဟင်းလျာတွေ အများကြီး ရောက်လာသည်။ လီယောင်က မနက်တုန်းက ကြက်စွပ်ပြုတ်ကိုလည်း ပြန်နွှေးပြီး ထုတ်ယူလာခဲ့သည်။

သူမက အဆင့်အတန်း ခွဲခြားတာကို မကြိုက်တာကြောင့် ဧည့်သည်‌မရှိတဲ့အခါတိုင်း ဝူထုံနှင့် ကလေးသုံးယောက်ကို သူတို့နှင့်အတူ စားပွဲတစ်ဝိုင်းထဲမှာ စားစေသည်။ ဒီနေ့ အိမ်မှာ လူနည်းနေတာမို့ သီးခြားစားပွဲတွေ ခင်းစရာ မလိုပါ။

“ အားလုံး ထိုင်ကြ။ ” ဟု လီယောင်က ပြောရင်း ယောက်ချိုဇွန်းကြီးကို ယူလိုက်သည်။ “ ကြက်စွပ်ပြုတ်က တော်တော်လေး သောက်ကောင်းတယ်။ အကုန်လုံး များများ သောက်ပေးသင့်တယ်။ ဝူထုံ … မင်းပန်းကန်ကို ယူခဲ့ ၊ ငါ မင်းအတွက် ခပ်ပေးမယ်။ ”

“ ကျွန်တော် … ” ဝူထုံက အနည်းငယ် အံ့အားသင့်သွားသည်။ “ ဒီလို အရသာရှိတဲ့ စွပ်ပြုတ်ကို သခင်မ သောက်ဖို့အတွက်ပဲ ချန်ထားသင့်တာပါ။ ကျွန်တော် မသောက်တော့ပါဘူး။ ”

“ ကြက်စွပ်ပြုတ်တစ်ခွက်တည်းပဲကို ဘာတွေ ကောင်းတယ် ၊ မကောင်းဘူး ပြောနေတာလဲ။ မင်းရဲ့ ပန်းကန်းကိုသာ မြန်မြန် ပေးစမ်းပါ။ ”

ဘယ်လိုမှ ငြင်းလို့ ရမှာ မဟုတ်ဘူး ဆိုတာကို သဘောပေါက်သွားတဲ့ ဝူထုံက သူ့ခွက်ကို တွန့်ဆုတ်ဆုတ် ယူလာပေးခဲ့သည်။

လီယောင်က သူ့ပန်းကန်လုံးထဲကို စွပ်ပြုတ်အရည်တွေ ယောက်ချိုဇွန်းအပြည့် ခပ်ထည့်၍ ကြက်သားတွေပါ ထည့်ပေးလိုက်သည်။ အန်နာနှင့် အဲလ်ဆာအတွက်လည်း တစ်ပန်းကန်စီ ထည့်ပေးလိုက်သည်။ “ သောက်လေ ၊ ပူတုန်းလေး မြန်မြန် သောက်လိုက်ကြ။ ”

အန်နာနှင့် အဲလ်ဆာက “ ကျေးဇူးတင်ပါတယ် သခင်မ။ ” ဟု ပြိုင်တူ ပြောလိုက်ကြသည်။ ဒီလို အရသာရှိတဲ့ စွပ်ပြုတ်ကို သူတို့အတွက် သခင်မကိုယ်တိုင် ထည့်ပေးထားတာမို့ သူတို့စိတ်ထဲက မသက်မသာခံစားချက်တွေအကုန် အစာအိမ်ထဲကို လျှောကျသွားလေသည်။

သူတို့နှစ်ယောက်က ပန်းကန်‌လုံးလေးတွေကို ကိုယ်စီ ကိုင်ပြီး တစ်ငုံ သောက်ကြည့်လိုက်သည်။

“ ကောင်းလား။ ”

“ ဟုတ်ကဲ့။ အရမ်း အရသာရှိတယ်။ ”

“ အဲ့ဒါဆို မသောက်နဲ့တော့။ ”

အန်နာနဲ့ အဲလ်ဆာ : ???

လီယောင်က သူတို့ရဲ့ အူကြောင်ကြောင် အကြည့်လေးတွေကို ဂရုမစိုက်နိုင်ဘဲ ဝူထုံဘက်ကို လှည့်ပြောလိုက်သည်။ “ ဝူထုံ … မင်းက ဒီနေ့ အလုပ်အကြိုးစားဆုံး ဆိုတော့ မင်းက ပိုသောက်သင့်တယ်။ နင်တို့နှစ်ယောက်ရဲ့ စွပ်ပြုတ်ပန်းကန်တွေကို သူ့ကို ပေးလိုက်။ ”

“ အဲ … သခင်မ … ဒါက မသင့်တော်ဘူး ထင်တယ်နော်။ ”

“ ဘာလဲ ၊ နင်က မသောက်ချင်တာလား။ ” လီယောင်က စကားရပ်လိုက်ကာ သူမရဲ့ အပြုံးမျက်နှာက ပျောက်ကွယ်သွားပြီး အသံက တည်ငြိမ်လေးနက်သွားခဲ့သည်။ “ ဒါမှမဟုတ် မသောက်ရဲတာလား။ ”

ဝူထုံရဲ့ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားကာ သူ့ပန်းကန်ကို ခွပ်ခနဲ အောက်ချပြီး မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်ချလိုက်သည်။ “ ကျေးဇူးပြုပြီး ကျွန်တော့်ကို သက်ညှာပေးပါ သခင်မ။ ကျွန်တော့်ကို သက်ညှာပေးပါ။ ”

အန်နာနှင့် အဲလ်ဆာက ကြောင်အမ်းအမ်းဖြစ်သွားသည်။ ဝူထုံက ခုနတုန်းကအထိ အကောင်းကြီးပါ။ သူ ဘာလို့ ရုတ်တရက်ကြီး အသည်းအသန် တောင်းပန်နေတာလဲ … ။

“ ငါ့ကို ပြော ၊ နင့်ကို ဘယ်သူ ခိုင်းထားတာလဲ။ ”

“ လူကုန်ကူးသမားပါ။ ” ဝူထုံက ပြောရင်း ငိုနေခဲ့သည်။ “ အဲ့ဒီနေ့တုန်းက သခင်မ ကျွန်တော်တို့သုံးယောက်ကို ဝယ်အောင်လို့ သူက ကျွန်တော်တို့ကို သခင်မရှေ့မှာ တမင် လမ်းလျှောက်ခိုင်းခဲ့တာပါ။ ကျွန်တော့်ကို ဒီနေ့မနက် ကြက်စွပ်ပြုတ်ထဲမှာ ဝမ်းနုတ်ဆေးတွေ ထည့်ခိုင်းထားတာလည်း သူပါပဲ။ ”

လီယောင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမနှင့် လူကုန်ကူးသမားမှာ ဘာရန်ငြိုးရန်စမှ မရှိပါ။ ထိုလူက ဒီကိစ္စနောက်ကွယ်က ကြိုးကိုင်နေသူ မဟုတ်တာ သေချာသည်။ ပြီးတော့ တကယ့် ကြိုးကိုင်နေသူအစစ်ကို ဝူထုံ သိနိုင်စရာ အကြောင်းလည်း မရှိပါ။

“ အဲ့လူကုန်ကူးသမားက ဘယ်မှာ နေတာလဲ။ ”

“ အနောက်ဘက်မြို့ဈေးရဲ့ ဘေးမှာ နေတာပါ။ ကျွန်တော် သခင်မကို ခေါ်သွားပေးပါ့မယ်။ ”

“ မလိုဘူး။ ”

လီယောင်က တာ့ကျွမ်းဘက်ကို လှည့်ပြောလိုက်သည်။ “ တာ့ကျွမ်း … မင်းက တတိယဦးလေးကို ရှာပြီး သူနဲ့အတူ အဲ့ဒီနေရာကို တစ်ချက်လောက် သွားကြည့်လိုက်ပါ။ ”

“ ဟုတ်ကဲ့ပါ အမေ။ ”

တာ့ကျွမ်း ထွက်သွားချိန်ထိ ဝူထုံက ခေါင်းမမော့ရဲဘဲ ဒူးထောက်ထားဆဲ ဖြစ်သည်။

ဒီကောင်လေးကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာ လီယောင် မသေချာပါ။ သူ့ကို ဒီမှာ ဆက်ထားလို့ မရတော့တာတော့ သေချာသည်။ ဒီလို အသက်ငယ်ငယ်လေးကတည်းက မကောင်းတဲ့ လုပ်ရပ်တွေကို လုပ်နေရင် သူ အရွယ်ရောက်တဲ့အခါ ဘယ်လို ရက်စက်တဲ့ လုပ်ရပ်တွေကို လုပ်မလဲ ဆိုတာ ဘယ်သူမှ မသိပါ။

“ သူ့ရဲ့ အရောင်းအဝယ်စာချုပ်ကို ယူပြီး သူ့ကို အုပ်ချုပ်ရေးမှူးရုံးတော်ကို ခေါ်သွားလိုက်ပါ။ အုပ်ချုပ်ရေးမှူးစုန့်ကိုပဲ သူ့ကို ဘယ်လို အပြစ်ဒဏ်ပေးရမလဲ ဆိုတာ ဆုံးဖြတ်ခိုင်းလိုက်။ ”

လီယောင့်အမြင်အရ ပြဿနာ အရှုပ်အထွေးတစ်ခုကို မဖြေရှင်းနိုင်တဲ့အခါ ထိုပြဿနာကို အုပ်ချုပ်ရေးမှူးစုန့်ထံ လွှဲပြောင်းပေးလိုက်တာက စိတ်ကူးကောင်းပင်။

တုရှောင်ဟွေ့က “ ကျွန်မက သူ့ကို ဝယ်ချင်ခဲ့တာ ဆိုတော့ ကျွန်မပဲ သူ့ကို ခေါ်သွားလိုက်ပါ့မယ်။ ” ဟု ပြောလိုက်သည်။

တုရှောင်ဟွေ့လည်း ထွက်သွားတော့ စားပွဲမှာ ဟဲရှောင်ယာ ၊ ဝမ်ရှောင်စစ် ၊ အန်နာနှင့် အဲလ်ဆာတို့သာ ကျန်ခဲ့သည်။ အန်နာတို့နှစ်ယောက်က ဝူထုံကို အုပ်ချုပ်ရေးမှူးရုံးတော်ဆီ ချက်ချင်း ခေါ်သွားတာကို ကြည့်ပြီး အသက်တောင် ကျယ်ကျယ် မရှူရဲတော့ပေ။

“ နင်တို့က ဘာကို ကြောက်နေတာလဲ။ ” လီယောင်က ရယ်မောလိုက်သည်။ “ နင်တို့ အမှားတစ်ခုခု လုပ်မထားသရွေ့ ငါ နင်တို့ကို ဘာမှ မလုပ်ပါဘူး။ အခြေအနေတွေက ပုံမှန်အတိုင်းပဲ လည်ပတ်နေမှာပါ။ ”

“ ဟုတ်ကဲ့ပါ သခင်မ။ ”

သူတို့ရဲ့ ကံဆိုးမှုတွေအပြီး အမျိုးသမီးလီတို့မိသားစုမှာ အလုပ်,လုပ်ခွင့်ရတာ အလွန် ကံကောင်းသည်ဟု ခံစားရသည်။ ဒီနေ့က စပြီး သူတို့ ဝူထုံလို မကောင်းမှု လုပ်ရပ်တွေ လုံးဝ မလုပ်ဘဲ သခင်မလီနှင့် အစ်မတုရှောင်ဟွေ့ကို ကောင်းကောင်း အလုပ်အကျွေးပြုသွားမည်။

ခဏကြာတော့ တာ့ကျွမ်း ပြန်ရောက်လာသည်။

လီယောင် ထင်ထားတဲ့အတိုင်းပဲ လူကုန်ကူးသမားရဲ့ သဲလွန်စ ခြေရာလက်ရာတောင် မကျန်ခဲ့ဘူးဟု ဆိုသည်။ တာ့ကျွမ်းက အိမ်နီးချင်းတွေကို သူ့အကြောင်း မေးကြည့်ပေမဲ့ ထိုလူက မနက်ကတည်းက အထုပ်အပိုးတစ်ခုနှင့် ရေးကြီးသုတ်ပျာ ထွက်သွားသည်ဟု ပြောသည်။ သူ့အိမ်အပါအဝင် အိမ်ထဲက ပစ္စည်းတွေအားလုံးကို အိမ်နီးချင်းတွေအတွက် ထားပစ်ခဲ့သည်တဲ့။

သူတို့လုပ်ရပ်တွေကို လူမိသွားပြီ ဆိုတာ သိလို့ အမြန် ထွက်ပြေးသွားပုံပေါ်သည်။

“ တတိယဦးလေးနဲ့ ကျွန်တော် သူ့အိမ်ကို ရှာကြည့်ပေမဲ့ ကြမ်းပြင်ပေါ်က ဒါလေးက လွဲလို့ အသုံးဝင်တာ ဘာမှ ရှာမတွေ့ဘူး။ ” တာ့ကျွမ်းက ဘာစာမှ ရေးမထားတဲ့ စာရွက်အပိုင်းအစလေးတစ်ခုကို ထုတ်ပေးလိုက်သည်။ “ ဒီစာရွက်က ဝမ်အာ ပုံမှန် သုံးနေကျ စာရွက်တွေနဲ့ မတူတာကို ကျွန်တော် သတိထားမိတယ်။ ပြီးတော့ အဲ့လူက စာမတတ်တော့ သူ့အိမ်မှာ စာရွက်ရှိနေတာ သံသယဖြစ်စရာကောင်းတယ်။ အဲ့ဒါကြောင့် ကျွန်တော် ယူလာခဲ့တာပါ။ ”

တာ့ကျွမ်းက ပုံမှန်အားဖြင့် တုံးအထုံထိုင်းပုံပေါ်သော်လည်း အရေးပေါ် အခြေအနေတွေမှာတော့ အတော်လေး ဉာဏ်ကောင်းသည်။

လီယောင်က ထိုစာရွက်ကို ယူပြီး ကြည့်လိုက်တော့ အမှန်တကယ်ပဲ သာမန်စာရွက်တွေထက် နူးညံ့ကာ ယိကျိုးမြို့တော်မှာ ရှိတဲ့ အကောင်းဆုံး စာရွက်ထက်တောင် ပိုကောင်းတာကို တွေ့လိုက်ရသည်။

ဒီလို စာရွက်မျိုးကို လူတိုင်း မဝယ်နိုင်ပါ။ ကြည့်ရတာ ဒီကိစ္စနောက်ကွယ်က ကြိုးကိုင်သူက အထက်တန်းလွှာထဲက ဖြစ်ဖို့ များသည်။

“ လောလောဆယ်တော့ ဒီလောက်ဆို ရပါပြီ။ အားလုံး နောက်ပိုင်း ဂရုစိုက်ကြပါ။ ”

နောက်ဆက်တွဲ သုံးရက်ကတော့ အလွန် ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့သည်။ စီရင်စုစာမေးပွဲမှာ လျို့ယွင် ခေါင်းဆောင် စာမေးပွဲကြီးကြပ်သူ မဟုတ်သလို စာမေးပွဲနှင့် ပတ်သက်၍ စီရင်ပိုင်ခွင့် မရှိသော်လည်း ဒါက ဧကရာဇ်ရဲ့ အာဏာစက် သက်ရောက်တဲ့ အသိုင်းအဝိုင်း ဖြစ်သည်။

ဧကရာဇ်က အဆုံးအစမဲ့ အာဏာသက်ရောက်တာကြောင့် မင်းသားတွေမှာလည်း အတော်လေး အသုံးဝင်တဲ့ စီရင်ပိုင်ခွင့် ရှိသည်။

လျို့ယွင်က ဝမ်အာရဲ့ စွပ်ပြုတ်ထဲကို ဝမ်းနုတ်ဆေးထည့်တဲ့ ဇာတ်လမ်းကို ကြားသည်နှင့် သူ့စီရင်ပိုင်ခွင့်ကို ချက်ချင်း အသုံးပြုခဲ့သည်။ ‘ စီရင်စုစာမေးပွဲမှာ အရာအားလုံးကို အစီအစဉ်တကျဖြစ်အောင်လို့ပါ ’ ဟု ခေါင်းစဉ်တပ်၍ လျှို့ဟူအား မြို့စောင့်တပ်သား တစ်ထောင်ကို စာမေးပွဲခန်းမထံသို့ ခေါ်လာခိုင်းလိုက်လေသည်။

စာဖြေသူ နှစ်ယောက် ၊ သုံးယောက်တိုင်းကို တပ်သားတစ်ယောက်က စောင့်ကြပ်ပေးသည်။

ခေါင်းဆောင် စာမေးပွဲကြီးကြပ်သူနှင့် တခြား စာမေးပွဲကြီးကြပ်သူတွေအတွက်လည်း ကိုယ်ရံတော်တွေ ချပေးထားသည်။

စာမေးပွဲအဖြေလွှာတွေကို စုဆောင်းခြင်း ၊ ဘယ်သူဘယ်ဝါရဲ့ အဖြေလွှာမှန်း မသိအောင် အမှတ်အသားပြုလုပ်ခြင်း ၊ ထိုအဖြေလွှာများကို ကူးယူရေးသားခြင်းကနေ နောက်ဆက်တွဲ အဆင့်သတ်မှတ်ခြင်းအထိ တပ်သားတွေက အရာအားလုံးကို ကြီးကြပ်စောင့်ကြည့်ခဲ့သည်။

ထိုသို့ လုပ်ခြင်းက စာမေးပွဲကြီးကြပ်သူ‌တွေကို အကြီးအကျယ် မကျေမနပ်ဖြစ်စေသော်လည်း သူတို့ ဘာမှ မတတ်နိုင်ပါ။ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူများသည် နောက်ဆုံးမှာ လက်လျှော့ရုံသာ တတ်နိုင်လေသည်။

….

All Chapters