ကိုယ်စားအုပ်ချုပ်သူ...ခင်ဗျားဘယ်ရောက်နေလဲ
Vol. 1 Ch. 470
ငွေပန်းပွင့်အဘွားအိုသည် ဒဏ်ရာအပြင်းအထန် ရထား၍ အသတ်ခံရလုနီးပါး ဖြစ်နေခဲ့သည်။ သွေးနီရောင်နတ်ဆိုးသားရဲကြီးသည်လည်း ဘိုးဘေးလင်း၏ သတ်ဖြတ်ခြင်း ခံရတော့မည်။ လင်းဂိုဏ်း၏ ဘိုးဘေးကြီးသည် စွမ်းအားကြီးလွန်းသောကြောင့် ကျန်းရှောင်နူသည် သူနှင့် ထိပ်တိုက် ရင်မဆိုင်ရဲပေ။ ကျန်းရီ ယခုထွက်မလာလျှင် တိုက်ပွဲကို သူတို့ရှုံးပေလိမ့်မည်။
ကျန်းရီရောက်လာလေမည်လော။
ကျန်းရှောင်နူ မသေချာပေ။ ကျန်းရီထွက်မသွားခင်က တစ်လ သို့မဟုတ် သုံးလကြာမှ ပြန်လာမည်ဟု ပြောခဲ့သည်။ ကျန်းရှောင်နူသည် အလောင်းအစား မလုပ်ရဲသလို ငွေပန်းပွင့်အဘွားအိုနှင့် အခြားလူများ သေဆုံးမည်ကိုလည်း သူမ ကြည့်မနေနိုင်ပေ။ သူမသည် ကျောင်းအုပ်ယွိနှင့် ပန်းပွင့်မိန်းမပျိုအား သတ်ဖြတ်မည့် ရည်ရွယ်ချက်ကို စွန့်လွှတ်လိုက်ပြီး ရှောင်လုံဝမ်ထံ ပျံသန်းသွားလိုက်သည်။
"ဟမ်"
ရှောင်လုံဝမ်သည် ကျန်းရှောင်နူ၏ကိုယ်မှ အရှိန်အဝါကို ခံစားမိလိုက်ရာ အံ့အားသင့်သွားခဲ့သည်။ သူ့ပုဆိန်သွားတပ်လှံရှည်သည် ငွေပန်းပွင့် အဘွားအိုထံ ဆက်တိုးမသွားတော့ဘဲ ကျန်းရှောင်နူ၏ ဦးခေါင်းထက် ချိန်ရွယ်လိုက်လေသည်။
"လုံဝမ်...သူမနဲ့ ထိပ်တိုက်ရင်မဆိုင်နဲ့၊ သူမရဲ့လက်သည်းတွေက သူတော်စင်အဆင့် လက်နက်တွေကိုတောင် ဖျက်ဆီးနိုင်တယ်။ အရင်ဆုံးအချိန်ဆွဲထား"
အသံတစ်သံသည် ရှောင်လုံဝမ်၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။ သူ့မျက်လုံးများသည် ဘိုးဘေးလင်းထံ ကျရောက်သွားပြီးနောက် အလျင်အမြန် နောက်ဆုတ်၍ အတွင်းအားလှိုင်းများ ပစ်လွှတ်လိုက်သည်။
"သေစမ်း"
ဘိုးဘေးလင်း၏ အကြံသည် မဆိုးလှချေ။ သူတို့ ကျန်းရှောင်နူကို အချိန်ဆွဲနိုင်လျှင် ရှားနိုင်ငံ၏ ပြင်ပအကူအညီများ အားလုံးကို သူရှင်းပစ်နိုင်လိမ့်မည်။ ထိုအချိန်ရောက်ပါက ကျန်းရီထွက်လာလျှင်တောင် ကြောက်စရာ မလိုတော့ပေ။ ဘိုးဘေးလင်းသည် လက်မှ အားလှိုင်းရှစ်ခုကို သွေးနီရောင်နတ်ဆိုးသားရဲကြီးထံ ပစ်လွှတ်လိုက်သည်။ အားလှိုင်းရှစ်ခုသည် ထက်မြလှသော ဓားရှစ်စင်းအလား နတ်ဆိုးသားရဲဘုရင်ထံ ပြေးဝင်သွားခဲ့သည်။
"ဝေါင်း...ဝေါင်း"
သွေးနီရောင် နတ်ဆိုးသားရဲကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဘေးသို့လှိမ့်၍ ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ၎င်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားရာ ဘိုးဘေးလင်း၏ တိုက်ခိုက်မှုကို မည်သို့ရှောင်တိမ်းနိုင်တော့မည်နည်း။
"ဖူး...."
နတ်ဆိုးသားရဲကြီးသည် အားလှိုင်းခြောက်ခုကို ကြိုးစားရှောင်တိမ်းနိုင်ခဲ့သော်လည်း ကျန်နှစ်ခုသည် သူ့ကိုယ်ပေါ် ကျဆင်းလာခဲ့သည်။ ၎င်းသည် ကိစ္စမရှိဟု တွေးလိုက်သော်လည်း အားလှိုင်းနှစ်ခု သူ့ကိုယ်ထဲ ဝင်ရောက်လာသည်နှင့် သူမှားသွားပြီမှန်း သိလိုက်သည်။ အားလှိုင်းများတွင် ခန္ဓာကိုယ်ထဲ ရောက်သည်နှင့် ပေါက်ကွဲနိုင်သော စွမ်းအင်များ ပါနေလေသည်။ ပေါက်ကွဲမှုသည် သူ၏အရိုးများနှင့် ကိုယ်တွင်းအဂါၤများအား ဒဏ်ရာရသွားစေသောကြောင့် ၎င်းမှာ လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
ဝှစ်...ဝှစ်...
ဘိုးဘေးလင်းသည် အားလှိုင်းများ ထပ်မံပစ်လွှတ်လိုက်သည်။ သွေးနီရောင် နတ်ဆိုးသားရဲကြီး မရှောင်တိမ်းနိုင်တော့ပေ။
အားလှိုင်းများသည် ၎င်း၏ ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။ ၎င်း၏ကိုယ်ကြီးမှာ မြေပြင်ပေါ် လဲကျသွားခဲ့ပြီး ချက်ချင်းသေဆုံးသွားလေ၏။
"ဝူး...ဝူး..."
အဖြူရောင်လူဝံကြီးသည် သွေးနီရောင်နတ်ဆိုးသားရဲကြီး သေဆုံးသွားသည်ကို မြင်သောအခါ ဝမ်းနည်းစွာ မြည်ကျွေးလိုက်သည်။ ကျောင်းအုပ်ယွိနှင့် ပန်းပွင့်မိန်းမပျိုတို့၏ မျက်လုံးများ တောက်ပသွားကြကာ သူတို့၏ အားအကောင်းဆုံးသော တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ လူဝံကြီး၏ နှင်းဖြူရောင်အမွေးများသည် သွေးများချင်းချင်းနီလာခဲ့သည်။ ၎င်း၏ ခြေထောက်ကြီးများတွင် အရိုးများပါ မြင်နေရပြီဖြစ်သည်။
ဝေါင်း...ဝေါင်း...
အဖြူရောင်လူဝံကြီးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသော်လည်း ၎င်းသည် သားရဲတစ်ကောင်ဖြစ်လေရာ ထွက်မပြေးဘဲ ရန်သူများထံ တိုက်ရိုက်ပြေးဝင်သွားခဲ့သည်။ ၎င်းသည် ကျောင်းအုပ်ယွိအား တမလွန်သို့ အတူခေါ်ဆောင်သွားရန် အစွမ်းကုန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။
"ဟမ့်...သားရဲတစ်ကောင်က ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပဲ"
ဘိုးဘေးလင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ပြီး လူဝံကြီးထံ ပျံသန်းသွားခဲ့သည်။ တစ်ချိန်တည်းတွင် သူသည် ပန်းပွင့်မိန်းမပျိုထံ စိတ်ဖြင့် စကားလှမ်းပြောလိုက်သည်။
"ပန်းပွင့်မိန်းကလေး...ငွေပန်းပွင့်အဘွားကြီးကို သွားသတ်ချေ"
"ဘာလို့ကျွန်မလဲ"
ဆူးပန်းပွင့်ပြာ သင်တန်းကျောင်းမှ ပန်းပွင့်မိန်းမပျိုသည် မကျေမချမ်း ရေရွတ်လိုက်သည်။ ရှန်မိနိုင်ငံသည် ငွေပန်းပွင့်အဘွားအိုအား နှင်ထုတ်သည့် ကြေငြာချက် ထုတ်ထားလျှင်တောင် သူမကို သတ်သူသည် ရှန်မိနိုင်ငံ၏ အငြိုးထားမှုကို ခံရလိမ့်မည်။ ဘိုးဘေးလင်းသည် ဉာဏ်များကာ သူမအား ဓားစာခံလုပ်နေခြင်းပင်။
သို့သော် သူမသည် ထိုအဘိုးကြီးအား မဆန့်ကျင်ရဲဘဲ အံကြိတ်၍ ငွေပန်းပွင့်အဘွားအိုအား သတ်ရန် သွားရလေသည်။
ဝှစ်...ဝှစ်...
လေထုအလယ်တွင် ကျန်းရှောင်နူသည် ရှောင်လုံဝမ်နောက် သည်းကြီးမည်းကြီး လိုက်နေခဲ့သည်။ သို့သော် ရှောင်လုံဝမ်သည် ဗာဂျရာသတ္တမအဆင့်ဖြစ်ရာ သူမထက် မနှေးပေ။ သူသည် တစ်ချက်တစ်ချက်တွင် အတွင်းအားလှိုင်းများ လှမ်းပစ်၍ ကျန်းရှောင်နူအား အချိန်ဆွဲနေသည်။ ကျန်းရှောင်နူသည် ရှောင်လုံဝမ်အား သတ်နိုင်ရန် လုံးဝအခွင့်မသာခဲ့ပေ။
သူမသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ အသတ်ခံရတော့မည့် အဖြူရောင်လူဝံကြီးနှင့် မသေစေရန် အတင်းရုန်းကန်နေရသော ငွေပန်းပွင့်အဘွားအိုအား မြင်လိုက်သည်။ ငွေပန်းပွင့် အဘွားအိုကို ပန်းပွင့်အမျိုးသမီးမှ သတ်နိုင်ရန် အချိန်ကြာမည် မဟုတ်ပေ။ အခြေအနေသည် လုံးဝအခွင့်မသာသည့်အပြင် ဤတိုက်ပွဲတစ်ခုလုံးကို သူမတစ်ယောက်တည်း ထိန်းထားရန် မဖြစ်နိုင်ပေ။ ထို့ပြင် သူမ၏ အသွင်ပြောင်းမှုသည် သတ်မှတ်ချိန် ပြည့်တော့မည်ဖြစ်သည်။ ယခုထွက်မပြေးပါက မည်သူမှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
သူမသည် မြောက်ဘက်အရပ်သို့ လှမ်းကြည့်လိုက်သည်။ ကျန်းရီပြန်ရောက်မလာသေးကြောင်း သေချာသွားသောအခါ သူမသည် သက်ပြင်းချလိုက်ပြီး စုလောရွှယ်ထံ ပျံသန်းသွားလိုက်သည်။
"အမ်"
ရှောင်လုံဝမ်ရော၊ စုလောရွှယ်ပါ ဆွံ့အသွားကြသည်။ ခပ်လှမ်းလှမ်းတွင် ရှိနေသော ဘိုးဘေးလင်းပင် ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ သို့သော်လည်း ကျန်းရီ ပေါ်မလာသေးသောကြောင့် သူသံသယမဝင်မိချေ။
"ရှောင်နူ"
ကျန်းရှောင်နူ သူမထံ ပျံသန်းလာသည်ကိုမြင်လျှင် စုလောရွှယ်သည် အခြေအနေမကောင်းတော့ကြောင်း ရိပ်မိလိုက်သည်။ သို့သော် သူမသည် အားနည်းလွန်းလေရာ ဘာမှမလုပ်နိုင်ဘဲ ဇက်ပိုးမှ နာကျင်မှုကို ခံစားလိုက်ရပြီး မေ့မျောသွားခဲ့သည်။
ကျန်းရှောင်နူ၏ လက်ထဲမှ မြစိမ်းကြည်လင်ပန်းအိုးသည် တောက်ပလာခဲ့ပြီး စုလောရွှယ် ပျောက်ကွယ်သွားခဲ့သည်။ ကျန်းရှောင်နူသည် တောင်ပံကြီးများကို မြန်ဆန်စွာခတ်ရင်း တောင်ဘက်အရပ်သို့ ဓားတစ်စင်းပမာ ပျံသန်းသွားခဲ့သည်။ ကျန်လူအားလုံးမှာ ဆွံ့အလျက် ကျန်ရစ်ခဲ့လေသည်။
"ထွက်ပြေးသွားတာလား"
လူများစွာသည် နားမလည်စွာ ရေရွတ်လိုက်ကြသည်။ ဘိုးဘေးလင်းပင် မှင်တက်နေသလို ငွေပန်းပွင့်အဘွားအိုမှာ ပို၍ ဆွံ့အနေခဲ့သည်။ ကျန်းရှောင်နူသည် လူတိုင်းကို ထားခဲ့၍ စုလောရွှယ်အား ခေါ်ဆောင်ကာ ထွက်ပြေးသွားခဲ့သည်။
ကျန်းရှောင်နူသည် အမှန်တကယ် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ သူမ၏ စိတ်သည် အလွန်ရိုးဖြောင့်လေရာ အရာများကို ကောက်ကွေ့စွာ မတွေးတတ်ပေ။ ကျန်းရီသည် စုလောရွှယ်ကို ကာကွယ်ရန် ညွှန်ကြားခဲ့ရာ သူမ၏တစ်ခုတည်းသော အတွေးမှာ စုလောရွှယ်ကို ကာကွယ်ရန်ဖြစ်သည်။ ရှားနိုင်ငံ၏ ကံကြမ္မာကို ခေါင်းရှုပ်ခံ၍ သူမမတွေးပေ။ တကယ်တမ်းတွင် ကျန်းယွင်ဟိုင်၊ ကျန်းရီနှင့် မြေခွေးလေးမှတစ်ပါး မည်သူ့ကိုမှ သူမ ဂရုမစိုက်ပေ။
ကျန်းယွင်ဟိုင်၊ ကျန့်ဝူရွှမ်း၊ ချမ်ဝမ်ကွမ်၊ ယွင်ဖေးနှင့် စုလောရွှယ်တို့အားလုံးကို မြစိမ်းကြည်လင်ပန်းအိုးထဲသို့ သူမထည့်ထားခဲ့သည်။ တိုက်ပွဲအခြေအနေသည် ပြောင်းလဲတော့မည် မဟုတ်ရာ သူမဘာလုပ်နိုင်ဦးမည်နည်း။ ကျန်းရီရှိနေပါက သူမထွက်ပြေးမည် မဟုတ်ပေ။ သို့သော် ပြဿနာမှာ ကျန်းရီမရှိခြင်းပင်။
ငွေပန်းပွင့်အဘွားအိုသည် ဆွံ့အနေခဲ့ပြီး အဖြူရောင်လူဝံကြီးသည် ဒေါသထွက်လာခဲ့သည်။ ယခု သူတို့တွင် လွတ်မြောက်ရန် နည်းလမ်းမရှိတော့ဘဲ သေရမည်ကိုသာ စောင့်နေရတော့မည်။
"သေစမ်း...ငါတို့လှည့်စားခံရပြီ။ ကျန်းရီ မြို့ထဲမှာ မရှိဘူး"
ဘိုးဘေးလင်းသည် ယခင်က ဧကရာဇ် လုပ်ခဲ့ဖူးရာ ဘာဖြစ်နေသည်ကို အလျင်အမြန် သဘောပေါက်သွားခဲ့သည်။ သူသည် ချက်ချင်းအော်ဟစ်၍ အမိန့်ပေးလိုက်သည်။
"လုံဝမ်...အကုန်လုံးကို သတ်ပစ်၊ တစ်ယောက်မှ မကျန်စေနဲ့။ အဲ့ဒီကလေးမနောက် ငါလိုက်သွားမယ်"
ဝှစ်...
သူ့ကိုယ်သည် အလင်းတန်းတစ်ခုသဖွယ် ပြောင်းလဲသွားကာ ရှားယွိမြို့ကို ဖြတ်သန်း၍ တောင်ဘက်အရပ်သို့ ပျံသန်းသွားခဲ့သည်။ သူထင်ထားသလိုပင် မြို့ထဲ၌ ကျန်းရီရှိမနေချေ။
"ကျန်းရီ မြို့ထဲမှာ မရှိဘူး"
ရှောင်လုံဝမ်သည်လည်း သဘောပေါက်သွားကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"စစ်သည်တော်တို့...ရှေ့တက်ပြီး ရှားယွိမြို့ကို ဖျက်ဆီးကြ၊ အဘိုးကြီးယွိ...မင်းတို့တွေ ငွေပန်းပွင့်အဘွားအိုနဲ့ နတ်ဆိုးသားရဲဘုရင်ကို သတ်လိုက်တော့။ ငါက အဲ့ဒီယာ့ဇီသားရဲကိုသတ်ဖို့ ရှားတိနဲ့ သွားပူးပေါင်းမယ်"
စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် ရှားယွိမြို့ထံ ဒေါသတကြီး ပြေးသွားကြသည်။ မကြာခင်တွင် သူတို့သည် ရှားယွိမြို့မှ စစ်သည်များနှင့် ရင်ဆိုင်တိုက်ခိုက်ကြလေသည်။ ရှောင်လုံဝမ်သည် ကောင်းကင်ပေါ်သို့ ပျံတက်သွား၍ ရှားတိနှင့်အတူ ယာ့ဇီသားရဲအား သွားရောက်တိုက်ခိုက်ခဲ့သည်။ သူတို့နှစ်ယောက်သာ အတူတူလုပ်လျှင် ယာ့ဇီသားရဲသေရမည်မှာ ကျိန်းသေသည်။
ဝုန်း...ဝုန်း...ဝုန်း
ရှားယွိမြို့၏ မြို့တံတိုင်းများသည် တစ်နေရာပြီး တစ်နေရာမှ ပြိုကျကုန်သည်။ မဟာမိတ်တပ်များသည် အကြောက်အလန့်မရှိတော့ဘဲ တိုက်ခိုက်ကြလေသည်။ စုလောရွှယ်နှင့် ကျန်းရှောင်နူမှာ ထွက်ပြေးသွားခဲ့သည်။ ရှားယွိမြို့၏ စစ်သည်များနှင့် မြို့သူမြို့သားများမှာ ဘာလုပ်ရတော့မည်မှန်း မသိကြတော့ပေ။
မြို့သူမြို့သားများသည် တောင်ဘက်ဂိတ်တံခါး၊ အရှေ့ဘက်ဂိတ်တံခါးနှင့် အနောက်ဘက်ဂိတ်တံခါးထံ စုပြုံသွားကြလေသည်။ မြို့တစ်ခုလုံးသည် ဆူညံပွက်လောရိုက်သွားသည်။ မြို့ထဲဝင်ရောက်လာကြသော စိတ်ဝိဉာဉ်မျောလွင့် ခရီးသည်အဆင့်များသည် အတွင်းအားလှိုင်းများကို ပစ်ချင်သလို ပစ်ခတ်ကြရာ မြို့ထဲမှ သာမန်ပြည်သူများပါ မတော်တဆ သေဆုံးကုန်ကြလေသည်။ ရှားယွိမြို့မှာ သက်ရှိငရဲအလားပင်။
စစ်သူကြီးလု၏ လက်တစ်ဖက်မှာလည်း ပြတ်တောက်သွားခဲ့ပြီး သူ့တစ်ကိုယ်လုံး သွေးများရွှဲနေခဲ့သည်။ သူသည် ရှားယွိမြို့၏ ကောင်းကင်ပြင်ကို မော့ကြည့်၍ ခါးသီးစွာ ရေရွတ်လိုက်မိသည်။
"ကိုယ်စားအုပ်ချုပ်သူ...ခင်ဗျားဘယ်မှာလဲ။ အခုပြန်ရောက်မလာရင် ခင်ဗျားရဲ့လူတွေအားလုံး သေကုန်ကြတော့မယ်"
ကံဆိုးစွာပင် စစ်သူကြီးလု၏ ဆုတောင်းစကားများ မှန်ကန်မလာနိုင်ပေ။ ကျန်းရီသည် ဆုတောင်းလိုက်တိုင်း ရောက်လာနိုင်သည့် မသေမျိုးမဟုတ်ပေ။
သတ်ဖြတ်ခြင်းများသည် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး ဖိနှိပ်ခံခဲ့ရသော မဟာမိတ်တပ်များ၏ စစ်သည်များသည် သူတို့၏ အငြိုးအတေးများ၊ ဒေါသများကို ရှားယွိမြို့သူမြို့သားများအပေါ် ပုံချနေကြသည်။ ဆယ့်ငါးမိနစ်အတွင်းတွင် ရှားယွိမြို့၏ တစ်ဝက်ခန့် ဖျက်စီးခံလိုက်ရသည်။ သာမန်ပြည်သူများ တစ်ဝက်ကျော်မှာလည်း သတ်ဖြတ်ခံခဲ့ရသည်။
မြို့ပြင်တွင် လူဝံကြီးမှာ သေဆုံးသွားပြီဖြစ်သည်။ ငွေပန်းပွင့်အဘွားအို၏ အမြန်နှုန်းမှာလည်း နှစ်ဆခန့် လျော့ကျလာခဲ့ပြီး သူမတစ်ကိုယ်လုံး သွေးများရွှဲစိုနေသည်။ ရှန်မိနိုင်ငံ၏ ကလဲ့စားကို ကြောက်ရွံ့သောကြောင့် အချိန်ဆွဲနေသည့် ပန်းပွင့်မိန်းမပျိုကြောင့်သာ မဟုတ်ပါက သူမသေသည်မှာ ကြာလှပြီဖြစ်သည်။ ယာ့ဇီသားရဲ၏ ဟိန်းဟောက်သံကြီးများလည်း တစ်ချက်တစ်ချက် ထွက်ပေါ်လာသည်။ ၎င်းသည်လည်း ကြာကြာအသက်ရှင်လိမ့်မည် မဟုတ်ပေ။
"မင်းကြီး...လုကျန်း လိုက်လာပြီး အဖော်ပြုပေးပါတော့မယ်"
စစ်သူကြီးလုသည် ဒဏ်ရာအမြောက်အများ ရထား၍ မတ်တပ်ပင် မရပ်နိုင်တော့ချေ။ သူသည် ချိနဲ့စွာ ပြုံးလိုက်ပြီး ဓားရှည်ကို လည်ပင်းထက်တင်၍ အဆုံးစီရင်ရန် ပြုလိုက်သည်။
ထိုခဏတွင် အနောက်မြောက်ဘက်မှ သားရဲဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စစ်သူကြီးလု၏ ကိုယ်မှာ တုန်ယင်လာခဲ့သည်။ မျှော်လင့်ချက်မဲ့နေသော သူ့မျက်လုံးများမှာ အားအင်အပြည့် ဖြစ်လာခဲ့သည်။
"ကိုယ်စားအုပ်ချုပ်သူ ပြန်ရောက်လာပြီ။ ရပ်လိုက်ကြစမ်း...မဟုတ်ရင် မင်းတို့ရဲ့ ဆွေစဉ်မျိုးဆက် ဆယ့်ရှစ်ဆက်လုံး အမျိုးပြုတ်သွားစေရမယ်"
***