← Chapters

စာရင်းကို ကြည့်ပါ။

Vol. 19 Ch. 209

စာရင်းကို ကြည့်ပါ။

Vol. 19 Ch. 209

သုံးရက်အကြာမှာ စာမေးပွဲပြီးသွားသည်။

ဝမ်အာက ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်၍ အိမ်ပြန်လာခဲ့ချိန်မှ လီယောင်က အရသာရှိသော အစားအသောက်တွေကို စားပွဲအပြည့် ပြင်ဆင်ပေးထားခဲ့သည်။

သို့သော် လီယောင့်ရဲ့ ကြိုတင် သတိပေးထားခြင်းကြောင့် အားလုံးက စာမေးပွဲအကြောင်း မပြောမိအောင် ရှောင်ကြဉ်ကြသည်။ အစကတည်းက လေးလံနေတဲ့ စာမေးပွဲဖိအားတွေကြားထဲမှာ စာမေးပွဲဖြေဆိုပြီးသွားသူတွေကို ဖိအားထပ်မပေးချင်ပါ။

ဒီရက်တွေက ဝမ်အာ သက်သောင့်သက်သာ အနားယူနိုင်ဖို့အတွက်ပဲ ဖြစ်သည်။

သုံးရက်အတွင်း ကြေညာမယ့် စာမေးပွဲရလဒ်တွေကို ဝမ်အာနှင့် စုန့်ကျယ်က အတူတူ သွားကြည့်ရန် စီစဉ်ထားသည်။ ကျန်တဲ့ မိသားစုတွေကလည်း လိုက်ကြည့်ချင်ပေမဲ့ လီယောင်က သူတို့အားလုံးကို တားထားသည်။

စာမေးပွဲမှာ ကောင်းကောင်း ဖြေဆိုနိုင်ခဲ့ရင် ကိစ္စမရှိပေမဲ့ ရလဒ်မကောင်းပါက တစ်မိသားစုလုံး အတူတူ လိုက်ကြည့်ခြင်းက ဝမ်အာ့ကို အရှက်ရစေရုံသာ ရှိလိမ့်မည်။

“ ကျွန်တော်တို့ သွားပြီနော် အမေ။ ”

“ သိပ်မကြာခင် ပြန်လာခဲ့နော်။ ”

ဝမ်အာသည် သူ့စိတ်ကို တင်းထားလိုက်ပြီး စုန့်ကျယ်နှင့်အတူ စာမေးပွဲရလဒ်တွေကို ကြည့်ဖို့ ထွက်လာခဲ့လိုက်လေသည်။

အစိုးရရုံးတော်ရဲ့ အရှေ့ရှိ နံရံအမြင့်ကြီးရဲ့ အပြင်ဘက်မှာ စာဖြေသူ အယောက်နှစ်ထောင်ကျော်နှင့် ထိုစာဖြေသူတွေရဲ့ မရေမတွက်နိုင်သော မိသားစု ၊ ဆွေမျိုးတွေဟာ ကျိတ်ကျိတ်တိုးနေခဲ့သည်။

မနက်ခင်းအချိန် ကုန်ဆုံး၍ နေ့လယ်ခင်းအစ ရောက်လာသောအခါ စာမေးပွဲရေးရာ အရာရှိတွေရဲ့ ကြီးကြပ်မှုအောက်တွင် များပြားသော စာမေးပွဲရလဒ်စာရင်းတွေကို နံရံပေါ်မှာ ကပ်ပေးခဲ့သည်။

ချက်ချင်းဆိုသလိုပဲ လူတွေက သူတို့ နည်းနည်းလောက် နောက်ကျသွားလျှင်ပဲ စာမေးပွဲရလဒ်စာရင်းထဲက ဖယ်ထုတ်ခံရတော့မလိုမျိုး လည်ပင်းကို ဆန့်ထုတ်၍ အလုအယက် တိုးဝှေ့နေခဲ့ကြသည်။

စုန့်ကျယ်က လူအုပ်ကြီးကို ကြည့်ပြီး ကြက်သီးထသွားသည်။ “ ငါတို့ရော တိုးဝှေ့ပြီး ကြည့်ကြမလား ဝမ်အာ။ ”

“ အင်း။ ဒီနေ့တော့ လူတိုးကြတာပေါ့။ ”

သူတို့နှစ်ယောက်က အချင်းချင်း ပြုံးပြလိုက်ကြပြီး ရှိသမျှ ခွန်အားတွေကို အသုံးပြုကာ လူတိုင်းနှင့်အတူ လူအုပ်ကြီးကို တိုးဝှေ့ဖြတ်ကျော်လာခဲ့လိုက်သည်။

စာမေးပွဲရလဒ်စာရင်းတွေရဲ့ ရှေ့ကို ရောက်ဖို့ မနည်း ကြိုးစားအားထုတ်လိုက်ရကာ ခဏအကြာမှာပဲ သူတို့ကို တခြားလူတွေက တိုးဝှေ့ဝင်တိုက်သွားခဲ့သည်။

ဝမ်အာကတော့ တစ်ချက်တည်း ကြည့်ရုံနှင့် သူ့နာမည်ကို စာရင်းထိပ်ဆုံးမှာ မြင်လိုက်ပါသည်။

အမှတ်အများဆုံး : ဝမ်ရှို့ယန်

ဒုတိယ အမှတ်အများဆုံး : ရှုယို့ခိုင်

......

“ မင်း လုပ်နိုင်မယ် ဆိုတာ ငါ သိသားပဲ။ ” ဝမ်အာ ပထမရတာကို မြင်တော့ စုန့်ကျယ်တစ်ယောက် ဝမ်အာ့အတွက် ဝမ်းသာပျော်ရွှင်စိတ်ကို ထိန်းမရတော့ပေ။ “ ဂုဏ်ပြုပါတယ် ဝမ်အာရေ။ မင်းက စီရင်စုစာမေးပွဲအောင်တဲ့ ပထမဆုံး ဟဲဝမ်ရွာသားတစ်ယောက် ဖြစ်သွားပြီ။ ”

“ ကျေးဇူးပါ။ အစ်ကိုလည်း အဆင့်ဘယ်လောက်ရလဲ ဆိုတာ မြန်မြန် သွားကြည့်လိုက်ဦးလေ။ ”

“ ငါကတော့ အောက်ဆုံးမှာပဲ ရှိမှာပါ။ အဲ့ဒါကြောင့် အပေါ်ဘက်တွေကို ကြည့်စရာမလိုဘူး။ ”

စာမေးပွဲဖြေဆိုသူ အယောက်နှစ်ထောင်မှာ အယောက်ရှစ်ဆယ်ပဲ စာမေးပွဲအောင်တာ ဖြစ်သည်။ ထို့ကြောင့် စုန့်ကျယ်က အဆင့် ( ၃၀ ) ကနေ စရှာလိုက်ပေမဲ့ အဆင့် ( ၆၀ ) ကျော်လို့ စာရင်းအဆုံးနားကို ရောက်လာသည်ထိ သူ့နာမည်ကို ရှာမတွေ့သေးပေ။

သူ့နှလုံးသားထဲမှာ ရုတ်တရက် မျှော်လင့်ချက်ကင်းမဲ့သွားသည်။ သူ့ပညာအရည်အချင်းက မလုံလောက်မှန်း သိပေမဲ့လည်း စာမေးပွဲအောင်သူတစ်ယောက်အနေဖြင့် စာရင်းထဲမှာ ပါဖို့တော့ မျှော်လင့်ခဲ့မိပါသည်။

အဲ့ဒါမှသာ အဒေါ်လီက သူ့ကို စီးပွားရေးလုပ်ငန်းကြီးတွေအား ဦးစီးဦးဆောင်ပြုလုပ်ခွင့်ပေးမှာ ဖြစ်သည်။

“ စိတ်မပူပါနဲ့ ၊ အောက်ဘက်မှာ နောက်ထပ် နာမည်တွေ ကျန်ပါသေးတယ်။ ”

စုန့်ကျယ်သည် အားတင်းပြီး ဆက်ရှာလိုက်သော်လည်း စာရင်းအဆုံးရှိ နောက်ဆုံးနာမည်ရောက်တဲ့ထိ သူ့နာမည်မပါခဲ့ပါ။

“ ကြည့်ရတာ ငါက စာသင်ဖို့ရော ၊ စီးပွားရေးလုပ်ဖို့ရော မကိုက်ညီဘူး ထင်ပါတယ်ကွာ။ ” စုန့်ကျယ်က ခေါင်းခါယမ်းရင်း သူ့ကိုယ်သူ နှိမ့်နှိမ့်ချချ ပြောလိုက်သည်။ “ ငါ စာမေးပွဲတောင် မအောင်ရင် ဘယ်လိုလုပ် စီးပွားရေးလုပ်နိုင်မှာလဲ။ ”

“ ထိပ်ဆုံး အယောက်သုံးဆယ်ကို ကျွန်တော်တို့ အခုထိ စစ်မကြည့်ရသေးပါဘူး။ ”

“ ငါက ထိပ်ဆုံး အယောက်သုံးဆယ်ထဲမှာ ဘယ်လိုလုပ် ပါနိုင်မှာလဲ။ ငါသာ ထိပ်ဆုံး အယောက်သုံးဆယ်ထဲ ပါရင် ငါ့အဖေက အိပ်မက်ကနေ လန့်နိုးပြီး အော်ရယ်နေလိမ့်မယ်။ ”

“ အစ်ကို မစစ်ကြည့်ရသေးဘဲနဲ့ ဘယ်လိုလုပ် သိမှာလဲ။ ” ဝမ်အာက ရယ်မောလိုက်သည်။ “ ကျွန်တော် အစ်ကို့အတွက် သွားကြည့်ပေးမယ်။ ”

ဝမ်အာက ထိပ်ဆုံး အယောက်သုံးဆယ်စာရင်းကို ကပ်ထားသော နေရာသို့ သွားကာ ဖတ်ကြည့်လိုက်သည်။ အဆင့် ( ၂၂ ) ရသော စာဖြေသူနာမည်ကို မြင်ချိန်မှာတော့ သူ့မျက်လုံးတွေ ဖျတ်ခနဲ တောက်ပသွားလေသည်။ “ အစ်ကို အောင်တယ်။ ဒီမှာ အစ်ကို့နာမည် ရှိတယ်။ အစ်ကိုက အဆင့် ( ၂၂ ) ပဲ။ ”

“ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ ညီလေးဝမ်။ ငါသာ အဆင့် ( ၂၂ ) ရရင် ငါ့ဘိုးဘေးတွေ အရမ်း ထိတ်လန့်သွားလို့ ငါ့မိသားစုဂူသင်္ချိုင်းထဲကနေ အစိမ်းရောင် မီးခိုးတွေ ထွက်လာလိမ့်မယ် … ”

“ ကျွန်တော် အတည် ပြောနေတာ။ ကျွန်တော် ပြောတာ မယုံရင် အစ်ကိုကိုယ်တိုင် လာကြည့်။ ”

စုန့်ကျယ်သည် မယုံသော်လည်း ဝမ်အာ သူ့ကို အလကားသက်သက် စနောက်ပြီး မျှော်လင့်ချက်ပေးနေတာ ဖြစ်မှာစိုး၍ သွားမကြည့်ရဲပါ။ ဒါပေမဲ့ ဝမ်အာက ကျိုးကြောင်းမစဉ်းစားတဲ့ နောက်ပြောင်မယ့် လူမျိုး မဟုတ်ဘူး ဆိုတာ သူ သိသည်။

ဝမ်အာ ပြောတာ … တကယ်လား … ။ သူက တကယ်ပဲ အဆင့်ကောင်းကောင်း ရတာလား … ။

စုန့်ကျယ်ရဲ့ ရင်ခုန်သံတွေ တဒိန်းဒိန်း အခုန်မြန်လာကာ ခြောက်သွေ့နေသော နှုတ်ခမ်းတွေကို စိုစွတ်သွားအောင် နှုတ်ခမ်းသပ်လိုက်ပြီး သတ္တစုစည်း၍ လူအုပ်ကြီးကို တိုးဝှေ့သွားလိုက်သည်။

အသေအချာပဲ နာမည်စာရင်းထဲမှာ ‘ အဆင့် ( ၂၂ ) : စုန့်ကျယ် ’ လို့ ရေးထားခဲ့ပါသည်။

“ တကယ်ကြီးလား။ ”

“ တကယ်ပေါ့ဗျ။ ”စုန့်ကျယ်ကို ကြည့်ပြီး ဝမ်အာလည်း သူ့အတွက် ပျော်မိသည်။

“ ယား … မိုးနတ်မင်းကြီးရေ ၊ ကျွန်တော် လုပ်နိုင်သွားပြီဗျို့ … ” စုန့်ကျယ်က ရုတ်တရက်ပဲ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ “ အဒေါ်လီရေ … ကျွန်တော် လုပ်နိုင်ခဲ့ပြီ။ ကျွန်တော် အဆင့် ( ၂၂ ) ရတယ်။ အခု ကျွန်တော် အဒေါ်နဲ့အတူ စီးပွားရေးလုပ်ငန်းကြီးတွေ လက်တွဲလုပ်နိုင်တော့မယ်။ ”

ပါးစပ်က အော်ရင်း လူအုပ်ကြားထဲက တိုးဝှေ့ထွက်ကာ အရူးတစ်ယောက်ပမာ အပြေး အိမ်ပြန်သွားသော စုန့်ကျယ်ကို တခြား စာဖြေသူတွေက စိုက်ကြည့်ပြီး ကျန်ခဲ့ကြသည်။

သူတို့အားလုံးရဲ့ စိတ်ထဲမှာ စုန့်ကျယ်ဟာ သူ့အောင်မြင်မှုအပေါ် ဝမ်းသာလုံးဆို့ပြီး နည်းနည်းလေး စိတ်လွတ်သွားပြီဟု ခံစားလိုက်ရသည်။ မဟုတ်ရင် အဆင့် ( ၂၂ ) နှင့် စီရင်စုစာမေးပွဲအောင်ထားတဲ့ ကျောင်းသားတစ်ယောက်က စီးပွားရေးလုပ်မယ့်အ‌ကြောင်း ပြောနေမှာ မဟုတ်။

ဝမ်အာသည် စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းရင်း စုန့်ကျယ်နောက်ကို ပြေးလိုက်ဖို့ ပြင်နေတုန်းမှာပဲ ရှုယို့ခိုင်က လူအုပ်ကြားထဲက တိုးဝှေ့ထွက်လာခဲ့သည်။

“ အား … ”

အဆင့်သတ်မှတ်ချက်စာရင်းကို ကြည့်ပြီးသွားသော ရှုယို့ခိုင်ဆီက အာမေဋိတ်သံထွက်လာသည်။

“ ညီလေးဝမ်အာကို အမှတ်အများဆုံးရတဲ့အတွက် ဂုဏ်ပြုပါတယ်။ ”

“ အစ်ကိုရှုကိုလည်း ဒုတိယ အမှတ်အများဆုံးရတဲ့အတွက် ဂုဏ်ပြုပါတယ်။ ”

“ ကြည့်ရတာ ငါက မင်းနဲ့ ယှဉ်ရင် နောက်ကောက်ကျနေတုန်းပဲ ထင်ပါတယ်။ ” ရှုယို့ခိုင်က ရယ်မောလိုက်သည်။ “ ဒါပေမဲ့ ဒီတစ်ခေါက် ငါ မင်းနဲ့ သခင်မလီကို ကျေးဇူးတင်ရမယ်။ မင်းတို့ကျေးဇူးကြောင့်သာ မဟုတ်ရင် ငါ့မှာ ဒုတိယ ရဖို့နေနေသာသာ စာမေးပွဲဖြေခွင့်တောင် ရှိမှာ မဟုတ်ဘူး။

“ အစ်ကိုရှုက ချိုသာလွန်းနေပါပြီ။ ”

“ မြန်မြန် အိမ်ပြန်ပြီး သတင်းကောင်းကို မျှဝေလိုက်ဦး ညီလေးဝမ်။ ”

ဝမ်အာ ခေါင်းညိတ်ပြလိုက်သည်။ လူတွေရဲ့ အားကျအကြည့်တွေအောက်က သူ ထွက်ခွာဖို့ လုပ်နေတုန်းမှာပဲ တောက်တောက်ပြောင်ပြောင် ဝတ်စာထားသော အမျိုးသမီးကြီးတွေ ရုတ်တရက် ရောက်လာပြီး သူ့ကို ဝိုင်းထားလိုက်ကြသည်။

ဝမ်အာက အရင်တုန်းက ဒါမျိုး တစ်ခါမှ မကြုံဖူးတာမို့ ထိတ်လန့်တကြားဖြစ်သွားရပါသည်။ “ ခင်ဗျားတို့ ဘာလုပ်တာလဲဗျ။ ”

“ ဂုဏ်ပြုပါတယ် လူကြီးမင်း။ လူကြီးမင်းရဲ့ ဘဝတစ်လျှောက်လုံး ကျန်းမာချမ်းသာပြီး ပျော်ရွှင်ပါစေလို့ ကျွန်မတို့ ဆုတောင်းပါတယ်။ ”

ဝမ်အာက “ ဘာ … ဘာကို လူကြီးမင်းလဲ။ ” ဟု အထစ်ထစ်အငေါ့ငေါ့ ပြန်ပြောလိုက်သည်။ “ ကျွန်တော့်ကို လူကြားထဲမှာ အဲ့လိုမျိုး လျှောက်မခေါ်ပါနဲ့။ ကျွန်တော်က ဘယ်သူ့ရဲ့ လူကြီးမင်းမှ မဟုတ်ဘူးဗျ။ ”

“ အခု မဟုတ်သေးပေမဲ့ နောက်ဆို ဟုတ်လာတော့မှာပါ။ ”

“ ဟုတ်ပါတယ် လူကြီးမင်း။ ယိကျိုးမြို့ရဲ့ အချမ်းသာဆုံးကုန်သည် သခင်ကြီးကျောက်က လူကြီးမင်းကို ‌သားမက်တော်ချင်နေတယ်။ ”

“ ရထားလုံး ပြင်ဆင်ပြီးသွားပါပြီ ၊ မင်္ဂလာပွဲကြီးလည်း အဆင်သင့်ပဲ။ သခင်လေး ဘိုးဘွားပိုင်ခန်းမထဲမှာ အရိုအသေပေးပြီး လက်ထပ်ပွဲပြီးမြောက်စေဖို့ပဲ ကျန်တော့တယ်။ ”

ဘာ … ။

ဘဝမှာ ဒီလောက် အဓိပ္ပာယ်မရှိတဲ့ စကားမျိုးကို မကြားဖူးသော ဝမ်အာသည် သူ့ကို အမဲဖျက်သလို ဝိုင်းထားကြတဲ့ အမျိုးသမီးကြီးတွေကို ကြည့်ပြီး ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

“ အဒေါ်တို့ လူမှားနေပြီ … ကျွန်တော်က ဘယ်သူနဲ့မှ လက်ထပ်ဖို့ စိတ်ကူးမရှိသေးဘူး။ ”

“ အဲ့လို မပြောပါနဲ့ လူကြီးမင်းရယ်။ ” ဟု အမျိုးသမီးကြီးတစ်ယောက်‌က ရယ်ရယ်မောမော ပြောသည်။ “ မိန်းကလေးလီက ယိကျိုးစီရင်စုမှာ အဆင့်တစ် ပညာရှိကျောင်းသူပဲ။ သခင်ကြီးကျောက်ကလည်း ယိကျိုးမြို့တော်မှာ အဆင့်တစ် ကုန်သည်ကြီးပဲ။ လူကြီးမင်းနဲ့ မိန်းကလေးလီက ပြီးပြည့်စုံတဲ့ မိသားစုနှစ်စုကြားက နတ်ဖက်တဲ့ စုံတွဲလေးပဲ။ ”

“ လူကြီးမင်းသာ သခင်ကြီးကျောက်ရဲ့ သမီးငယ်လေးနဲ့ လက်ထပ်လိုက်ရင် ရဲစွမ်းသတ္တိရှိတဲ့ ပညာရှိကျောင်းသားလေးနဲ့ မိန်းမလှလေးစုံတွဲ ဆိုပြီး လူတိုင်း အားကျရတဲ့ စုံတွဲလေး ဖြစ်လာလိမ့်မယ်။ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲပေါ့။ ”

“ မင်္ဂလာအချိန် ရောက်ခါနီးပြီ။ ရထားလုံးပေါ်ကို မြန်မြန် တက်ပါတော့ လူကြီးမင်း။ ”

“ ကျွန်တော့်ကို … မဆွဲကြနဲ့လေ … ကျွန်တော် တကယ် မလိုက်ချင် … ”

ဝမ်အာက တစ်ယောက်တည်းဖြစ်ပြီး သူ့ကို အမဲဖျက်ဖို့ ကြိုးစားနေကြတဲ့ အမျိုးသမီးကြီးတွေက အဖွဲ့လိုက်မို့ သိုင်းပညာနှင့်တောင် သူတို့ကို ခုခံဖို့ မဖြစ်နိုင်ပေ။

တချို့က သူ့လက်ကို အတင်း ဆွဲသည် ၊ တချို့က သူ့ကို လက်မောင်းကနေ ဆွဲခေါ်သည်။ တချို့ကတော့ ရှေ့ကဦးဆောင်ပြီး သူ့ကို မင်္ဂလာရထားလုံးပေါ် ပစ်တင်လိုက်လေသည်။

ထိုအချိန်မှာ ဘေးက ကြည့်နေတဲ့ လူတွေကလည်း ထိုအဖြစ်အပျက်ကို တားဆီးကူညီရမည့်အစား အားကျသော မျက်လုံးတွေဖြင့် ကြည့်နေခဲ့ကြ၏။

“ အဲ့ဒီတော့ ဒါက သတို့သားလုယူတဲ့ ပြိုင်စံရှား ဂန္တဝင်ဓလေ့ထုံးစံ ဆိုတာလား။ ”

“ ဟုတ်တယ်။ သခင်ကြီးကျောက်ရဲ့ သမီးနဲ့ လက်ထပ်ရမှာတဲ့။ ကျွတ် ကျွတ် … သတို့သမီးဘက်က လက်ဖွဲ့တဲ့ ပစ္စည်းတွေက လှည်းဆယ်စီးစာတိုက်လောက် ရှိမှာပဲ။ ”

“ ဝမ်အာက အားကျစရာကောင်းလိုက်တာ။ ”

......

သုတ်ခြေတင်၍ အပြေး အိမ်ပြန်လာခဲ့သော စုန့်ကျယ်သည် နှစ်လီ အကွာအဝေးကို ရောက်တော့မှ သူနှင့်အတူ ဝမ်အာ ပါမလာတာကို သိသွားကာ ချက်ချင်း နောက်ကြောင်းပြန်လှည့်လာခဲ့ရသည်။ သို့သော် သူ ရောက်သွားချိန်မှာတော့ ရထားလုံးပေါ်ကို ဆွဲတင်ခံလိုက်ရတဲ့ ဝမ်အာ့ကိုသာ အဝေးကနေ လျှပ်တစ်ပြက် လှမ်းမြင်လိုက်ရလေသည်။

“ သောက်ကျိုးနည်းပြီ။ ”

စုန့်ကျယ်က သူ့ခြေထောက်ကို ပိတ်ရိုက်ပြီး လီမိသားစုအိမ်တော်သို့ ပြေးသွားလိုက်သည်။

….

All Chapters