သားမက်ဖမ်းနည်း။
Vol. 19 Ch. 210
ဒီနေ့ လူတိုင်းက အိမ်မှာ နေပြီး သတင်းကောင်းတွေနှင့်အတူ ပြန်လာမည့် ဝမ်အာနှင့် စုန့်ကျယ်ကို တိတ်တဆိတ် စောင့်မျှော်နေခဲ့ကြသည်။
အုပ်ချုပ်ရေးမှူးစုန့်ကလည်း ဒီနေ့ အစိုးရရေးရာကိစ္စတွေ အကုန်လုံးကို ရွှေ့ဆိုင်းပြီး လီယောင့်အိမ်သို့ သူ့ဇနီးနှင့်အတူ ထွက်လာခဲ့သည်။ အုပ်ချုပ်ရေးမှူးကတော်က သားဖြစ်သူအတွက် အလွန် စိတ်လှုပ်ရှားနေပြီး စကားပြောရင်း တစ်ခါတစ်ခါ သတိလက်လွတ်ဖြစ်သွားသည်။
အခြားတစ်ဖက်၌ အုပ်ချုပ်ရေးမှူးစုန့်ကတော့ အလွန် တည်ငြိမ်ပုံရသော်လည်း သူ့မျက်လုံးထဲက စိတ်အားထက်သန်မှုတွေကို လီယောင် အလွယ်တကူ မြင်နိုင်ပါသေးသည်။
ဘာပဲပြောပြော ဒီကမ္ဘာကြီးမှာ သူတို့ကလေးကို ဂရုမစိုက်တဲ့ မိဘ ဘယ်နှယောက် ရှိလို့လဲ … ။
မိဘမေတ္တာကို လီယောင်ကိုယ်တိုင် တစ်ခါမှ မကြုံတွေ့ဖူးသော်လည်း ဒီကလေးတွေနှင့် အချိန်အတော်ကြာ နေပြီးတဲ့နောက် စုန့်ဇနီးမောင်နှရဲ့ ခံစားချက်ကို အတိုင်းအတာတစ်ခုထိ နားလည်ပေးလို့ ရသည်။
“ အဒေါ်လီ … ”
ထိုအချိန်မှာပဲ ဂိတ်တံခါးအပြင်ဘက်ကနေ စုန့်ကျယ်ရဲ့ အသံ ရုတ်တရက် ထွက်ပေါ်လာ၏။
“ သူ ပြန်လာပြီ … သူ ပြန်လာပြီ။ ”
စုန့်ဇနီးမောင်နှံက စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက််သလို တာ့ကျွမ်းနှင့် ဟဲရှောင်ယာကလည်း ရှားယန်ရန်လေးကို ပွေ့ချီ၍ အခန်းထဲက ထွက်လာခဲ့သည်။ တုရှောင်ဟွေ့ကတော့ ခြံဝင်းထဲကို ပြေးဝင်လာတဲ့ စုန့်ကျယ်ကို ချက်ချင်း တားလိုက်၏။
“ ဘာလို့ နင် တစ်ယောက်တည်း ပြန်လာတာလဲ စုန့်ကျယ်။ ”
“ အခြေအနေမကောင်းတော့ဘူး အစ်မရှောင်ဟွေ့။ ” စုန့်ကျယ်က ဟောဟဲဆိုက်နေရင်းမှ ရှင်းပြသည်။ “ ညီလေးဝမ်ကို လူတစ်ယောက်က ဖမ်းသွားတယ်။ ”
“ ဘယ်လို။ ” ဟဲရှောင်ယာသည် ခေါင်းတည့်တည့်ကို မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရပြီး အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။ “ သူ … သူ ဘယ်လိုလုပ် အဖမ်းခံရတာလဲ … မဟုတ်ဘူး ၊ သူ့ကို ဖမ်းသွားတဲ့ လူက ဘယ်သူလဲ။ ”
အိမ်ထဲက တခြားလူတွေက ထိုစကားကို ကြားသည်နှင့် တစ်ယောက်ပြီး တစ်ယောက် ထွက်လာခဲ့ကြသည်။
အုပ်ချုပ်ရေးမှူးစုန့်ကလည်း စုန့်ကျယ် စာမေးပွဲအောင်ရဲ့လား ဆိုတာတောင် မမေးနိုင်တော့ဘဲ “ ဘယ်လိုဖြစ်တာလဲ။ ” ဟု လေးနက်သော အသံဖြင့် မေးလိုက်သည်။
စုန့်ကျယ် ပြောပြတဲ့ အဖြစ်အပျက်ကို နားထောင်အပြီးမှာတော့ အားလုံး ပြောစရာစကားတွေ ပျောက်ဆုံးသွားကြလေသည်။
“ ဒါက … စာမေးပွဲအောင်စာရင်းလာကြည့်တဲ့ လူထဲက တစ်ယောက်ကို သားမက်တော်တဲ့ ဓလေ့ထုံးစံလား။ ” ဟု အုပ်ချုပ်ရေးမှူးကတော်က ပြောလိုက်သည်။ “ ယိကျိုးမြို့မှာ အဲ့လို ဓလေ့ထုံးစံတွေ ရှိနေမယ်လို့ ထင်မထားဘူး။ ”
လီယောင့်ရဲ့ မျက်နှာက ဒေါသကြောင့် နီရဲသွားသည်။ ဓလေ့ထုံးစံ ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ …။ ဒါက လူချမ်းသာတွေ သူတို့အတွက် သားမက်ကောင်းကောင်း ရှာတဲ့ ကလိမ်ကကျစ် နည်းလမ်းဆိုတာ အသိအသာကြီး။
သို့သော်လည်း သူ လူဆိုးတွေဆီမှာ အဖမ်းမခံရသရွေ့ ပြဿနာကြီးတော့ မဟုတ်ပါ။
“ စိတ်မပူပါနဲ့ လီယောင်။ ဒါကိုလည်း ကောင်းတဲ့ ကိစ္စအဖြစ် သတ်မှတ်လို့ ရပါတယ်။ ” အုပ်ချုပ်ရေးမှူးစုန့်လည်း စိုးရိမ်စိတ်တွေ လျော့သွားသည်။ “ စုန့်ကျယ် … ငါ မင်းကို မေးပါရစေဦး။ အဲ့လူတွေက ဝမ်အာကို ဘယ်မိသားစုဆီ ခေါ်သွားတာလဲ။ ”
“ အာ … ကျွန်တော် … ” ဝမ်အာက ခေါင်းကုတ်နေသည်။ “ ကျွန်တော် … ကျွန်တော် ဒီသတင်းကို ပြောဖို့ အမြန် ပြန်ပြေးလာခဲ့တာ ဆိုတော့ အဲ့ဒါကို မမေးလိုက်ရဘူး။ ”
“ မင်း … ”
အုပ်ချုပ်ရေးမှူးစုန့်သည် ဒေါသကြောင့် သူ့နှာခေါင်းကြီး ကောက်သွားသလားတောင် ထင်မိသည်။ ဒီသားက အရေးကြီးတဲ့ အချိန်တွေမှာတောင် ပေါ့ပျက်ပျက်နိုင်တုန်းပဲ … ။
“ ဒါပေမဲ့ သူတို့ရထားလုံးပေါ်မှာ အလှဆင်ထားတဲ့ ဒီလို ပုံသဏ္ဍာန်ကိုတော့ ကျွန်တော် မြင်ခဲ့တယ်။ ”
တုရှောင်ဟွေ့က သူ့အတွက် စာရွက်နှင့် စုတ်တံကို အမြန် ယူပေးပြီး ထိုပုံသဏ္ဍာန်ကို ဆွဲပြခိုင်းလိုက်သည်။ အုပ်ချုပ်ရေးမှူးစုန့်က ထိုပုံသဏ္ဍာန်ကို တစ်ချက် ကြည့်ရုံနှင့် မှတ်မိသွားပါသည်။ “ ဒါ ကျောက်မိသားစုပဲ။ ”
လီယောင်က “ ဘယ်က ကျောက်မိသားစုလဲ။ ” ဟု မေးလိုက်သည်။
“ ကျောက်မိသားစု ဆိုတာ ယိကျိုးမြို့တော်ရဲ့ လူချမ်းသာ ကုန်သည်မိသားစုပဲ ၊ သူတို့က ယန်မိသားစုနဲ့တောင် ယှဉ်လို့ ရတယ်။ ကျောက်မိသားစုရဲ့ သမီးအကြီးက တော်ဝင်ကြင်ရာတော် ဆိုတော့ သူတို့ကို တော်ဝင်မျိုးနွယ်လို့ ပြောလို့လည်း ရတယ်။ ” ဟု အုပ်ချုပ်ရေးမှူးစုန့်က ရှင်းပြလိုက်သည်။ “ ဒါပေမဲ့ တခြားသူတွေနဲ့ မတူတာက ကျောက်မိသားစုက အရမ်း အနေအထိုင်သိုသိပ်တယ်။ အဲ့ဒါကြောင့် မင်း သူတို့ကို မသိတာ မထူးဆန်းဘူး လီယောင်။ ”
တော်ဝင်ကြင်ရာတော်တဲ့လား … ။
လီယောင် စဉ်းစားကြည့်လိုက်သည်။ တော်ဝင်မျိုးနွယ်တွေ ပါဝင်ပတ်သက်နေပြီ ဆိုကတည်းက ကိစ္စတွေက ပိုရှုပ်ထွေးလာပြီပင်။ ဒါပေမဲ့ သူတို့ အခု ဝမ်အာ့ကို ခေါ်သွားတဲ့ လူကို သိပြီမို့ သူတို့နှင့် တွေ့ပြီး ပွင့်ပွင့်လင်းလင်း မေးဖို့ လွယ်ကူသွားပြီ ဖြစ်သည်။
လီယောင်က ကျောက်အိမ်တော်ကို သွားဖို့အတွက် တာ့ကျွမ်းကို ရထားလုံးတစ်စီး အမြန်ရှာခိုင်းပြီး ဝမ်အာ့ကို ပြန်ခေါ်ရန် ပြင်ဆင်နေခဲ့သည်။
သူမအတွက်တော့ လက်ထပ်တယ် ဆိုတာ ဘဝတစ်လျှောက်လုံးရဲ့ ပျော်ရွှင်မှုနှင့် သက်ဆိုင်နေတဲ့ အရာ ဖြစ်သည်။ ကလေးကစားသလို ပေါ့ပျက်ပျက် သဘောထားလို့ မရပါ။ ပြီးတော့ ဝမ်အာ့မှာ တုရှောင်ဟွေ့ ရှိနေပြီးသားမို့ သူ့ကို ချန်ရှစ်မိန်နှင့် လက်ထပ်ဖို့ အတင်း ဖိအားပေးလို့ မရပါ။
အုပ်ချုပ်ရေးမှူးစုန့်ကလည်း လီယောင် ကိစ္စတွေကို ဒေါသရှေ့ထား၍ ဖြေရှင်းမှာ စိုးရိမ်သောကြောင့် ရထားလုံးတစ်လုံးနှင့်အတူ သူမနောက် လိုက်ကာ လူတစ်ယောက်ကို လျို့ယွင်အား အမြန် သတင်းပေးခိုင်းထားခဲ့သည်။
ကျောက်မိသားစုက အမှန်တကယ်ပဲ အတော်လေး ချမ်းသာပါသည်။ မြို့အရှေ့အရပ်မှာ ရှိတဲ့ သူတို့အိမ်က ဧရိယာပမာဏ ကျယ်ဝန်းလှသည်။
ကျောက်အိမ်တော်ရဲ့ ဘေးပတ်ပတ်လည်ရှိ တံတိုင်းတွေ ၊ ဂိတ်တံခါးတွေက အလွန် ရိုးရှင်းပြီး ရှေးဆန်သော ဆွဲဆောင်မှုတစ်မျိုးရှိကာ တခြားအိမ်တော်တွေလို ဟိတ်ကြီးဟန်ကြီးမနိုင်ဘဲ သင့်တင့်မျှတသော ခံစားချက်ကို ပေးစွမ်းသည်။
သို့သော်လည်း လက်ရှိအချိန်မှာ ကျောက်မိသားစုအိမ်တော်ရဲ့ ဂိတ်တံခါးတွေကို တင်းတင်းကြပ်ကြပ် ပိတ်ထားသလို တံခါးနားမှာ တံခါးစောင့်လည်း မရှိပါ။ မင်္ဂလာပွဲအတွက် ပြင်ဆင်နေတဲ့ ပျော်ပွဲရွှင်ပွဲ အငွေ့အသက်တွေ ပျောက်ဆုံးကာ တိတ်ဆိတ်ငြိမ်သက်နေသည်။
တုရှောင်ဟွေ့က စိတ်မရှည်စွာ တံခါးခေါက်လိုက်ပေမဲ့ အချိန်အတော်ကြာ စောင့်ပြီးသည်ထိ အိမ်ထဲမှာ လူတစ်ယောက်မှ မရှိသလိုမျိုး တုံ့ပြန်စကားသံ မကြားရပေ။
ထူးဆန်းလိုက်တာ … သူတို့ အိမ်မှားပြီး ရောက်လာတာလား … ။
“ စုန့်ကျယ် … မင်း ရထားလုံးပေါ်မှာ အလှဆင်ထားတဲ့ ပုံစံကို အမှတ်မမှားတာ သေချာပါတယ်နော်။ ”
“ သေချာပါတယ် အဒေါ်လီရဲ့။ သူတို့ အလှဆင်ထားတဲ့ ပုံစံက အရမ်း ထူးခြားတယ်။ ”
လီယောင်တို့လူစုဟာ စေ့ပိတ်ထားသော ဂိတ်တံခါးရှေ့မှာ မတ်တပ်ရပ်နေရသည်။ အုပ်ချုပ်ရေးမှူးစုန့်က ဖြေရှင်းနည်းကို အပူတပြင်း စဉ်းစားနေတုန်းမှာပဲ လီယောင်ကတော့ နံရံအစွန်းတစ်ဖက်ပေါ်ကို ရောက်သွားပြီ ဖြစ်သည်။
“ လီယောင် … မင်း ဘာလုပ် … ”
“ ကျွန်မ အိမ်ထဲကို ဝင်ကြည့်လိုက်တာနဲ့ သူတို့ ဘာတွေ လုပ်နေတာလဲ ဆိုတာ သိရပြီ။ ”
လီယောင်သည် အားလုံးရဲ့ ဆွံ့အမှင်သက်နေသော အကြည့်တွေကို ဂရုမစိုက်ဘဲ နံရံထိပ်ကို လွှားခနဲ ခုန်တက်ကာ ခြံထဲကို သွက်သွက်လက်လက် ခုန်ဆင်းသွားလိုက်သည်။
တာ့ကျွမ်းနှင့် တခြားလူတွေကတော့ ဒီလို မြင်ကွင်းမျိုးနှင့် ကျင့်သားရနေပြီးသား ဖြစ်သည်။ သူတို့အမေ သူတို့ကို သိုင်းသင်ပေးတုန်းကဆို ဒီ့ထက်မက အံ့ဩဖို့ကောင်းတာတွေတောင် လုပ်ပြဖူးသည်။ ဒါပေမဲ့ စုန့်ဇနီးမောင်နှံအတွက်တော့ ဒီလို မြင်ကွင်းမျိုးကို အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာမို့ သူတို့ရဲ့ အောက်မေးရိုးတွေ မြေကြီးပေါ်ကို ပြုတ်ကျတော့မတတ် ပါးစပ်အဟောင်းသားဖြစ်နေခဲ့ကြလေသည်။
…
တကယ်တော့ ကျောက်အိမ်တော်ထဲမှာ လူတွေအများကြီး ရှိနေပြီး သူတို့က ဂိတ်တံခါးတွေကို ရည်ရွယ်ချက်ရှိရှိ စေ့ပိတ်ထားတာ ဖြစ်သည်။ ဘယ်သူ့ကိုမှ သူတို့ရဲ့ အစီအစဉ်တွေကို လာရောက်မနှောင့်ယှက်စေချင်ပါ။
ကျောက်မိသားစုရဲ့ လက်ရှိ အိမ်ထောင်ဦးစီး ကျောက်ယန်က အိမ်ထောင်စုထဲက ယောက်ျားမိန်းမ ၊ ကလေးလူကြီးမရွေး အားလုံးကို ပင်မဟောခန်းထဲသို့ ခေါ်ထားခဲ့သည်။
အပြင်ဘက်ကနေ ဘာသံမှ မကြားရသော်လည်း ဟောခန်းထဲမှာတော့ မီးအိမ်တွေကို ပန်းကုံးသဏ္ဍာန် သွယ်တန်းကာ လှပနေအောင် ပြင်ဆင်ထားပြီး ပျော်သံရွှင်သံ ၊ ရယ်မောသံတွေ ဝေဆာနေသည်။
ဝမ်အာ့ကို အစေခံအမျိုးသမီးအဖွဲ့က ကျောက်ယန်ရှေ့သို့ ဝိုင်းဝန်းပို့ဆောင်ခဲ့ကြသည်။
“ လူကြီးမင်းခင်ဗျာ … ”
“ ဟေး … ဦးလေးကို အဲ့လို မခေါ်ပါနဲ့။ ” ကျောက်ယန်က အန္တရာယ်ကင်းကာ ကြင်နာတတ်သည့် စိတ်နှလုံးကောင်းရှိသော အဘိုးတစ်ယောက်ကဲ့သို့ ဖော်ဖော်ရွေရွေ ပြုံးပြလိုက်သည်။ “ ဒီနေ့က စပြီး မောင်ရင် ဦးလေးကို ယောက္ခမလို့ပဲ ခေါ်သင့်တယ်။ ”
ဝမ်အာ : …
“ ကျွန်တော်က လူကြီးမင်းရဲ့ သားမက် မဖြစ်ချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ လက်ထပ်ဖို့ စီစဉ်ထားတဲ့ မိန်းကလေးရှိတယ်။ ” ဟု ဝမ်အာက ရှုံ့မဲ့မဲ့မျက်နှာဖြင့် ပြန်ပြောလိုက်သည်။
ဒီအနေအထားမှာ ဝမ်အာ စဉ်းစားလို့ရတဲ့ ကျိုးကြောင်းဆီလျော်မှုရှိသော အကြောင်းပြချက်ဆိုလို့ ဒါပဲ ရှိသည်။
သူနှင့် တုရှောင်ဟွေ့မှာ တရားဝင် လက်ထပ်ပွဲစီစဉ်ထားတာမျိုး မရှိပေမဲ့ တစ်ယောက်အပေါ် တစ်ယောက် ထားတဲ့ ခံစားချက်တွေကို သေချာ နားလည်ပြီး နှစ်ဖက်လုံးရဲ့ မိဘတွေကလည်း ပါးစပ်ကထုတ်မပြောဘဲ သဘောတူထားပါသည်။
“ လက်ထပ်ဖို့ စီစဉ်ထားတယ် ဆိုတာက စီစဉ်တဲ့ အဆင့်မှာပဲ ရှိသေးတာပါ။ တကယ့်လက်ထပ်ပွဲမတိုင်ခင် ဖျက်သိမ်းလိုက်လို့ ရတာပဲ။ ” ဟု ကျောက်ယန်က ပြန်ပြောလိုက်သည်။ “ မောင်ရင် အဲ့ကိစ္စကို စိတ်ပူစရာ မလိုဘူး။ စေ့စပ်ပွဲကို ဖျက်သိမ်းဖို့အတွက် ငွေချောင်း ဘယ်လောက်လိုလို ဦးလေး ပေးမယ်။ မောင်ရင် မျက်နှာပူတယ် ဆိုရင်လည်း ဦးလေးကိုယ်တိုင် သူတို့နဲ့ သွားစကားပြောပေးမယ်။ ”
ဝမ်အာသည် သူ့နဖူးပေါ်က ချွေးစေးတွေ စီးကျလာတဲ့ထိ အကြပ်ရိုက်သွားရသည်။ “ ဒါပေမဲ့ လက်ထပ်ပွဲဆိုတာ မိဘတွေကပဲ အမြဲတမ်း ဆုံးဖြတ်ပေးရတဲ့ အရေးပါတဲ့ ပွဲအခမ်းအနားတစ်ခုပဲ။ အခု ကျွန်တော့်အမေက ဒီကိစ္စကို သိတောင် မသိဘူး … ”
“ မောင်ရင်က ဦးလေးကို လာလိမ်နေတာပဲ။ ဦးလေး သိသလောက်တော့ လီယောင်က ဒီလို ကိစ္စတွေအပေါ် အရမ်း အမြင်ပွင့်လင်းလို့ လက်ထပ်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေအားလုံးကို မောင်ရင်တို့ကိုပဲ ဆုံးဖြတ်ပိုင်ခွင့်ပေးထားတာပါ။ ဒါ့ကြောင့် မောင်ရင်သာ သဘောတူမယ်ဆိုရင် လီယောင်ကလည်း ကန့်ကွက်မှာ မဟုတ်ပါဘူး။ ”
ဒီလို အခြေအနေကို အရင်က တစ်ခါမှ မကြုံဖူးသော ဝမ်မာသည် အခြေအနေတွေကို အနေရခက်အောင် ရိုင်းပျတင်းမာစွာ ပြောဆိုဖို့လည်း တွန့်ဆုတ်နေမိသည်။
ကျောက်မိသားစုရဲ့ ကြင်နာမှုကို ဘယ်လို ငြင်းဆန်ရင် ကောင်းမလဲလို့ ဝမ်အာတစ်ယောက် အသည်းအသန် စဉ်းစားနေချိန်မှာပဲ ကျောက်ယန်က သူ့ဘေးက လူတွေကို အချက်ပြလိုက်သည်။
“ မင်္ဂလာအချိန်ကျပါပြီ။ ”
“ ကျေးဇူးပြုပြီး သတို့သမီးကို ကြိုဆိုပေးပါ။ ”
“ မဟုတ်ဘူးလေ … မဟုတ်ဘူး … ”
ဝမ်အာသည် ထိတ်လန့်ကြောက်ရွံ့လွန်းလို့ သူ့လက်တွေပင် ယောက်ယက်ခတ်သွားသော်လည်း ကျောက်ယန်နှင့် သူ့လူတွေကို တားဆီးဖို့ အရာမရောက်ခဲ့ပေ။
ခဏအကြာမှာပဲ သတို့သမီးဝတ်စုံကို ဝတ်ဆင်ထားသော သတို့သမီးကို အမျိုးသမီးတစ်ယောက်က ဦးဆောင်ခေါ်လာကာ သတို့သမီးက သိမ်မွေ့သော ခြေလှမ်းစိပ်စိပ်လေးများဖြင့် ဟောခန်းစင်မြင့်ထက်သို့ လျှောက်လာခဲ့သည်။
သတို့သမီးရဲ့ ပုံစံကို ကြည့်ပြီး ဝမ်အာကတော့ လုံးဝကို ကြောင်အသွားရပါသည်။
ဒီသတို့သမီးက အရမ်းကို … လူကောင်သေးလွန်းတယ် … ။ သူမရဲ့ မျက်နှာကို အနီရောင် ရိုးရာချည်ပါးလွှာနှင့် အုပ်ထားပေမဲ့ အရပ်အမြင့်က သူ့ရင်ဘတ်နားပင် မရောက်ပါ။ သူမရဲ့ အဝတ်ကင်းလွတ်တဲ့ လက်ကလေးတွေက ( ၇ ) နှစ် ၊ ( ၈ ) နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ လက်အရွယ်အစားမျှသာ ရှိသည်။
“ လူကြီးမင်းကျောက်ရဲ့ သမီးရဲ့ အသက်ကို ကျွန်တော် တဆိတ်လောက် မေးလို့ ရမလား။ ”
“ ရပါတယ်။ သူ့အသက်က ( ၇ ) နှစ်ခွဲရှိပါပြီ ၊ နှစ်ကုန်ရင် ( ၈ ) နှစ် ပြည့်တော့မှာပါ။ ”
ဝမ်အာ : …
“ အဟမ်း … သူ့အသက်က နည်းနည်းလေး ငယ်နေတယ် ဆိုတာ ဦးလေးလည်း သိပါတယ်။ ဒါပေမဲ့ မောင်ရင်က ဘုရင့်အမှုထမ်းဖြစ်ဖို့အတွက် အခုမှ စီရင်စုစာမေးပွဲအောင်ထားတာ ဆိုတော့ နေပြည်တော်ကို သွားပြီး ထိပ်တန်းပညာရှိကျောင်းသားဘွဲ့ ယူရဦးမယ်လေ။ အဲ့တော့ အချိန်က ကွက်တိပါပဲ။ မောင်ရင် ထိပ်တန်းပညာရှိကျောင်းသား ဖြစ်သွားရင် ကျုပ်သမီးလေးလည်း အရွယ်ရောက်ပြီ။ ”
ဝမ်အာ : …
သူ အဓိပ္ပာယ်မရှိတဲ့ စကားတွေ အများကြီး ကြားဖူးသော်လည်း ဒီလောက်တောင် ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ စကားကိုတော့ တစ်ခါမှ မကြားဖူးခဲ့ပါ။
ဒါက ဘယ်လိုမှ မဖြစ်နိုင်တာကြီးပဲ …။ သူ့မှာ လက်ထပ်ဖို့ စီစဉ်ထားတာလည်း မရှိ ၊ ချစ်သူလည်း မရှိဘူးဆိုရင်တောင် ဘယ်တော့မှ ကလေးသတို့သမီးနဲ့ လက်ထပ်ပြီး သူမကို အိမ်ခေါ်သွားမှာ မဟုတ်ဘူး … ။
“ လူကြီးမင်းကျောက် … ဒါကတော့ ကျွန်တော် ဘယ်လိုမှ လက်ခံမပေးနိုင်ပါဘူး။ ” ဟု ဝမ်အာက လေးလေးနက်နက် ပြောလိုက်သည်။ “ လူကြီးမင်း ဒီနေ့ ကျွန်တော့်ကို ဆက်ပြီး အတင်းအကြပ်လုပ်နေမယ်ဆိုရင် ကျွန်တော် ဒီမှာ ရှိတဲ့ ကျောက်တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်မှာပါ။ ”
ဝမ်အာရဲ့ ပြတ်သားသော စကားကို ကြားချိန်မှာ ကျောက်ယန်လည်း ခဏတာ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားသည်။
ဒီတစ်ခေါက်တော့ ဝမ်အာ့ရှေ့က သတို့သမီးလေးက သူမရဲ့ မျက်နှာကို အုပ်ထားတဲ့ ချည်ပါးလွှာလေးကို ရုတ်တရက် ဖယ်ရှားလိုက်ပြီး ဖြူဖွေးနုနယ်သော မျက်နှာလေး ဘွားခနဲပေါ်လာကာ ဝမ်အာ့ကို ဒေါသထွက်နေသော မျက်လုံးဝိုင်းလေးများဖြင့် စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်နေခဲ့သည်။
“ ဝမ်ရှို့ယန် … ရှင်က ကျွန်မတို့ရဲ့ ကြင်နာမှုကို လုံးဝ ကျေးဇူးမသိတတ်ဘူးပဲ။ ကျွန်မ … ဒီမင်းသမီးက ရှင့်ကို ကျွန်မရဲ့ ခင်ပွန်းအဖြစ် လက်ထပ်ချင်တာကို ရှင့်ဘက်က ကျေးဇူးတင်ပြီး ပျော်လွန်းလို့ မျက်ရည်လည်ရွှဲတောင် ဖြစ်နေရမှာ။ ”
ဝမ်အာတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်ကာ ကြက်သေ,သေသွားသည်။ ဒီကောင်မလေးက သူ့ကိုယ်သူ မင်းသမီးလို့ ပြောလိုက်တာလား … ။ ဧကရာဇ်ရဲ့ သမီးတော်အတွက်ပဲ အသုံးပြုနိုင်တဲ့ မင်းသမီးဆိုတဲ့ ရည်ညွှန်းခေါ်ဝေါ်မှုကို သူက ဘာလို့ သူ့ကိုယ်သူ လက်လွတ်စပယ် ခေါ်လိုက်တာလဲ … ။
ထိုကောင်မလေးက ဝမ်အာ့ကို မျက်စောင်းထိုးပြီး “ ဟင်း … သူက လုံးဝ ယဉ်ကျေးမှုမရှိတဲ့ လူဖြစ်နေမှတော့ ကျွန်မ ဘယ်သူလဲဆိုတာ သူ့ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါတော့ ဦးလေးကျောက်။ ” ဟု ပြောလိုက်သည်။
ကျောက်ယန်က “ ဝမ်ရှို့ယန် … တကယ်တော့ မောင်ရင့်ရှေ့က မိန်းမပျိုလေးက ကျုပ်သမီး မဟုတ်ဘူး ၊ ကျုပ်တူမပါ။ ဒါပေမဲ့ သူက ဧကရာဇ်ရဲ့ ( ၁၆ ) ယောက်မြောက် သမီးတော်ပဲ။ အဓိပ္ပာယ်က သူက ယိကျိုးမင်းသားရဲ့ ညီမပဲ။ ” ဟူ၍ စိတ်ပျက်လက်ပျက်နှင့် ရှင်းပြလိုက်သည်။
…