အင်အားကြီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ခြင်း
Vol. 1 Ch. 471
ဝိဉာဉ်ပျောက်တောင်ကြားသည် ကျင်းရှန်နိုင်ငံ၏ မြောက်ဘက်တွင် တည်ရှိပြီး ရှားယွိမြို့နှင့် မိုင်သိန်းချီ၍ ကွာဝေးသည်။ ထိုခရီးကို မြင်းဖြင့် သွားပါက နှစ်လခန့် ကြာမြင့်နိုင်သည်။ ကျန်းရီသည် ကျုံးဝူသားရဲဖြင့် မအိပ်မနေ သွားလျှင်တောင် ဆယ်ရက်သွားရသည့် ခရီးကို လေးရက်၊ လေးညနှင့် အရောက်ပြန်လာခဲ့သည်။
မဟာမိတ်တပ်များ ရှားနိုင်ငံကို တိုက်ခိုက်သည့်သတင်းကို သူသိလျှင်သိချင်း ကျန်းရီသည် အစားစားရန်ပင် မရပ်ဘဲ အစွမ်းကုန်နေရာ ရွှေ့ပြောင်းလာခဲ့သည်။ ချန်းဖူအရွက်နှစ်ခုကြောင့် စိတ်ဝိဉာဉ်အားကောင်းလာခဲ့ခြင်းသာ မရှိပါက သူ့စိတ်ဝိဉာဉ်သည် မောပန်းလွန်း၍ လမ်း၌ပင် မေ့မျောသွားနိုင်လေသည်။
သို့သော်လည်း သူရောက်လာသည်မှာ နောက်ကျလွန်းသည်ဟု သူခံစားနေခဲ့ရသည်။ သူသည် ရှားယွိမြို့ ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သော် ဝမ်းနည်းလာခဲ့သည်။
စုလောရွှယ်နှင့် အခြားသူများ မရှိတော့ကြောင်းနှင့် ရှားယွိမြို့၏ တစ်ဝက်ခန့်မှာ ပျက်စီးနေပြီဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။ နေရာတိုင်းတွင် အဆောက်အဦး အပျက်အစီးများ ရှိနေသည်။ တော်ဝင်နန်းတော်သည်လည်း ပျက်စီးသွားပြီဖြစ်သည်။ မြို့ထဲတွင် အလောင်းများ ပြန့်ကျဲနေခဲ့ပြီး သွေးများမှာ ချောင်းစီးသည့်သဖွယ် ဖြစ်နေခဲ့သည်။ ကျန်းရီသည် မရေမတွက်နိုင်သော အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုတို့ သေဆုံးနေကြသည်ကို ကောင်းကင်စိတ်အာရုံမှတစ်ဆင့် မြင်နေရသည်။ ချစ်သူခင်သူများကိုဖက်၍ ငိုကြွေးနေကြသူများမှာလည်း နေရာအနှံ့ပင်။ ခြေလက်များ ပြတ်နေသော လူများ၊ ဒဏ်ရာအပြင်းအထန်ရထား၍ နာနာကျင်ကျင် အော်ဟစ်နေကြသူများမှာလည်း အများကြီးဖြစ်သည်။
မြင်ကွင်းသည် လောကငရဲစစ်စစ် ဖြစ်လေသည်။
လှပခဲ့သော ရှားယွိမြို့သည် သမိုင်းထဲတွင်သာ ကျန်ရစ်ခဲ့တော့မည်။ သူ့အိမ်ပမာ ကျန်းရီသဘောထားခဲ့သော ရွှယ်လော့နန်းဆောင်မှာလည်း အပျက်အစီးများသာ ကျန်ရစ်တော့သည်။ မြို့ပြင်ရှိ နတ်ဆိုးသားရဲကြီးနှစ်ကောင်မှာလည်း လတ်လတ်ဆတ်ဆတ် သွေးအိုင်ကြီးများထဲတွင် လဲလျောင်းသေဆုံးနေခဲ့သည်။ အဖြူရောင်လူဝံကြီး၏ မျက်လုံးကြီးများထဲတွင် ကံတရားကို လက်မခံလိုမှုများ မြင်နေရဆဲပင်။ ငွေပန်းပွင့်အဘွားအိုမှာလည်း သွေးများစိုရွှဲနေပြီး သေအံ့ဆဲဆဲ ဖြစ်နေခဲ့သည်။ ကောင်းကင်ထက်မှ ယာ့ဇီသားရဲသည်လည်း တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နေ၍ အရိုးဖြူဖြူများကိုပင် မြင်နေရပြီဖြစ်သည်။
မြင်မြင်သမျှသည် ကျန်းရီအား အလွန်အမင်း ဒေါသထွက်စေသည်။
ရန်ငြိုးကို မိသားစုဝင်များအပေါ်ထိ မလွှဲပြောင်းသင့်ပေ။ အနှီလူသတ်သမားတစ်စုသည် သူ့ကိုလက်စားချေရန်အတွက် သူ့မိသားစုဝင်များကို ဒုက္ခပေးပြီး အပြစ်ကင်းသည့် ပြည်သူများကိုပါ သတ်ဖြတ်ခဲ့သည်။
ဂုဏ်သိက္ခာ၊ ယဉ်ကျေးမှုနှင့် အများကောင်းကျိုးကို တွင်တွင်ပြောသည့် ကြီးကျယ်မြင့်မြတ်လှပါသည်ဆိုသော လူတစ်စုသည် သူတို့ကောင်းကျိုးအတွက် ရှားယွိမြို့မှ မိန်းမများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအပါအဝင် သန်းချီလှသော အပြစ်ကင်းသူများကို သတ်ဖြတ်ရန်ပင် မတုံ့ဆိုင်းခဲ့ပေ။ သူတို့သတ်ခဲ့သော ကလေးများမှာ လမ်းပင်ကောင်းကောင်းမလျှောက်တတ်ကြသေးပေ။
"သေစမ်း...အားလုံးသေရမယ်"
ကျန်းရီ၏ အနီရောင်ဆံပင်များသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေခဲ့ပြီး မျက်လုံးများမှာ သွေးနီရောင်ပြောင်းသွားခဲ့သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါများလည်း လျှံထွက်လာသည်။ သတ်ဖြတ်ခြင်းအင်အားကို သူထုတ်လွှင့်လိုက်ခြင်း မဟုတ်ဘဲ ၎င်းသည် သူ၏ လွန်ကဲလှသော ဒေါသများကြောင့် အလိုအလျောက် ထွက်လာခဲ့ခြင်းဖြစ်သည်။ သူ့လက်ထဲမှ မီးနဂါးဓားသည် ငွေပန်းပွင့် အဘွားအိုကို သတ်ရန်ပြင်နေသည့် ပန်းပွင့်မိန်းမပျိူထံ ဦးတည်နေခဲ့ပြီး သူ့ကိုယ်မှာ နေရာမှ ကွယ်ပျောက်သွားခဲ့သည်။
"ကျန်းရီ"
အဖြူရောင်လူဝံကြီးကို သတ်ပြီးရုံပင်ရှိသေးသော ကျောင်းအုပ်ယွိ၊ ငွေပန်းပွင့်အဘွားအိုကို သတ်ရန်ပြင်နေသည့် ပန်းပွင့်မိန်းမပျို၊ လေထဲတွင်ရှိနေသော ရှောင်လုံဝမ်နှင့်ရှားတိ၊ မြေပေါ်တွင် တင်ပျဉ်ချိတ်ထိုင်နေသည့် ကျင်းရှန်နိုင်ငံမှ စစ်သေနာပတိချုပ်အိုကြီး...သူတို့အားလုံး ထိတ်လန့်သွားကြသည်။
ရှန်ဝူမြို့မှ တိုက်ပွဲအပြီးတွင် လူတိုင်းသည် ကျန်းရီကို ကြောက်လာကြသည်။ သာမန်အခြေအနေများတွင် ဗာဂျရာအဆင့်လူတစ်ဦးသည် အခြားဗာဂျရာအဆင့်လူတစ်ဦးကို သတ်ရန်မှာ မလွယ်ကူလှပေ။ ထိုနှစ်ဦးအကြား တစ်ဦးမှ အင်အားတွင် အလွန်အမင်းအသာစီးရနေခြင်း မဟုတ်ပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးမှသာ တစ်ဖက်လူကို ဒဏ်ရာအနည်းငယ် ရစေနိုင်သည်။
သို့သော်လည်း ကျန်းရီသည် မိန်းမစိုးလင်းကို သတ်နိုင်ခဲ့သည်။ ထိုစဉ်က ကျန်းရီသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားခဲ့ပြီး မကြာခင်တွင် အောက်သို့ပြန်ရောက်လာခဲ့သည်။ တစ်နည်းအားဖြင့်ဆိုသော် မိန်းမစိုးလင်းကို သူသတ်နိုင်ရန် အချိန်အနည်းငယ်သာ ယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လူတိုင်း၏မျက်စိရှေ့တွင်ပင် ရှားထင်ဝေ့မှာ ကျန်းရီ၏လက်ချက်ကြောင့် သေလုနီးပါး ဖြစ်သွားခဲ့သည်။
ထို့ကြောင့် သူတို့အားလုံးသည် ပူးပေါင်း၍ ကျန်းရီအား လာရောက်သတ်ဖြတ်ကြခြင်း ဖြစ်လေသည်။ အစောပိုင်းက လင်းဂိုဏ်းမှ ဘိုးဘေးကြီးရှိနေသည့်အတွက် သူတို့အားလုံး ယုံုကြည်မှုအပြည့် ဖြစ်နေခဲ့ကြသည်။ ယခု ဘိုးဘေးလင်းသည် ကျန်းရှောင်နူနောက် လိုက်နေသည့် အတွက် သူတို့၏ယုံကြည်မှုများ ပျောက်ဆုံးကုန်ပြီဖြစ်သည်။
ဝှစ်....
ပန်းပွင့်မိန်းမပျိုသည် ကျန်းရီ သူမထံ နေရာရွှေ့ပြောင်းလာသည်ကို မြင်သောအခါ ထိတ်လန့်သွားခဲ့ပြီး ငွေပန်းပွင့်အဘွားအိုကို သတ်ဖြတ်ရန် လက်လျှော့လိုက်ပြီး ကျောင်းအုပ်ယွိထံ ပျံသန်းသွားခဲ့သည်။
"လုံဝမ်...ယာ့ဇီသားရဲကို မတိုက်နဲ့တော့။ မြန်မြန်လာပြီး ကျန်းရီကို အရင်သတ်"
ကျောင်းအုပ်ယွိသည်လည်း ကျန်းရီကို ရင်ဆိုင်ရန် ယုံကြည်ချက်မရှိလေရာ ကောင်းကင်ထက်မှ ရှောင်လုံဝမ်အား စိတ်ဖြင့်ဆက်သွယ်၍ စကားပြောလိုက်သည်။ သူ့မျက်နှာသည် ချည်းကပ်လာနေသော ကျန်းရီကိုကြည့်နေရင်း ပျက်ယွင်းလာခဲ့သည်။ ထို့နောက် သူ့လက်ထဲတွင် ယပ်တောင်တစ်ချောင်း ပေါ်ထွက်လာလေ၏။ သူသည် အတွင်းအားများကို လှည့်ပတ်၍ ဖြည့်သွင်းလိုက်သော် ထိုယပ်တောင်သည် ရွှေရောင်အလင်းများ တောက်ပလာခဲ့သည်။
ဝှစ်....
ရှောင်လုံဝမ်သည် ကောင်းကင်မှ အလျင်အမြန် ဆင်းသက်လာခဲ့သည်။ ကျောင်းအုပ်ယွိနှင့် ပန်းပွင့်မိန်းမပျိုသည် ကျန်းရီကို ရင်ဆိုင်ရန် မလုံလောက်မှန်း သူသိသည်။ သူဆင်းမလာ၍ ထိုလူများကို ကျန်းရီအရင်သတ်လိုက်ပါက ယနေ့တွင် သူလည်း သေသွားနိုင်လေသည်။
"ကျန်းရီ...သေပေတော့"
ထိုင်နေသော စစ်သေနာပတိချုပ်အိုကြီးသည် လက်နှစ်ဖက်လုံး ဆုံးရှုံးထားသော်လည်း ဤသည်မှာ ကျန်းရီကိုသတ်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း နားလည်လေသည်။ သူတို့လေးယောက် ပူးပေါင်းတိုက်ခိုက်လျှင် ကျန်းရီကိုသတ်နိုင်ရန် အခွင့်အရေး များလေသည်။
သွေးနီရောင် မျက်လုံးများနှင့် ကျန်းရီသည် အကြောက်အလန့်ကင်းစွာ နေရာရွှေ့ပြောင်းလာခဲ့သည်။ သူသည် ကောင်းကင်မှ ဆင်းသက်လာသည့် ရှောင်လုံဝမ်နှင့် မြေပေါ်မှထလာသည့် စစ်သေနာပတိချုပ်အိုကြီးတို့ကို လုံးဝ လျစ်လျူရှုထားခဲ့သည်။ သူ့မျက်လုံးများသည် ပန်းပွင့်မိန်းမပျိုထံတွင်သာ ကျရောက်နေခဲ့သည်။
"သေစမ်း"
ရှောင်လုံဝမ်၏ ပုဆိန်သွားတပ်လှံရှည်သည် ရွှေရောင်အလင်းများ တောက်ပလာခဲ့သည်။ စစ်သေနာပတိချုပ်အိုကြီး၏ ခြေထောက်များသည်လည်း ပုံရိပ်ယောင်များသဖွယ် ပြောင်းလဲသွားကာ ပုဆိန်ကြီးနှစ်လက်သဖွယ် ကျန်းရီထံ တိုးဝင်သွားခဲ့သည်။ သူ၏ ကိုယ်အနေအထားမှာ ဇောက်ထိုးဖြစ်နေသောကြောင့် သွေးမတိတ်သေးသော သူ့လက်များမှ သွေးစက်များသည် လေထဲတွင် ပျံ့ကျဲနေခဲ့သည်။ သို့သော်လည်း သူသည် အသက်ကိုရင်း၍ ကျန်းရီကို သတ်ဖြတ်သွားရန် ဆုံးဖြတ်ထားခဲ့သည်။
တစ်ဖက်တွင် ပန်းပွင့်မိန်းမပျို၏ အနီရောင်ဝတ်ရုံစများသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေခဲ့သည်။ သူမသည် ထူးဆန်းသည့် လက်သင်္ကေတတစ်ခုကို ပြုလုပ်၍ နတ်သမီးတစ်ပါးသဖွယ် ကခုန်လိုက်ရာ ကောင်းကင်နှင့်မြေကြီး၏စွမ်းအင်များသည် အလွန်လှပသော ပန်းပွင့်များအသွင်နှင့် သူမလက်ထဲတွင် စုစည်းလာကြသည်။ ထိုပန်းပွင့်များသည် ကြောက်စရာကောင်းသည့် အရှိန်အဝါတို့ရှိနေပြီး ပန်းပွင့်တာအိုတစ်မျိုးမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
"ဟမ့်"
ကျောင်းအုပ်ယွိသည်လည်း လှုပ်ရှားလာခဲ့သည်။ သူ့ခေါက်ယပ်တောင်သည် လေထဲတွင် အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီးနောက်တွင် ရွှေရောင်အလင်းတို့သည် လခြမ်းကွေးအသွင်နှင့် ယပ်တောင်ထိပ်တွင် စုစည်းလာခဲ့ကြသည်။
ထိုခဏတွင် ကျန်းရီသည်လည်း သူ၏ ဝှက်ဖဲကို ထုတ်သုံးလာခဲ့သည်။
သူ့ကိုယ်သည် အဖြူရောင်အလင်းများ တောက်ပလာခဲ့ပြီး ပတ်ဝန်းကျင်မှ လေထုသည် သူ့ကိုယ်ထံ စုစည်းလာခဲ့ကြသည်။ ထို့နောက် ကိုယ်ပွားသုံးခု ဖြစ်တည်လာခဲ့သည်။ ကျန်းရီအစစ်နှင့် ကိုယ်ပွားသုံးခုသည် ခွဲမရအောင် တူနေခဲ့သည်။ ကျန်းရီလေးယောက်သည် ရန်သူတစ်ဦးချင်းစီထံ ပြေးဝင်သွားခဲ့သည်။
"အမ်..."
လူတိုင်းသည် ထိတ်လန့်သွားခဲ့သော်လည်း အလျင်အမြန် ပြန်တည်ငြိမ်သွားခဲ့သည်။ သူတို့အမြင်တွင် မည်သည်က ကျန်းရီ၏ကိုယ်အစစ်မှန်း အရေးမကြီးပေ။ ကိုယ်ပွားအားလုံးကို သတ်လိုက်လျှင် ကျန်းရီပါ သေဆုံးသွားမည် မဟုတ်ပါလော။
"ယား..."
ရှောင်လုံဝမ်သည် ရွှေရောင်အလင်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ထိုအလင်းသည် ထူးဆန်းသော သားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွားကာ ကျန်းရီ၏ကိုယ်တစ်ခုထံ ပြေးဝင်သွားခဲ့သည်။
ကျောင်းအုပ်ယွိသည် သူ၏ခေါက်ယပ်တောင်ကို ယမ်း၍ လခြမ်းကွေးသဏ္ဍာန် ရွှေရောင်ဓားအလင်းများ ပစ်လွှတ်လိုက်သည်။ ဓားအလင်းတစ်ခုချင်းစီသည် ယခင်တစ်ခုထက်ပို၍ ပြင်းထန်လေရာ ကောင်းကင်ထက်တွင် အားလှိုင်းကြီးများပင် ဖြစ်ပေါ်လာခဲ့သည်။
ပန်းပွင့်မိန်းမပျို၏ ပန်းပွင့်များသည် ကြာပန်းမီးအိမ်လေးများသဖွယ် ကျန်းရီ၏ကိုယ်တစ်ခုထံ မျောလွင့်သွားခဲ့သည်။ စစ်သေနာပတိချုပ်အိုကြီး၏ ခြေထောက်များသည်လည်း အနက်ရောင်အလင်းများ တောက်ပနေခဲ့ပြီး ပုဆိန်ကြီးများသဖွယ် ကျန်းရီ၏ ကိုယ်တစ်ခုထံ တိုးဝင်သွားခဲ့သည်။
"အရူးတွေ"
ကျန်းရီ၏ကိုယ်အစစ်သည် ကျောင်းအုပ်ယွိထံ ပြေးသွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး ပြုံးပြလိုက်သည်။ ထို့နောက် သူ့ကိုယ်သည် လေထုထဲမှ ပျောက်ကွယ်သွားခဲ့သည်။ သူပျောက်ကွယ်သွားသော် သူ့ထိန်းချုပ်မှု လွတ်ကုန်သည့် ကိုယ်ပွားများလည်း ပျောက်ကွယ်သွားလေ၏။
"မကောင်းတော့ဘူး"
ရှောင်လုံဝမ်နှင့် လူစုသည် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ မျက်နှာများ ပျက်ကုန်ကြသည်။ သူတို့သည် ကျန်းရီ၏ ကိုယ်ပွားများကို ချိန်ရွယ်၍ တိုက်ခိုက်ခဲ့ကြချိန်တွင် တစ်စုံတစ်ခုကို မေ့လျော့သွားခဲ့ကြသည်။ ကျန်းရီ၏ ကိုယ်ပွားများ ပျောက်ကွယ်သွားလျှင် သူတို့၏ တိုက်ခိုက်မှုများ အချင်းချင်း တိုက်မိသွားပေလိမ့်မည်။
သို့သော် သူတို့၏ တိုက်ခိုက်မှုများသည် ပြေးထွက်သွားကြပြီ ဖြစ်လေရာ ပြန်ရုတ်သိမ်းရန် မဖြစ်နိုင်တော့ချေ။
ရှောင်လုံဝမ်၏ သားရဲဆန်းကြီး၊ ပန်းပွင့်မိန်းမပျို၏ ပန်းပွင့်များနှင့် ကျောင်းအုပ်ယွိ၏ ရွှေရောင်ဓားအလင်းများသည် တိုက်မိသွားကြမည်ဖြစ်ပြီး ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ အဆိုးဆုံးမှာ ကျင်းရှန်နိုင်ငံ၊ စစ်သေနာပတိချုပ်အိုကြီး၏ ခြေထောက်သည် ပေါက်ကွဲမှုဖြစ်မည့် ဗဟိုသို့ ဦးတည်နေခဲ့ခြင်းဖြစ်သည်။
***