အခွင့်အရေး
Vol. 62 Ch. 906
တစ်ဦးချင်းစီမှာ ယီထျန်းယွမ်အပေါ်တွင် မနာလိုစိတ်ပင် မရှိနိုင်တော့ချေ။ ဤသည်မှာ လုံးဝကို ကောင်းကင်ဘုံကို ဆန့်ကျင်သော အဆင့်အတန်း ဖြစ်နေပြီ မဟုတ်ပါလား။ ၎င်းတို့၏ အဆင့်မှာ အဘယ်မှာနည်း။ ၎င်းတို့မှာ လေးပေ၊ ငါးပေ အဆင့်တွင်သာ ရှိကြပြီး အမြင့်ဆုံးမှ ခုနစ်ပေ၊ ရှစ်ပေ အဆင့်သာ ရှိကြသဖြင့် ယီထျန်းယွမ်နှင့် ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှသည်။
ယခင်က ယီထျန်းယွမ်သည် နျန်ချီယွီကို ကျော်နိုင်လိမ့်မည် မဟုတ်ဟု ထင်ထားခဲ့ကြသော်လည်း ယခုအခါတွင်မူ အလွန် လွယ်ကူလှသည်။ ထိုစဉ်က နျန်ချီယွီသည် ဤမျှ မြင့်မားသော နေရာတွင် သူမ၏ အမည်ကို ချန်ထားနိုင်ရန်အတွက် အချိန်မည်မျှ ပေးခဲ့ရသည်ကို ၎င်းတို့ မသိကြချေ။
အချုပ်အားဖြင့် ယီထျန်းယွမ် အသုံးပြုခဲ့သော အချိန်မှာ အလွန် တိုတောင်းလှသဖြင့် ၎င်းတို့အားလုံး သတိပင် မထားမိလိုက်မီမှာပင် အရာအားလုံး ပြီးဆုံးသွားခဲ့သည်။ အရာရာမှာ အလွန် လျင်မြန်ပြီး ပြင်းထန်လှသည်။
မှန်ပေသည်... အလွန်ပင် ပြင်းထန်လှ၏။ ဤမျှ ပြင်းထန်လှသော နာမည်ထွင်းခြင်း နည်းလမ်းမျိုးကို ၎င်းတို့ တစ်ခါမျှ မမြင်ဖူးကြဘဲ လူတိုင်းကို ဖိနှိပ်လိုက်ခြင်းပင် ဖြစ်သည်။
“စီနီယာအစ်ကိုတို့... ကျွန်တော့်ရဲ့ ဒီရလဒ်က ဘယ်လိုလဲ မသိဘူး...”
ယီထျန်းယွမ်က ကျိုးရွန့်ကျယ်တို့ကို ကြည့်ကာ မေးလိုက်သည်။ ဤအချိန်တွင် ပါးရိုက်ရန် သူ ဝန်မလေးချေ။
“ဒါ... ဒါက အရမ်း ကောင်းတာပဲ...”
ကျိုးရွန့်ကျယ်မှာ အလွန် အနေရခက်နေသည်။ သူသည် ယီထျန်းယွမ်ကို အခက်တွေ့စေချင်သော်လည်း နောက်ဆုံးတွင် မိမိကိုယ်ကိုယ် ကျင်းပြန်တူးလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ယခုအခါ ဘာပြောရမှန်းပင် မသိတော့ချေ။
“ဒါဆိုရင် ဘာပြဿနာမှ မရှိတော့ဘူးပေါ့... ဒီ ကြိုဆိုပွဲ အခမ်းအနား ပြီးသွားပြီဆိုတော့ ဆရာ နှစ်ဦး... ကျွန်တော်တို့ အထဲကို ဝင်လို့ ရပြီလား...”
ယီထျန်းယွမ်သည် သူ့ကို ဂရုမစိုက်တော့ဘဲ အလုပ်ကိုသာ အာရုံစိုက်လိုက်တော့သည်။
“ရတာပေါ့... လာ... သွားကြမယ်”
အကြီးအကဲ နှစ်ဦးမှာ ပြုံးလျက် ယီထျန်းယွမ်ကို အတွင်းသို့ ခေါ်သွားကြသည်။
“ဘာတွေ တွေးနေတာလဲ... သွားမယ်လေ...”
ယီထျန်းယွမ်က ကူးယွမ်၏ ပခုံးကို ပုတ်ကာ လိုက်ခဲ့ရန် အချက်ပြလိုက်သည်။
ကူးယွမ်မှာ အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး အနည်းငယ် ဝေခွဲမရ ဖြစ်နေပြီးမှ လိုက်သွားရန် ရွေးချယ်လိုက်သည်။ ကျန်ရှိနေခဲ့သော လူအုပ်ကြီးမှာမူ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ နံရံပေါ်ရှိ ကြီးမားလှသော “ယီထျန်းယွမ်” ဟူသော စာလုံး သုံးလုံးကို ကြည့်ရင်း ရင်ထဲမှ မကျနိုင်ဘဲ ရှိနေကြသည်။
“စီနီယာအစ်ကိုကျိုး... ဒီကောင့်ရဲ့ အဆင့်က ဒီလောက် မြင့်နေတာဆိုတော့ သူ ငါတို့ ခေါင်းပေါ်ကို တက်နင်းတော့မှာ မဟုတ်လား...”
ဘေးနားရှိ ကျင့်ကြံသူ တစ်ဦးက စိုးရိမ်တကြီး မေးလိုက်သည်။
“ဘယ်လို လုပ် ဖြစ်နိုင်မှာလဲ...”
ကျိုးရွန့်ကျယ်၏ မျက်လုံးများတွင် ယုတ်မာသော အရိပ်အယောင်များ ပေါ်လာသည်။ ၎င်းသည် ယီထျန်းယွမ်ကို အပြတ် စိန်ခေါ်ရန် စဉ်းစားနေသည်။
“သူက တိုက်ခိုက်ရေးမှာလည်း ဒီလောက် သန်မာနေလိမ့်မယ်လို့ ငါ မယုံဘူး... အချိန်ကောင်း ကြည့်ပြီး သူ့ကို အပြတ် စိန်ခေါ်မယ်... သူ့ကို တစ်ချက်လောက် ပညာပေးပြီး ငြိမ်ငြိမ်လေး နေတတ်အောင် လုပ်ရမယ်... တကယ်ပဲ နေ့ခင်းကြောင်တောင် တစ္ဆေခြောက်တာပဲ... သူက လူသား တစ်ယောက် ဖြစ်နေတာတောင် ဘာလို့ ဒီလောက် သန်မာနေရတာလဲ...”
ကျိုးရွန့်ကျယ်သည် ဒေါသတကြီး ရေရွတ်လိုက်၏။
“မှန်တယ်... သူ့ကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ထားရမယ်... သူ ဗဟိုခန်းမမှာ ဆက်နေလို့ မရအောင် လုပ်ရမယ်...”
၎င်းတို့သည် အမြဲတမ်း အောက်ခြေတွင်သာ ရှိနေသော မျိုးနွယ်စုကြီး တစ်ခုက ဤသို့ ရုတ်တရက် ထိုးတက်လာနိုင်မည်ကို လုံးဝ မယုံကြည်နိုင်ကြချေ။ ဤသည်မှာ အမြဲတမ်း စာညံ့နေသော ကျောင်းသားတစ်ဦးက နောက်တစ်နေ့တွင် ရုတ်တရက် နံပါတ်တစ် ရသွားသကဲ့သို့ပင် ဖြစ်ရာ မည်သူက ယုံကြည်နိုင်မည်နည်း။ သို့သော် လက်တွေ့မှာ မျက်စိရှေ့တွင် ရှိနေသဖြင့် မယုံကြည်၍ မရချေ။
ထို့ကြောင့် ယီထျန်းယွမ်ကို အခြား နည်းလမ်းဖြင့် နှိပ်ကွပ်ရန်သာ ကြံစည်နေကြတော့သည်။ ၎င်းတို့သည် လူသားမျိုးနွယ်က မိမိတို့၏ ခေါင်းပေါ်သို့ တက်နင်းသည်ကို မကြည့်နိုင်သဖြင့် ယီထျန်းယွမ်ကို ရင်ဆိုင်ရန် နည်းလမ်း အမျိုးမျိုး ကြံစည်နေကြခြင်း ဖြစ်သည်။ တစ်ဦးချင်းစီမှာ ယုတ်မာသော အမူအရာများကို ပြသနေကြသော်လည်း အချို့ကမူ ဝင်ရောက် မပတ်သက်ကြချေ။ အဘယ်ကြောင့်ဆိုသော် အချို့မှာ လူသားမျိုးနွယ်ကို မမုန်းတီးကြဘဲ ကြားနေသူများ ဖြစ်ကြသလို အချို့မှာမူ ခံစားချက် ကောင်းများပင် ရှိနေကြသောကြောင့် ဖြစ်သည်။
မျိုးနွယ်စုများစွာ ရှိသည့်အထဲတွင် လူသားမျိုးနွယ်ကို အလွန်အမင်း မခွဲခြားသူများ ရှိသကဲ့သို့ အလွန်အမင်း ခွဲခြားသူများလည်း ရှိသည်။ ယေဘုယျအားဖြင့်မူ ခွဲခြားဆက်ဆံသူများက ပို၍ များပြားသည်။ ၎င်းတို့ တစ်စုံတစ်ခုကို ကြံစည်နေချိန်တွင် အကြီးအကဲ နှစ်ဦးမှာ ယီထျန်းယွမ်နှင့် ကူးယွမ်ကို ခန်းမအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ လမ်းကြောင်းများစွာကို ဖြတ်ကျော်ပြီးနောက် ပို့ဆောင်ရေးဝင်္ကပါအစီအရင်ကိုပင် စီးနင်းကာ နေရာ အတော်များများကို ပြောင်းလဲပြီးမှ နောက်ဆုံးတွင် အကြီးအကဲ နန်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
အကြီးအကဲ နန်းတော်မှာ လူအိုကြီး နှစ်ဦးအတွက် သီးသန့် တည်ဆောက်ထားခြင်း ဖြစ်ပြီး ၎င်းတို့ နေထိုင်ရန်အတွက် ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ယီထျန်းယွမ်သည် ကျင့်ကြံသူ အများအပြားကို မြင်တွေ့ခဲ့ရသည်။ အတူတူကျောင်းတက်သူများ ရှိသကဲ့သို့ အခြား အမှုထမ်း အဆင့်ရှိသူများလည်း ထိုနေရာတွင် ရှိနေကြသည်။ ဗဟိုခန်းမတွင် တပည့်များသာ ရှိနေသည် မဟုတ်ဘဲ ကျင့်စဉ်အဆင့် နိမ့်ပါးသော ကျင့်ကြံသူ အများအပြားလည်း ရှိနေကြသည်။ ၎င်းတို့မှာ ဤနေရာရှိ သန့်ရှင်းရေး လုပ်ဆောင်ခြင်း၊ သို့မဟုတ် ပန်းပင်များ၊ ဆေးပင်များကို စီမံခန့်ခွဲခြင်း စသည်တို့ကို လုပ်ဆောင်ကြသည်။
ဤနေရာသည် ဂြိုဟ်တစ်လုံး ဖြစ်သဖြင့် လူထောင်ဂဏန်းမျှသာ ရှိနေရန် မဖြစ်နိုင်ချေ။ ကျင့်ကြံသူ အများအပြား ရှိနေပြီး ကိစ္စရပ် အမျိုးမျိုးကို လုပ်ဆောင်နေကြကာ တာဝန်များကို တိကျစွာ ခွဲဝေထားကြသည်။
“ဒီနေရာက အကြီးအကဲ နန်းတော်ပဲ... တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ လက်ရာပဲ...”
ယီထျန်းယွမ်က မော့ကြည့်လိုက်သည်။ ဤနေရာရှိ အဆောက်အဦမှာ ခမ်းနားထည်ဝါလွန်း၍ မဟုတ်ဘဲ ဤနေရာတွင် မဟာဝင်္ကပါအစီအရင်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။ ထို အစီအရင်သည် အပေါ်ဘက်မှ ကြယ်တာရာစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပြီး အကြီးအကဲ နန်းတော်အတွင်းသို့ ဦးစွာ စီးဝင်စေကာ အခြားသော ခန်းမများအတွင်းသို့ ဆက်လက် စီးဝင်စေခြင်း ဖြစ်သည်။
ထို့ကြောင့် အကြီးအကဲ နန်းတော်အတွင်းရှိ ကြယ်တာရာစွမ်းအင်မှာ အသိပ်သည်းဆုံး ဖြစ်သည်။ အခြားသော ခန်းမများမှာလည်း မညံ့လှဘဲ ယခင်က ဂြိုဟ်နှင့် နှိုင်းယှဉ်ပါက အများကြီး ပို၍ သိပ်သည်းလှသဖြင့် ကျင့်ကြံသူများအတွက် နိဗ္ဗာန်ဘုံနှင့်ပင် တူလှသည်။ အကယ်၍ သုံးဘုံလောကနှင့် နှိုင်းယှဉ်ပါကမူ ပြောနေရန်ပင် မလိုတော့ချေ။ သုံးဘုံလောက၏ အကောင်းဆုံးသော ကျင့်ကြံရေး နေရာမှာပင် ဤနေရာ၏ ထောင့်လေးတစ်ခုနှင့် မယှဉ်နိုင်ချေ။ အထူးသဖြင့် ဤနေရာတွင် ရရှိနိုင်သည်မှာ ဝိညာဉ်စွမ်းအင် မဟုတ်ဘဲ ကြယ်တာရာစွမ်းအင် ဖြစ်နေသောကြောင့် ဖြစ်သည်။
ထို့အပြင် အပေါ်ဘက်တွင် ရှုပ်ထွေးလှသော နတ်ဘုရားအင်းများစွာ ရှိနေပြီး မည်သည့်အရာကိုမဆို ကြည့်လိုက်လျှင် အလွန် နက်နဲလှသည်။ ယခင်က သူ ကြုံတွေ့ခဲ့ဖူးသော အရာများနှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေပမာ ကွာခြားလှသည်။ ထို့ကြောင့်လည်း ထို ယုံမင်နတ်ဆိုးမျိုးနွယ်များက ၎င်းတို့ ခင်းကျင်းထားသော နတ်ဘုရားအင်းများကို မထီမဲ့မြင် ပြုခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ ထိုမျှ အဆင့်အတန်းမှာ ဤနေရာတွင် အလွန် သာမန်ကာလျှံကာဖြစ်သော အခြေခံအဆင့်မျှသာ ရှိပေလိမ့်မည်။
“ဒါကို ထွင်းထုနိုင်ဖို့အတွက် အနည်းဆုံး တတိယအဆင့် နတ်ဘုရား အင်းဆရာ အဆင့် ရှိဖို့ လိုအပ်လိမ့်မယ်ထင်တယ်...”
ယီထျန်းယွမ်သည် ထို နတ်ဘုရားအင်းကို အပေါ်အောက် ကြည့်လိုက်သည်။ အလွန်အမင်း အားဖြည့်ထားသော နတ်ဘုရားအင်း အမျိုးအစား ဖြစ်သဖြင့် သူ ကိုယ်တိုင် ပြင်းပြင်းထန်ထန် အစွမ်းကုန် တိုက်ခိုက်လျှင်ပင် အမှုန်အမွှားမျှပင် ထိခိုက်မည် မဟုတ်ချေ။ ကျင့်စဉ်အဆင့်မှာ အဓိက နယ်ပယ်ကြီး တစ်ခု ပို၍ မြင့်မားမှသာ ဤနေရာကို ဖျက်ဆီးနိုင်ရန် ဖြစ်နိုင်ပေလိမ့်မည်။
ချက်ချင်းပင် အကြီးအကဲ နှစ်ဦး၏ ဦးဆောင်မှုဖြင့် အကြီးအကဲ နန်းတော်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ အတွင်းသို့ ဝင်လိုက်သည်နှင့် လမ်းကြောင်း သုံးခုကို မြင်တွေ့ရသည်။ တစ်ဖက်မှာ အလွန် ပူပြင်းလှပြီး အခြားတစ်ဖက်မှာမူ အလွန် အေးစက်လှသည်။ သေချာပေါက်ပင် ဘယ်ဘက်ရှိ လမ်းကြောင်းမှာ အကြီးအကဲ ယုံဆန်း ရှိရာ ဧရိယာသို့ ဦးတည်နေပြီး အခြားတစ်ဖက်မှာမူ အကြီးအကဲ မင်ယွဲ့ချင် ရှိရာ ဧရိယာ ဖြစ်ကာ ပုံစံမှာ အလွန် ထင်ရှားလှသည်။
အလယ်ရှိ လမ်းကြောင်း တစ်ခုတည်းသာ ပုံမှန် အခြေအနေတွင် ရှိနေသဖြင့် ၎င်းတို့သည် ယီထျန်းယွမ်ကို ခေါ်၍ အလယ်လမ်းကြောင်းအတိုင်း လျှောက်သွားကြသည်။ အတွင်းသို့ ဝင်လိုက်သောအခါ အတွင်းပိုင်းမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ဘာမှ မရှိချေ။ ပတ်ဝန်းကျင်မှာမူ နေရာအနှံ့သို့ ဆက်သွယ်ထားသဖြင့် မည်သည့် နေရာသို့ ဦးတည်သည်ကို မသိနိုင်ချေ။ ဤနေရာရှိ နတ်ဘုရားအင်း အားဖြည့်မှုမှာ ပို၍ပင် ပြင်းထန်လှပြီး အပြင်ဘက်ထက် အဆပေါင်းများစွာ ပို၍ သန်မာကြောင်း ယီထျန်းယွမ် တွေ့ရှိလိုက်သည်။
“ဒီနေရာက ငါတို့ နှစ်ယောက် ပုံမှန် အချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်တဲ့ နေရာပဲ... တစ်ခါတလေ အချင်းချင်း ယှဉ်ပြိုင်ကြည့်ရင် စိတ်ကူးသစ်တွေ ရလာတတ်တယ်လေ...”
အကြီးအကဲ ယုံဆန်းက ယီထျန်းယွမ်တို့၏ စူးစမ်းလိုသော အကြည့်ကို မြင်သောအခါ ရှင်းပြလိုက်သည်။
“ဒီနေရာက သိုင်းလေ့ကျင့်ကွင်းလို နေရာမျိုးလား...”
ယီထျန်းယွမ်က ခေါင်းညိတ်လိုက်သည်။ ဤမျှအထိ အားဖြည့်ထားခြင်းမှာ မဆန်းတော့ချေ။ ကောင်းကင်သခင် နှစ်ဦး တိုက်ခိုက်ကြပါက ဖျက်ဆီးနိုင်စွမ်းမှာ ကြောက်မက်ဖွယ် မကောင်းပေဘူးလား။ အကယ်၍ ဤနေရာတွင် အထပ်ထပ် အားမဖြည့်ထားခဲ့လျှင် ဤ ဗဟိုခန်းမမှာ ရိုက်ခွဲခံလိုက်ရမည်မှာ သေချာသည်။
“အဲဒီသဘောပါပဲ...”
အကြီးအကဲ ယုံဆန်းက ရယ်လျက် ပြောသည်။
“အခု မင်းရဲ့ စိတ်ဓာတ်က ဘယ်လိုလဲ... ချက်ချင်း စတင်လို့ ရပြီလား...”
သူသည် ချက်ချင်း စမ်းသပ်ကြည့်လိုသော ဆန္ဒများ ရှိနေသကဲ့သို့ အကြီးအကဲ မင်ယွဲ့ချင်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။ ယီထျန်းယွမ်အား ၎င်းတို့၏ မီးလျှံများကို ကျွမ်းကျင်အောင် လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ချက်ချင်း စမ်းသပ်ကြည့်လိုကြသည်။ များများစားစား မဟုတ်လျှင်တောင် အနည်းဆုံးတော့ လိုက်ဖက်မှု ရှိ၊ မရှိကို ကြည့်လိုကြခြင်း ဖြစ်သည်။
“ပြဿနာ မရှိပါဘူး... အခုပဲ စတင်လို့ ရပါတယ်...”
ယီထျန်းယွမ်မှာ စကားများများ ပြောမနေတော့ချေ။ မလာမီကပင် အပြည့်အဝ အနားယူထားခဲ့သဖြင့် စွမ်းအင်များမှာ ပြည့်ဝနေသည်။
“ငါတို့ ဖြစ်စေချင်တဲ့ အတိုင်းပဲ...”
အကြီးအကဲ ယုံဆန်းက ကူးယွမ်ကို ပြုံးလျက် ပြောလိုက်သည်။
“သမီးလေး... သမီးကတော့ ဘေးနားကနေ ကြည့်နေလိုက်... အကယ်၍ မီးလျှံ တစ်မျိုးမျိုးအပေါ်မှာ ခံစားချက် တစ်စုံတစ်ရာ ရှိလာခဲ့ရင် သမီးကိုလည်း စမ်းသပ်ခွင့် ပေးမယ်... ဒီတစ်ခါ အခွင့်အရေးကို သမီး ဆုပ်ကိုင်နိုင်ခြင်း ရှိမရှိဆိုတာကိုပဲ ကြည့်ရမှာပဲ...”
“ကျေး... ကျေးဇူးတင်ပါတယ် အကြီးအကဲ...”
ကူးယွမ်၏ ကိုယ်လေးမှာ တဆတ်ဆတ် တုန်သွားပြီး ငိုလုနီးပါးပင် ဖြစ်သွားသည်။ သူမ အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်ရာ ၎င်းကို ဆုပ်ကိုင်နိုင်ခြင်း ရှိမရှိကိုသာ ကြည့်ရတော့မည် ဖြစ်သည်။
အခန်း (၉၀၆) ပြီးပါပြီ။