ရွေးချယ်မှုနန်းတော်
Vol. 62 Ch. 910
“နတ်ဘုရားနယ်မြေ ကံစမ်းမဲဘီးကြီးပဲ...”
ယီထျန်းယွမ်သည် ဤနတ်ဘုရားနယ်မြေ ကံစမ်းမဲဘီးကြီးကို ဖွင့်လိုက်သောအခါ ယခင်က ကံစမ်းမဲဘီးများနှင့် များစွာမထူးခြားသည်ကို တွေ့ရသည်။ အခြေအနေအများစုမှာ ဆင်တူပြီး ပါဝင်သည့် အမျိုးအစားများမှာ ပြောင်းလဲမှုမရှိပေ။ အများဆုံးမှာ ဘီး၏အသွင်အပြင်တွင် ရွှေရောင်အနားသတ်လေးများ ထပ်တိုးလာသကဲ့သို့ အနည်းငယ်ပြောင်းလဲသွားခြင်းသာ ဖြစ်ပြီး ယင်းမှာ အဓိကအာရုံစိုက်ရမည့်အချက် မဟုတ်ချေ။
အဓိကအချက်မှာ ယင်းမှ မည်သည့်အဆင့်ရှိသော ပစ္စည်းများကို ရရှိနိုင်မည်နည်းဆိုသည်မှာ ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်းအဆင့်ရှိ ရတနာများကို ရရှိနိုင်ခြေ အလွန်များသည်။ ယင်းထက် သူပို၍ အာရုံစိုက်မိသည်မှာ နတ်ဘုရားစွမ်းရည်ကို ရနိုင်၊ မရနိုင်ဆိုသည်ပင် ဖြစ်သည်။
နတ်ဘုရားနယ်မြေအဆင့်ရှိ နတ်ဘုရားစွမ်းရည်မှာ အဘယ်ကဲ့သို့ အခြေအနေမျိုး ဖြစ်နေမည်နည်း။
“ကံစမ်းမဲဘီး နှိုက်မယ်...”
ချက်ချင်းပင် ကံစမ်းမဲဘီးမှာ လျင်မြန်စွာ လည်ပတ်သွားတော့သည်။ သူသည် သုံးစွဲကုန်ပစ္စည်းများကို မရလိုဘဲ နတ်ဘုရားစွမ်းရည်အဆင့်ကိုသာ ရလိုသည်။ အကယ်၍ ပိုမိုမြင့်မားသော အဆင့်ရှိသည့် နတ်ဘုရားစွမ်းရည်ကို ကြိုတင်ရရှိနိုင်မည်ဆိုပါက သေချာပေါက် မိမိအတွက် များစွာအထောက်အကူ ဖြစ်ပေလိမ့်မည်။
မပြတ်လည်ပတ်နေသော ကံစမ်းမဲဘီးကို ကြည့်ရင်း သူသည် ဤမျှအထိ စိတ်မလှုပ်ရှားခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ နတ်ဘုရားစွမ်းရည်ကို ရရှိရန် သူမျှော်လင့်နေမိသည်။
ဤကံစမ်းမဲဘီးမှာ သူ၏တောင်းဆိုသံကို ကြားသွားသည့်အလား နောက်ဆုံးတွင် နတ်ဘုရားစွမ်းရည်ကွက်၌ ရပ်တန့်သွားသည်။ အပေါက်ရအခက်ခဲဆုံးဖြစ်သည့် နတ်ဘုရားစွမ်းရည်မှာ မျက်စိရှေ့တွင်ပင် ပေါ်လာတော့သည်။
“ကောင်းတယ်...”
ယီထျန်းယွမ်သည် အားရပါးရ အော်ဟစ်လိုက်မိပြီး ရင်ထဲ၌ အလွန်စိတ်လှုပ်ရှားနေသည်။ သူသည် ရလိုသည်ဟုသာ တွေးခဲ့သော်လည်း တကယ်တမ်း နတ်ဘုရားစွမ်းရည်ကို ရရှိနိုင်မည်လားဆိုသည်မှာ အခြားတစ်ကိစ္စဖြစ်သည်။ တကယ်တမ်း နတ်ဘုရားစွမ်းရည်ကွက်ကို ထိမှန်သွားသောအခါ အမှန်တကယ်ပင် အနည်းငယ် စိတ်လှုပ်ရှားမိသွားသည်။
“ဒုန်း...”
ထို့နောက် ပစ္စည်းသေတ္တာထဲသို့ သေတ္တာတစ်လုံး ရောက်ရှိလာသည်။ ထည့်ထားသည့် သေတ္တာမှာပင် အကြီးအကျယ် ပြောင်းလဲသွားပြီး ပုလဲပုံစံ ဖြစ်သွားသည်။ ဤသည်မှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပြောင်းလဲခြင်းဖြစ်ပြီး ယခင်က သစ်သားသေတ္တာများသာ ဖြစ်သော်လည်း ယခုအခါ ပုလဲသေတ္တာ ဖြစ်သွားပြီဖြစ်သည်။
သေတ္တာမှာ မည်သို့ပင်ဖြစ်စေကာမူ ဖွင့်ပြီးသည်နှင့် သေတ္တာမှာ သူနှင့်မဆိုင်ဘဲ ပျောက်ကွယ်သွားမည်ဖြစ်ရာ အသွင်အပြင်ပြောင်းလဲမှုကို သူ လျစ်လျူရှုလိုက်သည်။
“ဘယ်လို နတ်ဘုရားစွမ်းရည်မျိုး ဖြစ်မလဲမသိဘူး...”
ယီထျန်းယွမ်သည် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဤပုလဲသေတ္တာကို ဖွင့်လိုက်ရာ မကြာမီ နတ်ဘုရားစွမ်းရည်မှာ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
- ဂုဏ်ယူပါသည်၊ နတ်ဘုရားစွမ်းရည် ‘ကိုယ်ဖျောက်ခြင်း’ ကို ရရှိပါသည်။
“ဘာ... ကိုယ်ဖျောက်ခြင်း ဟုတ်လား...”
ယီထျန်းယွမ် မှင်တက်မိသွားသည်။ အဘယ်ကြောင့် ကိုယ်ဖျောက်ခြင်း ဖြစ်နေရသနည်း၊ ဤအရာမှာ ယခင်က ရဖူးသည် မဟုတ်ပါလား။ သူ သေသေချာချာ ထပ်မံကြည့်ရှုလိုက်သောအခါ ယင်းမှာ အမှန်တကယ် ကိုယ်ဖျောက်ခြင်းဖြစ်သော်လည်း အဆင့်မြင့် ကိုယ်ဖျောက်ခြင်းဖြစ်သည်ကို တွေ့လိုက်ရသည်။
- ကိုယ်ဖျောက်ခြင်း : နတ်ဘုရားစွမ်းရည် ကိုယ်ဖျောက်ခြင်း။ တိုက်ခိုက်သည်ဖြစ်စေ၊ အတိုက်ခံရသည်ဖြစ်စေ ကိုယ်ရောင်ဖျောက်ထားခြင်းမှာ ပျက်ပြယ်သွားမည်မဟုတ်ပေ။ အဆင့် ၄ ရှိပြီး မိနစ် ၃၀ ကြာမြင့်မည်ဖြစ်ကာ တစ်နာရီလျှင် တစ်ကြိမ် အသုံးပြုနိုင်သည်။ နတ်ဘုရားအရှင် အဆင့် ၅ အတွင်း မည်သူမျှ ရိပ်မိနိုင်မည်မဟုတ်ကြောင်း အာမခံသည်။
ဤသည်မှာ လုံးဝကို အဆင့်မြှင့်တင်ထားသော အမျိုးအစား ဖြစ်သည်။ မကြာမီမှာပင် ယခင်က သနားစရာကောင်းသော ကိုယ်ဖျောက်ခြင်းနေရာတွင် အဆင့် ၄ အမျိုးအစား ကိုယ်ဖျောက်ခြင်းဖြင့် အစားထိုးလိုက်သည်။ ကိုယ်ဖျောက်ခြင်းအဆင့်မှာ အကြီးအကျယ် မြင့်တက်သွားသလို သက်ဆိုင်ရာ ကျင့်စဉ်အဆင့်မှာလည်း မြင့်တက်သွားသည်။
ခြုံငုံကြည့်လျှင် သူသည် အရှုံးမရှိပေ။ အနည်းဆုံးတော့ အဆင့် ၄ အထိ မြှင့်တင်ရန်အတွက် အလွန်များပြားသော ဆန်းကြယ်အမှတ်များကို အသုံးမပြုလိုက်ရပေ။ သီအိုရီအရဆိုလျှင် အရှုံးမရှိသော်လည်း အနည်းငယ်တော့ စိတ်ပျက်မိသွားသည်။
“နတ်ဘုရားစွမ်းရည်တွေမှာလည်း ထပ်တူကျတာတွေ ရှိနေတာပဲ၊ အသစ်တစ်ခု ထွက်လာမယ်လို့ ထင်ထားတာ...”
ယီထျန်းယွမ် ခေါင်းခါလိုက်သည်။ မူလက စိတ်လှုပ်ရှားနေသမျှမှာ ရေအေးဖြင့် အလောင်းခံလိုက်ရသည့်အလား ဖြစ်သွားပြီး စိတ်အားထက်သန်မှုများ ငြိမ်းသတ်ခံလိုက်ရသည်။
သို့သော် သူသည် များစွာ စိတ်မပျက်ခဲ့ပေ။ ဤသို့ဖြစ်လာပြီဆိုမှတော့ မတတ်နိုင်တော့ချေ၊ နောက်တစ်ကြိမ် ကံစမ်းဘီးနှိုက်ရန်သာ စောင့်ရပေတော့မည်။
ထို့နောက် သူသည် ဤနေရာတွင် အနည်းငယ် ပြင်ဆင်မှုများပြုလုပ်ပြီး မလိုအပ်သော အရာအားလုံးကို ရောင်းချပစ်လိုက်ခြင်း သို့မဟုတ် ဆေးဖော်စပ်ခြင်းနှင့် လက်နက်ပြုလုပ်ခြင်းများတွင် အသုံးပြုပစ်လိုက်သည်။ မလိုအပ်သော အရာများစွာကို ဖယ်ရှားပစ်လိုက်ခြင်းမှာ ပစ္စည်းသေတ္တာကို သန့်ရှင်းရေးလုပ်ရန်အတွက် ဖြစ်သည်။ အထူးသဖြင့် ယခင်က ကျင့်စဉ်များကို အသုံးမလိုသည်များ အားလုံး ရှင်းထုတ်ပစ်လိုက်သည်။
ရန်သူများကို သတ်ဖြတ်ရာမှ ရရှိသော အရာအားလုံးကို ရှင်းထုတ်ပစ်လိုက်သည်။ ၎င်းတို့မှာ အခြေခံအားဖြင့် ဘာမှအသုံးမဝင်တော့ချေ။ ဤနေရာတွင် တကယ်အသုံးဝင်သည်မှာ အနည်းဆုံး ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် အထက်သာဖြစ်သည်။ ဤအဆင့်အောက်ဆိုလျှင် သုံး၍ရသော်လည်း နောင်တွင် ပို၍သန်မာသူများကို ရင်ဆိုင်ရာ၌ ကောင်းကင်အဆင့်မှာ လုံလောက်မည်မဟုတ်တော့ချေ။
“တော်တော်လေး အဆင်ပြေပြီ၊ ရွေးချယ်မှုနန်းတော်ဘက်ကို သွားပြီး ကိုယ့်အတွက် လိုအပ်တဲ့အရာတွေကို လဲလှယ်ရမယ်...”
သူသည် ဤနေရာတွင် အကြာကြီး အနားမယူခဲ့ပေ။ နတ်ဘုရားနယ်မြေ၏ အခြေအနေကို အကြမ်းဖျင်း သိရှိနားလည်ပြီးနောက်တွင်မှ ထွက်ခွာရန် ရွေးချယ်လိုက်သည်။ သူသည် နတ်ဘုရားနယ်မြေသို့ ရောက်ခါစဖြစ်သဖြင့် ကိစ္စအများအပြားကို ရှင်းရှင်းလင်းလင်း မသိသေးသော်လည်း ကံကောင်းသည်မှာ ဤနေရာတွင် သတင်းအချက်အလက်များကို စိတ်ကြိုက် ရယူနိုင်သည်။ သူသည် အပြင်ဘက်ရှိ အစောင့်များကို မှာကြားလိုက်သည်နှင့် နတ်ဘုရားနယ်မြေ၏ အသေးစိတ် အချက်အလက်များစွာကို ချက်ချင်း ယူဆောင်လာပေးသည်။
ကဏ္ဍပေါင်းစုံကို ရှင်းရှင်းလင်းလင်း သိရှိသွားပြီးနောက်တွင်မူ သူသည် ဘာမှမသိနားမလည်သူတစ်ဦးကဲ့သို့ ဟိုဟိုဒီဒီ လျှောက်သွားနေမည်မဟုတ်တော့ပေ။ ချက်ချင်းပင် သူသည် ထိုင်ရာမှထ၍ ရွေးချယ်မှုနန်းတော်ဆီသို့ ဦးတည်လိုက်သည်။ အပြင်ဘက်ရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်မှတစ်ဆင့် သွားရောက်နိုင်သည်။
သူသည် ဗဟိုတပည့်တစ်ဦးဖြစ်သဖြင့် တည်နေရာရွှေ့ပြောင်းခမှာ အခြေခံအားဖြင့် ပေးစရာမလိုပေ။ သာမန်အခြေအနေမျိုးတွင်မူ ရွှေ့ပြောင်းခ ပေးဆောင်ရသည်။ ထျန်ယုနတ်ဘုရားနယ်မြေ၏ တပည့်များပင်လျှင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုရန် အခကြေးငွေ ပေးဆောင်ရသည်။ အဘယ်ကြောင့်ဆိုသော် ရွှေ့ပြောင်းရန် လိုအပ်သော စွမ်းအင်မှာ အလွန်ကုန်ကျစရိတ် များပြားသောကြောင့် ဖြစ်သည်။
ရွေးချယ်မှုနန်းတော်သို့ ရောက်သောအခါ နန်းတော်ဟု ဆိုသည်ထက် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဟု ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ဗဟိုခန်းမကဲ့သို့ပင် နေရာတစ်ခုအဖြစ် သီးသန့် ဂြိုဟ်သိမ်တစ်ခုကို သတ်မှတ်ပေးထားခြင်း ဖြစ်သည်။
ဧရာမ ရွေးချယ်မှုနန်းတော်၏ အတွင်းအပြင် အလွှာအသီးသီးတွင် လူများမှာ မပြတ် သွားလာနေကြသည်။ ကျင့်စဉ်အဆင့်မှာ အခြေခံအားဖြင့် ကြယ်တာရာသခင်အဆင့်များသာ ဖြစ်ကြပြီး သူတော်စင်အဆင့် ကျင့်စဉ်မျိုးကို လုံးဝ မတွေ့ရပေ။ ၎င်းတို့မှာ ဤနေရာသို့ လာရန် အရည်အချင်း မပြည့်မီကြသေးဘဲ အနည်းဆုံး ကြယ်တာရာသခင်အဆင့် ရှိမှသာ လာရန် အရည်အချင်းရှိသည်။
အကယ်၍ မသိလျှင် လူအများအပြားတွင် ရွေးချယ်ခွင့်တံဆိပ်ပြားများ ရှိနေသည်ဟု ထင်မှတ်ရပေလိမ့်မည်။ အမှန်တကယ်တွင် ဤရွေးချယ်မှုနန်းတော်၌ လဲလှယ်နိုင်သော နည်းလမ်းအချို့ ရှိသည်။ ရွေးချယ်ခွင့်တံဆိပ်ပြားဖြင့်ဖြစ်စေ၊ အကျိုးပြုမှုအမှတ်ဖြင့်ဖြစ်စေ လဲလှယ်နိုင်ပြီး သေချာပေါက် အကြမ်းတမ်းဆုံးနည်းလမ်းမှာ ငွေကြေးဖြင့် လဲလှယ်ခြင်းပင် ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ ငွေကြေးမှာ ‘ကြယ်တာရာသလင်းကျောက်’ ဟုခေါ်သော စွမ်းအင်ကျောက်တုံးတစ်မျိုး ဖြစ်သည်။ ထို ဝိညာဉ်ကျောက်တုံးများနှင့် သဘောတရားချင်း တူညီသော်လည်း ယင်း၌ သိပ်သည်းသော ကြယ်တာရာစွမ်းအားများ ပါဝင်နေပြီး လက်နက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်သော်လည်း အဓိကအားဖြင့် ကျင့်ကြံရာတွင် အသုံးပြုကြသည်။
ယင်းတို့အနက် ကြယ်တာရာသလင်းကျောက်ဖြင့် လဲလှယ်ခြင်းမှာ အရှုံးဆုံးဖြစ်သည်။ ဈေးနှုန်းမှာ အခြားနည်းလမ်းများထက် အဆပေါင်းများစွာ မြင့်မားနေသဖြင့် တကယ့်ကို တွက်ခြေမကိုက်လှပေ။ ထို့ကြောင့် အများစုမှာ အကျိုးပြုမှုအမှတ်ဖြင့်သာ လဲလှယ်ကြပြီး လူနည်းစုသာ ရွေးချယ်ခွင့်တံဆိပ်ပြားဖြင့် လဲလှယ်ကြသည်။
အကျိုးပြုမှုအမှတ်နှင့် ရွေးချယ်ခွင့်တံဆိပ်ပြားတို့၏ ကွာခြားချက်မှာ ရွေးချယ်ခွင့်တံဆိပ်ပြားကို အခြားသူထံသို့ လက်ဆောင်ပေး၍ ရသော်လည်း အကျိုးပြုမှုအမှတ်မှာမူ မိမိကိုယ်တိုင်သာ အသုံးပြုနိုင်သည်။ အဓိပ္ပာယ်အရဆိုလျှင် ရွေးချယ်ခွင့်တံဆိပ်ပြားမှာ အဖိုးတန်ဆုံးဖြစ်ပြီး ဈေးနှုန်းလည်း အနည်းငယ် ပိုကြီးသည်။ မည်သို့ပင်ဆိုစေ သူတစ်ပါးကို ပေးကမ်းနိုင်သည် မဟုတ်ပါလား။
အတွင်းသို့ ဝင်လိုက်သောအခါ အပြင်ဘက်ဆုံး နန်းတော်ခန်းမတွင် နေရာအမြောက်အမြား ခွဲခြားထားသည်။ ၎င်းတို့မှာ လက်နက်နယ်မြေ၊ ကျင့်စဉ်နယ်မြေ၊ ဝတ်စုံနယ်မြေ၊ ဆေးလုံးနယ်မြေ၊ ဆေးပင်နယ်မြေ စသည်ဖြင့် အသီးသီး ဖြစ်ကြသည်။
နယ်မြေများစွာ ခွဲခြားထားပြီး နယ်မြေတစ်ခုစီတွင် သက်ဆိုင်ရာ အဆင့်အလိုက် ပစ္စည်းများ ရှိကြသည်။ ဥပမာအားဖြင့် အပြင်ဘက်ဆုံး ခန်းမတွင် အနိမ့်ဆုံးအဆင့်မှာပင် ကောင်းကင်အဆင့် ကျင့်စဉ်များ၊ နတ်ဘုရားအဆင့် လက်နက်များ စသည်တို့ ဖြစ်ကြပြီး အပေါ်တွင် သက်ဆိုင်ရာ ဈေးနှုန်းများ ရှိကြသည်။
အချို့မှာမူ ဈေးနှုန်းကို အတိအကျ သတ်မှတ်ထားပြီး ကြယ်တာရာသလင်းကျောက် မည်မျှ သို့မဟုတ် အကျိုးပြုမှုအမှတ် မည်မျှ လိုအပ်သည်ဟု ဖော်ပြထားသည်။ ရွေးချယ်ခွင့်တံဆိပ်ပြားမှာ ဤနေရာတွင် အသုံးမဝင်ပေ။ အဘယ်ကြောင့်ဆိုသော် ရွေးချယ်ခွင့်တံဆိပ်ပြားကို ပို၍ အတွင်းကျသော နေရာများတွင်သာ အသုံးပြုသောကြောင့် ဖြစ်သည်။
ယီထျန်းယွမ်သည် ပတ်ဝန်းကျင်ကို အနည်းငယ် ဝေ့ကြည့်လိုက်ရာ လူအများအပြားမှာ ဤအနီးအနားတွင် လဲလှယ်နေကြသည်ကို တွေ့ရသည်။ သူသည် ဤနေရာကို စိတ်ဝင်စားမှုမရှိသဖြင့် ခြေလှမ်းကျဲကျဲဖြင့် အတွင်းဘက်သို့ လှမ်းဝင်လိုက်သည်။ ဤနန်းတော်ခန်းမကို ဖြတ်ကျော်လိုက်သောအခါ အတွင်းဘက် နယ်မြေမှာ အပြင်ဘက်နှင့် ဆင်တူသော်လည်း ပစ္စည်းများမှာမူ မိုးနှင့်မြေလို ကွာခြားလှသည်။
ယင်းနေရာတွင် ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်စဉ်များ၊ ပြန်လည်မွေးဖွားခြင်းအဆင့် လက်နက်များ စသည်တို့ကို လဲလှယ်နိုင်သော်လည်း ဈေးနှုန်းမှာ အလွန် ထိတ်လန့်ဖွယ် ကောင်းလှသည်။ ဥပမာအားဖြင့် ပြန်လည်မွေးဖွားခြင်း အောက်အဆင့် လက်နက်တစ်လက်မှာ ရွေးချယ်ခွင့်တံဆိပ်ပြား အခု ၂၀ လိုအပ်သည်။ သူ၏လက်ထဲတွင် သုံးခုသာ ရှိသဖြင့် လုံးဝ လဲလှယ်၍ မရနိုင်ပေ။
အကြီးအကဲယုံဆန်းတို့ ယီထျန်းယွမ်ကို ဤနေရာသို့ လာခိုင်းခြင်းမှာ တိုက်ရိုက် လဲလှယ်ရန် မဟုတ်ဘဲ အမှန်တကယ် ရည်ရွယ်ချက်မှာ သူ့ကို ရွေးချယ်မှုစင်မြင့်ပေါ်သို့ တက်ခိုင်းရန်ပင် ဖြစ်သည်။
အခန်း (၉၁၀) ပြီးပါပြီ။