အခန်း (၁၃၆၅-၁၃၆၆)
Vol. 100 Ch. 1365-1366
အခန်း ၁၃၆၅ - ရိုးရှင်းသော နံနက်စာ
တစ္ဆေအိပ်မက်ထဲကနေ ယန်ကျန့် နိုးလာတဲ့အခါ နောက်တစ်နေ့ မနက်တောင် ရောက်နေပြီ ဖြစ်သည်။
အချိန်အတော်ကြာသွားပေမယ့် သတင်းကောင်းကတော့ သူ အိပ်မက်ဆိုး ရဲတိုက်ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ရက်အနည်းငယ် အတွင်းမှာ တစ္ဆေခွေးဆိုးကြီးဟာ သဘာဝလွန် စွမ်းအားသစ်ကို ရရှိလာမှာ ဖြစ်ပြီး ဒါဟာ မျှော်လင့်စောင့်စားရကျိုးနပ်သည်။
"နိုးပြီလား"
သူ့ဘေးက ကျန်းယန်ရဲ့ အသံထွက်လာသည်။ သူမ အခုမှ နိုးလာပုံရပြီး မျက်လုံးတွေကို ပွတ်သပ်နေသည်။
"မင်း ဘာလို့ ငါ့အခန်းထဲ ရောက်နေတာလဲ" ယန်ကျန့် မေးလိုက်သည်။
"မနေ့ညက ရှင့်အခန်း မီးလင်းနေတာ မြင်လို့ အဖော်လာလုပ်ပေးတာပါ... ရှင်က အိပ်ရတာ မကြိုက်ဘူး မဟုတ်လား... ဒီတစ်ခါ ဘာလို့ ဒီလောက် အကြာကြီး အိပ်ပျော်သွားရတာလဲ... ရှင် တစ်ခုခု ဖြစ်နေမလားဆိုပြီး စိတ်ပူလို့ ညတစ်ဝက်လောက်ထိ စောင့်ကြည့်နေရင်း အိပ်ပျော်သွားတာ"
ကျန်းယန်က ရှင်းပြသည်။
"ငါ အိပ်မက်မက်နေလို့ပါ"
ယန်ကျန့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ဘာအိပ်မက်မက်တာလဲ"
ကျန်းယန် မျက်တောင်ခတ်ပြီး စပ်စုစွာ မေးလိုက်သည်။
ယန်ကျန့်က ပြောလိုက်သည်။
"အိပ်မက်ဆိုးပေါ့... သိချင်ရင် ငါ့မှတ်စုစာအုပ် ယူပေး... ဘိုင်ရွှေမြို့နယ်က အဖြစ်အပျက်တွေနဲ့ မနေ့ညက အကြောင်းကို မှတ်တမ်းတင်ထားရဦးမယ်"
"ဟုတ်... ချက်ချင်း ယူပေးမယ်"
ကျန်းယန် စိတ်လှုပ်ရှားစွာနဲ့ အခန်းထဲက စားပွဲအံဆွဲဆီ သွားပြီး ထူထဲတဲ့ မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူလိုက်သည်။
ဒီမှတ်စုစာအုပ်ထဲမှာ ယန်ကျန့်ရဲ့ သဘာဝလွန် အတွေ့အကြုံတွေ အားလုံးကို မှတ်တမ်းတင်ထားပြီး လူအနည်းငယ်သာ ဖတ်ဖူးသည်။ အခုအချိန်အထိ ဖတ်ဖူးသူ နှစ်ယောက်တည်းသာ ရှိသေးသည်။ အဲဒါကတော့ ကျန်းယန်နဲ့ ကျန်းလီချင် တို့ ဖြစ်သည်။
သူတို့နှစ်ယောက်မှာ တူညီတဲ့အချက် တစ်ခု ရှိသည်။ အဲဒါကတော့ သူတို့နှစ်ယောက်လုံး သာမန်လူတွေ ဖြစ်ကြခြင်းပင် ဖြစ်သည်။
ဘိုင်ရွှေမြို့နယ် အကြောင်းနဲ့ အိပ်မက်အကြောင်း မှတ်တမ်းတင်ပြီးတဲ့အခါ မနက် ၁၀ နာရီတောင် ထိုးနေပြီ ဖြစ်သည်။
ဒီအချိန်မှာ အောက်ထပ်ကနေ ကျန်းလီချင်ရဲ့ အသံထွက်လာသည် - "ဥက္ကဋ္ဌယန်... မနက်စာ အဆင်သင့် ဖြစ်ပါပြီ... မြန်မြန် ဆင်းစားကြပါ"
"အစ်မကြီးချင်... ခဏလေး... ကျွန်မတို့ ဆင်းလာပြီ"
ကျန်းယန် လှမ်းအော်ပြီးနောက် ထပ်ပြောသည်။
"ဒါနဲ့ အန်တီက သူ့မွေးရပ်မြေကနေ ပြန်ရောက်နေပြီ... ရှင့်ကို စကားပြောချင်နေတာ ကြာပြီ... ဒါပေမဲ့ ရှင်က ခရီးထွက်နေတော့ အချိန်မရဘူးလေ... ဒါကြောင့် ဒီနေ့ လျိုရှောင်ယွီကို ရှင် ရုံးမတက်ဘဲ အိမ်မှာပဲ နားမယ်လို့ ကျွန်မ သဘောနဲ့ ခွင့်တိုင်ပေးလိုက်တယ်"
"အမေ ငါ့ကို ရှာနေတာလား" ယန်ကျန့် မျက်နှာထား ပြောင်းလဲသွားသည်။
အမေနဲ့ အတူ ထမင်းမစားဖြစ်တာ တော်တော်ကြာပြီ ဆိုတာ သူ သတိရသွားသည်။
ဒီအကြောင်း တွေးမိတော့ ယန်ကျန့် ချက်ချင်း ထလိုက်ပြီး အဝတ်အစား လဲကာ မေးလိုက်သည်။
"ငါ မရှိတုန်း မင်းနဲ့ ကျန်းလီချင် ငါ့အမေကို ကောင်းကောင်း စောင့်ရှောက်ပေးကြတယ် မဟုတ်လား"
"သေချာတာပေါ့... အစ်မကြီးချင်နဲ့ ကျွန်မ မွေးရပ်မြေကို မကြာခဏ ပြန်ပြီး အန်တီ့ကို သွားတွေ့ကြတယ်... ပြန်ရ လွယ်ကူအောင်လို့ ကျွန်မ စုထားတဲ့ ပိုက်ဆံနဲ့ ကားတောင် ဝယ်လိုက်သေးတယ်"
ကျန်းယန်က မေးစေ့လေး မော့ပြီး ဂုဏ်ယူစွာ ပြောလိုက်သည်။
"အမေ အခုတလော နေကောင်းရဲ့လား" ယန်ကျန့် ဆက်မေးသည်။
"အရမ်း ကောင်းတယ်... အန်တီက ရွာထဲက ဆွေမျိုးတွေနဲ့ စကားလက်ဆုံ ကျနေတာ... တခါတလေ တီဗီကြည့်တယ်... ဟင်းသီးဟင်းရွက်တွေ စိုက်တယ်... ရှင် ရွာမပြန်တာ ကြာပြီ... အိမ်မှာ ပိုက်ဆံအများကြီး အကုန်ခံ ဆောက်ထားတဲ့ ဗီလာကြီးကို သွားကြည့်သင့်တယ်... အခုဆို လုံခြုံရေး အိမ်တောင် ပြီးနေပြီ"
"ကောင်းတာပေါ့... ဒါပေမဲ့ သဘာဝလွန်လောကနဲ့ ဌာနချုပ်မှာ ငါ လုပ်စရာတွေ အရမ်းများနေတော့ နားဖို့ အချိန်မရှိဘူး ဖြစ်နေတာ" ယန်ကျန့် တည်ငြိမ်စွာ ပြောလိုက်သည်။
"တကယ်တော့ ငါလည်း သာမန်ဘဝမျိုး နေချင်တာပါပဲ... ဒါပေမဲ့ ဒီအခြေအနေ ရောက်လာမှတော့ အများစုက ငါ့ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူး... ရပ်တန့်လို့လည်း မရတော့ဘူး... ဒါပေမဲ့ ဒီကာလတစ်လျှောက်လုံး မင်းရဲ့ အကူအညီတွေကြောင့် ငါ စိတ်ပူစရာတွေ အများကြီး လျော့သွားတယ်... ငါ့ယုံကြည်မှုကို မင်း အလွဲသုံးစား မလုပ်ခဲ့ဘူး... အဲဒီအတွက် ကျေးဇူးတင်ပါတယ်"
ကျန်းယန်ရဲ့ ကြိုးပမ်းမှုတွေကို ယန်ကျန့် ကောင်းကောင်း သိသည်။ စာရင်းကိုင် တစ်ယောက်ရဲ့ တာဝန်ထက် အများကြီး ကျော်လွန်နေပြီ ဖြစ်သည်။
ကျန်းယန် မျက်နှာ နည်းနည်း ရဲသွားသည်။
"အဲဒီလို မပြောပါနဲ့... ကျွန်မတို့က မိသားစုတွေပဲ... ကူညီရမှာပေါ့... ပြီးတော့ ကျွန်မက ရှင့်ကို ကူညီရတာ သဘောကျတယ်... ကျွန်မရဲ့ စွမ်းရည်က အကန့်အသတ် ရှိပြီး အရေးပါတဲ့ နေရာက မပါဝင်နိုင်ပေမယ့်ပေါ့... ရှင် ကျွန်မကို သဘောမကျတာ မဟုတ်ရင် ပြီးတာပါပဲ"
ကျန်းယန်ရဲ့ ရင်ထဲမှာတော့ ယန်ကျန့်အပေါ်ထားတဲ့ ခံစားချက်က သာမန် သံယောဇဉ်ထက် ကျော်လွန်နေပြီ ဖြစ်သည်။ သူမက ကိုယ့်ကိုယ်ကိုယ် ယန်ကျန့်ရဲ့ မိသားစုဝင် တစ်ယောက်လို့တောင် သတ်မှတ်ထားသည်။
ဒါပေမဲ့ ကျန်းယန်ရဲ့ ခံစားချက်တွေ နက်ရှိုင်းပေမယ့် ယန်ကျန့်ကတော့ တစ္ဆေဆရာ တစ်ယောက် အနေနဲ့ စိတ်ခံစားချက် ကင်းမဲ့နေတာကြောင့် သူတို့ကြားမှာ အတားအဆီး တစ်ခု ဖြစ်နေသည်။
"တကယ်တော့ မင်းက ငါ ထင်ထားတာထက် ပိုတော်ပါတယ်... ဖြစ်နိုင်ရင် မင်း ငါ့နောက် အမြဲ လိုက်နေစေချင်တယ်"
ယန်ကျန့် ပြောလိုက်သည်။
"ဒါပေမဲ့ တခါတလေ ငါ တွေးမိတယ်... မင်းက ငယ်ငယ်ချောချောလေး... ကိုယ်ပိုင်ဘဝ ရှိသင့်တယ်လို့... သဘာဝလွန်လောကနဲ့ ပတ်သက်နေတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး"
"အန္တရာယ်တွေ၊ ခြောက်ခြားစရာတွေ၊ ပြီးတော့ သဘာဝလွန်လောကထဲက ရှုပ်ထွေးမှုတွေ... အဲဒါတွေက မင်းဘဝ တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်... ဒါကြောင့် တခါတလေ မင်း အိပ်ပျော်နေတုန်း မင်းရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပြီး အရာအားလုံးကို မေ့ပစ်စေကာ သာမန်ဘဝ ပြန်ရောက်အောင် လုပ်ပေးရင် ကောင်းမလားလို့ တွေးမိတယ်... အဲဒါက မင်းအတွက် ကောင်းကောင်း ကောင်းလိမ့်မယ်"
"မဖြစ်ဘူး... ကျွန်မ သာမန်ဘဝ မလိုချင်ဘူး... ရှင့်အနားမှာပဲ နေချင်တာ"
ကျန်းယန် ချက်ချင်း ငြင်းလိုက်သည်။
"ရှင် ကျွန်မကို မောင်းထုတ်ချင်နေမယ်မှန်း သိသားပဲ... အစ်မကြီးချင်နဲ့ပဲ နေချင်တာလား"
"ကျန်းလီချင်"
ယန်ကျန့် မျက်လုံး အနည်းငယ် လှုပ်ရှားသွားသည်။
"မင်း မှားနေပြီ... မင်းကို ဖျက်ဆီးလိုက်ရင် ငါ နောင်တရလိမ့်မယ်... ဒါပေမဲ့ ကျန်းလီချင်ကို ဖျက်ဆီးလိုက်ရင်တော့ နောင်တရမှာ မဟုတ်ဘူး... ဒါကြောင့် သူ့ကို ငါ့အနားမှာ ထားထားတာ... ဘာပဲဖြစ်ဖြစ် အသုံးဝင်တဲ့လူတွေ ငါ့အနားမှာ ရှိနေဖို့ လိုတယ်လေ"
"ကျွန်မ မှတ်ဉာဏ်တွေကို မဖျက်ပါနဲ့နော်... ကျွန်မ ရှင့်ကို ရွေးချယ်ပြီးပြီ... နောင်တမရပါဘူး... ရှင့်အတွက်ဆိုရင် တိုက်ပေါ်က တစ်ခါ မကဘူး... နှစ်ခါတောင် ခုန်ချရဲတယ်"
ကျန်းယန် လေးလေးနက်နက် ပြောလိုက်သည်။
"တကယ်လို့ တစ်နေ့ ငါ သေသွားရင်ရော" ယန်ကျန့် မေးလိုက်သည်။
ကျန်းယန် အံ့ဩသွားသည်။
"ရှင်က ဘယ်လိုလုပ် သေမှာလဲ"
"လူတိုင်း သေတတ်တာပဲ... တစ္ဆေဆရာတွေဆို ပိုတောင် သေလွယ်သေးတယ်"
ယန်ကျန့် ပြန်ဖြေသည်။
"ကျွန်မ မသိဘူး... အဲဒီပြဿနာကို မစဉ်းစားဖူးဘူး" ကျန်းယန် မျက်လုံးတွေ ဝေဝါးသွားသည်။
ယန်ကျန့် အနည်းငယ် ပြုံးလိုက်သည်။
"မင်းက ငါ့ပိုင်ဆိုင်မှု အားလုံးကို စီမံခန့်ခွဲပေးနေတာပဲ... ငါ သေသွားရင် ငါ့ပိုက်ဆံတွေကို ယူပြီး ကောင်းကောင်း နေပါ... ပြီးတော့ ငါ့အမေကို စောင့်ရှောက်ပေးပါ"
"မနက်စောစောစီးစီး လျှောက်မပြောနဲ့... ရှင် သေချာပေါက် အသက်ရှည်ရှည် နေရမှာ... ကဲ... တော်ပြီ... အောက်ထပ်ဆင်းပြီး မနက်စာ သွားစားကြမယ်... အန်တီ စောင့်နေရလိမ့်မယ်"
ကျန်းယန် စကားလမ်းကြောင်း ဖြတ်လိုက်ပြီး ယန်ကျန့်ရဲ့ လက်မောင်းကို ဆွဲကာ အခန်းထဲက ထွက်လာခဲ့သည်။
ခဏအကြာမှာ ယန်ကျန့်နဲ့ ကျန်းယန် အောက်ထပ်ကို ရောက်လာကြသည်။ ဒီအချိန်မှာ ယန်ကျန့်ရဲ့ အမေ ကျန်းဖန်နဲ့ ကျန်းလီချင်တို့ ထမင်းစားပွဲမှာ ထိုင်ပြီး မနက်စာ စားနေကြပြီ ဖြစ်သည်။
"ဥက္ကဋ္ဌယန်... တောင်းပန်ပါတယ်... ရှင်တို့ အကြာကြီး မဆင်းလာလို့ ကျွန်မတို့ အရင်စားလိုက်ကြတာ"
ကျန်းလီချင်က အားနာသလို ပြောလိုက်သည်။ သူမရဲ့ မျက်လုံးတွေက ယန်ကျန့်အပေါ် နူးညံ့မှုနဲ့ အပြုံးရိပ်တွေ သမ်းနေသည်။
မနေ့ညက ကျန်းယန်လည်း မအောင်မြင်ခဲ့ဘူး ဆိုတာ ထင်ရှားနေသည်။
"ထမင်းစားချိန် ဒီလောက် နောက်မကျကြနဲ့... နောက်တစ်ခါ မလုပ်နဲ့နော်"
ကျန်းဖန်က အနည်းငယ် ဆူလိုက်သည်။
ယန်ကျန့် လျှောက်လာပြီး ထိုင်လိုက်သည်။
"အမေ... သားကို တွေ့ချင်နေတယ်လို့ ကျန်းယန် ပြောတယ်... ဘာကိစ္စလဲ"
"တစ်ခုက ပြီးခဲ့တဲ့ အခေါက်က ပျောက်သွားတဲ့ မင်းဝမ်းကွဲညီမလေး ကိစ္စလေ... သူ ပျောက်သွားတာ ကြာပြီ... မင်း ကူရှာပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား... ဘာလို့ အခုထိ သတင်းမရသေးတာလဲ... ဘာဖြစ်နေလဲ ဆိုတာ မေးချင်လို့"
ကျန်းဖန် ပြောလိုက်သည်။
ယန်ကျန့် စားပွဲပေါ်က အသားညှပ်ပေါင်မုန့်ကို တစ်ကိုက် ကိုက်လိုက်ပြီး စဉ်းစားလိုက်သည်။
"ဒီကိစ္စက ဖြေရှင်းနိုင်မယ့်ပုံ မပေါ်ဘူး... ဒီရက်ပိုင်း လူပျောက်တာတွေ အရမ်းများတယ်... ဒါပေမဲ့ ဌာနချုပ်ကို စောင့်ကြည့်ခိုင်းထားပါတယ်... သတင်းရတာနဲ့ သေချာပေါက် အကြောင်းကြားပေးပါ့မယ်"
"ဟူး"
ကျန်းဖန် သက်ပြင်းချလိုက်သည်။
"သူ့ကို ပြန်ရှာတွေ့ဖို့ မလွယ်ဘူးဆိုတာ ငါ သိတယ်... ရွာပြန်ရောက်ရင် သူတို့ကို သေချာ ပြန်ပြောပြလို့ရအောင် မေးကြည့်တာပါ"
ယန်ကျန့် ဘာမှမပြောဘဲ ပေါင်မုန့်ကို ဆက်စားနေသည်။
သဘာဝလွန် ဖြစ်ရပ်တွေက အပြည့်အဝ ပျံ့နှံ့မသွားသေးပေမယ့် သိသင့်တဲ့သူတွေက သိနေကြပြီ ဖြစ်သည်။ ရွာသားတွေလည်း သဘာဝလွန် ကိစ္စတွေနဲ့ ပတ်သက်ရင် တစ်ယောက်ယောက် ပျောက်သွားတာနဲ့ တကယ် ပျောက်သွားပြီ ဆိုတာ၊ ပြန်ရှာတွေ့ဖို့ မဖြစ်နိုင်သလောက် ဆိုတာ ကောင်းကောင်း သိကြသည်။ တစ်ခုတည်းသော ဖြေသိမ့်စရာကတော့ မသေသေးပါစေနဲ့လို့ မျှော်လင့်ရုံသာ ဖြစ်သည်။
"ဒုတိယကိစ္စက မင်းရဲ့ အိမ်ထောင်ရေးပဲ... မင်း ကျောင်းပြန်တက်ဖို့လည်း မရှိတော့ဘူး... အသက်လည်း မငယ်တော့ဘူး... မိန်းမယူပြီး အခြေချဖို့ အချိန်တန်ပြီ... ကျန်းလီချင်နဲ့ ကျန်းယန်ကို ဘယ်လိုသဘောရလဲ"
ကျန်းဖန် မေးလိုက်သည်။
"အဟွတ်... အဟွတ်"
ကော်ဖီသောက်နေတဲ့ ကျန်းလီချင် သီးသွားပြီး ချောင်းဆိုးကာ မျက်နှာတစ်ခုလုံး ရဲသွားသည်။
ကျန်းယန်ကတော့ ခေါင်းငုံ့ထားပြီး မျက်လုံးချင်း မဆုံရဲပေ။
ယန်ကျန့်ရဲ့ မျက်နှာထားကတော့ ဘာမှ မဖြစ်သလို အရမ်း တည်ငြိမ်နေသည်။
"သူတို့နှစ်ယောက်လုံး ကောင်းပါတယ်... တစ်ယောက်က ရင့်ကျက်ပြီး ဆွဲဆောင်မှု ရှိတယ်... နောက်တစ်ယောက်က ငယ်ရွယ်ပြီး လှပတယ်... ပညာတတ်တယ်... ထက်မြက်တယ်... အရည်အချင်း ရှိတယ်... ကုမ္ပဏီကိစ္စ အများကြီးကို ကိုင်တွယ်ပေးနေကြတာ"
ကျန်းဖန် ပြုံးလိုက်ပြီး ပြောသည်။
"ကောင်းတာပေါ့... သူတို့နှစ်ယောက်လုံးကို ငါ မေးပြီးပြီ... မိဘတွေကိုလည်း တိုင်ပင်ပြီးပြီ... သူတို့ကိုယ်တိုင်ရော၊ သူတို့ မိသားစုတွေကပါ မင်းနဲ့ လက်ထပ်ဖို့ သဘောတူကြတယ်... ဒါပေမဲ့ လူတစ်ယောက် ဘယ်လောက်ပဲ တော်တော်၊ မင်းက မိန်းမ တစ်ယောက်ပဲ ယူလို့ရမှာလေ... သူတို့ထဲက ဘယ်သူ့ကို ရွေးချင်လဲ"
"မင်း ဒီနေ့ ဆုံးဖြတ်နိုင်ရင် အမေ စီစဉ်ပေးမယ်"
ယန်ကျန့် လက်ထဲက ပေါင်မုန့်ကို ချလိုက်ပြီး မျက်လုံး အနည်းငယ် လှုပ်ရှားကာ ကျန်းလီချင်ကို လှမ်းကြည့်လိုက်သည်။
ကျန်းလီချင် ထိတ်လန့်နေပြီး အကြည့်လွှဲကာ စိတ်ပူနေသည်။
သူမရဲ့ အဆင့်အတန်းနဲ့ ယန်ကျန့်ကြားမှာ ကွာဟချက် ကြီးမားမှန်း သူမ သိသည်။ ယန်ကျန့်ကို ကူညီပေးခွင့် ရတာတင် တော်တော် ကောင်းနေပါပြီ။ ဒီထက်ပိုပြီး မမျှော်လင့်ရဲပေ။ ဒါပေမဲ့ အန်တီက ယန်ကျန့်နဲ့ လက်ထပ်ချင်လားလို့ မေးလာတဲ့အခါ သူမမှာ ဖြေစရာ အဖြေတစ်ခုတည်းပဲ ရှိသည်။ လက်ခံလိုက်ဖို့ပါပဲ။
ဒါပေမဲ့ သူမမှာလည်း စိတ်ကူးယဉ်မှုလေး နည်းနည်းတော့ ရှိကောင်း ရှိနိုင်သည်။
တကယ်လို့ ယန်ကျန့်က နာမည်ခံ 'ဇနီး' တစ်ယောက် လိုအပ်တယ် ဆိုရင်ရော။ ဘာလို့ သူမ မဖြစ်နိုင်ရမှာလဲ။
ကျန်းယန်ကတော့ ခေါင်းကို စားပွဲနဲ့ ထိလုနီးပါး ငုံ့ထားပေမယ့် ဆံပင်ကြားက နားရွက်တွေကတော့ ရဲနေပြီ ဖြစ်သည်။ သူမ စိတ်မလုံ ဖြစ်နေသည်။ ယန်ကျန့် စိတ်ဆိုးသွားမှာ ကြောက်နေသည်။
ဘာပဲဖြစ်ဖြစ် သူမနဲ့ အစ်မကြီးချင်က အန်တီ့ကို သုံးပြီး ကြံစည်သလို ဖြစ်နေသည်။
အတွင်းရေးမှူးနဲ့ စာရင်းကိုင်က ယန်ကျန့်ရဲ့ မိခင်ကို သုံးပြီး ယန်ကျန့်ရဲ့ ဇနီး ဖြစ်လာဖို့ ကြိုးစားနေတာ။ ဒီသတင်းသာ ပေါက်ကြားသွားရင် လူတွေက သူတို့ကို ဝိုင်းဆဲကြလိမ့်မည်။
ဒါပေမဲ့ ယန်ကျန့်က မေးလိုက်သည်။
"သူတို့ မိဘတွေတောင် သိနေပြီလား"
"ဒီလောက် ကိစ္စကြီးကို မိဘတွေနဲ့ မတိုင်ပင်ဘဲ ဖြစ်မလား"
ကျန်းဖန်က ဖြစ်သင့်ဖြစ်ထိုက်သလို ပြောလိုက်သည်။
"ဒါဆိုရင် ဒီကိစ္စက လူသိရှင်ကြား ဖြစ်သွားပြီပေါ့" ယန်ကျန့် တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါဆိုရင် နည်းနည်း ပြဿနာ ရှိနိုင်တယ်"
"ဘာပြဿနာ ရှိလို့လဲ... နှစ်ဖက် သဘောတူတဲ့ကိစ္စပဲ... ဥပဒေနဲ့ မညီတာမှ မဟုတ်တာ" ကျန်းဖန် နားမလည်နိုင် ဖြစ်နေသည်။
ယန်ကျန့် ပြန်ဖြေသည်။
"သားအတွက် ပြဿနာ မဟုတ်ဘူး... သူတို့အတွက် ပြဿနာ ဖြစ်မှာ... သားရဲ့ အဆင့်အတန်းက ထူးခြားနေလို့ သား မိန်းမယူတော့မယ် ဆိုတာ သိသွားရင် လူအုပ်ကြီးက ဝိုင်းအုံလာပြီး အမျိုးသမီးဘက်က လူတွေကို နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ် မိတ်ဖွဲ့ကြလိမ့်မယ်... သားနဲ့ အဆက်အသွယ်ရအောင်ပေါ့"
"အဲဒါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား" ကျန်းဖန် နားမလည်သေးပေ။
ယန်ကျန့်က ပြောသည်။
"စီးပွားရေးလောကမှာ ဆိုရင်တော့ ကောင်းတာပေါ့... ဒါပေမဲ့ သားက သဘာဝလွန် လောကထဲမှာလေ... လာတဲ့လူတွေက သူဌေးတွေတင် မကဘူး... တစ္ဆေဆရာတွေလည်း ပါလာလိမ့်မယ်... သာမန်လူတွေ သဘာဝလွန်လောကနဲ့ ထိတွေ့တာက မကောင်းတဲ့ကိစ္စပဲ"
ဒီစကားကြောင့် ကျန်းလီချင်နဲ့ ကျန်းယန်တို့ရဲ့ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ သူတို့ ဒီအချက်ကို ထည့်မတွက်မိခဲ့ကြပေ။
အခု စဉ်းစားကြည့်တော့ အဓိပ္ပာယ် ရှိသည်။
ယန်ကျန့်ရဲ့ ဇနီးနေရာက လွယ်လွယ်ကူကူ ရယူလို့ရတဲ့ နေရာ မဟုတ်ပေ။ အဲဒီနေရာကို ရလိုက်တာက သဘာဝလွန်လောကထဲ ဝင်ရောက်သွားတာနဲ့ အတူတူပဲ ဖြစ်ပြီး သတိမထားရင် မိသားစု တစ်ခုလုံး အန္တရာယ် ရှိနိုင်သည်။
"အဲဒါဆိုရင်တော့ နည်းနည်း ဒုက္ခရောက်နိုင်တာပဲ" ကျန်းဖန် နည်းနည်း နားလည်သွားသည်။
"ဒီကိစ္စ ခဏထားပြီး ထမင်းစားကြရအောင်" ယန်ကျန့် ပြောလိုက်သည်။
ကျန်းဖန်က ပြောသည်။
"ဒါပေမဲ့ မင်းကိစ္စကိုလည်း ရွှေ့ဆိုင်းထားလို့ မဖြစ်ဘူး... ရပ်ကွက်ထဲက ဝမ်ဘင်းရဲ့ သမီး ဝမ်ရှန်းရှန်းကိုရော ဘယ်လိုသဘောရလဲ... အမေ အဲဒီကောင်မလေးကို မြင်ဖူးတယ်... အသားဖြူဖြူ ဥဥလေးနဲ့ အရမ်းလှတယ်... ပြီးတော့ မင်းရဲ့ အတန်းဖော်ပဲ... အတန်းဖော် ဆိုလို့ ပြောရဦးမယ်... အရင်တုန်းက မင်းနဲ့ ရင်းနှီးတဲ့ မြောင်ရှောင်ရှန်း ဆိုတဲ့ ကောင်မလေးရော... အခုထိ အဆက်အသွယ် ရှိသေးလား"
တည်ငြိမ်နေတဲ့ ယန်ကျန့်ရဲ့ မျက်နှာပေါ်မှာ အားကိုးရာမဲ့တဲ့ အရိပ်အယောင် ပေါ်လာသည်။
မိန်းမယူဖို့ အတင်း တိုက်တွန်းခံနေရပြီ ဖြစ်ပြီး အတော်လေး အရေးကြီးနေပုံရသည်။
အခြေအနေ အရမ်းဆိုးလာရင် သူကိုယ်တိုင် မိန်းမတစ်ယောက် ဖန်တီးပြီး ဇနီးအဖြစ် ဟန်ဆောင်ခိုင်းလိုက်ရင် ကောင်းမလားလို့ တွေးလိုက်သည်။ အချိန်ကုန် လူပန်းသက်သာမယ်၊ ခန္ဓာကိုယ်နဲ့ ရုပ်ရည်ကလည်း ပြီးပြည့်စုံမယ်၊ သေသွားရင်လည်း ပြန်အသက်ရှင်အောင် လုပ်လို့ရမယ်၊ သစ္စာဖောက်မှာလည်း ပူစရာမလိုဘူး။
အခန်း ၁၃၆၆ - စိတ်လိုက်မာန်ပါ မေးခွန်း
မနက်စာ စားပြီးနောက် ယန်ကျန့် အိမ်မှာ မနေတော့ဘဲ ကားမောင်းထွက်ဖို့ ဆုံးဖြတ်လိုက်သည်။
လက်ထပ်ဖို့ တိုက်တွန်းမိတဲ့အတွက် အပြစ်ရှိသလို ခံစားရလို့လား မသိဘူး၊ ကျန်းယန်နဲ့ ကျန်းလီချင်တို့က မလိုက်တော့ဘဲ အိမ်မှာပဲ နေခဲ့ကြသည်။ ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းရင်း အိမ်မှုကိစ္စတွေ ကူလုပ်နေကြပြီး အရမ်း လိမ္မာနေကြသည်။
တကယ့်အကြောင်းရင်းကတော့ ယန်ကျန့် စိတ်ဆိုးမှာကို ကြောက်နေကြလို့ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် 'နေရာယူချင်' တဲ့ သူတို့ရဲ့ အကြံအစည်တွေ ပေါ်သွားပြီကိုး။
ယန်ကျန့် တာချန်းမြို့ထဲ ကားမောင်းထွက်လာသည်။ ကားပြတင်းပေါက် အပြင်ဘက်က ရှုခင်းတွေကို ငေးကြည့်နေပေမယ့် စိတ်ကတော့ စောစောက အဖြစ်အပျက်တွေဆီ ရောက်နေတုန်းပင်။
"အမေ ပြောတာ မှန်တယ်... တကယ်ပဲ အိမ်ထောင်ပြုဖို့ လိုအပ်နေပြီ... ပြီးတော့ ငါ့အတွက် ဇနီးသည်က ဘယ်သူလဲ ဆိုတာ အရေးမကြီးဘူး... ကျန်းယန် ဖြစ်ဖြစ်၊ ကျန်းလီချင် ဖြစ်ဖြစ်၊ တခြား ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့... အရေးကြီးတာက ဇနီးသည် ဆိုတဲ့ အထောက်အထားပဲ... ငါ မရှိတဲ့အချိန် အရာအားလုံးကို တရားဝင် ကိုင်တွယ်ဖြေရှင်းနိုင်ပြီး ဆုံးဖြတ်ချက်တချို့ ချပေးနိုင်မယ့်လူ လိုအပ်တယ်"
ဒါပေမဲ့ သေချာ စဉ်းစားကြည့်တော့ ယန်ကျန့် သိတဲ့လူတွေထဲမှာ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့လူ တကယ် မရှိပေ။
တကယ်တော့ ဝမ်ရှန်းရှန်းက ဒီအကြောင်း သူ့ကို ပြောဖူးသည်။
အဲဒီတုန်းက ဝမ်ရှန်းရှန်းလည်း မိဘတွေရဲ့ အိမ်ထောင်ပြုဖို့ တိုက်တွန်းတာကို ခံနေရသည်။ ဒါပေမဲ့ သူမက ထူးခြားတဲ့ အခြေအနေ ရှိနေပြီး သာမန်ဘဝမျိုး မနေနိုင်တဲ့အတွက် အကောင်းဆုံး နည်းလမ်းက ယန်ကျန့်နဲ့ ပေါင်းဖက်ပြီး မိသားစု တည်ထောင်ဖို့ပဲ ဖြစ်သည်။ ဝမ်ရှန်းရှန်းရဲ့ မိဘတွေကလည်း ကုမ္ပဏီ လည်ပတ်နိုင်အောင် အစွမ်းကုန် ကူညီကြလိမ့်မည်။ ယန်ကျန့် သေသွားရင်တောင် သူတို့က ဆက်လုပ်ပေးကြလိမ့်မည်။
ဒါကြောင့် လူလည်း မဟုတ်၊ တစ္ဆေလည်း မဟုတ်တဲ့ သူတို့နှစ်ယောက် အတူနေဖို့က သင့်တော်ပြီး ကံကြမ္မာချင်း ဆက်နွယ်နေကြသည်။
"ကံဆိုးတာက ဝမ်ရှန်းရှန်း မသင့်တော်ဘူး... ဘာလို့လဲဆိုတော့ ငါ သေရင် သူလည်း လိုက်သေမှာပဲ... ငါ သေပြီးတဲ့နောက် ကိစ္စတွေကို သူ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး... လက်ထပ်ရမယ် ဆိုရင် သာမန်လူ တစ်ယောက်နဲ့ လက်ထပ်မှ ရမယ်... ဇနီးသည် ဆိုတဲ့ တာဝန်ကို ယူနိုင်ပြီး သဘာဝလွန်လောကနဲ့ ထိတွေ့ဖူးပေမယ့် သဘာဝလွန် တိုက်စားမှုကို မခံရသေးတဲ့သူ ဖြစ်ရမယ်... ပြီးတော့ စီမံခန့်ခွဲနိုင်စွမ်း ရှိပြီး လုံလောက်တဲ့ သစ္စာရှိမှုလည်း ရှိရမယ်"
ယန်ကျန့် တိတ်တဆိတ် တွေးတောနေသည်။
"ဒါဆိုရင် ကျန်းလီချင်ကို တိုက်ရိုက် ဖယ်ထုတ်လိုက်လို့ ရပြီ... သူက တစ္ဆေသားလောင်းရဲ့ ကပ်ပါးပြုတာ ခံခဲ့ရဖူးလို့ လျှို့ဝှက်အန္တရာယ် ရှိတယ်... အခု ဘာမှ မဖြစ်ပေမယ့် နောက်နှစ်အနည်းငယ်၊ ဆယ်နှစ်လောက် ကြာရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဘယ်သူမှ မသိနိုင်ဘူး... ပြီးတော့ သူက ငါ ပေါ့ပေါ့ပါးပါး ခေါ်ထားတဲ့ အတွင်းရေးမှူးပဲ... ငါ့ရဲ့ အတွင်းစိတ် လိုအပ်ချက်တွေနဲ့ အဝေးကြီး လိုသေးတယ်"
ယန်ကျန့် ဆက်မောင်းနေသည်။ လေတိုးသံတွေ ပြတင်းပေါက်ကနေ ဝင်လာပြီး သူ့အတွေးတွေက လွင့်မျောနေသည်။
"တကယ်တော့ လျိုရှောင်ယွီက ကောင်းတယ်... သူက ငါ့အော်ပရေတာ ဆိုတော့ ငါ့အကြောင်း ကောင်းကောင်း သိတယ်... ဌာနချုပ်ကလည်း ဖြစ်ပြီး နောက်ခံ ရှင်းလင်းတယ်၊ ရပ်တည်ချက် မှန်ကန်တယ်... ဒါပေမဲ့ ဝမ်းနည်းစရာက သူလည်း သဘာဝလွန် လွှမ်းမိုးမှု ခံထားရတယ်... အဲဒါကလည်း လျှို့ဝှက်အန္တရာယ် ဖြစ်နိုင်တယ်"
ဒီအချိန်မှာ သူက ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ဖယ်ထားပြီး သူ့ရဲ့ "ဇနီး" ဖြစ်လာနိုင်မယ့် အနာဂတ် လောင်းကြေးတွေကို ယုတ္တိကျကျ သုံးသပ်နေခြင်း ဖြစ်သည်။
တကယ်တော့ သဘာဝလွန် နည်းလမ်းနဲ့ လူဖန်တီးတာက အကောင်းဆုံး ဖြစ်ပေမယ့် ဒါကလည်း ပြဿနာ ရှိသည်။ ယန်ကျန့် သေရင် သဘာဝလွန် နည်းလမ်းနဲ့ ဖန်တီးထားသူတွေလည်း အဆုံးသတ်သွားမှာ ဖြစ်သည်။
ယန်ကျန့် ဆက်စဉ်းစားပြီး သင့်တော်တဲ့ သူတွေကို ဆက်လက် စိစစ်နေသည်။
နောက်ဆုံးမှာတော့ သူက လူနှစ်ယောက်ကိုပဲ သင့်တော်တယ်လို့ ယူဆလိုက်သည်။ တစ်ယောက်က ကျန်းယန် ဖြစ်ပြီး နောက်တစ်ယောက်က မြောင်ရှောင်ရှန်း ဖြစ်သည်။
ကျန်းယန်ကို သိတာ ကြာပြီဖြစ်ပြီး နှစ်ယောက်သား သဘာဝလွန် ဖြစ်ရပ်တွေ အများကြီး အတူတူ ကြုံတွေ့ခဲ့ရသည်။ ယန်ကျန့် သူမကို တော်တော် ယုံကြည်ပြီး ကျန်းယန်ကလည်း ယန်ကျန့်အပေါ် ခိုင်မာသည်။ သစ္စာဖောက်မယ့် အပြုအမူမျိုး တစ်ခါမှ မပြဖူးသလို စီမံခန့်ခွဲနိုင်စွမ်းလည်း ကောင်းသည်။
မြောင်ရှောင်ရှန်း ကျတော့ ငယ်သူငယ်ချင်းလို ဖြစ်ပြီး ယန်ကျန့်ရဲ့ ကျောင်းသားဘဝက သံယောဇဉ်တွေ ပါရှိနေသည်။ သူမရဲ့ သဘောသဘာဝက ကြင်နာပြီး စိတ်သဘောထား နူးညံ့ပေမယ့် စီမံခန့်ခွဲနိုင်စွမ်း အားနည်းသည်။
"နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးရမယ် ဆိုရင် ဘယ်သူက ပိုသင့်တော်မလဲ" ယန်ကျန့် ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လိုက်သည်။
ဘယ်သူမှ ငြင်းမယ်လို့ သူ မထင်ပေ။ ဘာလို့လဲဆိုတော့ ဒီခေတ်ကြီးမှာ လူအများစုက ရွေးချယ်စရာ သိပ်မရှိကြလို့ ဖြစ်သည်။ သူတို့က သဘာဝလွန်လောကနဲ့ ထိတွေ့ဖူးပြီး ဒီကမ္ဘာကြီးရဲ့ ကြောက်မက်ဖွယ် ကောင်းပုံကို သိနေကြပြီ ဖြစ်လို့ သာမန်ဘဝမျိုး အပြစ်ကင်းစင်စွာ နေထိုင်ဖို့ မျှော်လင့်တာက မဖြစ်နိုင်တော့ပေ။
ဘာပဲဖြစ်ဖြစ် ဘယ်သူကမှ သက်သောင့်သက်သာ နေထိုင်ရင်း ရုတ်တရက် သဘာဝလွန် ဖြစ်ရပ်နဲ့ ကြုံပြီး မျှော်လင့်ချက်မဲ့စွာ သေဆုံးသွားချင်မှာ မဟုတ်ဘူးလေ။
သဘာဝလွန် ဖြစ်ရပ်နဲ့ မကြုံရင်တောင် ညရောက်လို့ တစ္ဆေတွေရဲ့ ခြောက်ခြားဖွယ်ရာတွေကို ပြန်စဉ်းစားမိရင် ဘဝက အေးချမ်းနိုင်ပါ့မလား။
ဒီလူတွေ အခုထိ ကောင်းကောင်းမွန်မွန် နေနိုင်တာက ယန်ကျန့်ကြောင့် ဖြစ်သည်။
ခြောက်ခြားစရာတွေနဲ့ ကြုံလာရင် ယန်ကျန့် လာကယ်လိမ့်မယ် ဆိုတဲ့ အသိစိတ် ရှိနေလို့ ဖြစ်သည်။
မျှော်လင့်ချက် ရှိနေလို့သာ အမှောင်ထုထဲမှာ အေးချမ်းစွာ အိပ်စက်နိုင်ကြခြင်း ဖြစ်သည်။
စဉ်းစားနေစဉ်မှာ ယန်ကျန့်ရဲ့ ဖုန်း ရုတ်တရက် လင်းလာပြီး မက်ဆေ့ခ်ျ တစ်စောင် ဝင်လာသည်။
"တိုက်ဆိုင်လိုက်တာ... မြောင်ရှောင်ရှန်း တာချန်းမြို့ကို ရောက်နေပြီလို့ မထင်ထားမိဘူး"
သူ တစ်ချက် ကြည့်လိုက်ပြီး လီဗာကို ချက်ချင်း နင်းလိုက်သည်။
ကားက ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး လမ်းပေါ်ကနေ မမျှော်လင့်ဘဲ ပျောက်ကွယ်သွားသည်။
ပြန်ပေါ်လာတဲ့အခါ ကားက လေဆိပ်လမ်းမပေါ် ရောက်နေပြီ ဖြစ်ပြီး ဆင်းသက်ကာစ လေယာဉ်တစ်စင်းဆီကို အမြန် မောင်းနှင်သွားသည်။
လေယာဉ်ပေါ်က ဆင်းပြီး လေဆိပ်ကနေ ထွက်ဖို့ ပြင်နေတဲ့ ခရီးသည်တွေ အံ့ဩသွားကြသည်။
လေဆိပ်ထဲမှာ ကားပြိုင်မောင်းလို့ ရလို့လား။
ဒါပေမဲ့ ဒီကားကို မြင်တဲ့ လေဆိပ် ဝန်ထမ်းတွေက ဝင်မတားဘဲ မမြင်ချင်ယောင် ဆောင်နေကြသည်။
လေဆိပ် စီမံခန့်ခွဲမှု စည်းမျဉ်းတွေ ချိုးဖောက်တာ၊ အန္တရာယ်ရှိတဲ့ မောင်းနှင်မှု...
ဒါတွေက သူတို့နဲ့ မဆိုင်ပေ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သင်တန်းမှာ အလွန် အရေးကြီးတဲ့ စည်းကမ်း တစ်ခု ပါရှိသည်။ တချို့ကားတွေ ပေါ်လာရင် လုံးဝ မတားရဘူး။ အဲဒီကားက လေယာဉ်ပြေးလမ်းပေါ်မှာ လေယာဉ်ကို တားလိုက်ရင်တောင် သူတို့ ပူးပေါင်းဆောင်ရွက်ရမည်။ တိုက်ဆိုင်စွာပဲ ယန်ကျန့်ရဲ့ ကားက မတားရမယ့် ကားတွေထဲက တစ်စီး ဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ် ဒါက တာချန်းမြို့ တာဝန်ခံရဲ့ ကားပဲလေ။
ယန်ကျန့်က အဲဒီလောက် အာဏာပြချင်တာ မဟုတ်ပေ။ လမ်းကြုံလို့ လူဝင်ကြိုတာပဲ ရှိပြီး လေယာဉ်ကို တားဆီးဖို့ ရူးကြောင်ကြောင် အတွေးမျိုး မရှိပေ။
လေယာဉ်ပေါ်က ဆင်းဖို့ တန်းစီနေတဲ့ မြောင်ရှောင်ရှန်းက ယန်ကျန့် ကားပေါ်က ဆင်းလာတာကို မြင်တော့ နည်းနည်း ရှက်သွားသည်။
"နင် ဘာလို့ ဒီရောက်နေတာလဲ... ငါ တာချန်းမြို့ ရောက်ပြီ၊ ခဏနေရင် နင့်ဆီ လာခဲ့မယ်လို့ မက်ဆေ့ခ်ျ ပို့ထားတယ်လေ"
"ငါ အားနေလို့ လျှောက်သွားရင်း ဒီဘက် ရောက်လာတာ"
ယန်ကျန့် တည်ငြိမ်စွာ ပြောလိုက်သည်။
"လာ... ကားပေါ်တက်"
မြောင်ရှောင်ရှန်း ခေါင်းညိတ်လိုက်ပြီး သိပ်မတုံ့ဆိုင်းဘဲ ကားပေါ် အမြန် တက်လိုက်သည်။ တခြားသူတွေကို အနှောင့်အယှက် မဖြစ်စေဖို့ အမြန် ထွက်သွားချင်နေသည်။
ယန်ကျန့် ကားကို ကွေ့ပြီး လေဆိပ်ဘက်ကို ဦးတည်လိုက်သည်။ ဒါပေမဲ့ လူအများစုရဲ့ အမြင်ကနေ ကွယ်သွားတဲ့ အကွေ့တစ်ခု ရောက်တော့ ကားက ရုတ်တရက် ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏတွင် ကားက မြို့ထဲက လမ်းမတွေပေါ်မှာ ပုံမှန်အတိုင်း မောင်းနှင်နေသည်။
"ဒီတစ်ခါ တာချန်းမြို့မှာ ဘယ်နှရက် နေမှာလဲ" ယန်ကျန့် မေးလိုက်သည်။
"မနက်ဖြန် ပြန်ရမယ်... ဒီတစ်ခါ ခွင့်ယူပြီး လာတာ... ဘာပဲဖြစ်ဖြစ် ငါက ကျောင်းတက်နေတုန်းဆိုတော့ အချိန်သိပ်မရဘူးလေ"
မြောင်ရှောင်ရှန်း အားကိုးရာမဲ့စွာ ပြောလိုက်သည်။
"တခါတလေ ကျောင်းထွက်လိုက်ချင်တယ်... ဒီအတိုင်း ဆက်သွားနေတာက သိပ်အဓိပ္ပာယ်မရှိဘူးလို့ ခံစားရတယ်... ဘာပဲဖြစ်ဖြစ် နေရာတိုင်းမှာ သဘာဝလွန် ဖြစ်ရပ်တွေ ရှိနေတာပဲ... ဘယ်အချိန် ဘာဖြစ်မလဲ ဘယ်သူမှ မသိနိုင်ဘူး... ကိုယ့်ဆန္ဒအတိုင်းပဲ နေချင်တယ်... ဒါပေမဲ့ မိဘတွေက သဘောတူမှာ မဟုတ်ဘူး... ကောင်းတဲ့ တက္ကသိုလ် ရထားပြီးမှ ကျောင်းထွက်မယ် ဆိုရင် သူတို့ ငါ့ကို သတ်လိမ့်မယ်"
"စာမသင်ရင် အနာဂတ် မရှိဘူး... အားဝေ့နဲ့ ငါ့ကို ကြည့်ပါလား... ရည်မှန်းချက်မရှိ လျှောက်သွားပြီး ပြဿနာ ရှာနေကြတာ... ဒီနေ့ ငါက သူများကို မရိုက်ရင် မနက်ဖြန် သူများက ငါ့ကို လာရိုက်မယ်... နောက်ဆုံးကျရင် လမ်းပေါ်မှာ ဓားခုတ်ခံရပြီး သေသွားမယ့်ပုံပဲ"
ယန်ကျန့် ပြောလိုက်သည်။
"သဘာဝလွန် ဖြစ်ရပ်တွေက ပိုပို ပြင်းထန်လာပေမယ့် တဖြည်းဖြည်း ပြီးသွားမှာပါ... ဒါကြောင့် အနာဂတ်အတွက် စီစဉ်ထားဖို့ လိုတယ်"
"ပြီးတော့ ကျောင်းထွက်လိုက်ရင် နင် ဘာလုပ်မှာလဲ"
မြောင်ရှောင်ရှန်း မျက်လုံးမှေးပြီး ပြုံးလိုက်သည်။
"ငါ စဉ်းစားထားတယ်... နင့်ကုမ္ပဏီမှာ အလုပ်ဝင်မယ်... နင် ငါ့ကို သေချာပေါက် ခန့်မှာမလား"
"ငါ နင့်ကို ခန့်မယ် ဆိုပေမယ့် အလုပ်လုပ်ဖို့ ကျောင်းထွက်ဖို့ မလောသင့်ဘူး... တစ်သက်လုံး အလုပ်လုပ်ရမှာပဲ... ဒါကြောင့် ပညာရေးကို ကောင်းကောင်း ပြီးဆုံးအောင် လုပ်သင့်တယ်... အဲဒါ လူတိုင်း မျှော်လင့်တဲ့အရာ မဟုတ်ဘူးလား"
ယန်ကျန့် ပြောလိုက်သည်။
"အင်း... ငါလည်း အရင်က အဲဒီလို ထင်ခဲ့တာပဲ... ဒါပေမဲ့ အခုတလော စိတ်မလုံခြုံသလို ပိုပို ခံစားလာရတယ်"
မြောင်ရှောင်ရှန်း ပြောလိုက်သည်။
ယန်ကျန့်က "ဘာအကြောင်းရင်းကြောင့်လဲ" ဟု မေးလိုက်သည်။
"မသိဘူး... စွန်းယွီကျားက နင့်အကြောင်းတွေ ပြောပြပြီးနောက် ငါ စိုးရိမ်လာတာ ဖြစ်မယ်... ဒါမှမဟုတ် မကြာသေးမီက စာအုပ်ရေးနေလို့ စိတ်ဖိစီးပြီး နေထိုင်မှုပုံစံ ပြောင်းချင်နေတာလည်း ဖြစ်နိုင်တယ်"
မြောင်ရှောင်ရှန်း စဉ်းစားရင်း ပြောလိုက်သည်။
"စိုးရိမ်တာလား... ငါ နားလည်ပါတယ်... ဒါပေမဲ့ ငါ့မှာလည်း ဖြေရှင်းနည်း ကောင်းကောင်း မရှိဘူး"
ယန်ကျန့် ဘာမှ ဆက်မပြောတော့ပေ။ ဒီလို စိုးရိမ်ပူပန်မှုကို သူ နားလည်သည်။
သဘာဝလွန် ဖြစ်ရပ်တွေအကြောင်း ပိုသိလေ ကမ္ဘာပျက်တော့မယ်လို့ ပိုခံစားရလေ ဖြစ်သည်။ သာမန်လူတွေက သဘာဝကျကျ စိုးရိမ်ပူပန်လာပြီး ဘာမှ အရေးမကြီးတော့ဘူးလို့ တွေးကာ အသက်ရှင်နေတုန်း ကိုယ်လုပ်ချင်တာ လုပ်မယ်လို့ ဆုံးဖြတ်တတ်ကြသည်။
"နင် အခုတလော ဘာတွေ အလုပ်ရှုပ်နေလဲ"
မြောင်ရှောင်ရှန်း မေးလိုက်သည်။
"သဘာဝလွန် ဖြစ်ရပ်တွေကို ကိုင်တွယ်နေတာပေါ့... ဒါပေမဲ့ အခုတလော ငါ့အမေက အိမ်ထောင်ပြုဖို့ ဖိအားပေးနေတယ်... ငါ အသက်ကြီးလာပြီ... မိန်းမယူဖို့ လိုပြီလို့ သူ ထင်နေတယ်"
ယန်ကျန့် ပြောလိုက်သည်။
မြောင်ရှောင်ရှန်း အံ့ဩသွားပြီး ရယ်မောလိုက်သည်။
"နင့်လိုလူတောင် အိမ်ထောင်ပြုဖို့ ဖိအားပေးခံရတဲ့နေ့ ရှိတာပဲ... ဒါပေမဲ့ နင့်အရည်အချင်းနဲ့ဆိုရင် နင့်ကို ယူချင်တဲ့ ကောင်မလေးတွေ အများကြီး ရှိမှာပေါ့... နင်က နာမည်ကြီး တစ္ဆေမျက်လုံး ယန်ကျန့်ပဲလေ... သတင်းလွှင့်လိုက်တာနဲ့ နင့်အိမ်ရှေ့မှာ တန်းစီမယ့် ကောင်မလေးတွေက မိုင်နဲ့ချီ ရှည်လိမ့်မယ်"
"ဒါပေမဲ့ သင့်တော်တဲ့သူက အရမ်း ရှားတယ်" ယန်ကျန့် ပြောလိုက်သည်။
"နင့်စိတ်ထဲမှာ သင့်တော်တဲ့သူ ရှိလား"
မြောင်ရှောင်ရှန်းက ဒီလိုကိစ္စတွေကို အာရုံခံစားမိတဲ့အတွက် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ယန်ကျန့် တည်ငြိမ်စွာ ပြန်ဖြေသည်။
"အလေးအနက် စဉ်းစားပြီးတဲ့နောက် လောလောဆယ် ငါ့မှာ ကိုယ်စားလှယ်လောင်း နှစ်ယောက် ရှိတယ်"
"ဘယ်သူတွေလဲ... ဝမ်ရှန်းရှန်းတော့ မဟုတ်ပါဘူးနော်... သူက နင်နဲ့ လိုက်ဖက်မယ်လို့ ငါ ထင်တယ်... ဘာပဲဖြစ်ဖြစ် သူက ငါတို့အတန်းရဲ့ နာမည်ကြီး အလှပဂေးပဲ... ပိုးပန်းတဲ့သူတွေလည်း အများကြီးပဲ"
မြောင်ရှောင်ရှန်း အရိပ်အမြွက် ပြောလိုက်သည်။
"ဝမ်ရှန်းရှန်း မဟုတ်ဘူး... တစ်ယောက်က ကျန်းယန်"
ယန်ကျန့် ပြောလိုက်သည်။
မြောင်ရှောင်ရှန်း ရင်ထဲ ရုတ်တရက် ကျပ်သွားသည်။ ကျန်းယန်ကို သူမ သိသည်။ ယန်ကျန့်ကို သိတာ ကြာပြီဖြစ်ပြီး ယန်ကျန့်အိမ်မှာ တောက်လျှောက် နေလာခဲ့တာ...
"သူက သိပ်ကောင်းတယ်... နင့်ကို တကယ် လေးစားတယ်... နင်သာ သူ့ကို ရွေးရင် နင်တို့ အရမ်း အဆင်ပြေကြမှာပါ..."
သူမက ကောင်းတဲ့စကားတချို့ ပြောလိုက်ပေမယ့် လေသံထဲမှာ တင်းမာမှုနဲ့ စိုးရိမ်မှု အရိပ်အယောင်တွေ ပါနေသည်။
ယန်ကျန့် ဆက်ပြောသည်။
"နောက်တစ်ယောက်က နင်ပဲ"
မြောင်ရှောင်ရှန်း စကားပြော ရပ်သွားသည်။ ပြီးတော့ ယန်ကျန့်ကို မျက်လုံးပြူးပြီး ကြည့်ကာ အရမ်း အံ့ဩသွားပုံရသည်။
"ဘာ... ဘာလို့ ငါလဲ... ငါ... ငါက အရင်တုန်းက နင့်ကောင်မလေး ဖြစ်မယ်လို့ ကတိပေးခဲ့တာပဲ ရှိတာ... ဒါပေမဲ့... ဒါက အရမ်း မြန်လွန်းတယ်... ပြီးတော့ ငါက ကျောင်းတက်နေတုန်းလေ"
ခဏလောက် သူမ လက်ကာပြပြီး ငြင်းလိုက်သည်။ မျက်နှာတစ်ခုလုံး ရဲတက်လာပြီး ရင်တွေ တဒိန်းဒိန်း ခုန်နေသည်။
ယန်ကျန့်ကို မတွေ့ရတာ ကြာပြီးမှ ပြန်တွေ့တဲ့အခါ လက်ထပ်ဖို့အကြောင်း တန်းဆွေးနွေးလာမယ်လို့ မထင်ထားခဲ့မိပေ။ လုံးဝ အငိုက်မိသွားသည်။
ယန်ကျန့် ဆက်မောင်းနေသည်။ သူ့မျက်နှာထားက တည်ငြိမ်နေဆဲ ဖြစ်ပြီး အသေးအဖွဲ ကိစ္စတစ်ခုကို ဆွေးနွေးနေသလိုပင်။
"ဒါပေမဲ့ ငါ သဘောတူရင်တောင် မိဘတွေကို မေးရဦးမယ်"
မြောင်ရှောင်ရှန်း ခဏလောက် တိတ်ဆိတ်သွားပြီးမှ ရှက်ရှက်နဲ့ ပြောလိုက်သည်။
ယန်ကျန့် သူမရဲ့ ပျာယာခတ်နေတဲ့ ပုံစံကို မြင်တော့ ရုတ်တရက် ပြောလိုက်သည်။
"နင့်မိဘတွေရဲ့ သဘောထားက တကယ်တမ်းကျတော့ သိပ်အရေးမကြီးပါဘူး... ဘာပဲဖြစ်ဖြစ် ငါ အကုန် စီစဉ်နိုင်ပါတယ်"
မြောင်ရှောင်ရှန်း မျက်နှာ ထပ်ရဲသွားပြီး တိတ်ဆိတ်သွားသည်။ ဒီကိစ္စကို အလေးအနက် စတင် စဉ်းစားလိုက်သည်။
ဒါက သေးငယ်တဲ့ ဆုံးဖြတ်ချက် မဟုတ်ပေ။
ဘာလို့လဲဆိုတော့ သူမရဲ့ ဘဝတစ်ခုလုံးကို သက်ရောက်မှု ရှိနိုင်လို့ပင် ဖြစ်သည်။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မြောင်ရှောင်ရှန်းရဲ့ ရင်ထဲမှာတော့ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေသည်။ ဘာလို့လဲဆိုတော့ ယန်ကျန့် ဒီကိစ္စကို စဉ်းစားတဲ့အခါ သူမကို ထည့်သွင်းစဉ်းစားခဲ့တယ် ဆိုတာ သိလိုက်ရသည်။
"မဆုံးဖြတ်နိုင်ရင် မလောပါနဲ့... အခုချက်ချင်း ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး... ငါ မေးကြည့်ရုံပါ"
ယန်ကျန့် ပြောလိုက်သည်။
"ငါ့မေးခွန်းကလည်း တော်တော် စိတ်လိုက်မာန်ပါ ဖြစ်သွားတယ်... ဗြုန်းစားကြီး ဒီအကြောင်း ပြောမိတာ"
"ရပါတယ်... ငါ နင့်ကို နားလည်ပါတယ်... ဘာပဲဖြစ်ဖြစ် နင်က အခု မြင့်မားတဲ့ နေရာတစ်ခုကို ရောက်နေပြီလေ... နှလုံးသားရေးရာ ကိစ္စတွေမှာ သာမန်လူတွေလို ဖြစ်လို့ မရဘူး... ငါ့အခန်းဖော် လျိုကျစ် ပြောဖူးတယ်... ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုတွေက လွတ်လပ်တဲ့ အချစ်ရေးထက် စီစဉ်ထားတဲ့ အိမ်ထောင်ရေးကို ပိုအာရုံစိုက်ကြတယ်တဲ့... နင်က အကျိုးစီးပွားတွေကို ဘေးဖယ်ပြီး ငါ့ကို ထည့်စဉ်းစားပေးတာ ဝမ်းသာတယ်" မြောင်ရှောင်ရှန်း မျက်နှာရဲရဲလေးနဲ့ ပြောလိုက်သည်။
"ဒါကြောင့် ငါ ဒီကိစ္စကို အလေးအနက် စဉ်းစားပါ့မယ်... ဘယ်လိုပဲဖြစ်ဖြစ် ငါ နင့်ကို အဖြေပေးပါ့မယ်"
ယန်ကျန့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"နင် နားလည်တာ ကောင်းပါတယ်... ကဲ... ဒီကိစ္စ ခဏ ထားလိုက်ကြရအောင်... ငါ နင့်ကို ရှန်ထုံတာဝါကို အရင် လိုက်ပို့ပေးမယ်... အတန်းဖော်ဟောင်းတွေ တွေ့ဆုံပွဲကို ကျန်းဝေ့ စီစဉ်ရဦးမှာ... ဟိုရောက်ရင် သူ့ကို ဆက်သွယ်လိုက်... ဒီရက်ပိုင်း သူ ဘာတွေ အလုပ်ရှုပ်နေလဲ မသိဘူး"
"ကောင်းပြီ"
မြောင်ရှောင်ရှန်း ခေါင်းညိတ်လိုက်သည်။
"ပြီးတော့ ဘာမှ လုပ်စရာ မရှိရင် လျှောက်မသွားနဲ့... တာချန်းမြို့က အခုတလော မငြိမ်သက်ဘူး... လူတွေ ဆက်တိုက် သေနေတယ်"
ယန်ကျန့် ထပ်ဖြည့်စွက် ပြောလိုက်သည်။
မြောင်ရှောင်ရှန်းက "စိတ်မပူပါနဲ့... ငါ ရည်ရွယ်ချက်မရှိဘဲ လျှောက်မသွားပါဘူး" ဟု ပြောလိုက်သည်။
သူမ ကားမောင်းနေတဲ့ ယန်ကျန့်ကို ကြည့်လိုက်သည်။ ရင်ထဲမှာ ပျော်ရွှင်မှုတွေ ပြည့်နှက်နေပြီး ဒီခရီးစဉ်က တကယ်ပဲ တန်ပါတယ်လို့ ခံစားလိုက်ရသည်။