← Chapters

သူတို့ဘုရင်ပြန်လာပြီ

Vol. 1 Ch. 472

သူတို့ဘုရင်ပြန်လာပြီ

Vol. 1 Ch. 472

ဗုန်း...ဗုန်း...ဗုန်း...

ပေါက်ကွဲသံကြီးသည် အကြိမ်ကြိမ် ပဲ့တင်ထပ်သွားခဲ့သည်။ ရှားယွိမြို့၏ မြောက်ဘက်တခြမ်းလုံးသည် ပေါက်ကွဲသံများကြောင့် သိမ့်သိမ့်တုန်သွားလေသည်။ ပေါက်ကွဲမှုကြောင့် ကောင်းကင်တစ်ခုလုံး ပြိုကျလာတော့မည်ဟုပင် ထင်ရလေသည်။ စိတ်ဝိဉာဉ်မျောလွင့်ခရီးသည် အမြင့်ဆုံးအဆင့်များ အပါအဝင် မြို့ထဲမှလူတိုင်းသည် ကျယ်လောင်လှသော အသံကြောင့် နားစည်များပင် ထုံထိုင်း၍ အကြားအာရုံများ ခေတ္တဆုံးရှုံးကုန်ကြသည်။

ဝှစ်...

ပေါက်ကွဲမှုဗဟိုနှင့် မလှမ်းမကမ်းတွင် ရှိနေသော ရှောင်လုံဝမ်တို့လူစုမှာ အရင်ဆုံး သတိဝင်လာကြသူများဖြစ်သည်။ သူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းထွက်ပြေးကြသည်။ တစ်ချိန်တည်းတွင် သူတို့တစ်ယောက်ချင်းစီတိုင်းသည်  စွမ်းအင်လှိုင်းကြီး၏ ရိုက်ခတ်မှုမှ သူတို့နောက်ကျောများ လွတ်မြောက်စေရန် နည်းလမ်းပေါင်းစုံကိုသုံး၍ ခုခံလိုက်ကြသည်။

သူတို့သည် လွတ်မြောက်နိုင်ခဲ့သော်လည်း ကျင်းရှန်နိုင်ငံ၏ စစ်သေနာပတိချုပ်အိုကြီးမှာ အဖြစ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရလေသည်။

သူ့လက်နှစ်ဖက်လုံး မရှိတော့ရော တိုက်ကွက်အတော်များများကို သူအသုံးမပြုနိုင်တော့ပေ။ ထို့ကြောင့် သူသည် ခြေထောက်များကိုအသုံးပြု၍ တာအိုဖြင့်တိုက်ခိုက်ခြင်း ပြုလုပ်ခဲ့သည်။ သို့သော် ထိုတိုက်ကွက်သည် အဝေးမှ တိုက်ခိုက်ရခြင်းမျိုးမဟုတ်ဘဲ ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းဖြစ်သည်။ ယခုလေးတင် သူတို့လေးယောက် ကျန်းရီကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့စဉ်က ကျန်းရီ သူ့အား တိုက်ခိုက်လာလျှင် ရှောင်လုံဝမ်တို့ လာကူညီလောက်သည်ဟု သူထင်ခဲ့သည်။ သို့သော် သူတို့သည် သူ့အား စွန့်ပစ်ခဲ့သည်။

သူ့အသားအရောင်မှာ သွေးမရှိလောက်အောင် ဖြူဖျော့သွားခဲ့သည်။ သို့သော်လည်း သူသည် အသက်ရှင်ချင်စိတ် ပြင်းထန်လှသောကြောင့် မြေဓာတ်အရံအတားကို အလျင်အမြန် ဖန်တီးလိုက်သည်။ ထို့နောက် ပေါက်ကွဲမှုအနီး မရောက်ခင်တွင် ထွက်ပြေးရန် ကြိုးစားလိုက်သည်။

ကံဆိုးစွာပင် သူ့လက်နှစ်ဖက် မရှိတော့လေရာ အတွင်းအားထုတ်ဖော်ရန် ခက်ခဲလေသည်။ ထို့ကြောင့် သူ့တုံ့ပြန်နိုင်စွမ်းသည်လည်း အနည်းငယ် နောက်ကျသွားခဲ့သည်။ လွတ်မြောက်ရာသို့ သူ မရောက်မီတွင် ပေါက်ကွဲမှုသည် စွမ်းအင်လှိုင်းကြီးသည် သူ့အား ဝါးမျိုသွားခဲ့သည်။ သူ၏ မြေဓာတ်အရံအတားသည် အပြည့်အဝ ထွက်ပေါ်မလာသေးပေ။ ထို့နောက်တွင် စွမ်းအင်လှိုင်းကြီး၏ တိုက်စားမှုကြောင့် သူ့ကိုယ်သည် အသားစများအဖြစ် ပြောင်းလဲသွားကာ မြေပေါ်ကျဆင်းသွားခဲ့သည်။

နယ်မြေအပေါ်တွင် သြဇာလွှမ်းမိုးမှုရှိသည့် လူများထဲမှ တစ်ယောက်ဖြစ်သော ကျင်းရှန်နိုင်ငံ၏ စစ်သေနာပတိချုပ်အိုကြီးသည် ထိုနည်းနှင့် သေဆုံးသွားခဲ့လေသည်။

"ဖြီး..."

တစ်ဖက်တွင် ပန်းပွင်းမိန်းမပျိုနှင့် ကျောင်းအုပ်ယွိသည် စွမ်းအင်လှိုင်း၏ အဖျားခတ်မှုကြောင့် လေထဲတွင်ပင် သွေးများအန်လိုက်ရသည်။ ကျောင်းအုပ်ယွိ၏ စွမ်းအားသည် ရှောင်လုံဝမ်နှင့် နှိုင်းယှဉ်၍ ရသော်လည်း ပန်းပွင့်မိန်းမပျိုသည် ငွေပန်းပွင့်အဘွားအိုထက်ပင် အားနည်းလေသည်။ သူမသည် ဒဏ်ရာအပြင်းအထန် ရမသွားသော်လည်း စွမ်းအင်လှိုင်းကြောင့် ကိုယ်တွင်းအဂါၤများ အနည်းငယ် ထိခိုက်သွားကြောင်း ခံစားမိလိုက်သည်။ သူမ၏ လည်ချောင်းထဲမှ သွေးများကိုလည်း မဖိနှိပ်နိုင်တော့ဘဲ အန်ထုတ်လိုက်ရလေသည်။

"ပန်းပွင့်မိန်းကလေး...သတိထား"

အော်သံကျယ်ကြီးသည် သူမ၏နားထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။ သူမသည် အလျင်အမြန် သတိဝင်လာကာ သူမပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးလိုက်သည်။

ဝှစ်...

မကြာခင်တွင် သူမ၏အောက်ဘက်မှ လေထုသည် တုန်ခါလာခဲ့ပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ သွေးနီရောင် မျက်လုံးတစ်စုံသည် သူမ၏ နှလုံးခုန်သံအား မြန်ဆန်လာစေသည်။ သူမသည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ကျန်းရီပဲ...အဘိုးကြီးယွိ မြန်မြန်လာတိုက်လေ"

ကျောင်းအုပ်ယွိသည်လည်း မှင်တက်နေခဲ့သည်။ သူသည် ကျန်းရီ၏ မီးနဂါးဓားမှ မီးနဂါးငယ်လေးများ ထွက်ပေါ်လာသည်ကိုမြင်လျှင် အံကြိတ်၍ လေထုထဲတွင် ငြိမ်သက်စွာ ရပ်နိုင်စေရန် ကိုယ်ကိုထိန်းလိုက်သည်။ တစ်ချိန်တည်းတွင် သူသည် လက်ထဲမှ ယပ်တောင်ကိုယမ်း၍ ရွှေရောင်ဓားအလင်းများ ပစ်လွှတ်လိုက်သည်။

"ပန်းပွင့်တစ်သောင်းကြွေလွင့်ခြင်း"

ပန်းပွင့်မိန်းမပျိုသည် သူမ၏ လက်များကို စတင်လှုပ်ရှား၍ လေထုထဲတွင် ကခုန်လိုက်သည်။ ပတ်ဝန်းကျင်မှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် သူမ၏လက်တွင် စုစည်းလာကြပြီး အဝါရောင်ပန်းပွင့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ပန်းပွင့်များ မိုးရွာသလို ကျလာသည့် မြင်ကွင်းသည် အလွန်ခမ်းနားတင့်တယ်နေခဲ့သည်။

ဖုန်း...ဖုန်း...ဖုန်း...

အဝါရောင်ပန်းပွင့်များသည် မီးနဂါးငယ်လေးများနှင့် တိုက်မိသွားကြပြီး လေထဲတွင် မီးရှူးမီးပန်းများပမာ ပေါက်ကွဲသွားကြသည်။ ကျောင်းအုုပ်ယွိ၏ တိုက်ခိုက်မှုအဆုံးတွင် ပေါက်ကွဲမှုသည် ပို၍ပြင်းထန်လာခဲ့သည်။ ထို့ကြောင့် ကျန်းရီနှင့် ပန်းပွင့်မိန်းမပျိုမှာ နောက်သို့ဆုတ်လိုက်ကြရသည်။

ရှောင်လုံဝမ်နှင့် ကျောင်းအုပ်ယွိ သူမရှိနေရာသို့ လာနေကြသည်ကို မြင်သောအခါမှ ပန်းပွင့်မိန်းမပျို သက်ပြင်းချနိုင်သည်။ ကျန်းရီသည် ကောလဟာလများထဲကလောက် အားကောင်းသည့်ပုံမပေါ်ပေ။ ယခုတိုက်ခိုက်မှုသည် အားပြင်းသည်မှာ မှန်သော်လည်း သူမကိုသတ်ရန် မလုံလောက်ပေ။

သူမ စိတ်အေးသွားရုံ ရှိသေးသည်၊ သူမစိတ်ဝိဉာဉ်ထဲတွင် အန္တရာယ် အငွေ့အသက်ကို ခံစားမိလိုက်သည်။ သူမသည် မျက်နှာပျက်သွားခဲ့ပြီး ပတ်ဝန်းကျင်သို့ အလျင်အမြန် ကြည့်လိုက်သော် ကျန်းရီပျောက်ဆုံးသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူမ၏ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်သော် သူမ၏ကျောဘက်မှ လေထုသည် တုန်ခါလာကြောင်း သတိပြုမိလိုက်သည်။ ကျန်းရီသည် သူမအနောက်တွင် ပြန်ပေါ်လာခဲ့ပြီး သူမနှင့် ဆယ်မီတာသာ ကွာဝေးတော့သည်။

"ကျန်းရီ...မင်းငါ့ကိုသတ်ချင်မှတော့ ငါတို့ အတူသေကြတာပေါ့။ ပန်းပေါင်းတစ်ရာပွင့်ဖူးခြင်း..."

ပန်းပွင့်မိန်းမပျိုသည် အန္တရာယ် အငွေ့အသက်ကို ရလိုက်သော် ထွက်မပြေးရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ကိုယ်မှ အလင်းရောင်များ တောက်ပလာခဲ့ပြီး သူမ၏ အားအကောင်းဆုံး တိုက်ကွက်ကို ထုတ်လွှတ်လိုက်သည်။ ပန်းပွင့်မျိုးစုံ ဖြစ်ပေါ်လာခဲ့ပြီး ၎င်းတို့သည် သူမ၏ကိုယ်အား ကြောင်လိမ်လှေကားသဏ္ဍာန် လှည့်ပတ်လာကြသည်။ ကျန်းရီ သူမအနီးသို့ ဆက်တိုးလာသည်နှင့် သူမ၏ကိုယ် ပေါက်ကွဲသွားလိမ့်မည်။ သူသည် သူမနှင့်အလွန်နီးကပ်နေရာ မလွတ်မြောက်ဘဲ သူမနှင့်အတူ သေဆုံးသွားလိမ့်မည်။

"အရူး"

ကျန်းရီသည် လှောင်ပြောင်လိုက်သည်။ တစ်ဆက်တည်းတွင် သူ့လက်ထဲ၌ အစိမ်းရင့်ရောင်အလင်းများ တောက်ပလာခဲ့ပြီး သူ့လက်ဝါးချက်များနှင့်အတူ မီးလှိုင်းကြီးများ အရှေ့သို့ ပြေးထွက်သွားခဲ့သည်။ မီးလျှံတစ်ခုချင်းစီတိုင်း၏ အထဲတွင် နဂါးတစ်ကောင် ရှိနေခဲ့သည်။ မီးလျှံများ ပေါ်ထွက်လာသည်နှင့် ပန်းပွင့်မိန်းမပျို၏ကိုယ်မှာ အလွန်အမင်း ပူလောင်လာခဲ့သည်။

"အား..."

ပန်းပွင့်မိန်းမပျိုသည် သူမမှားသွားခဲ့ပြီမှန်း သိလိုက်သည်။ ကျန်းရီသည် ယခင်နည်းအတိုင်း မီးနဂါးငယ်လေးများ ပစ်လွှတ်လာခဲ့လျှင် သူမ၏ပန်းပွင့်များနှင့် ရင်ဆိုင်ချိန်တွင် ပေါက်ကွဲမှု ဖြစ်လာပေလိမ့်မည်။ သို့သော် ကျန်းရီ ယခုအသုံးပြုခဲ့သည်မှာ တကယ့်မီးလျှံများဖြစ်သည်။ မီးလျှံများသည် သူမ၏တာအိုတိုက်ခိုက်မှုနှင့် ထိတွေ့သွားလျှင်တောင် ပေါက်ကွဲမှု ဖြစ်လိမ့်မည်မဟုတ်။ ယခင်က ကျန်းရီသည် ရှားထင်ဝေ့၏ ခြေထောက်များကို ဤနည်းဖြင့် မီးရှို့ခဲ့ခြင်းဖြစ်သည်။

သူမ သဘောပေါက်သည်မှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။ မီးလျှံများ ထွက်ပေါ်လာခဲ့သည်နှင့် ကျန်းရီမှာ နေရာမှ ကွယ်ပျောက်သွားခဲ့ချေပြီ။ ထို့ကြောင့် သူမအနေနှင့် ကျန်းရီကို ဒဏ်ရာရအောင် လုပ်ချင်လျှင်တောင် မလုပ်နိုင်တော့ပေ။ သူမသည် မီးလျှံများ၏ အပူချိန်ကို ခံစားမိသည်နှင့် ခြောက်ခြားစွာ အော်ဟစ်၍ ထွက်ပြေးလိုက်သည်။

ကံဆိုးစွာပင် မီးလျှံများသည် သူမနှင့် အလွန်နီးကပ်နေပြီး သူမကိုယ်အား လျင်မြန်စွာ လွှမ်းခြုံသွားခဲ့သည်။ သူမ၏ အပြင်ဝတ်ရုံနှင့် ဆံပင်များမှာ မီးများစွဲသွားခဲ့ပြီး မည်းတူးလာခဲ့သည်။

"ပန်းပွင့်မိန်းကလေး...မကြောက်နဲ့၊ ကျုပ်လာကယ်မယ်"

ကျောင်းအုပ်ယွိသည် ပန်းပွင့်မိန်းမပျို၏ မလှမ်းမကမ်းတွင် ရှိနေခဲ့သည်။ ကျန်းရီ သူမအနီး၌ ပေါ်လာသည်နှင့် သူ့လက်သည် အပြာရောင်အလင်းများဖြင့် တောက်ပလာခဲ့သည်။ ထို့နောက်တွင် ရေလှိုင်းကြီးတစ်လုံးသည် သူမထံ တိုးဝင်သွားခဲ့သည်။

ထိုရေလှိုင်းကြီးသည် အလွန်အားပြင်းသောကြောင့် သူမအား ထိမှန်လျှင် ဒဏ်ရာအပြင်းအထန် ရစေမှာ ကျိန်းသေပေါက်ပင်။ သို့သော် သူထိုသို့မလုပ်ပါက သူမသည် အရှင်လတ်လတ် မီးမြှိုက်ခံရပေလိမ့်မည်။

သတ္ထု၊ သစ်သား၊ ရေ၊ မီးနှင့် မြေတို့သည် တစ်ခုနှင့်တစ်ခု ထောက်ပံ့နိုင်ပြီး တစ်ခုကိုတစ်ခုဖြင့် ချေဖျက်နိုင်သည်။

ကျောင်းအုပ်ယွိသည် ရေဓာတ်တာအိုကို နားလည်ထားခဲ့ပြီး ရေသည် မီးကိုဖိနှိပ်နိုင်လေသည်။ သူ၏ရေလှိုင်းကြီးသည် ပန်းပွင့်မိန်းမပျိူအား ဝါးမျိုသွားခဲ့ပြီး သူမကိုယ်ပေါ်မှ မီးများကို ငြိမ်းသတ်သွားခဲ့သည်။

မီးနှင့်ရေတို့ ရင်ဆိုင်တွေ့သွားခဲ့သည်။ မီးနှင့်ရေတို့သည် ဓာတ်မတည့်သောကြောင့် တွန်းကန်အားမှာ ပြင်းထန်လှသည်။ မီးပင်လယ်ကြီးသည် ခဏတွင်းချင်း ကွယ်ပျောက်သွားခဲ့သည်။ သို့သော် ပန်းပွင့်မိန်းမပျိုသည် ရေလှိုင်း၏ ပြင်းအားကြောင့် လွင့်ထွက်သွားခဲ့သည်။

"အား...အား..."

ပန်းပွင့်မိန်းမပျိုသည် သေခြင်းတရားမှ ပွတ်ကာသီကာ လွတ်မြောက်သွားခဲ့သည်။ သို့သော်လည်း သူမ၏ အရေပြားများမှာ မည်းတူးကုန်လေသည်။ သူမ၏ အနက်ရောင်ဆံပင်များနှင့် ဝတ်ရုံများမှာလည်း မီးကျွမ်းသွားကြသည်။ သူမ၏ မျက်နှာလှလှလေးသည် ဒဏ်ရာဒဏ်ချက်များ ပြည့်နေပြီး မီးခိုးများ တလူလူ ထွက်နေခဲ့သည်။ အလှအပကို အသက်ထက်တန်ဖိုးထားသော သူမလို လူအတွက် ရုပ်ဆိုးလှသော ပုံပန်းသွင်ပြင်သည် သူမအား သတ်လိုက်သည်ထက် ဆိုးရွားလေသည်။

ဗုန်း...

သူမသည် မြေပေါ်ပြုတ်ကျသွားခဲ့သည်။ သူမ၏အရေပြားတစ်ခုလုံးမှာ ဆိုးဆိုးဝါးဝါး နာကျင်နေသည်။ ပန်းပွင့်မိန်းမပျိုသည် မြေပြင်ပေါ်တွင် လူးလှိမ့်ရင်း နာနာကျင်ကျင် အော်ဟစ်နေခဲ့သည်။ သူမ၏အော်သံသည် ရှားယွိမြို့မြောက်ဘက်ပိုင်းတွင် ပဲ့တင်ထပ်နေခဲ့သည်။

"ကိုယ်စားအုပ်ချုပ်သူပြန်လာပြီ... သတ်ကြ"

မြို့တံတိုင်းထက်မှ စစ်သူကြီးလုသည် စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။ သူသည် ကျန်ရစ်နေသေးသော လက်တစ်ဖက်ကိုမြှောက်၍ အားကုန်အော်ဟစ်လိုက်သည်။

ကျန်းရီ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ ကျန်းရီသည် ပြန်ရောက်ရောက်ချင်းတွင် လှုပ်ရှားမှုအနည်းငယ်မျှဖြင့် ကျင်းရှန်နိုင်ငံ၏ စစ်သေနာပတိချုပ်အိုကြီးကို သတ်နိုင်ခဲ့ပြီး ပန်းပွင့်မိန်းမပျိုကို အပြင်းအထန် ဒဏ်ရာရသွားစေခဲ့သည်။ ထိုအဖြစ်အပျက်များသည် အသက်ရှင်ကျန်ရစ်နေသေးသော စစ်သည်များကို အားရှိလာစေသည်။

"သတ်...သတ်"

"တိုက်ကြ..."

စစ်သူကြီးလု၏ အော်ဟစ်သံကြီးသည် ရှားနိုင်ငံ၏ စစ်သည်များအား လှုံ့ဆော်နိုင်ခဲ့သည်။ သူတို့အားလုံးသည် လက်နက်များကို မြှောက်၍ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏အော်သံများသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။

ထိုခဏတွင် သာမန်ပြည်သူများပင် ယုံကြည်ချက် ပြန်ရှိလာကြသည်။ ရှားယွိမြို့ ဖျက်ဆီးခံလိုက်ရသော်လည်း ရှားနိုင်ငံ ပျက်စီးမသွားသေးပေ။

အကြောင်းအရင်းမှာ သူတို့၏ဘုရင် ပြန်ရောက်လာသောကြောင့် ဖြစ်လေသည်။

***

All Chapters