အခန်း (၁၃၈၅-၁၃၈၆)
Vol. 102 Ch. 1385-1386
အခန်း (၁၃၈၅) လုံခြုံရေးအိမ်ကို ဝင်ဆောင့်ခြင်း
ပြည်ပ၌ ဖြစ်ပျက်နေသော မုန်တိုင်းထန်သည့် အဖြစ်အပျက်များမှာ ပြည်တွင်းသို့ သတင်းမရောက်လာသေးပေ။ ခေါင်းဆောင်တစ်ဦး ပျောက်ဆုံးသွားခြင်းကို မည်သူမျှ ဂရုမစိုက်ကြသေးချေ။ သို့သော် ဒီလောက်ကြီးမားသော ကိစ္စရပ်တစ်ခုကို အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
ရက်ပိုင်းအတွင်း၌ပင် ဌာနချုပ်မှ ဒီသတင်းကို အနံ့ခံမိတော့မည်ဖြစ်ပြီး ထိုအချိန်ရောက်ပါက သဘာဝလွန်လောကတစ်ခုလုံး ကမောက်ကမဖြစ်ကာ တုန်လှုပ်သွားကြပေလိမ့်မည်။
မုန်တိုင်းတစ်ခုသည် တိတ်တဆိတ် အားယူနေလေပြီ။
နောက်တစ်နေ့ မနက်ခင်းအချိန်၌ ဖြစ်သည်။
ထိုနေရာမှာ ပြည်တွင်းရှိ တာတုန်းမြို့ နင်အန်း အဆောက်အအုံ အတွင်း၌ ဖြစ်လေသည်။
အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး မျက်မှန်ကိုင်းလေးနှင့် ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦးသည် စားပွဲပေါ်ရှိ လျှို့ဝှက်ဖိုင်များကို လှန်လှောဖတ်ရှုရင်း မှတ်စုတိုများကို မနားတမ်း ရေးမှတ်နေသည်။
မနက် ၇ နာရီခွဲအချိန်မှ အလုပ်စတင်ခဲ့ရာ ၁၁ နာရီထိုးမှသာ ဝမ်ချာလင်းတစ်ယောက် လက်ထဲမှ အလုပ်များကို ခေတ္တချပြီး မျက်လုံးများကို ပွတ်သပ်ရင်း အနားယူရန် ပြင်ဆင်လိုက်သည်။ ရေနွေးပူပူ တစ်ခွက်ကို ငှဲ့လိုက်ရင်း သူ သက်ပြင်းချလိုက်မိသည်။
'သဘာဝလွန်လောကမှာ ပေါ်ထွက်လာတဲ့ စွမ်းအားအမျိုးမျိုးကို ဖြည်းဖြည်းချင်း လေ့လာပြီး အဲဒါတွေကို ပေါင်းစပ် တွက်ချက်ပြီးတော့ အကောင်းဆုံး အဖြေတစ်ခုရှာဖို့ ငါ့မှာ အချိန်လုံလောက်တယ်လို့ ထင်ခဲ့တာ ဒါပေမဲ့ ဒီခေတ်ကြီးက ငါ့ကို အေးအေးဆေးဆေး နေခွင့်မပေးဘူး အခြေအနေတွေက မြန်မြန်ဆန်ဆန် ပြောင်းလဲလွန်းနေတယ် ငါ တာတုန်းမြို့မှာ ဘယ်လောက်ကြာကြာ ငြိမ်းငြိမ်းချမ်းချမ်း နေရဦးမလဲ မသိတော့ဘူး'
အငွေ့တထောင်းထောင်း ထနေသော လက်ဖက်ရည်ခွက်ကို ကိုင်ရင်း ပြတင်းပေါက် အပြင်ဘက်မှ စည်ကားနေသည့် မြို့ပြကြီးကို သူ ငေးကြည့်လိုက်သည်။
တာတုန်းမြို့၏ တာဝန်ခံ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ဝမ်ချာလင်းအတွက် ဒီရက်ပိုင်းတွေက မလွယ်ကူလှပေ။ သာမန်လူတစ်ယောက်အနေဖြင့် သူ့ပိုင်နက်ထဲမှ သဘာဝလွန်ဖြစ်ရပ်များကို ဖြေရှင်းရုံသာမက နှစ်ပေါင်းများစွာ ရေးဆွဲထားသည့် စီမံကိန်းကြီးတစ်ခုကို အကောင်အထည်ဖော်ရန်လည်း ကြိုးစားနေရသည်။
သူ့ဘေးတွင် အသင်းဖော်လည်း မရှိ မိတ်ဆွေ သူငယ်ချင်းလည်း မရှိဘဲ တိတ်တဆိတ် စောင့်ရှောက်နေသည့် မိသားစုဝင် တစ္ဆေများသာ ရှိလေသည်။
ဒါသည် ဝမ်ချာလင်း၏ ယုံကြည်မှုနှင့် တွန်းအားပင် ဖြစ်သည်။
'အချိန်ကျတော့မယ် နောက်ဆုံးအဆင့်ပဲ ကျန်တော့တယ် ယန်ကျန့် ဒီကိုလာပြီး နာရီကို လာမယူခင် အဆုံးမဲ့ ပြန်လည်စတင်ခြင်း စီမံကိန်း ကို ငါ အကောင်အထည် ဖော်ရမယ် အတိတ်နဲ့ အနာဂတ်ကို ပြောင်းလဲဖို့ အဲဒီအချိန်ကာလကို ငါ မဖြစ်မနေ ပြန်သွားရမယ်'
ဝမ်ချာလင်းသည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ရင်း သူ၏ အကြည့်များမှာ စူးရှပြတ်သားသွားသည်။
ခဏကြာ စဉ်းစားပြီးနောက် ဝမ်ချာလင်းသည် နာရီကို တစ်ချက်ကြည့်ရင်း ဖုန်းကောက်ကိုင်လိုက်သည်။
"အာကျန့် ငါ့အတွက် ကားပြင်ထားပေး ငါ အပြင်ခဏ သွားစရာရှိတယ်"
မကြာမီအချိန်တွင် ခန္ဓာကိုယ် အချိုးအစားကျနပြီး ရုံးဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် ရုံးခန်းတံခါးကို ခေါက်ပြီး ဝင်ရောက်လာသည်။
"ဆရာဝမ် ကားအဆင်သင့် ဖြစ်ပြီ"
"ကောင်းပြီ"
ဝမ်ချာလင်းသည် အနွေးဓာတ်မကုန်သေးသော လက်ဖက်ရည်ခွက်ကို ချပြီး အပေါ်ထပ်ကုတ်အင်္ကျီကို ဆွဲယူကာ ရုံးခန်းထဲမှ ထွက်ခွာလာခဲ့သည်။
ဓာတ်လှေကားထဲတွင် အတူလိုက်ပါလာရင်း အာကျန့်က စကားစတင်ပြောဆိုသည်။
"ဆရာဝမ် မနက်ဖြန် ကျွန်မ ခွင့်နှစ်ရက်လောက် ယူချင်တယ်"
"ဘာကိစ္စ ရှိလို့လဲ"
"ဒီရက်ပိုင်း နေလို့သိပ်မကောင်းဘူး ဖြစ်နေလို့ ဆေးရုံသွားပြမလို့ စိတ်မပူနဲ့ ဆရာဝမ် အလုပ်မပျက်စေရဘူး"
ဝမ်ချာလင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"ရတယ် ဒီရက်ပိုင်း ကောင်းကောင်း အနားယူလိုက် အကူအညီလိုရင် ပြော"
"ကျေးဇူးတင်ပါတယ် ဆရာဝမ်"
သိပ်မကြာမီအချိန်တွင် ဝမ်ချာလင်းသည် မြို့လယ်ကောင်ရှိ သာမန်တိုက်ပုလေး တစ်လုံးဆီသို့ ကားမောင်းထွက်လာခဲ့သည်။
ကားပေါ်မှ ဆင်းပြီးနောက် ဝမ်ချာလင်းသည် သော့တစ်ချောင်းကို ထုတ်ပြီး တံခါးဖွင့်ဝင်လိုက်သည်။ အိမ်ထဲတွင် မှောင်မည်းနေပြီး ပြတင်းပေါက်များကို အသေပိတ်ထားကာ ဓာတ်လှေကားရှေ့ရှိ မီးမှိန်မှိန်လေးတစ်ခုသာ လင်းနေသည်။
ဝမ်ချာလင်းသည် ဒီနေရာကို ရင်းနှီးနေပုံရပြီး မြေအောက်ထပ်သို့ ဆင်းသည့် ဓာတ်လှေကားကို နှိပ်လိုက်သည်။
ဒါသည် သူ တည်ဆောက်ထားသော လုံခြုံရေးအိမ် တစ်ခုဖြစ်သည်။
မြေပေါ်မှ အဆောက်အအုံမှာ ဟန်ပြသက်သက်သာ ဖြစ်သည်။
ဒီ လုံခြုံရေးအိမ်ကို ရောက်လာခြင်းမှာ ဘာမျှထူးထူးခြားခြား လုပ်ရန်မဟုတ်ဘဲ ပုံမှန် စစ်ဆေးရန်သက်သက်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီမြေအောက်ခန်းထဲတွင် အင်မတန် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေကြီးတစ်ကောင်ကို ချုပ်နှောင်သိမ်းဆည်းထားသောကြောင့် ဖြစ်သည်။
ကုဒ်နာမည်မှာ ပြိတ္တာ ဖြစ်သည်။
S အဆင့် သဘာဝလွန် ဖြစ်ရပ်ကြီးတစ်ခု၏ မူလဇာစ်မြစ်ဖြစ်သည်။ အလောင်းကောင်သံချောင်းဖြင့် ရိုက်နှက် ချုပ်နှောင်ထားသည် ဆိုသော်လည်း ဝမ်ချာလင်း စိတ်မချနိုင်သေးပေ။ အားလပ်သည့်အချိန်တိုင်း သူ လာရောက်ကြည့်ရှုလေ့ရှိသည်။
တင်း
ဓာတ်လှေကား ရပ်တန့်သွားလေပြီ။
မြေအောက်ခန်းကို ရောက်သည်နှင့် ဝမ်ချာလင်းသည် အထူးပြုလုပ်ထားသည့် အခန်းတစ်ခန်းဆီသို့ တန်းသွားလိုက်သည်။
ထူထဲလှသော တံခါးမကြီးပေါ်ရှိ မှန်ပြတင်းပေါက်လေးမှတစ်ဆင့် အခန်းထဲကို သူ ချောင်းကြည့်လိုက်သည်။
ပုံမှန် စစ်ဆေးမှုတစ်ခုဟု ထင်မှတ်ထားသော်လည်း အခန်းထဲမှ မြင်ကွင်းကြောင့် ဝမ်ချာလင်း၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
လုံခြုံရေးအိမ် အခန်းအတွင်း၌ ဘာမျှ မရှိတော့ပေ။
ယခင်က ချုပ်နှောင်သိမ်းဆည်းထားသော ပြိတ္တာကြီးမှာ ဆန်းကြယ်စွာပင် ပျောက်ဆုံးနေလေပြီ။
"ဘယ်လိုဖြစ်ရတာလဲ ပြိတ္တာကြီးက ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ"
ဝမ်ချာလင်း တစ်ကိုယ်လုံး တုန်လှုပ်သွားရသည်။
အခန်း၏ ထောင့်စေ့အောင် သူ သေချာလိုက်ကြည့်သည်။ သို့သော် လုံခြုံရေးအိမ်မှာ ကျဉ်းမြောင်းလှပြီး စတုရန်းမီတာ အနည်းငယ်သာရှိကာ မျက်စိတစ်ဆုံး အကုန်မြင်ရသည်။ ဘေးပတ်ပတ်လည် နံရံများကို ရွှေများဖြင့် ကာရံထားသဖြင့် ဘာကွယ်ရာမျှ မရှိပေ။
'တစ်ယောက်ယောက်များ ငါ့လုံခြုံရေးအိမ်ကို ရှာတွေ့ပြီး ပြိတ္တာကို ခိုးသွားတာလား'
ဝမ်ချာလင်း မျက်နှာပျက်ယွင်းသွားသည်။ တဒင်္ဂ တုန်လှုပ်မှုအပြီးတွင် သူ့ကိုယ်သူ အတင်းပြန်ငြိမ်အောင် ထိန်းလိုက်ပြီး အခြေအနေကို သုံးသပ်ကြည့်သည်။
'အိမ်အတွင်းကို ဖောက်ထွင်းဝင်ရောက်ထားတဲ့ လက္ခဏာ မတွေ့ရဘူး တစ္ဆေဆရာတစ်ယောက်ယောက် ဝင်ရောက်လာမယ် ဆိုရင်တောင် ပြိတ္တာကို ခေါ်ထုတ်ဖို့ လုံခြုံရေးအိမ် တံခါးကို ဖွင့်ရမှာပဲ အခု တံခါးက လုံးဝ ပိတ်ထားလျက်သား ဘာပျက်စီးမှုမှ မရှိဘူး'
သူ သေသေချာချာ ထပ်မံကြည့်ရှုသည်။ တံခါးတွင် ဘာပြဿနာမျှ မရှိပေ။
ဒီအခြေအနေမှာ ယုတ္တိမရှိပေ။ မည်မျှစွမ်းသော တစ္ဆေဆရာဖြစ်စေ မည်မျှကြမ်းတမ်းသော တစ္ဆေနယ်မြေကိုပင် ပိုင်ဆိုင်ထားပါစေ ရွှေဖြင့်လုပ်ထားသည့် လုံခြုံရေးအိမ်ထဲသို့ သဘာဝလွန်စွမ်းအားသက်သက်ဖြင့် ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်ပေ။ အထဲသို့ ဝင်လိုလျှင် အပြင်ဘက်မှ လူ့လုပ်အားဖြင့် အရင် ဖျက်ဆီးရမည်ဖြစ်သည်။
"CCTV ပြန်စစ်မယ်"
လုံခြုံရေးအိမ် နေရာအနှံ့တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသည်ကို ဝမ်ချာလင်း မမေ့ပေ။ ဒီကင်မရာများမှာ သိပ်အသုံးမဝင်လှသော်လည်း အနည်းဆုံးတော့ သတိပေးချက်တစ်ခု ရရှိနိုင်သည်။
'လွန်ခဲ့တဲ့ နှစ်ရက်က ငါ လာရောက်စစ်ဆေးတုန်းက အားလုံး ပုံမှန်ပဲ ရှိသေးတယ်'
စောင့်ကြည့်ရေးခန်းကို သူ အမြန်သွားပြီး လွန်ခဲ့သည့် နှစ်ရက်တာ မှတ်တမ်းများကို ပြန်ကြည့်သည်။
မှတ်တမ်းများ အားလုံး ပုံမှန်ပင် ဖြစ်သည်။ လျှပ်စစ်စီးဆင်းမှု ပြတ်တောက်ခြင်းမျိုးပင် မရှိပေ။ ဆိုလိုသည်မှာ ဒီနှစ်ရက်အတွင်း အပြင်ဘက်မှ မည်သည့်သဘာဝလွန်စွမ်းအားမျှ ကျူးကျော်ဝင်ရောက်လာခြင်း မရှိပေ။
'CCTV က ပုံမှန်ပဲ အားလုံး ပုံမှန်ပဲ ဒါဆို ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတော့တယ် ပြဿနာက လုံခြုံရေးအိမ် အထဲမှာ ဖြစ်နေတာ'
ဒီအတွေး ဝင်လာလိုက်သည်နှင့် ဝမ်ချာလင်း၏ ကျောပြင်တွင် ချွေးစေးများ ပြန်လာသည်။
ပြိတ္တာ အခိုးခံရခြင်းထက် ဒီအခြေအနေက ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။
ဒါသည် S အဆင့် သဘာဝလွန်ဖြစ်ရပ်၏ မူလဇာစ်မြစ်ဖြစ်ပြီး အလောင်းကောင်သံချောင်းဖြင့် ရိုက်နှက်ထားသော တစ္ဆေဆိုးကြီးဖြစ်သည်။ မတော်တဆမှု တစ်ခုခုများ ဖြစ်ခဲ့ပါက နောက်ဆက်တွဲ ဆိုးကျိုးများမှာ တွေးရဲစရာပင် မရှိပေ။
'မဖြစ်နိုင်ဘူး မဖြစ်သင့်ဘူး ပြိတ္တာကို ရွှေခေါင်းတလားထဲက ထုတ်ထားတယ် ဆိုပေမယ့် သူ့ခေါင်းမှာ အလောင်းကောင်သံချောင်း စိုက်ထားတာလေ အဲဒါက ဘယ်လိုတစ္ဆေမျိုးကိုမဆို ချုပ်နှောင်နိုင်တဲ့ ပစ္စည်းပဲ အလောင်းကောင်သံချောင်းမှာ ပြဿနာတက်ပြီး ဟန်ချက်ပျက်သွားတာများလား'
ဝမ်ချာလင်း၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းလာသည်။ ဆက်မတွေးရဲတော့ပေ။
"ငါ သေချာ ထပ်ကြည့်ရမယ်"
စောင့်ကြည့်ရေးခန်းထဲမှ ကမန်းကတန်း ထွက်လာပြီး ခုနက အခန်းရှေ့သို့ ပြန်သွားလိုက်သည်။
ပိုမိုသေချာစေရန် ဓာတ်မီးတစ်လက်ကိုပါ ထုတ်ပြီး မှန်ပြတင်းပေါက်မှတစ်ဆင့် အထဲသို့ ထိုးကြည့်လိုက်သည်။
အားကောင်းသော အလင်းရောင်ကြောင့် ကျဉ်းမြောင်းသည့် အခန်းလေးမှာ လင်းထိန်သွားသည်။
ပြိတ္တာ ရှိခဲ့ဖူးသည့် နေရာကို ဝမ်ချာလင်း စိုက်ကြည့်လိုက်သည်။ ထိုနေရာတွင် မထင်မှတ်ထားသော အရာလေးတစ်ခုကို သူ သွားရောက်တွေ့ရှိသည်။
ပြိတ္တာ ထိုင်ခဲ့သည့် နေရာတွင် မြေကြီးကဲ့သို့သော အမှုန့်လေးများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။
'ဒါ မြေကြီး မဟုတ်ဘူး သံချေးတွေ အလောင်းကောင်သံချောင်းရဲ့ သံချေးတွေ'
ဝမ်ချာလင်း ရင်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။
သဘာဝလွန် ပစ္စည်းများမှာ လွယ်ကူစွာ မပျက်စီးနိုင်ကြောင်း သူ ကောင်းစွာသိသည်။ အလောင်းကောင်သံချောင်းမှာ ကြွေကျလုမတတ် သံချေးတက်နေသည်ဟု ထင်ရသော်လည်း ဗုံးဖြင့်ခွဲလျှင်ပင် ပျက်စီးမည့်အရာ မဟုတ်ပေ။ သဘာဝလွန် ပစ္စည်းတစ်ခု ပျက်စီးသည်ဆိုသည်မှာ သူထိန်းချုပ်ထားသော စွမ်းအားနှင့် ပဋိပက္ခဖြစ်ပြီးမှသာ ဖြစ်လာနိုင်ခြင်းဖြစ်သည်။
'ပြိတ္တာ လွတ်မြောက်သွားပြီ သူ အခု လုံခြုံရေးအိမ် အထဲမှာ ရှိနေတယ် ငါ မမြင်ရတာက သူက တစ္ဆေနယ်မြေကို အသုံးပြုထားလို့ပဲ မှန်ကနေ ငါ မြင်တွေ့နေရတာတွေက အစစ်အမှန် မဟုတ်တော့ဘူး'
ဝမ်ချာလင်းသည် စိုးရိမ်တကြီးဖြင့် ဓာတ်မီးကို ချပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
သူနှင့် ထိုကြောက်မက်ဖွယ် ပြိတ္တာကြီးကြားတွင် တံခါးတစ်ချပ်သာ ခြားတော့သည်။ မည်သူမဆို ကြောက်လန့်တုန်လှုပ်သွားမည့် အခြေအနေပင် ဖြစ်သည်။
'အခု ဘာလုပ်ကြမလဲ'
ဝမ်ချာလင်း၏ လက်များမှာ အနည်းငယ် တုန်ယင်နေသည်။
သူ့ဦးနှောက်က အဖြေတစ်ခု ရရှိရန် အသည်းအသန် စဉ်းစားနေသည်။
ကံကောင်းသည်မှာ ပြိတ္တာသည် လုံခြုံရေးအိမ်ထဲတွင်သာ ပိတ်မိနေသေးပြီး အပြင်သို့ ထွက်မလာသေးခြင်း ဖြစ်သည်။ ဖြေရှင်းရန် အခွင့်အရေး ရှိသေးသည်။
ဒုန်း
ရုတ်တရက် ထွက်ပေါ်လာသော လေးလံသည့် အသံကြီးကြောင့် ဝမ်ချာလင်း လန့်ဖျပ်သွားသည်။
ဒုန်း
နောက်ထပ် ဆောင့်သံကြီး တစ်ခု ထပ်မံကြားလိုက်ရပြန်သည်။
ဝမ်ချာလင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လုံခြုံရေးအိမ် တံခါးကို စိုက်ကြည့်လိုက်သည်။
အသံမှာ အထဲမှ လာခြင်း ဖြစ်သည်။
ဒုန်း
ဒုန်း
အသံများမှာ ဆက်တိုက် ထွက်ပေါ်လာပြီး တစ်ချက်ဆောင့်လိုက်တိုင်း ဝမ်ချာလင်း၏ နှလုံးသားကို ထုနှက်လိုက်သလို ခံစားရသည်။ မွန်းကြပ်မှုနှင့် အကြောက်တရားများ ရောထွေးလာပြီး ခြေလှမ်းများမှာ အနောက်သို့ တရွေ့ရွေ့ ဆုတ်မိနေသည်။
ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ တံခါးရှိ မှန်ပြတင်းပေါက်တွင် အက်ရာများ စတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
လုံခြုံရေးအိမ်ထဲတွင် ပိတ်လှောင်ခံထားရသည့် ပြိတ္တာမှာ တံခါးကို ရိုက်ချိုးပြီး ထွက်ရန် ကြိုးစားနေပြီ ဖြစ်သည်။
ဒီအခြေအနေတွင် ဝမ်ချာလင်းမှာ တားဆီးလိုလျှင်ပင် တားဆီး၍ မရနိုင်တော့သည့် အနေအထားဖြစ်သည်။
လုံခြုံရေးအိမ် ပျက်စီးသွားပြီဆိုပါက ပြန်လည်ပြုပြင်၍ မရနိုင်တော့ပေ။ ဝမ်မိသားစု၏ ရှေးဟောင်းအိမ်ကြီးမှ နာရီကိုအသုံးပြုပြီး ပြန်လည်စတင်ခြင်း ပြုလုပ်မည် ဆိုလျှင်ပင် ရွှေဖြင့်လုပ်ထားသည့် ဒီအခန်းကို သွားရောက်ပြီး သက်ရောက်မှု ရှိမည်မဟုတ်ပေ။
ဆိုလိုသည်မှာ ပြိတ္တာကြီး အခန်းကို ဖျက်ဆီးနေသည်ကို ဝမ်ချာလင်း ဒီတိုင်း ရပ်ကြည့်နေရုံမှလွဲ၍ ဘာမျှ မတတ်နိုင်တော့ခြင်း ဖြစ်သည်။
ဝုန်း
ဆောင့်တိုက်သံများမှာ ပဲ့တင်ထပ်နေပြီး မှန်ပေါ်ရှိ အက်ရာများမှာ ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးများပြားလာသည်။
သို့သော် ဝမ်ချာလင်း၏ အမြင်အာရုံထဲတွင်မူ အခန်းမှာ ဘာမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေဆဲ ဖြစ်သည်။ ဘာလှုပ်ရှားမှုမျှ မမြင်ရပေ။
ခွမ်း
ကျယ်လောင်သော အသံနှင့်အတူ မှန်ကွဲသံများ ထွက်ပေါ်လာသည်။ လုံခြုံရေးအိမ်၏ အတွင်းဘက်ဆုံး မှန်အလွှာ ကွဲထွက်သွားပြီ ဖြစ်သည်။
ရင်ကို ဖိစီးနှိပ်စက်နေသော ဆောင့်သံကြီးများမှာ ရပ်တန့်မသွားဘဲ ဒုတိယ မှန်အလွှာကို ဆက်လက် တိုက်ခိုက်နေသည်။
'လုံခြုံရေးအိမ်က ပြိတ္တာကို မတားဆီးနိုင်တော့ဘူး'
ဝမ်ချာလင်း အံကြိတ်လိုက်မိသည်။ ဒီ ရက်စက်သော အမှန်တရားကို လက်မခံ၍ မရတော့ပေ။
အထူးစီမံထားသည့် မှန်များ ကွဲကုန်ခြင်းသာမက တံခါးဘောင်များပါ တုန်ခါပြီး လျော့ရဲလာပြီ ဖြစ်သည်။ ဟာကွက် အနည်းငယ် ပေါ်လာသည်နှင့် ပြိတ္တာ လွတ်ထွက်လာတော့မည် ဖြစ်သည်။
တကယ်တော့ လုံခြုံရေးအိမ် ဆိုသည်မှာ သဘာဝလွန်စွမ်းအားများကို သီးခြားခွဲထုတ်ထားရန်သာ ဖြစ်သည်။ ထောင်ချထားရန် မဟုတ်ပေ။ ဘဏ်တိုက်ကြီးကဲ့သို့ ခိုင်ခံ့အောင် တည်ဆောက်ထားခြင်း မဟုတ်ပေ။
'ရွေးချယ်စရာ မရှိတော့ဘူး ပြိတ္တာကို အပြင်ပေးထွက်လို့ လုံးဝမဖြစ်ဘူး မဟုတ်ရင် ငါခိုးလာတဲ့ ကိစ္စ ပေါက်ကြားသွားမှာတင် မကဘူး တာတုန်းမြို့တစ်ခုလုံး ပျက်စီးသွားလိမ့်မယ် ယန်ကျန့်တောင် ဒါကို ထိန်းချုပ်နိုင်ခဲ့သေးတာပဲ ငါ ဒုတိယအကြိမ် ပြန်မထိန်းချုပ်နိုင်စရာ အကြောင်းမရှိဘူး ဒီနေရာမှာတင် အပြတ်ဖြတ်ရမယ်'
ဝမ်ချာလင်းသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခေါင်းထဲရှိ အတွေးများကို ဖျောက်ဖျက်လိုက်သည်။ တည်ငြိမ်အောင် မနည်း ကြိုးစားရင်း ထိုကြောက်မက်ဖွယ် ပြိတ္တာကြီးကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ နောက်ကျောဘက်၌ ဆိုးယုတ်ပြီး ခြောက်ခြားဖွယ်ကောင်းသော အရိပ်မည်းကြီး လေးခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုအရာများမှာ ဝမ်ချာလင်း၏ ကွယ်လွန်သွားပြီဖြစ်သော အဖိုးအဖွားနှင့် မိဘများ၏ တစ္ဆေများပင် ဖြစ်ပေသည်။
အခန်း (၁၃၈၆) အမှောင်ထု ပြန်လည်ရောက်ရှိလာခြင်း
ဝမ်ချာလင်းသည် သူ၏ စီမံကိန်း စတင်အကောင်အထည် မဖော်နိုင်သေးမီမှာကတည်းက ဤမျှကြီးမားသော မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
ဒုန်း ဒုန်း
လေးလံပြင်းထန်လှသော ရိုက်ခတ်သံများသည် တိတ်ဆိတ်ပြီး မွန်းကြပ်ဖွယ်ကောင်းသော မြေအောက်ခန်း လုံခြုံရေးအိမ်အတွင်း ပဲ့တင်ထပ်နေသည်။
ရိုက်ခတ်မှု အရှိန်အဟုန်မှာ ပြင်းထန်လွန်းလှသဖြင့် အပြင်ဘက် မျက်နှာကြက်ဆီသို့ တုန်ခါမှုများ ရောက်ရှိလာပြီး အပေါ်မှ ဖုန်မှုန့်များ တဖွားဖွား ကျဆင်းလာသည်ကို ဝမ်ချာလင်း ခံစားလိုက်ရသည်။
သို့သော် ယခုအချိန်တွင် ဝမ်ချာလင်းသည် သူ၏ စိတ်ကူးယဉ်အိပ်မက်များကို စွန့်လွှတ်လိုက်ပြီဖြစ်ပြီး မကြာမီ လွတ်မြောက်လာတော့မည့် ပြိတ္တာကို ရင်ဆိုင်ရန် အသင့်ပြင်ဆင်လိုက်သည်။
'ပြိတ္တာနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက တော်တော်လေး ရှင်းလင်းပြီးသား သူ့ရဲ့ သတ်ဖြတ်ခြင်း နိယာမကိုလည်း ငါ ကောင်းကောင်း နားလည်ထားတယ် ငါ့ဘက်က အနိုင်ရဖို့ အခွင့်အရေး မနည်းဘူး'
ဝမ်ချာလင်းသည် သူ၏ ကျောနောက်ဘက်တွင် ရပ်နေကြသော နာရေးဓာတ်ပုံထဲမှ ထွက်လာသကဲ့သို့ ဖြစ်နေသည့် အဖိုးနှင့် အဖွားကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ယုံကြည်မှု အနည်းငယ် ရရှိလာသည်။
သို့သော် ဘေးကင်းစေရန်အတွက် သူသည် ပြိတ္တာနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဖုန်းထဲတွင် အဆင်သင့် ပြင်ဆင်ထားလိုက်သည်။
အကယ်၍ သူသာ ကျရှုံးခဲ့မည်ဆိုပါက နောက်ထပ် မိနစ် ၂၀ အတွင်း ထိုသတင်းအချက်အလက်များကို ဌာနချုပ်သို့ အလိုအလျောက် ပေးပို့သွားမည်ဖြစ်ပြီး တာတုန်းမြို့၏ အခြေအနေကို သူတို့ နားလည်နိုင်ကြပေလိမ့်မည်။
ထို့နောက်တွင် ဝမ်ချာလင်းသည် သဘာဝလွန် တိုက်ပွဲကြားတွင် အလဟသ အသေမခံရစေရန်အတွက် အသက်ကယ်နည်းလမ်း အချို့ကိုပါ ပြင်ဆင်ထားလိုက်သည်။
ကြီးမားသော တိုက်ခိုက်သံကြီးများမှာ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်သည်။
ယခုအချိန်တွင် ဝမ်ချာလင်းသည် တိုက်ပွဲဝင်ရန် အသင့်အနေအထား ဖြစ်နေပြီး မကြာမီ ပျက်စီးတော့မည့် လုံခြုံရေးအိမ်ကို စူးစိုက်ကြည့်နေသည်။
ဆောင့်တိုက်သံများသည် ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။ တံခါးမှာ ဖောင်းပွ ရွဲ့စောင်းလာပြီး အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။
တံခါးမှန်မှာ လုံးဝ ကွဲကြေမသွားသေးသော်လည်း တံခါးကိုယ်နှိုက်က ဒဏ်ကို ဆက်လက်မခံနိုင်တော့ပေ။
ရှဲရှဲ ဂျလိ
ထို့နောက် လုံခြုံရေးအိမ်အတွင်းရှိ မီးလုံးများ စတင် တုန်ခါလာပြီး ပတ်ဝန်းကျင်ရှိ အလင်းရောင်များမှာ မျက်စိရှေ့တွင်ပင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
စိမ်းပြာရောင် အငွေ့အသက်များပါဝင်သော မြူခိုးတစ်လွှာသည် အခန်းထဲမှနေ၍ ထိန်းချုပ်မရနိုင်အောင် စိမ့်ထွက်လာပြီး မြေအောက်ခန်းတစ်ခုလုံးကို ထူထဲသော မြူများကဲ့သို့ လျင်မြန်စွာ ဖုံးလွှမ်းသွားကာ အပြင်ဘက်သို့ပင် စတင် ပျံ့နှံ့လာတော့သည်။
'ဒါ ပြိတ္တာရဲ့ တစ္ဆေနယ်မြေပဲ ဒီကောင်ရဲ့ နယ်မြေက အတော်လေး ကျယ်ဝန်းတာပဲ မြို့တစ်မြို့လုံးကိုတောင် အလွယ်တကူ လွှမ်းခြုံနိုင်တယ်'
ဝမ်ချာလင်းသည် သူ့ပတ်ဝန်းကျင်မှ မြူခိုးများကို ကြည့်လိုက်ရာ မှတ်တမ်းထဲက အချက်အလက်များနှင့် တစ်ထပ်တည်း ဖြစ်နေသည်ကို တွေ့ရသည်။
သို့သော် သူ၏ ကိုယ်ခန္ဓာအနီးတွင်မူ မြူခိုးများ မရှိပေ။
သူ့ဘေးနားရှိ တစ္ဆေများကလည်း တစ္ဆေနယ်မြေကို ပိုင်ဆိုင်ထားကြပြီး ပြိတ္တာ၏ နယ်မြေထက်ပင် ပိုမို အားကောင်းသေးသဖြင့် သူတို့၏ နယ်မြေ ကျူးကျော်ခံရမည့်အရေးကို ပူပန်စရာမလိုပေ။
'တစ္ဆေနယ်မြေ ပေါ်လာပြီဆိုကတည်းက ပြိတ္တာက အခန်းထဲကနေ ထွက်လာနိုင်ပြီဆိုတဲ့ သဘောပဲ ဒီလိုဆိုရင်တော့ တွန့်ဆုတ်နေလို့ မဖြစ်တော့ဘူး'
လှုပ်ရှားရမည့်အချိန် ရောက်ပြီဟု ဝမ်ချာလင်း ဆုံးဖြတ်လိုက်သည်။
သူသည် သူ၏ အဖိုးအဖွား တစ္ဆေများကို လှမ်းကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"ပြိတ္တာရဲ့ တစ္ဆေနယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး အဲဒီကောင်ဆိုးကို ဖမ်းဆီးဖို့ ငါ့ကို ကူညီပေး"
ဝမ်ချာလင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သေဆုံးခဲ့ပြီးဖြစ်သော သူ၏ အဖိုးအဖွားများကို အမိန့်ပေး စေခိုင်းလိုက်သည်။
ဝမ်ချာလင်း၏ အမိန့်သံအဆုံးတွင် သက်ကြီးရွယ်အို စုံတွဲ၏ လည်ပင်းများသည် တောင့်တောင့်ကြီး လှည့်လာကြပြီး အသက်မဲ့နေသော မျက်လုံးများဖြင့် စိမ်းပြာရောင် မြူခိုးထု၏ အနက်ရှိုင်းဆုံးနေရာသို့ စိုက်ကြည့်ကာ တပြိုင်နက်တည်း ရှေ့သို့ တလှမ်းချင်း တိုးဝင်သွားကြသည်။
ထိုအဖိုးကြီး အဖွားကြီး နှစ်ယောက် ခြေလှမ်းလှမ်းလိုက်တိုင်း ပတ်ဝန်းကျင်ရှိ မြူခိုးများမှာ အနည်းငယ် ပြယ်လွင့်သွားရသည်။
ထိုကြောက်မက်ဖွယ် သက်ကြီးရွယ်အိုများ၏ ရှေ့မှောက်တွင် ပြိတ္တာ၏ နယ်မြေသည် အရေးမပါသကဲ့သို့ ဖြစ်နေပြီး ဒီအတိုင်းသာ ဆက်ဖြစ်နေပါက ပြိတ္တာ၏ နယ်မြေမှာ လုံးဝ ပိတ်ဆို့ခံရမည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်။
ယခုအချိန်တွင် ပထမဆုံးအကြိမ် တစ္ဆေနယ်မြေချင်း ထိပ်တိုက်တွေ့ဆုံမှု၌ ဝမ်ချာလင်းက အသာစီးရနေသည်မှာ ထင်ရှားသည်။
သို့သော် စိမ်းပြာရောင် မြူခိုးများ လျင်မြန်စွာ ကွယ်ပျောက်သွားပြီး မှောင်မည်းနေသော မြေအောက်ခန်း ပြန်လည် ပေါ်လာသည့်အချိန်တွင် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်မှာ အရပ်မရှည်သော်လည်း အလွန် ပိန်လှီနေပြီး ကိုယ်ဝန်ဆောင်သည် တစ်ဦးကဲ့သို့ ဖောင်းပွနေသော ဗိုက်ကြီးတစ်ခု ပါရှိသည်။
'ပြိတ္တာ ပေါ်လာပြီပဲ'
ဝမ်ချာလင်း စကားမပြောဘဲ မိဘများ၏ နောက်ကွယ်မှနေ၍ စောင့်ကြည့်နေလိုက်သည်။
ပြိတ္တာ၏ သတ်ဖြတ်ခြင်း နိယာမမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ အသံကြားသည်ဖြစ်စေ မြင်လိုက်ရသည်ဖြစ်စေ ထိတွေ့မိသည်ဖြစ်စေ ပစ်မှတ်ထားခြင်း ခံရမည်ဖြစ်ပြီး စိမ်းပြာရောင် မြူခိုးများကို ရှူရှိုက်မိလျှင်ပင် ဝိညာဉ်တိုက်စားခြင်း ခံရနိုင်သည့် အလွန်အန္တရာယ်များသော အရာဖြစ်သည်။
ကြောက်မက်ဖွယ် အဖိုးအဖွား နှစ်ယောက်သည် ပြိတ္တာကို စိုက်ကြည့်ရင်း မှန်မှန် ခြေလှမ်းလှမ်းကာ ချဉ်းကပ်သွားကြသည်။
ပြိတ္တာ၏ တစ္ဆေနယ်မြေမှာ ကျုံ့ဝင်သွားသဖြင့် ၎င်းအနေဖြင့် ပုန်းအောင်းရန် အလွန်ခက်ခဲလာပြီး ယခုအခါ နံရံတွင် ကပ်နေရပြီး ဝမ်ချာလင်း၏ ကွယ်လွန်သူ အဖိုးအဖွားများ၏ ဖိအားပေးခြင်းကို ခံနေရသကဲ့သို့ ဖြစ်နေသည်။
'အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားရင် ပြိတ္တာကို ပြန်ပြီး ချုပ်နှောင်ထားနိုင်လိမ့်မယ်'
ဝမ်ချာလင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
အရာအားလုံး အဆင်ပြေနေသည်ဟု ထင်ရသော်လည်း ရုတ်တရက် ပြိတ္တာ လှုပ်ရှားလိုက်သည်။ စိမ်းပြာရောင် လက်မောင်းတစ်ဖက် မြောက်တက်လာပြီး လျင်မြန်စွာ ရှေ့သို့ တိုးဝင်ကာ အဖွားဖြစ်သူကို ဖမ်းဆွဲလိုက်သည်။
ဝမ်ချာလင်း၏ အဖွားဖြစ်သူမှာ ပြိတ္တာ၏ တိုက်ခိုက်မှုကို မည်သို့မျှ တုံ့ပြန်ခြင်း မရှိပေ။
မဟုတ်ပေ တုံ့ပြန်ခြင်း မရှိသည် မဟုတ်ပဲ မတုံ့ပြန်နိုင်ခြင်း ဖြစ်သည်။
ထို့နောက် စိမ်းပြာရောင် မြူခိုးများ တမဟုတ်ချင်း ပြန်လည် ထကြွလာပြီး မြေအောက်ခန်း တစ်ခုလုံးကို ချက်ချင်း ဝါးမြိုပစ်လိုက်ကာ ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ထုထဲသို့ ပြန်လည် ကျရောက်သွားတော့သည်။
"မကောင်းတော့ဘူး"
ဝမ်ချာလင်း မျက်နှာပျက်သွားသည်။
သူ၏ အဖိုးအဖွားများက ပြိတ္တာကို အောင်မြင်စွာ ချုပ်နှောင်နိုင်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထိုကဲ့သို့ အလှည့်အပြောင်း ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ပြိတ္တာသည် မှတ်တမ်းများထဲကထက် ပိုမို ကြောက်စရာကောင်းနေသည်။
သဘာဝလွန် တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။
ဝမ်ချာလင်း မရှုံးနိမ့်သေးပေ။ သူ့အဖိုး ရှိနေသေးသည်။ သူ့မိဘများ ရှိနေသေးသည်။ အနိုင်ရရန် အခွင့်အရေး ကျန်ရှိနေသေးသည်။
သို့သော် အချိန်ကုန်လွန်လာသည်နှင့်အမျှ စိမ်းပြာရောင် အမှောင်ထုများသည် သတိမထားမိလိုက်ခင်မှာပင် မြေအောက်ခန်းအပြင်ဘက်သို့ လျှံထွက်လာပြီး အရပ်မျက်နှာ အနှံ့အပြားသို့ ပျံ့နှံ့ကာ တာတုန်းမြို့ထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားတော့သည်။
သိသာထင်ရှားသည်မှာ တာတုန်းမြို့၏ တာဝန်ခံဖြစ်သော ဝမ်ချာလင်းသည် ကြမ်းတမ်းသော တစ္ဆေကြီး ၄ ကောင်၏ စွမ်းအားကို အသုံးပြုခဲ့လျှင်တောင် ပြိတ္တာကို ပြန်လည် မထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြိတ္တာ လွတ်မြောက်လာခြင်းနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန် ဖြစ်ရပ်ဆိုးကြီးတစ်ခု အစပျိုးလာတော့မည် ဖြစ်သည်။
ထိုပြောင်းလဲမှုများမှာ မြန်ဆန်လွန်းလှသဖြင့် ဌာနချုပ်ပင်လျှင် ချက်ချင်း တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။
တာချန်းမြို့မှ ယန်ကျန့်မှာမူ ခွင့်ယူပြီး အနားယူနေဆဲဖြစ်သည်။ တစ်ရက်အတွင်း သဘာဝလွန်လောက၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို သူ လုံးဝ သတိမထားမိသေးဘဲ အနက်ရောင်ထီး သဘာဝလွန်ဖြစ်ရပ်ကို မည်သို့ ဖြေရှင်းရမည်ကိုသာ စဉ်းစားနေဆဲဖြစ်သည်။
ယခုအချိန်တွင် သူသည် ရုံးခန်းထဲ၌ အောက်ထပ်ရုံးခန်းမှ ကျန်းဝေ့နှင့် ကွန်ပျူတာဂိမ်း ချိတ်ဆက် ကစားနေသည်။
ဒါသည် ရှားပါးလှသော အားလပ်ချိန်လေးတစ်ခု ဖြစ်သည်။
ဒီအချိန်၌ မည်သူမျှ သူ့ကို လာရောက်မနှောင့်ယှက်ကြပေ။ ကုမ္ပဏီကိစ္စ အချို့ ယန်ကျန့်၏ အာရုံစိုက်မှုကို လိုအပ်နေလျှင်ပင် ကျန်းလီချင်က တိတ်တဆိတ် တားဆီးပေးထားပြီး နောက်မှသာ ပြန်လည် တင်ပြပေးလေ့ရှိသည်။
သို့သော် ကျန်းလီချင်သည် ကုမ္ပဏီနှင့် ပတ်သက်သော ကိစ္စရပ်များကို တားဆီးနိုင်ပြီး ဖုန်းခေါ်ဆိုမှုများစွာကို လစ်လျူရှုထားနိုင်သော်လည်း သူမ ဂရုစိုက်ရမည့် ဖုန်းခေါ်ဆိုမှုတစ်ခု ရှိနေသည်။
ဂွမ်းကျန်း လူနေအိမ်ရာတွင် နေထိုင်သော ဝမ်ရှန်းရှန်းထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်သည်။
"ယန်ကျန့်နဲ့ စကားပြောချင်လို့ တစ္ဆေကလေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ကိစ္စမို့ ယန်ကျန့်ကို ဖုန်းလွှဲပေး"
"ဝမ်ရှန်းရှန်း ခဏလေး စောင့် ဥက္ကဋ္ဌယန်က လက်ရှိ မအားသေးလို့ ငါ သွားမေးပေးမယ်"
ကျန်းလီချင်သည် ဒီဖုန်းခေါ်ဆိုမှုကို လစ်လျူရှုရဲခြင်းမရှိဘဲ ဖုန်းကိုကိုင်ကာ ယန်ကျန့်ထံသို့ ချက်ချင်း သွားလိုက်သည်။
ထိုအချိန်တွင် ယန်ကျန့်သည် ကွန်ပျူတာ မျက်နှာပြင်ကို အာရုံစိုက်နေပြီး ဂိမ်းကစားရာတွင် စိတ်နှစ်ထားကာ ယခင်က ခံစားချက်ကို ပြန်လည်ရယူရန် ကြိုးစားနေသည်။
"ဥက္ကဋ္ဌယန် ဝမ်ရှန်းရှန်းက ရှင်နဲ့ စကားပြောချင်လို့တဲ့ တစ္ဆေကလေး ကိစ္စလို့ ပြောတယ်"
ကျန်းလီချင် အသံတိုးတိုးဖြင့် သတင်းပို့လိုက်သည်။
ယန်ကျန့် လက်ကို ရပ်တန့်လိုက်ပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထို့နောက် ဂိမ်းအသံကို ပိတ်လိုက်သည်။
"ဝမ်ရှန်းရှန်း ငါပဲ ဘာဖြစ်လို့လဲ"
ဝမ်ရှန်းရှန်းသည် အကြောင်းမဲ့သက်သက် သူ့ဆီသို့ ဘယ်တော့မှ ဖုန်းဆက်လေ့မရှိပေ။ သူမ ဆက်သွယ်လာပြီဆိုလျှင် သေချာပေါက် အလွန်အရေးကြီးသော ကိစ္စတစ်ခုခု ရှိနေလို့သာ ဖြစ်သည်။
"တစ္ဆေကလေးမှာ ပြဿနာ တစ်ခုခု ရှိနေတယ် စိမ်းပြာရောင် တစ္ဆေနယ်မြေတစ်ခု သူ့ပတ်ဝန်းကျင်မှာ စတင် ဖြစ်ပေါ်နေတယ် ဒီသဘာဝလွန်စွမ်းအားက သူ့ရဲ့စွမ်းအား မဟုတ်သင့်ဘူး ပြိတ္တာ ဖြစ်ရပ်ကို နင် မှတ်မိတယ် မဟုတ်လား ဒါက အချက်ပေးခေါင်းလောင်းသံ တစ်ခုလို့ ငါ ထင်တယ်"
ဝမ်ရှန်းရှန်း၏ အသံထဲတွင် လေးနက်မှု အငွေ့အသက်များ ပါဝင်နေသည်။
ယန်ကျန့်၏ မျက်လုံးအကြည့်များ ချက်ချင်း စူးရှသွားသည်။
"အခု တစ္ဆေကလေးဆီမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေလား"
"လောလောဆယ်တော့ ပြဿနာ မရှိသေးဘူး အားလုံး ပုံမှန်ပဲ"
"နင့်ရဲ့ သုံးသပ်ချက် မှန်တယ် စိမ်းပြာရောင် တစ္ဆေနယ်မြေ ဆိုတာ ပြိတ္တာရဲ့ သဘာဝလွန်စွမ်းအားပဲ ပြိတ္တာကို ချုပ်နှောင်လိုက်ကတည်းက ဒီစွမ်းအားတွေ ပျောက်ကွယ်သွားခဲ့တာ အခု တစ္ဆေကလေးဆီမှာ ဒီလက္ခဏာ ပြန်ပေါ်လာတယ်ဆိုတော့ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ် ပြိတ္တာ ဖြစ်ရပ်ဆိုးကြီး ပြန်လည် ပေါ်ပေါက်လာဖို့ ရှိနေတယ် ငါ ဒီကိစ္စကို စုံစမ်းလိုက်မယ် နင် တစ္ဆေကလေးကိုပဲ မျက်ခြေမပြတ် စောင့်ကြည့်ထားပါ ထူးခြားတာရှိရင် ချက်ချင်း ငါ့ကို အသိပေး"
ကြွယ်ဝသော သဘာဝလွန် အတွေ့အကြုံများကြောင့် ယန်ကျန့်သည် အခြေအနေကို ချက်ချင်း သဘောပေါက်လိုက်သည်။
တစ္ဆေကလေး၏ ဖြစ်တည်မှုသည် ပြိတ္တာထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၎င်း၏ လွှမ်းမိုးမှုမှ လွတ်မြောက်လာခဲ့သော်လည်း သဘာဝလွန် ဆက်နွယ်မှုတစ်ခု ရှိနေဆဲဖြစ်သည်။
'ပြိတ္တာက ဌာနချုပ်ကနေ အခိုးခံရပြီးကတည်းက ပျောက်ဆုံးနေခဲ့တာ ဒီနေ့မှ ဒီလျှို့ဝှက်အန္တရာယ်က မျက်နှာပြင်ပေါ် ရောက်လာတော့တာလား'
ယန်ကျန့် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဝမ်ရှန်းရှန်း၏ ဖုန်းကို ချလိုက်သည်။ ထို့နောက် နားကြပ်မှတစ်ဆင့် ပြောလိုက်သည်။
"အားဝေ့ ကိစ္စတစ်ခု ပေါ်လာလို့ ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်"
"ကိစ္စမရှိဘူးကွာ မင်း ငါ့ကို ထားခဲ့တာကို ငါက ဘယ်လိုလုပ် စိတ်ဆိုးရမှာလဲ ပထမဆုံးအကြိမ်မှ မဟုတ်တော့တာ"
ကျန်းဝေ့၏ အသံမှာ သဘောထားကြီးပုံ ပေါက်နေသော်လည်း ယန်ကျန့် မမြင်ရသည့် စားပွဲအောက်တွင်မူ ဝှက်ထားသော ပုဆိန်ကို တိတ်တဆိတ် စမ်းကြည့်နေသည်။
"နောက်တစ်ခါမှ ပြန်ဆော့ကြတာပေါ့"
ယန်ကျန့် စကားပြောပြီးသည်နှင့် ကွန်ပျူတာကို ပိတ်လိုက်သည်။
"လျိုရှောင်ယွီကို အပေါ်လွှတ်လိုက်"
"ဟုတ်ကဲ့ ဥက္ကဋ္ဌယန်"
ကျန်းလီချင်သည် အခြေအနေ၏ လေးနက်မှုကို သတိပြုမိသဖြင့် အပြေးလေး ထွက်ခွာသွားသည်။
ရုံးခန်းထဲတွင် ယနေ့ တာဝန်ကျနေသော လီယန်က မေးလိုက်သည်။
"ခေါင်းဆောင် ဘာဖြစ်လို့လဲ ပြိတ္တာနဲ့ ပတ်သက်တယ်လို့ ကြားလိုက်တယ် ပြိတ္တာ ဖြစ်ရပ်ဆိုးကြီး ပြန်ပေါ်လာတာလား"
"မရှင်းလင်းသေးဘူး တစ္ဆေကလေးဆီမှာ ပုံမှန်မဟုတ်တဲ့ လက္ခဏာ နည်းနည်း တွေ့နေရတယ် ဌာနချုပ်ကနေ ပျောက်ဆုံးသွားတဲ့ ပြိတ္တာနဲ့ ဆက်စပ်ကြည့်မှ ရမယ်"
'တကယ်လို့များ ပြိတ္တာ ဖြစ်ရပ်သာဆိုရင် အခြေအနေက တော်တော် ဆိုးရွားလိမ့်မယ်'
လီယန် တွေးဆလိုက်သည်။
"ငါ အတွေးလွန်နေတာ ဖြစ်ပါစေလို့ပဲ ဆုတောင်းတယ် ဒါပေမဲ့ စုံစမ်းကြည့်တာကတော့ ပိုစိတ်ချရတာပေါ့"
မကြာမီ လျိုရှောင်ယွီ ရုံးခန်းထဲသို့ သုတ်သုတ်ပျာပျာ ရောက်ရှိလာသည်။
"ယန်ကျန့် ဘာဖြစ်လို့လဲ ရှင့်အတွင်းရေးမှူးက ပြောတယ် ရှင် ကျွန်မနဲ့ အရေးတကြီး ပြောစရာရှိလို့ဆို"
"ဌာနချုပ်ကို ချက်ချင်း ဆက်သွယ်လိုက် ချောင်ယန်ဟွာကို တိုက်ရိုက်ခေါ်ပြီး ထောက်လှမ်းရေး ဝန်ထမ်းတွေ အကုန်လုံးကို လှုပ်ရှားခိုင်းလိုက် ပြိတ္တာ ဖြစ်ရပ်ဆိုးကြီး ပြန်လည် ပေါ်ပေါက်လာနိုင်တယ်လို့ သူ့ကို ပြောလိုက် ပြည်တွင်းက မြို့ကြီးတွေမှာ ပြဿနာ တစ်စုံတစ်ရာ ရှိမရှိ စစ်ဆေးခိုင်းလိုက်"
"အဲဒီလောက်တောင် အခြေအနေ ဆိုးနေတာလား"
လျိုရှောင်ယွီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်လန့်သွားသည်။
"နားလည်ပြီ ဌာနချုပ်ကို ချက်ချင်း ဆက်သွယ်လိုက်မယ်"
ထို့နောက် လျိုရှောင်ယွီသည် အောက်ထပ် ရုံးခန်းဆီသို့ အမြန် ပြေးဆင်းသွားသည်။
ယန်ကျန့်၌ မည်သည့် တိကျခိုင်မာသော သက်သေအထောက်အထားမျှ မရှိသော်လည်း သူ၏ စကားသည် အမိန့်ဖြစ်သည်။ အားလုံးသည် တရားဥပဒေစိုးမိုးရေး ခေါင်းဆောင်တစ်ဦး၏ ဆုံးဖြတ်ချက်ကို ယုံကြည်ကြရမည်။ မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်နေလျှင်ပင် ယန်ကျန့်က စစ်ဆေးရန် ပြောပါက ဌာနချုပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရပေမည်။
'ပြိတ္တာ အခိုးခံရတာ တော်တော်ကြာနေပြီ တကယ်လို့များ ပြိတ္တာ ဖြစ်ရပ်သာ တကယ် ပြန်ဖြစ်လာတယ်ဆိုရင် ဘယ်သူကများ ဒီလောက် မိုက်ရူးရဲဆန်ပြီး ပြိတ္တာကို လွှတ်ပေးလိုက်တာလဲ သဘာဝလွန်လောကမှာ အပယ်ခံဖြစ်သွားမှာကို သူတို့ မကြောက်ကြဘူးလား ဒါမှမဟုတ် ပြိတ္တာကိုယ်တိုင်မှာပဲ တစ်ခုခု လွဲချော်သွားတာလား သူခိုးက မထိန်းချုပ်နိုင်ဘဲ မတော်တဆ ကပ်ဘေးဆိုက်သွားတာများလား'
ယန်ကျန့် စဉ်းစားခန်း ဝင်နေပြီး အဆိုးရွားဆုံး အခြေအနေများကို အလိုအလျောက် တွေးတောမိနေသည်။
ယခုအချိန်အထိ သူသည် ပြိတ္တာ ဖြစ်ရပ်ဆိုးကြီး ပြန်လည် ဖြစ်ပွားလာမည်ကို မမြင်တွေ့လိုပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် S အဆင့် သဘာဝလွန် ဖြစ်ရပ်တစ်ခု ဖြစ်သောကြောင့်ပင် ဖြစ်သည်။နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့သည် ဆိုဦးတော့ လူပေါင်းများစွာ၏ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးရဦးမည်သာ ဖြစ်သည်။