သက်တော်စောင့်အဖွဲ့ ရောက်ရှိခြင်း
Vol. 11 Ch. 101
အယ်လီဆာ၏ နေအိမ်သို့ သွားရာလမ်းတွင် ကာရင်းမှာ စိတ်လှုပ်ရှားမှုနှင့် ရင်ခုန်မှုတို့ကြောင့် အယ်လီဆာ၏ ရောဂါကို မည်သို့ကုသမည်နည်း ဟူသည့်အကြောင်းကို တန်ယန်နှင့် သေချာစွာ ဆွေးနွေးရန်ပင် ခဏတာ မေ့လျော့နေခဲ့လေသည်။
တန်ယန်သည် ကာရင်း၏ ခံစားချက်ကို နားလည်ပေးနိုင်ပါ၏။ ၎င်းတို့နှစ်ဦးမှာ အလွန်ရင်းနှီးသည့် သူငယ်ချင်းများ ဖြစ်ကြပေလိမ့်မည်။ အကယ်၍ သူမနှင့်မီကိုသာ ထိုသို့သော အခြေအနေမျိုး ကြုံတွေ့ရပါက သူမလည်း ဤကဲ့သို့ပင် တုံ့ပြန်မိမည်မှာ အသေအချာပင် ဖြစ်၏။ ထို့ကြောင့် သူမသည် ကာရင်း၏ ငြိမ်သက်မှုကို မနှောင့်ယှက်ဘဲ စိတ်ထဲ၌သာ ယိတျန်တျန်နှင့် စကားပြောနေလိုက်လေသည်။
မနေ့က ယွမ်ဘီလီယံ (၅၀) သုံးစွဲရမည့်တာဝန် ပြီးမြောက်သွားပြီးနောက် ညနေပိုင်း ဟိုတယ်သို့ ပြန်ရောက်သည့်အခါ ဆုလာဘ်များကို လက်ခံရရှိခဲ့လေသည်။ သုံးစွဲလိုက်သည့် ငွေပမာဏ၏ (၃) ဆ ပြန်လည် ရရှိသည့်အပြင် ရွှေရောင်ကံစမ်းမဲသေတ္တာ (၁၀၀)၊Nightfall လုံခြုံရေးကုမ္ပဏီနှင့် Flo စံအိမ်ကြီးတို့ကိုပါ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ငွေသားပြန်အမ်းသည့် ဆုလာဘ်ကို သူမ အထူးတလည် မအံ့သြတော့သော်လည်း အခြားသော ဆုလာဘ်များကမူ သူမကို များစွာ ကျေနပ်အားရစေခဲ့၏။ သူဌေးကြီးများမှာ မမျှော်လင့်ထားသော ဖြစ်ရပ်များကို ကိုင်တွယ်ရန် သက်တော်စောင့်များစွာ လိုအပ်သည်ဟု သူမ ကြားဖူးထားလေသည်။ ယခုအခါ သူမနှင့် သူမ၏ မိသားစုအတွက် ထိုသို့သော အစီအစဉ်မျိုးကို နောက်ဆုံး၌ ဖန်တီးနိုင်ခဲ့ပြီ မဟုတ်ပါလော။
Nightfall လုံခြုံရေး ကုမ္ပဏီ၏ အကြီးအကဲသည် ယနေ့ညတွင် သူမ၏ ကိုယ်ရံတော် အဖွဲ့နှင့်အတူ YL နိုင်ငံသို့ ရောက်ရှိလာကာ သူမနှင့် တွေ့ဆုံမည် ဖြစ်ပေသည်။ ဤအဖွဲ့မှာ တစ်ကမ္ဘာလုံး၌ လက်နက်ကိုင်ဆောင်ခွင့် လက်မှတ်များ ရရှိထားသည့် ထိပ်တန်းအဆင့် ကိုယ်ရံတော်များဖြစ်ပြီး နိုင်ငံတော် အကြီးအကဲများ၏ လုံခြုံရေး အဖွဲ့နှင့်ပင် ယှဉ်နိုင်ကာ သာလွန်ကောင်းမွန် လှပေသည်။
လက်ရှိတွင် သူမအနေဖြင့် ထိုမျှ မြင့်မားသော လုံခြုံရေးအဆင့်အတန်း မလိုအပ်သေးသော်လည်း ၎င်းတို့ကို တွေ့ရမည်ဖြစ်၍ မျှော်လင့်မိနေဆဲပင် ဖြစ်၏။
ရွှေရောင်သေတ္တာ (၁၀၀) အတွင်းမှလည်း F နိုင်ငံရှိ ဝိုင်ထုတ်လုပ်ရေး လုပ်ငန်းနှစ်ခု၊ YL နိုင်ငံရှိ ရဲတိုက်ကြီးတစ်ခု၊ မြင်းမွေးမြူရေးခြံတစ်ခု၊ XL နိုင်ငံရှိ လယ်ယာခြံတစ်ခု၊ ဘုရင်မကြီး၏ ရာဇလှံတံ၊ထိန်ဖေးကုမ္ပဏီ၏ ရှယ်ယာ (၃၀) ရာခိုင်နှုန်း၊ ယွီယင်းပလက်ဖောင်း၏ ရှယ်ယာ (၃၀) ရာခိုင်နှုန်း၊ (A) မြို့ရှိ ဥယျာဉ်ခြံနှင့်အိမ်၊ W မြို့ရှိ ဟုန်မေစံအိမ်ရာ အတွင်းမှ သီးသန့်ဗီလာတစ်လုံး၊တစ်နှစ်အတွင်း ထုတ်ပေးမည့် ကတ်ပြား (၅) ခု၊ ဇိမ်ခံကား (၁၀) စီးနှင့် ငွေသားယွမ် သန်း (၃၀၀) တို့ကို ရရှိခဲ့လေသည်။
မိနစ်လေးဆယ်ခန့် ကြာပြီးနောက် မော်တော်ယာဉ်မှာ YL နိုင်ငံရှိအာဏာရှိသူများနှင့် သူဌေးကြီးများ နေထိုင်ရာ နာမည်ကျော်အနောက်ပိုင်းရပ်ကွက် အတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။လမ်းများပေါ်တွင် ကင်းလှည့်နေသော ရဲအရာရှိများကိုလည်း ပိုမိုတွေ့မြင်လာရ၏။
တန်ယန်သည် ကားပြတင်းပေါက် အပြင်ဘက်မှ ဖြတ်သန်းသွားသော အမည်မသိ သစ်ပင်များကို ကြည့်နေမိလေသည်။ခါးသီးသော ဆောင်းရာသီမှာပင် ထိုသစ်ပင်တို့မှာ စစ်သားများစနစ်တကျ တန်းစီနေသကဲ့သို့ မတ်မတ်ရပ်လျက် ဖြတ်သန်းသွားသော ယာဉ်တန်းကို အလေးပြုနေကြသယောင် ထင်ရပေသည်။
မော်တော်ယာဉ်သည် မြင့်မားသော တံတိုင်းများရှိသည့် အိမ်တစ်လုံး၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး အတွင်းလမ်းသို့ မဝင်ရောက်မီ စစ်ဆေးရေးဂိတ် သုံးခုကို ဖြတ်ကျော်ခဲ့ရလေသည်။
‘တကယ့်ကို ခမ်းနားလိုက်တာ' ဟု တန်ယန်စိတ်ထဲမှ ကျိတ်၍ တွေးမိလေသည်။
‘ဒါသာ C နိုင်ငံရဲ့ မြို့တော်မှာဆိုရင် ကိုယ်ပိုင်နေအိမ်အတွက် ဒီလောက်အကျယ်ကြီး ပိုင်ဆိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး'
ကားသည် နောက်ထပ် (၁၅) မိနစ်ခန့် ဆက်လက် မောင်းနှင်ပြီးနောက် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်တစ်ခု၏ အဝင်ဝနှင့် ဆင်တူသော နေရာ၌ ရပ်တန့်လိုက်လေသည်။ တန်ယန်သည် ကာရင်းနှင့်အတူ ကားပေါ်မှ ဆင်းလိုက်ရာ အတွင်းပိုင်း၌ အိမ်အကူကြီးက လာရောက်၍ ကြိုဆိုပေးလေသည်။
"မစ္စကာရင်း၊ မစ္စယာနာ... ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါခင်ဗျာ"
အိမ်အကူကြီးသည် ၎င်းတို့အား ဧည့်ခန်းမဆောင်ကြီး အတွင်းသို့လမ်းပြ ခေါ်ဆောင်သွားပြီးနောက် အိမ်ဖော်မိန်းကလေး တစ်ဦးကအယ်လီဆာရှိရာသို့ ဆက်လက် ခေါ်ဆောင်သွားလေသည်။
ဧည့်ခန်းမဆောင်မှတစ်ဆင့် ဆက်သွယ်ထားသော စင်္ကြံလမ်းအတိုင်း ဆယ်မိနစ်ခန့် လမ်းလျှောက်ပြီးနောက် အနောက်ဘက် ခြံဝန်းရှိ ဧည့်ခန်းငယ် တစ်ခုသို့ ရောက်ရှိလာခဲ့၏။ ဤအခန်းမှာ အယ်လီဆာ ဧည့်သည်များကို လက်ခံတွေ့ဆုံရာတွင် အသုံးပြုသည့်အခန်းငယ်လေးပင် ဖြစ်ပေသည်။
သူတို့နှစ်ဦးသည် ဆိုဖာပေါ်တွင် ထိုင်လျက် အိမ်ဖော်မလေးယူဆောင်လာသော လက်ဖက်ရည်ကို သောက်ရင်း ခေတ္တစောင့်ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် အယ်လီဆာသည်မျက်နှာဖုံးတစ်ခုကို တပ်ဆင်လျက် ရောက်ရှိလာခဲ့လေသည်။
"အယ်လီဆာ... မတွေ့တာ ကြာပြီနော်"
ကာရင်းသည် ရှေ့သို့တိုးကာ သူမကို ဖက်လှဲတကင်း နှုတ်ဆက်လိုက်ပြီးနောက် တန်ယန်နှင့် မိတ်ဆက်ပေးလိုက်လေသည်။
"ဒါက တန်ယန်တဲ့ သူမက ဒီနှစ်မှာတင် ရှိုပန်အထူးဆုကို ဆွတ်ခူးထားတဲ့ ပါရမီရှင် ပီယာနိုပညာရှင် တစ်ယောက်ပေါ့"
ထို့နောက် အယ်လီဆာကိုလည်း တန်ယန်နှင့် မိတ်ဆက်ပေးလိုက်ရာ သုံးဦးသား ပျော်ပျော်ပါးပါး စကားစမြည် ပြောဖြစ်ကြလေသည်။
"ဟူး... ကာရင်း ငါ့အခြေအနေကို နင်လည်းသိတာပဲ၊ ငါ ဘယ်သူ့ကိုမှ တွေ့ဖို့ ရှက်နေမိတာ။ နေ့တိုင်း ညှဉ်းပန်းနှိပ်စက် ခံနေရသလိုပဲခံစားနေရတယ် အခုလို နင်လာတွေ့ပြီး သူငယ်ချင်းသစ် တစ်ယောက်နဲ့ မိတ်ဆက်ပေးတာကို ငါတကယ် ဝမ်းသာပါတယ်"
အယ်လီဆာသည် ယခုတလော စိတ်ပိုင်းဆိုင်ရာ အလွန်မတည်မငြိမ် ဖြစ်နေခဲ့ရလေသည်။ တစ်နေ့လုံး အခန်းထဲမှာပင် အောင်းနေတတ်ပြီး မည်သူ့ကိုမျှလည်း မတွေ့ချင်တော့ချေ။ ယနေ့တွင် သူမထွက်လာရန် သဘောတူခဲ့ခြင်းမှာ ကာရင်းသည် သူမ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်နေသောကြောင့် လည်းကောင်း၊ ကာရင်းကသူမကို မျှော်လင့်ချက် အလင်းတန်းလေးတစ်ခု ပေးခဲ့သောကြောင့်လည်းကောင်း ဖြစ်ပေသည်။ အောင်မြင်မည်၊ မအောင်မြင်မည်ကို မသေချာသော်လည်း သူမအနေဖြင့် သတ္တိမွေးကာ စမ်းသပ်ကြည့်ချင်သေး၏။
"နည်းနည်းတော့ ရုတ်တရက် ဆန်သွားမလား မသိဘူး၊ ဒါပေမဲ့ အယ်လီဆာရဲ့ မျက်နှာကို ငါတစ်ချက်လောက် ကြည့်ခွင့်ရမလားဟင်မျက်နှာဖုံးလေး ခဏလောက် ချွတ်ပေးလို့ ရမလား"
အမှန်တကယ်တော့ တန်ယန်ကိုယ်တိုင်က ကြည့်ချင်ဇော ရှိနေ၍မဟုတ်ဘဲ ယိတျန်တျန် အနေဖြင့် ကုသပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန်အတွက်သာ ဖြစ်ပေသည်။
အယ်လီဆာသည် ခဏမျှ ဝေခွဲမရ ဖြစ်နေပြီးမှ သူမ၏လက်ကိုဖြည်းညှင်းစွာ မြှောက်ကာ မျက်နှာဖုံးကို ချွတ်လိုက်လေသည်။
【ဟေး... အဲဒီ အလှအပဆိုင်ရာ ဆေးရည်က သုံးလို့ရ၊ မရစစ်ဆေးပေးပါဦး】
【အရှင်... ဆိုင်ထဲက အလှအပဆိုင်ရာ ဆေးရည်ကတော့ အသုံးဝင်မှာ မဟုတ်ဘူး အရင်တစ်ခေါက် ကံစမ်းမဲ နှိုက်တုန်းက ရထားတဲ့အရေပြား ပြုပြင်ဆေးရည်ကို မှတ်မိလား၊ အဲဒါဆိုရင်တော့အဆင်ပြေလိမ့်မယ်】
【အဲဒီလိုလား၊ ဒါဆိုရင် အဲဒီဆေးရည်ကို ငါ့အတွက် ထုတ်ပေးလို့ ရမလား】
တန်ယန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ယိတျန်တျန်ကို ဂရုတစိုက်ဖြင့် ထပ်မံ မှာကြားလိုက်လေသည်။
【ဒါနဲ့... အဲဒီဆေးရည်ကို နည်းနည်းလောက် ရောနှောပေးပါဦး၊သူမအနေနဲ့ တစ်ပတ်အတွင်းမှာ ပြန်ကောင်းလာစေမယ့် ပမာဏမျိုးပေါ့】
【ရပါပြီအရှင်၊ ဒါဆိုရင်တော့ လိမ်းဆေးအဖြစ် ပြောင်းလဲလိုက်ပါ့မယ် အကျိုးသက်ရောက်မှု ပြဖို့အတွက်တော့ အချိန်အနည်းငယ် ပိုကြာပါလိမ့်မယ်】
【အဲဒါက ပိုကောင်းပါတယ်၊ မဟုတ်ရင် ဘယ်သူကမှ ဒီအတိုင်းအကြောင်းရင်းမရှိဘဲ ပေါ်လာတဲ့အရည်ကို သောက်မှာမဟုတ်ဘူးလေ】
【အင်း... အဲဒါလည်း ဟုတ်တာပဲ ကဲ... အရှင်၊ အရှင်ရဲ့ အိတ်ထဲကနေ ထုတ်ယူလိုက်ပါတော့】
တန်ယန်သည် သူမ၏ အိတ်အတွင်းသို့နှိုက်ကာ မွှေနှောက်ရှာဖွေဟန်ပြုရင်း၊ ထိုရောနှောထားသော အရေပြား ပြုပြင်ဆေးရည်အနည်းငယ်ကို ထုတ်ယူလိုက်လေသည်။
"အယ်လီဆာ... ငါအရင်က ဒီလိုမျိုးအခြေအနေ တစ်ခုနဲ့ ကြုံဖူးတယ် အဲဒီတုန်းက နာမည်ကြီး ဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ပြီးဒီပြုပြင်
ဆေးရည်ကို ဖော်စပ်ခဲ့တာပဲ ဒါကို နင့်မျက်နှာပေါ်က အမည်းစက်တွေရှိတဲ့ နေရာမှာ လိမ်းပေးရုံပဲ၊ တစ်ပတ်ကြာရင်တော့အံ့ဖွယ်ရလဒ်ကို မြင်ရလိမ့်မယ်"
အယ်လီဆာသည် သူမရှေ့ရှိ ဖန်ပုလင်း အသေးလေးထဲမှ အစိမ်းနုရောင်အရည်ကို အံ့အားသင့်စွာ စိုက်ကြည့်နေမိလေသည်။ ဒါက... တကယ်ပဲ အလုပ်ဖြစ်ပါ့မလား။
အယ်လီဆာက ဝေခွဲမရ ဖြစ်နေသည်ကို မြင်သောအခါ ကာရင်းကအားပေးစကား ဆိုလိုက်၏။
"အယ်လီဆာ... နင်တတ်နိုင်သမျှ နည်းလမ်းအားလုံးကို စမ်းကြည့်ပြီးပြီပဲ၊ အခုတစ်ကြိမ်တော့ ယာနာ့ကို ယုံကြည်ကြည့်လိုက်ပါလား သူမက မသေချာတဲ့ အလုပ်မျိုးကို လုပ်မယ့်သူ မဟုတ်ဘူးလို့ငါထင်တယ် ငါက တခြားဘယ်သူ့ထက်မဆို နင့်ကိုအမြန်ဆုံး ပြန်ကောင်းစေချင်တာ၊ ပြန်ကောင်းလာရင် တို့တွေအတူတူ ဈေးဝယ်ထွက်ပြီး ဖက်ရှင်ရှိုးတွေ သွားကြည့်ကြမယ်လေ"
အယ်လီဆာသည် မျက်ရည်များ ဝဲလာကာ စိတ်လှုပ်ရှား သွားရတော့သည်။ ဤကဲ့သို့သော မိသားစုမျိုးတွင် ကြီးပြင်းလာရသူဖြစ်ရာ စစ်မှန်သော သူငယ်ချင်းရရှိရန် သူမအတွက် အလွန် ခက်ခဲလှပေသည်။ ကာရင်းနှင့်မူ ပွဲတစ်ခုတွင် ဆုံတွေ့ခဲ့ခြင်းဖြစ်၏။ အချို့သော သူများမှာ မည်သည့်အချိန်တွင် ဆုံတွေ့သည်ဖြစ်စေ ထိုအချိန်မှာ အမြဲတမ်း အချိန်ကောင်းပင် ဖြစ်ပေတော့သည်။အဘယ်ကြောင့်ဆိုသော် မိမိက ဘာကိုပြောပြော၊ ဘာကိုလုပ်လုပ်တစ်ဖက်လူက အမြဲတမ်း မိမိနှင့် စိတ်ချင်း ဆက်နွှယ်နေတတ်သောကြောင့် ဖြစ်၏။ သူမနှင့် ကာရင်းမှာလည်း အတိအကျပင်ထိုသို့ဖြစ်ပေသည်။
"အင်း၊ ငါသေချာပေါက် သုံးပါ့မယ်၊ ကျေးဇူးတင်ပါတယ် ယာနာ"
အယ်လီဆာသည် တန်ယန်နှင့် ကာရင်းတို့ကိုကြည့်ကာ ထိုနေ့၏ပထမဆုံးသော စစ်မှန်သည့် အပြုံးဖြင့် ပြုံးပြလိုက်လေသည်။
*
တန်ယန် စံအိမ်ဝန်း အတွင်းသို့ ပြန်ရောက်ပြီး မကြာမီမှာပင် ချင်ယွီရုံသည် ရီမင်လုံခြုံရေး ကုမ္ပဏီ၏ အကြီးအကဲနှင့်အတူ ရောက်ရှိလာခဲ့လေသည်။
"မင်္ဂလာပါ မစ္စတန် ကျွန်တော် ဆူနေးပါ အခုလိုတွေ့ရတာဝမ်းသာပါတယ်"
တန်ယန် စိတ်ကူးထားသကဲ့သို့ ဗလတောင့်တောင့် လူကြီးတစ်ယောက် မဟုတ်ဘဲ၊ ဆူနေးမှာ ရွှေရောင်မျက်မှန် တပ်ဆင်ထားသည့်ပညာတတ်ပုံစံ ယဉ်ကျေးသိမ်မွေ့သူတစ်ဦး ဖြစ်နေလေသည်။ထူးခြားသည်မှာ သူ၏ ခရမ်းရောင် မျက်လုံးတစ်ဖက်ပင် ဖြစ်၏။
"မင်္ဂလာပါ ဆူနေး၊ နောင်ဆိုရင် ငါ့မိသားစုရဲ့ ဘေးကင်းလုံခြုံရေးကနင့်အပေါ်မှာပဲ မူတည်တော့မှာနော်"
ဆူနေးသည် သူ၏ အရှင်သစ်မှာ ဤမျှ ငယ်ရွယ်ပြီး ချဉ်းကပ်ရလွယ်ကူသူ ဖြစ်နေသည်ကို သိရသဖြင့် အံ့သြမိလေသည်။
"ဒါက ကျွန်တော်တို့ လုပ်ဆောင်ရမယ့် တာဝန်ပါခင်ဗျာ ဒါကတော့မစ္စအတွက် ကျွန်တော် သေချာရွေးချယ်ထားတဲ့ ကိုယ်ရံတော်အဖွဲ့ပဲ ဖြစ်ပါတယ်၊ သူတို့ တစ်ယောက်ချင်းစီက လူဆယ်ယောက်ကိုတစ်ပြိုင်တည်း ယှဉ်တိုက်နိုင်စွမ်း ရှိကြပါတယ်"
ဆူနေး၏ ယုံကြည်မှု အပြည့်ရှိသော စကားကို ကြားလိုက်ရသည့်အခါ တန်ယန် စိတ်ဝင်စားသွားလေသည်။ သူမ၏ ကိုယ်ခံပညာမှာအလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း အမှတ် (၁၀၀) အပြည့် ရှိနေပြီဖြစ်ရာ၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားလျှင် သူမသည် ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်နေသင့်ပေသည်။ သို့သော်လည်း သူမ၏ စွမ်းရည်များကို စမ်းသပ်ရန်အခွင့်အရေး တစ်ခါမျှ မရရှိခဲ့ဖူးချေ။
"ဒါဆို တို့တွေ တစ်ယောက်နဲ့တစ်ယောက် စမ်းသပ်တိုက်ခိုက် ကြည့်ကြမလား"
တန်ယန်က စိတ်အားထက်သန်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
"လက်ရည်စမ်းမယ် ဟုတ်လား"
ဆူနေးသည် အံ့အားသင့်သွားရုံမျှမက မိမိနားကြားများ မှားလေသလားဟုပင် သံသယ ဝင်မိသွားလေသည်။ မိမိရှေ့မှ လက်မောင်းသေးသေး၊ ခြေတံသေးသေးနှင့် မိန်းကလေးက ဤကဲ့သို့သောတောင်းဆိုမှုကို အမှန်တကယ် ပြုလုပ်လာသည်လော။ ဤသည်မှာမည်သို့မျှ မဖြစ်နိုင်ဟု ထင်မှတ်ရပေသည်။
"ကောင်းပြီလေ၊ စမ်းကြည့်ကြတာပေါ့"
တန်ယန်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။