ဆေးကြောရမှာ ပျင်းရိခြင်း
Vol. 14 Ch. 132
“အခြေအနေ ဘယ်လိုရှိလဲ”
ကျန်းဆူရှင်းသည် ညစာစားပြီးနောက် ကွန်ပျူတာခန်းထဲသို့ ဝင်လာပြီး လုအန်းကျီကို မေးလိုက်သည်။
လုအန်းကျီက
“ကြားဖြတ်တေး နှစ်ပုဒ်အတွက် စိတ်ကူးရထားပြီ၊ အခု သီချင်းအသွားအလာတွေကို ရေးနေတယ်”
ဟု ပြန်ပြောသည်။
ကျန်းဆူရှင်းက
“ဒါဆိုရင် ဆက်လုပ်ဦးလေ ညစာကို နောက်မှစားကြမယ် ရှောင်ချင်းလည်း လာနေပြီဆိုတော့ သူမကို စောင့်လိုက်ရအောင်” ဟု ဆိုသည်။
လုအန်းကျီက ဇဝေဇဝါဖြင့်
“သူက ဒီလောက်ညဉ့်နက်မှ ဘာလာလုပ်တာလဲ” ဟု မေးလိုက်သည်။
ကျန်းဆူရှင်းက
“စိတ်မကြည်လို့တဲ့ သူမအမေကို ကတိပေးထားလို့ လျန်ကျယ်နဲ့ ထပ်တွေ့ဖို့ လုပ်ပေမဲ့ လျန်ကျယ်က နောက်ထပ် အောင်သွယ်ပေးတဲ့ မိန်းကလေး တစ်ယောက်နဲ့ အဆင်ပြေသွားပြီလေ”
ဟု ပြောပြသည်။
“ခစ်”
လုအန်းကျီ မနေနိုင်ဘဲ တိုးတိုးလေး ရယ်မိသွားသည်။
ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးကာ “ဘာရယ်တာလဲ” ဟု မေးသည်။
လုအန်းကျီက “ဘာမှမဟုတ်ပါဘူး” ဟု အမြန် ပြန်ပြောလိုက်ရသည်။
ကျန်းဆူရှင်းက
“ရှောင်ချင်းရောက်လာရင် ရှင်လုံးဝ မရယ်နဲ့နော် သူတော်တော်လေး စိတ်ညစ်နေတာ”
ဟု သတိပေးလိုက်သည်။
လုအန်းကျီက
“စိတ်မပူပါနဲ့၊ သတိပေးနေစရာ မလိုပါဘူး။ ငါ့ရဲ့ ပေါင်းသင်းဆက်ဆံရေး အသိဉာဏ်က အဲ့ဒီလောက်အထိ မနိမ့်ကျပါဘူး”
ဟု ဆိုသည်။
“ဟွန့်”
ကျန်းဆူရှင်းသည် မျက်စောင်းတစ်ချက် ထပ်ထိုးပြီး ထွက်သွားရန် ပြင်လိုက်သည်။
သို့သော် လုအန်းကျီက “နေဦး” ဟု လှမ်းခေါ်လိုက်သည်။
“ဘာလဲ”
ကျန်းဆူရှင်းက ရပ်ပြီး မေးသည်။
လုအန်းကျီက “ဒီကို လာပါဦး” ဟု ခေါ်လိုက်သည်။
“လူဆိုးလေး”
ကျန်းဆူရှင်းသည် မျက်စောင်း ထပ်ထိုးသော်လည်း လုအန်းကျီ အနားသို့ လျှောက်သွားကာ ခါးကိုင်းလိုက်စဉ် လုအန်းကျီ မျက်နှာနှင့် အလွန်နီးသော အနေအထားသို့ ရောက်သွားကာ ထိုအခွင့်အရေးကို ချောင်းနေသော လုအန်းကျီသည် “မွ” ဆိုပြီး နှုတ်ခမ်းသားများကို စုပ်ယူဆွဲသတ်ပါတော့သည်။
ခတ္တမျှ သူတို့နှစ်ဦး၏ နှုတ်ခမ်းချင်း ခဏတာ ထိတွေ့သွားပြီးနောက် ကျန်းဆူရှင်း ထွက်သွားခဲ့သည်။ လုအန်းကျီသည် တစ်ယောက်တည်း ကျန်ရစ်ကာ အလုပ်များကို ဆက်လက် လုပ်ကိုင်နေတော့သည်။
သူ့ဦးနှောက်ထဲတွင် ယခင်ဘဝက သီချင်းများ အပြည့်အစုံ ရှိနေသဖြင့် လုအန်းကျီသည် သီချင်းမှတ်စုများကို ပြန်လည် ကူးယူရုံသာ ဖြစ်သောကြောင့် အလုပ်သည် အလွန် ခရီးရောက်လှသည်။
စုန့်ရှောင်ချင်း ရောက်လာချိန်တွင် လုအန်းကျီသည် ‘ဓားဖြင့် ပျံသန်းခြင်း’ သီချင်းကို ရေးပြီးသွားပြီ ဖြစ်သည်။
စုန့်ရှောင်ချင်း၏ အသံကို ကြားရသဖြင့် လုအန်းကျီ ကွန်ပျူတာခန်းထဲမှ ထွက်လာသည်။ ကျန်းဆူရှင်းက “ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား” ဟု လှမ်းမေးသည်။
လုအန်းကျီက
“ကြားဖြတ်တေး တစ်ပုဒ်ပြီးပြီ ညစာစားပြီးရင် နောက်တစ်ပုဒ်ကို ဆက်လုပ်လိုက်မယ်”
ဟု ပြန်ပြောသည်။
ကျန်းဆူရှင်းက မအံဩဘဲ မနေနိုင်ပေ။
“အရမ်းမြန်တာပဲ”
စုန့်ရှောင်ချင်းက မျက်တောင် တခတ်ခတ်ဖြင့်
“ဘာတွေလဲ၊ ဘာကြားဖြတ်တေးလဲ” ဟု ဝင်မေးသည်။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမသည် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့၏ ပတ်သက်မှုကိုသာ အာရုံရောက်နေခဲ့သည်။ ထို့ကြောင့် လုအန်းကျီ အလုပ်အသစ် ရနေသည်ကို သူမအား ပြောပြရန် အချိန်မရခဲ့ကြချေ။
ကျန်းဆူရှင်းက
“ချန်းချန်းဖေဖေ အလုပ်အသစ် ရထားတယ်။ ဂုရုယုံရဲ့ သိုင်းအက်ရှင် ဇာတ်လမ်းအတွက် ကြားဖြတ်တေးတွေ ရေးပေးရမှာ” ဟု ရှင်းပြလိုက်သည်။
“သီချင်းအသစ်တွေ ထပ်ရဦးမှာလား”
စုန့်ရှောင်ချင်း၏ မျက်လုံးများ တောက်ပသွားသည်။
“ပြီးပြီလား၊ ငါ့ကို ကြည့်ခွင့်ပေးဦး”
“ချန်းချန်းကိုလည်း ပေးပေး”
ချန်းချန်းသည် သူမ၏ ထိုင်ခုံမြင့်ပေါ်တွင် ထိုင်နေရင်း စုန့်ရှောင်ချင်း၏ စကားကို ကြားသောအခါ အားကျမခံ လက်ထောင်ကာ ပြောလိုက်သည်။
စုန့်ရှောင်ချင်းက “ကြည့်မယ်လို့ ပြောရတယ်၊ ပေးပေးလို့ မပြောရဘူး” ဟု ပြင်ပေးသည်။
“အင်း၊ ကြည့်မယ်”
ကလေးငယ်က “ချန်းချန်းကို ကြည့်ခွင့်ပေးပါ” ဟု ထပ်ပြောပြန်သည်။
စုန့်ရှောင်ချင်းက “ကြည့်မယ်”
ချန်းချန်းက “ကြည့်မယ်”
စုန့်ရှောင်ချင်းက “ချန်းချန်းကို ကြည့်ခွင့်ပေးပါ”
ချန်းချန်းက “ချန်းချန်းကို ကြည့်ခွင့်ပေးပါ”
စုန့်ရှောင်ချင်းက “ဒီကလေးမလေး၊ ငါ့ကို တမင်သက်သက် စနေတာ မဟုတ်လား” ဟု ဆိုသည်။
ချန်းချန်းက
“ဟီးဟီး”
ချန်းချန်းသည် သူမကို တမင် စနေခြင်းဖြစ်ကြောင်း စုန့်ရှောင်ချင်း အတည်ပြုလိုက်နိုင်ပြီး စိတ်ထဲတွင် အလိုမကျ ဖြစ်သွားရသည်။ ဒီမိသားစု တစ်စုလုံး ငါ့ကို ဝိုင်းစနေကြတာပဲဟု သူမတွေးမိသည်။
သူမသည် ချန်းချန်းနှင့် ဆက်မငြင်းတော့ဘဲ လုအန်းကျီကို
“သီချင်းအသစ်တွေ ဘယ်လိုလဲ၊ ငါ့ကို ပြပါဦး” ဟု မေးသည်။
လုအန်းကျီက
“ခုနကပဲ ပြောပြီးပြီလေ၊ ကြားဖြတ်တေး တစ်ပုဒ်ပဲ ပြီးသေးတယ်၊ ကျန်တာတွေက ပြင်ဆင်နေတုန်းပဲ” ဟု ပြောသည်။
စုန့်ရှောင်ချင်းက
“ဪ၊ ဟုတ်သားပဲ၊ ငါ မေ့သွားတယ်”
သူမက ချန်းချန်းကိုကြည့်ကာ
“ဒီကလေးမလေး ငါ့ကို အာရုံလွှဲနေလို့ မေ့ကုန်တာ” ဟု အပြစ်ပုံချလိုက်သည်။
ချန်းချန်းက “ချန်းချန်းက အရမ်းတော်တာပဲ” ဟု ပြန်ပြောသည်။
စုန့်ရှောင်ချင်းမှာ ဘာပြန်ပြောရမှန်း မသိတော့ချေ။
လုအန်းကျီသည် ထမင်းစားပွဲတွင် ထိုင်လိုက်ကာ
“အရင် စားကြရအောင်၊ စားပြီးမှ ကြည့်လို့ရပါတယ်၊ မင်းလည်း မလောပါနဲ့ဦး၊ သီချင်းသွင်းရင် မင်းအိမ်ကို သွားရဦးမှာပဲလေ” ဟု ဆိုသည်။
စုန့်ရှောင်ချင်းက
“ဘယ်သူက မလောဘူးပြောလဲ၊ နင့်ရဲ့ ကြားဖြတ်တေးတွေကို မမြင်ဖူးသေးဘူး၊ နင် ဒီလိုမျိုးတွေပါ ရေးတတ်လိမ့်မယ်လို့ မထင်ထားဘူး၊ နင်မလုပ်တတ်တာ ဘာရှိသေးလဲ၊ ငါ့ကို ပြောပြဦး”
ဟု မေးသည်။
လုအန်းကျီက “လေယာဉ် မမောင်းတတ်ဘူး” ဟု ဖြေလိုက်သည်။
စုန့်ရှောင်ချင်း၊ ကျန်းဆူရှင်းနှင့် ချန်းချန်းတို့မှာ လုအန်းကျီ၏ အဖြေကြောင့် ရယ်မောမိကြတော့သည်။
ကျန်းဆူရှင်းသည် ညစာများကို ပြင်ဆင်ပြီး ဖြစ်သဖြင့် သူတို့လေးဦးသား ထိုင်ကာ စကားပြောရင်း စားသောက်ကြသည်။ သို့သော် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့သည် ရှောင်ချင်း၏ စိတ်အခြေအနေကို ငဲ့ညှာသဖြင့် စကားပြောရာတွင် အနည်းငယ် ထိန်းပြောနေကြရသည်။
စုန့်ရှောင်ချင်းသည် တစ်ခုခု ထူးဆန်းနေသည်ကို ရိပ်မိသွားသည်။ သူမက
“ဘာလို့ စကားမပြောကြတာလဲ။ ဒါ နင်တို့ပုံစံ မဟုတ်ပါဘူး” ဟု မေးလိုက်သည်။
လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ကျန်းဆူရှင်းက
“ပြောစရာမရှိလို့ မပြောတာပါ။ မြန်မြန်စားပြီး ချန်းချန်းဖေဖေရဲ့ သီချင်းအသစ်ကို သွားကြည့်ရအောင်လေ” ဟု ဆိုသည်။
စုန့်ရှောင်ချင်းက မျက်လုံးလေးမှေးပြီး သူတို့နှစ်ဦးကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“နင်တို့ ငါ့ရဲ့ အောင်သွယ်ပွဲကြောင့် ငါစိတ်မကောင်း ဖြစ်နေမှာစိုးလို့ စကားမပြောရဲ ဖြစ်နေတာ မဟုတ်လား”
သူတို့နှစ်ဦး ဘာမှ မပြောရသေးခင်မှာပင် စုန့်ရှောင်ချင်းက အော်ရယ်လိုက်ပြီး
“ငါ့အတွက် စိတ်မပူပါနဲ့၊ ငါအဆင်ပြေပါတယ်။ သူက နောက်တစ်ယောက်နဲ့ အောင်သွယ်ပွဲ လုပ်နေပြီဆိုတာ သိရတော့ ငါ့မှာသာ သူ့ကို ထပ်တွေ့ဖို့ ပြင်နေတာ ရှက်ဖို့ကောင်းလိုက်တာလို့ တွေးမိလို့ပါ”
ဟု ဆိုသည်။
“တကယ်တော့ ငါစိတ်ပြောင်းသွားတာ နင်တို့ နှစ်ယောက်ကြောင့်လည်း ပါပါတယ်၊ နောက်ရက်တွေကျရင် ငါ့ရှေ့မှာ အရမ်းကြီး ချစ်မပြကြနဲ့ဦး၊ ငါက ကတိမတည်တဲ့ လူတွေကို မကြိုက်ဘူးလို့ ပြောခဲ့ဖူးပြီး အခုကျတော့ ငါကိုယ်တိုင် ကတိမတည်တဲ့လူ ဖြစ်နေပြီ၊ အရမ်းရှက်ဖို့ ကောင်းတယ်”
ကျန်းဆူရှင်းက “နင်ဒီလို တွေးနိုင်တာ ကောင်းပါတယ်” ဟု အားပေးသည်။
စုန့်ရှောင်ချင်းက ရယ်လျက်
“မတွေးနိုင်စရာ ဘာရှိမှာလဲ၊ အမေ့ကြောင့်သာ အောင်သွယ်ပွဲ ထပ်သွားဖို့ သဘောတူလိုက်တာ၊ သူ နောက်တစ်ယောက်နဲ့ အဆင်ပြေသွားတာ သိရတော့ ငါတောင် စိတ်အေးသွားသေးတယ်၊ မဟုတ်ရင် ငါကပဲ သူ့ကို အချိန်ဆွဲထားသလို ဖြစ်နေမှာ”
ဟု ဆိုသည်။
ရှောင်ချင်း ထိုသို့ ပြောသောအခါမှ ကျန်းဆူရှင်း စိတ်အေးသွားပြီး
“သူက နင့်ကို တော်တော် သဘောကျတယ်ဆို၊ နင်စိတ်ပြောင်းတာ သိရတော့ သူလည်း စိတ်ပြောင်းသွားတာလား”
ဟု စနောက်လိုက်သည်။
စုန့်ရှောင်ချင်းက စိတ်ပျက်လက်ပျက်ဖြင့်
“သူက ငါ့ကို ဘယ်လိုလုပ် သဘောကျမှာလဲ၊ ငါ ‘ကြောင်လေးလို အော်တာ သင်ယူမယ်’ သီချင်း ဆိုတာကိုပဲ သူသဘောကျတာ။ နောက်ဆိုရင်လည်း အဲ့ဒီလို သီချင်းမျိုးတွေပဲဆိုဖို့ ပြောနေတာ၊ ဒါကြောင့် သူ့ကို အဝေးကို သွားဖို့ပဲ ပြောလိုက်တယ်”
ဟု ဆိုသည်။
လုအန်းကျီက “မင်း သီချင်းဆိုချင်လား၊ ဆိုချင်ရင် အဲ့ဒီလို သီချင်းတွေ ရှိသေးတယ်” ဟု စလိုက်သည်။
စုန့်ရှောင်ချင်းက စိတ်တိုကာ
“သွားစမ်းပါ၊ အဲ့ဒီလို စိတ်တိုစရာတွေကို လာမပြောနဲ့” ဟု ငေါက်လိုက်သည်။
ချန်းချန်းကလည်း “စိတ်တိုတယ်၊ စိတ်တိုတယ်” ဟု လိုက်အော်သည်။
စုန့်ရှောင်ချင်းက ချန်းချန်းကို မျက်စောင်းထိုးကာ “လိုက်မပြောနဲ့” ဟု ဆိုသော်လည်း ချန်းချန်းက ရယ်မောကာ “စိတ်ရှုပ်စရာကြီး” ဟု ပြန်ပြောလိုက်သည်။
ကျန်းဆူရှင်းသည် ထိုအခြင်းအရာကို ကြည့်ကာ တခစ်ခစ် ရယ်နေတော့သည်။
ညစာစားပြီးနောက် လုအန်းကျီသည် သီချင်းမှတ်စုများ ဆက်ရေးရန် ကွန်ပျူတာခန်းသို့ ပြန်ဝင်သွားသည်။ ကျန်းဆူရှင်းနှင့် စုန့်ရှောင်ချင်းတို့က ပန်းကန်များ သိမ်းဆည်းကြသည်။
ချန်းချန်းလေးကလည်း ထုံးစံအတိုင်း ပန်းကန်ဆေးရာတွင် ဝိုင်းကူကာ ဤအလုပ်သည် သူမ အနှစ်သက်ဆုံးအလုပ် ဖြစ်နေသည်။
ပန်းကန်ဆေးပြီးနောက် စုန့်ရှောင်ချင်း၏ ဖုန်းထဲသို့ ကျန်ကျယ်ဆီမှ စာတစ်စောင် ဝင်လာသည်။
စာထဲတွင်
“မင်းနဲ့သိရတာ ဝမ်းသာပါတယ်၊ မင်းရဲ့ ပွင့်လင်းရိုးသားမှုကို ချီးကျူးပါတယ်၊ နောက်နောင် မင်းရဲ့ သီချင်းအသစ်တွေကို နားဆင်ခွင့်ရဖို့ မျှော်လင့်ပါတယ်” ဟု ရေးထားသည်။
ကျန်းဆူရှင်းက စပ်စုကာ “ဘယ်သူ့ဆီက စာလဲ” ဟု မေးသည်။
စုန့်ရှောင်ချင်းက ဖုန်းကို ကျန်းဆူရှင်းအား ပေးလိုက်ပြီး “ကြည့်လိုက်လေ” ဟု ဆိုသည်။
ကျန်းဆူရှင်းက စာကိုဖတ်ပြီး
“ကောင်းတာပေါ့၊ သူလည်း အဆင်ပြေသွားပြီပဲ။ နင်ဖြစ်ချင်တဲ့အတိုင်း ဖြစ်သွားတာပဲ မဟုတ်လား”
ဟု ပြောသည်။
စုန့်ရှောင်ချင်းက စိတ်ပျက်လက်ပျက်ဖြင့်
“ဒီလူကတော့ သီချင်းအသစ်၊ သီချင်းအသစ်နဲ့ မပြီးနိုင်တော့ဘူး။ စိတ်တိုစရာကြီး”
ဟု ဆိုပြီးနောက်
“အော်၊ ဒါနဲ့ ဒီစာအကြောင်း နင့်ယောင်္ကျားကို မပြောနဲ့ဦး။ သူက တကယ်ကြီး ‘ခွေးလေးလို ဟောင်တာ သင်ယူစို့’ တို့ ‘ကြက်လေးလို တွန်တာ သင်ယူစို့’ တို့ ရေးလာမှာ ကြောက်လို့” ဟု ထပ်ပြောလိုက်လေသည်။