ကျန်းဆူရှင်းနှင့် လုအန်းကျီ
Vol. 14 Ch. 133
ကျန်းဆူရှင်းသည် မျက်စောင်းထိုးကာ ရယ်မောလိုက်ပြီး
“လျှောက်မတွေးစမ်းပါနဲ့၊ နင်သာ အစမဖော်ရင် ချန်းချန်းဖေဖေက ဘာလို့ အဲ့ဒါတွေ ရေးမှာလဲ။ ပြီးတော့ ခွေးဟောင်သံတို့ ကြက်တွန်သံတို့ဆိုတာ ဘယ်လိုတောင် စဉ်းစားမိတာလဲ၊ နားထောင်လို့တောင် မကောင်းဘူး”
ဟု ပြောလိုက်သည်။
စုန့်ရှောင်ချင်းက လက်ယမ်းပြကာ
“ကောင်းပြီ၊ ကောင်းပြီ၊ သူမရေးသရွေ့တော့ အဆင်ပြေပါတယ်၊ ဒီအကြောင်း ဆက်မပြောကြတော့နဲ့၊ ဒါပေမဲ့ နင့်အကြောင်းတော့ ငါတစ်ခုလောက် သတိပေးရမယ်”
ဟု ဆိုသည်။
“ငါ့အကြောင်း ဘာဖြစ်လို့လဲ”
ကျန်းဆူရှင်းက ဇဝေဇဝါ ဖြစ်သွားသည်။
စုန့်ရှောင်ချင်းက
“အခုထိ ဘာမှမဖြစ်သေးဘူးလား၊ နင်အခုထိ သတိမထားမိသေးတာ တော်သေးတာပေါ့၊ သတိထားမိတဲ့ အချိန်ကျရင် နောက်ကျသွားလိမ့်မယ်၊ နင် လုအန်းကျီကို ဘယ်လို ခေါ်နေလဲဆိုတာ ပြန်နားထောင်ကြည့်ဦး။ အခုထိ ချန်းချန်းဖေဖေလို့ပဲ ခေါ်နေတုန်းပဲ၊ သူက နင့်ကို ဆူရှင်းလို့ စခေါ်နေပြီဆိုတာ မသိဘူးလား”
ဟု ပြောပြသည်။
ကျန်းဆူရှင်းက “ငါက ချက်ချင်းကြီး ပြောင်းခေါ်ဖို့ ခက်နေလို့ပါ၊ တခြားဟာ ခေါ်ဖို့က တစ်မျိုးကြီး ဖြစ်နေသလိုပဲ” ဟု ဆိုသည်။
စုန့်ရှောင်ချင်းက
“အဲ့ဒါတော့ မဖြစ်ဘူး၊ နင်ပြောင်းရမယ်၊ လူနှစ်ယောက် အတူတူ ရှိနေရင် ဒီလို အသေးစိတ်လေးတွေကို ဂရုစိုက်ရတယ်၊ ခဏတဖြုတ် ဆိုရင်တော့ လုအန်းကျီက ဘာမှထင်မှာ မဟုတ်ပေမဲ့ ကြာလာရင်တော့ စိတ်ထဲတစ်မျိုး ဖြစ်လာနိုင်တယ်၊ သူက နင့်ကို ရင်းရင်းနှီးနှီး ခေါ်နေပေမဲ့ နင်က အကွာအဝေးတစ်ခု ထားနေတုန်းပဲ၊ နင့်မှာ တခြား စိတ်ကူးရှိလို့လား၊ သူက နင့်အတွက် မကောင်းဘူးလို့ ထင်လို့လား”
ဟု မေးလိုက်သည်။
ကျန်းဆူရှင်းက
“မဟုတ်ပါဘူး၊ ချန်းချန်းဖေဖေက အဲ့ဒီလောက်အထိ စိတ်ပုပ်တဲ့လူ မဟုတ်ပါဘူး၊ သူ အဲ့ဒီလို မတွေးပါဘူး”
ဟု ပြန်ပြောသည်။
စုန့်ရှောင်ချင်းက
“ဘာပဲဖြစ်ဖြစ် ငါ သတိပေးစရာရှိတာ သတိပေးပြီးပြီ၊ ငါ့တာဝန်ပြီးပြီ၊ နင့်ဘာသာနင် ဆက်စဉ်းစားတော့”
ဟု ဆိုလိုက်သည်။
ကျန်းဆူရှင်းသည် နှုတ်ခမ်းကို ဖိထားကာ တိတ်ဆိတ်သွားလေသည်။
ထို့နောက် သူတို့နှစ်ဦးသည် ချန်းချန်းကိုခေါ်ကာ ကွန်ပျူတာခန်းထဲသို့ ဝင်သွားကြသည်။ လုအန်းကျီသည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ သီချင်းမှတ်စုများ ရေးသားနေဆဲ ဖြစ်သည်ကို တွေ့ရသည်။ သူတို့သည် လုအန်းကျီကို အနှောင့်အယှက် မပေးဘဲ ဘေးမှ တိတ်တဆိတ် ကြည့်နေကြသည်။
သူတို့ ပန်းကန်ဆေးရင်း စကားပြောနေသည့် အချိန်အတွင်းမှာပင် လုအန်းကျီသည် ဒုတိယမြောက် ကြားဖြတ်တေး ဖြစ်သည့် ‘ဓားဖြင့် ပျံသန်းခြင်း’ ကို တစ်ဝက်ခန့် ရေးပြီးနေပြီ ဖြစ်သည်။ ထို့နောက် အချိန်အနည်းငယ် လုပ်လိုက်သောအခါ ကျန်ရှိသော အလုပ်များအားလုံး ပြီးစီးသွားသည်။
“ဘယ်လိုလဲ၊ ပြီးပြီလား”
လုအန်းကျီ တစ်ကိုယ်လုံး ဆန့်ထုတ်လိုက်သည်ကို မြင်သောအခါ ကျန်းဆူရှင်းက လှမ်းမေးလိုက်သည်။
လုအန်းကျီက ခေါင်းငြိမ့်ကာ
“အင်း၊ ဆရာကူး တောင်းဆိုထားတဲ့ ကြားဖြတ်တေး နှစ်ပုဒ်တော့ ပြီးပြီ။ ကျန်တဲ့ အခြေခံ အပိုင်းတွေကိုတော့ မနက်ဖြန်မှ ဆက်ပြောကြတာပေါ့” ဟု ဆိုသည်။
“ဒါဆို ငါတို့ကို ပြဦးလေ”
စုန့်ရှောင်ချင်းက စိတ်မရှည်စွာဖြင့် ပြောသည်။
ထို့ကြောင့် လုအန်းကျီသည် ထိုင်ခုံမှ ထပေးလိုက်ကာ စုန့်ရှောင်ချင်းနှင့် ကျန်းဆူရှင်းတို့ကို နေရာပေးလိုက်သည်။ စုန့်ရှောင်ချင်းက ကွန်ပျူတာရှေ့တွင် အမြန် ထိုင်လိုက်ကာ သီချင်းမှတ်စုကို စစ်ဆေးသည်။ ကျန်းဆူရှင်းကလည်း စုန့်ရှောင်ချင်း၏ ဘေးမှ ကပ်၍ ကြည့်နေသည်။
လုအန်းကျီသည် ကျန်းဆူရှင်း၏ မျက်နှာရိပ် မျက်နှာကဲ တစ်မျိုး ဖြစ်နေသည်ကို သတိထားမိသဖြင့်
“မင်း ဘာဖြစ်နေတာလဲ” ဟု မေးလိုက်သည်။
“အင် ဘာမှ မဟုတ်ပါဘူး”
ကျန်းဆူရှင်းသည် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်မှ ခေါင်းခါပြကာ ပြောလိုက်ခြင်း ဖြစ်သည်။
တကယ်တော့ သူမသည် စုန့်ရှောင်ချင်း၏ စကားကြောင့် လုအန်းကျီကို ‘အန်းကျီ’ ဟု ခေါ်ရန် အခွင့်အရေး ရှာနေခြင်း ဖြစ်သည်။ သို့သော် အကြောင်းရင်း မရှိဘဲ တိုက်ရိုက်ကြီး ခေါ်လိုက်လျှင် ထူးဆန်းနေမည်ဟု ထင်နေသောကြောင့် တွေဝေနေခြင်း ဖြစ်သည်။ လုအန်းကျီက သူမကို မေးလာသောအခါ သူမ မည်သို့ ထုတ်ပြောနိုင်ပါမည်နည်း။
“ကြည့်မယ် ကြည့်မယ်”
ကလေးငယ် ချန်းချန်းသည် ထုံးစံအတိုင်း ဝင်ရောက် စပ်စုပြန်သည်။ ထိုအခြင်းအရာက ကျန်းဆူရှင်း၏ နေရခက်မှုကို ပြေပျောက်စေခဲ့သည်။
စုန့်ရှောင်ချင်းက ချန်းချန်းကို ကြည့်ကာ
“ခုတော့ ပေးပေးလို့ မပြောတော့ဘူးလား” ဟု စလိုက်သည်။
“ဟီးဟီး”
ချန်းချန်းလေးက ရယ်မောနေလေသည်။
ထိုအခါမှ စုန့်ရှောင်ချင်းသည် ချန်းချန်းကို ပေါင်ပေါ်တင်ကာ ကွန်ပျူတာကို အတူတူ ကြည့်ကြသည်။ သို့သော် ကွန်ပျူတာပေါ်တွင် ချန်းချန်း နားမလည်နိုင်သော ဂီတသင်္ကေတများသာ ရှိနေသဖြင့် ခဏအကြာတွင် စိတ်မဝင်စားတော့ဘဲ အောက်သို့ ခုန်ဆင်းကာ တခြားနေရာတွင် သွားကစားတော့သည်။
စုန့်ရှောင်ချင်းသည် လုအန်းကျီ ရေးထားသော သီချင်းမှတ်စုများကို ကြည့်ပြီးနောက်
“လုအန်းကျီ၊ နင်ကတော့ တကယ်ပဲ ကြားဖြတ်တေးတွေကိုတောင် ဒီလို ရေးနိုင်တာလား”
ဟု အံ့ဩတကြီး ပြောလိုက်သည်။
သူမသည် ဝါသနာရှင် အဆင့်သာ ရှိသဖြင့် သီချင်းမှတ်စုကို ကြည့်ရုံနှင့် သီချင်း၏ အရည်အသွေးကို မသိနိုင်ပေ။ သို့သော် ရှေးဟောင်းနှင့် ခေတ်ပေါ် တူရိယာများ ပေါင်းစပ်ထားသည့် ဤမှတ်စုကို ရေးနိုင်ခြင်းကပင် လုအန်းကျီ တော်ကြောင်း သက်သေပြနေပြီ ဖြစ်သည်။
သူမ၏ နောက်တွင် ရှိနေသော ကျန်းဆူရှင်းမှာမူ အံ့ဩလွန်းသဖြင့် မျက်လုံးများ ဝိုင်းစက်နေသည်ကို သူမ သတိမထားမိပေ။ စုန့်ရှောင်ချင်းနှင့် မတူဘဲ ကျန်းဆူရှင်းသည် သီချင်းမှတ်စုကို ကြည့်ရုံနှင့် ပေါ်ထွက်လာမည့် တေးသွားကို ခေါင်းထဲတွင် ခံစားမိနေသည်။
ကွဲပြားခြားနားသော ပုံစံရှိသည့် ဤတေးသံ နှစ်မျိုးလုံးသည် ကျန်းဆူရှင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။ လွတ်လပ်ပေါ့ပါးသည့် တေးသံကလည်း အလွန် လွတ်လပ်နေပြီး ဝမ်းနည်းကြေကွဲစရာ တေးသံကလည်း ရင်ထဲထိအောင် ခံစားရစေသည်။
ကျန်းဆူရှင်းသည် နှုတ်ခမ်းကို ဖိကာ လုအန်းကျီကို လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ချီးကျူးမှုနှင့် ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။ လုအန်းကျီ အရင်က ရေးခဲ့သော သီချင်းများက ကောင်းမွန်သည်ဆိုလျှင် ယခု တေးသံ နှစ်ပုဒ်မှာမူ ‘ဆရာကြီးအဆင့်’ ဟုပင် ဆိုနိုင်သည်။ လုအန်းကျီ၏ အရည်အချင်းသည် ဤမျှအထိ ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
ကျန်းဆူရှင်းသည် သီချင်းထဲတွင် စိတ်နှစ်နေသဖြင့် စုန့်ရှောင်ချင်းက သူမကို လှည့်ကြည့်နေသည်ကို သတိမထားမိပေ။
“နင့်မျက်နှာကို ကြည့်ရတာ နင့်ရဲ့ အန်းကျီ ရေးထားတဲ့ သီချင်းက တော်တော် ကောင်းပုံရတယ်နော်”
ဟု စုန့်ရှောင်ချင်းက ပြောလိုက်သည်။
“အာ အင်း”
ကျန်းဆူရှင်း သတိပြန်ဝင်လာကာ “အရမ်း ကောင်းပါတယ်” ဟု ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တာပေါ့၊ နင့်ရဲ့ အန်းကျီရေးတဲ့ သီချင်းတွေက ဘယ်တုန်းက မကောင်းလို့လဲ”
ဟု စုန့်ရှောင်ချင်က ဆိုသည်။
“ဖေဖေက အတော်ဆုံး”
အနားတွင် ကစားနေသော ချန်းချန်းကလည်း ဝင်ရောက် အားပေးသည်။ စုန့်ရှောင်ချင်းက ချန်းချန်းကို
“ချန်းချန်း၊ ဖေဖေရဲ့ နာမည်က ဘယ်သူလဲ” ဟု မေးလိုက်သည်။
ချန်းချန်းလေး ကြောင်သွားပြီး “အာ အာ” ဟု အချိန်အတော်ကြာ စဉ်းစားသော်လည်း မပြောနိုင်ပေ။
စုန့်ရှောင်ချင်းက ထပ်မေးသည်။
“ဒါဆို မေမေ့ နာမည်ကရော”
ချန်းချန်းက ချက်ချင်း မှတ်မိသွားကာ “ကျန်း ဆူ ဆီ” ဟု ပြောသည်။
စုန့်ရှောင်ချင်းက “ဆူရှင်းပါ၊ ဆူဆီ မဟုတ်ပါဘူး” ဟု ပြင်ပေးသည်။
ချန်းချန်းက ခေါင်းငြိမ့်ကာ “အင်း၊ ဆူဆီ” ဟု ထပ်ပြောပြန်သည်။
စုန့်ရှောင်ချင်သည် သက်ပြင်းချကာ
“ထားလိုက်ပါတော့၊ ငါ မသင်ပေးတော့ဘူး။ ဖေဖေကိုပဲ သင်ခိုင်းလိုက်တော့မယ်” ဟု ဆိုသည်။
စုန့်ရှောင်ချင်းက
“ဒါဆို ဖေဖေ နာမည်က ဘယ်သူလဲ” ဟု ထပ်မေးသည်။
“အာ အာ” ချန်းချန်းလေး ထပ်၍ စဉ်းစားမရ ဖြစ်နေပြန်သည်။
စုန့်ရှောင်ချင်းက
“မမနောက်က လိုက်ဆို၊ လု အန်း ကျီ” ဟု သင်ပေးသည်။
ချန်းချန်းက “အင်း၊ လု အန်း ကျီ” ဟု လိုက်ဆိုသော်လည်း အသံထွက်မှာ အနည်းငယ် လွဲနေသည်။
စုန့်ရှောင်ချင်းသည် လက်လျှော့လိုက်ကာ
“မသင်ပေးတော့ဘူး၊ နင်တို့ နှစ်ယောက်ဘာသာ သင်ပေးကြတော့” ဟု ပြောလိုက်သည်။
ကျန်းဆူရှင်းက ရယ်မောကာ “ဘယ်သူက နင့်ကို သင်ခိုင်းနေလို့လဲ” ဟု ဆိုသည်။
စုန့်ရှောင်ချင်းက “ဟုတ်ပါပြီ၊ ငါကပဲ အပိုတွေ လုပ်မိတာပါ” ဟု စိတ်ကောက်သလို ပြောသည်။
ကျန်းဆူရှင်းက စုန့်ရှောင်ချင်း သူမကို သတိပေးနေခြင်း ဖြစ်သည်ကို နားလည်သဖြင့် အမြန်ပင် ချော့လိုက်ရသည်။ စုန့်ရှောင်ချင်းကိုလည်း ကျေးဇူးတင်မိသည်။ သို့သော်လည်း သင့်တော်သည့် အချိန်ကျလျှင် သူမ သေချာပေါက် ခေါ်မည်ဟု စိတ်ထဲတွင် ဆုံးဖြတ်ထားလေသည်။