သိုင်းလောက၏ အငွေ့အသက်
Vol. 14 Ch. 137
ကျူးယွမ် လူနေရပ်ကွက်သို့ ပြန်ရောက်ပြီးနောက် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့သည် ချန်းချန်းကို ရေချိုးပေးပြီး အိပ်စက်ရန် ချော့မြူခဲ့ကြသည်။ ကလေးငယ် အိပ်ပျော်သွားပြီးမှသာ သူတို့ ပြန်လာခဲ့ကြလေသည်။
မပြန်မီ အချိန်တွင်တော့ သူတို့နှစ်ဦးကြား၌ နွေးထွေးသော သံယောဇဉ် အကြင်နာများ ဖလှယ်ခဲ့ကြသေးသည်။ ဤအချိန်လေး ရရှိရန်အတွက် ချန်းချန်း အိပ်ပျော်သွားအောင် စောင့်ဆိုင်းနေခဲ့ကြ သကဲ့သို့ပင် ဖြစ်သည်။
နောက်တစ်နေ့ စုန့်ရှောင်ချင်း၏ အိမ်သို့ ရောက်သောအခါ ကျန်ရှိနေသော သီချင်းများကို စတင် အသံသွင်းကြသည်။
လုအန်းကျီသည် အရှိန်ရစေရန်အတွက် ‘လွတ်လပ်ခွင့် ပေးပါ’ နှင့် ‘မိုးကုတ်စက်ဝိုင်း’ သီချင်းများကို အရင်ဆုံး ရွေးချယ်လိုက်သည်။ အခက်ခဲဆုံး ဖြစ်သည့် ‘ရွတ်ဆိုရခက်သော ကျမ်းစာ’ ကိုမူ နောက်ဆုံးမှဆိုရန် စီစဉ်ထားသည်။
ပထမဆုံး သီချင်းမှာ ‘လွတ်လပ်ခွင့် ပေးပါ’ ဖြစ်သည်။
လုအန်းကျီသည် ဤသီချင်းများကို ကျန်းဆူရှင်းနှင့် စုန့်ရှောင်ချင်းတို့ကို ပြသထားပြီး ဖြစ်သည်။ သူတို့၏ အမြင်တွင် ဤသီချင်းသည် သီချင်းလေးပုဒ်အနက် နောက်ဆုံးအဆင့်တွင် ရှိနေသည်။
သို့သော် ဤသည်မှာ သီချင်းမကောင်းဟု မဆိုလိုပေ။ သီချင်း၏ တေးသွားမှာ အလွန် ကောင်းမွန်လှသည်။ စုန့်ရှောင်ချင်းက သီချင်းမှတ်စုကို ကြည့်ကာ စမ်းသပ် သီဆိုကြည့်သောအခါ ဤသီချင်းသည် လူကြိုက်များလာနိုင်ကြောင်း သူမနှင့် ကျန်းဆူရှင်းတို့ ခံစားမိကြသည်။ သို့သော် အခြားသော သီချင်းများနှင့် နှိုင်းယှဉ်လိုက်သော အခါတွင်မူ ဤသီချင်းမှာ အနည်းငယ် မှေးမှိန်သွားခြင်း ဖြစ်သည်။
ကျန်းဆူရှင်းနှင့် စုန့်ရှောင်ချင်းတို့သည် လုအန်းကျီ၏ ဖန်တီးနိုင်စွမ်းကို နောက်တစ်ကြိမ် အံ့ဩမိကြပြန်သည်။ ဤလူသည် ထိုကဲ့သို့သော စိတ်ကူးစိတ်သန်းများ ဤမျှအထိ အဘယ်ကြောင့် ရှိနေရသနည်း။
အသံသွင်းခြင်း စတင်သည်နှင့် တူရိယာသံများကို တစ်ခုပြီးတစ်ခု ထည့်သွင်းပြီးနောက် စုန့်ရှောင်ချင်းက နောက်ခံအဆိုပိုင်းကို ကူညီပေးသည်။ ကျန်းဆူရှင်း၊ စုန့်ရှောင်ချင်းနှင့် လုအန်းကျီတို့သည် တေးသွားကို နားထောင်ကြည့်ကြသည်။
စုန့်ရှောင်ချင်းက
“ဒီတေးသွားက တော်တော်လေး ကောင်းတယ်၊ ဒါပေမဲ့ အဆိုပိုင်းနဲ့ ပေါင်းလိုက်ရင် ဘယ်လို ဖြစ်လာမလဲဆိုတာ သိချင်မိတယ်”
ဟု ဆိုသည်။
ထို့နောက် လုအန်းကျီသည် အသံသွင်းခန်းထဲသို့ ဝင်ကာ သီဆိုလေသည်။ သူ၏အသံ ထွက်ပေါ်လာသည်နှင့် ကျန်းဆူရှင်းနှင့် စုန့်ရှောင်ချင်းတို့မှာ ဆွံ့အသွားကြရသည်။
“ငါ့ကို ဝမ်းနည်းခွင့်ပေးပါ၊ နောင်တရခွင့်ပေးပါ၊ ကောင်းကင်ကြီးက နားမလည်တာကို ငါ မုန်းတယ်၊ ငါ့ကို ပင်ပန်းခွင့်ပေးပါ၊ လေထဲမှာ လွင့်မျောရင်း ကောင်းကင်နဲ့ မြေကြီးကြား လွတ်လပ်စွာ ပျံသန်းခွင့်ပေးပါ”
သူ၏ သီဆိုသံသည် တေးဂီတနှင့် ပေါင်းစပ်ကာ နားကြပ်ထဲမှ စီးဆင်းလာသောအခါ သိုင်းလောက၏ ပြင်းထန်သော အငွေ့အသက်များ ချက်ချင်း ထွက်ပေါ်လာသည်။ ချစ်ခြင်း၊ မုန်းခြင်း၊ အာဃာတများနှင့် စိတ်ခံစားမှုများ ပြည့်နှက်နေသော သိုင်းကမ္ဘာထဲသို့ ရောက်ရှိသွားသကဲ့သို့ သူတို့ ခံစားလိုက်ရသည်။
“သူရဲကောင်းဆိုတာ မျိုးရိုးနိမ့်တာကို မကြောက်ဘူး၊ ရည်မှန်းချက်ရှိရင် တစ်နေ့မှာ ဂုဏ်ယူနိုင်မှာပဲ၊ ကံကြမ္မာဆိုတဲ့ စကားလုံးကြောင့် အချစ်ကို အဆုံးသတ်ဖို့ ခက်ခဲတယ်၊ တစ်သက်လုံး ဆုပ်ကိုင်ထားချင်ပေမဲ့ မပိုင်ဆိုင်နိုင်ခဲ့ဘူး”
ချန်းချန်းသည် ကျန်းဆူရှင်းနှင့်အတူ နားကြပ်တစ်ခုကို မျှဝေကာ နားထောင်နေသည်။ သူမသည် ကလေးငယ် ဖြစ်သဖြင့် အဓိပ္ပာယ်များကို နားမလည်သော်လည်း သီချင်းသံကြောင့် ခေါင်းလေးငြိမ့်ကာ လှုပ်ရှားနေလေသည်။
ကျန်းဆူရှင်းနှင့် စုန့်ရှောင်ချင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဘာမှမပြောဘဲ ဆက်လက် နားထောင်နေကြသည်။
လုအန်းကျီ သီချင်းဆိုပြီးသောအခါ စုန့်ရှောင်ချင်းက
“နင် ထူးခြားတာတစ်ခုခု ခံစားရလား”
ဟု ကျန်းဆူရှင်းကို မေးလိုက်သည်။
ကျန်းဆူရှင်းက ခေါင်းငြိမ့်ကာ
“အင်း၊ ဒါပေမဲ့ စကားလုံးနဲ့ ဖော်ပြဖို့ ခက်နေတယ်” ဟု ဆိုသည်။
စုန့်ရှောင်ချင်းက
“သိုင်းလောကထဲက ဇာတ်ကောင်တစ်ယောက် ကိုယ်တိုင်ဆိုနေသလိုပဲ၊ သူဒါကို ဘယ်လို လုပ်လိုက်တာလဲ”
ဟု အံ့ဩတကြီး ပြောလိုက်သည်။
ကျန်းဆူရှင်းက စဉ်းစားကြည့်ပြီးနောက်
“သူက ဝတ္ထုရေးဆရာ ဖြစ်နေလို့နေမှာပါ” ဟု ရိုးရိုးလေးပင် ပြန်ဖြေလိုက်သည်။
စုန့်ရှောင်ချင်းမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူမသည် ကျန်းဆူရှင်းနှင့် စကားပြောနေသဖြင့် အသံသွင်းခန်းထဲမှ လုအန်းကျီက “ဘယ်လိုလဲ” ဟု မေးနေသည်ကိုပင် မေ့သွားသည်။ ထို့နောက်မှ သတိရကာ
“အရမ်းကောင်းတယ်၊ တစ်ခါတည်းနဲ့ အိုကေတယ်” ဟု ပြန်အော်လိုက်ရသည်။
လုအန်းကျီသည် အသံသွင်းခန်းထဲမှ ထွက်လာပြီး သူ၏သီဆိုမှုကို ပြန်လည် နားထောင်ကြည့်ကာ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ သူသည် အာရုံစိုက်ကာ သီဆိုခဲ့သဖြင့် သိုင်းလောက၏ အငွေ့အသက်ကို အပြည့်အဝ ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဤသီချင်းသည် ကိုယ်တိုင်ကပင် ကောင်းမွန်ပြီးသား ဖြစ်သော်လည်း အဆိုတော် ရစ်ချီရင်၏ ထူးခြားသော သိုင်းလောက အငွေ့အသက် ပါဝင်မှသာ ပိုမို ပြည့်စုံခြင်း ဖြစ်သည်။ လုအန်းကျီသည် ထိုခံစားချက်မျိုးရအောင် ဆိုနိုင်ခဲ့လေသည်။
ဤသို့သော အရည်အချင်းမျိုး ရှိနေမှတော့ အခြားအဆိုတော် ရှာနေရန် မလိုတော့ပေ။ သူ၏ လက်ရှိ နာမည်ဂုဏ်သတင်းနှင့်ပင် သူကိုယ်တိုင် ဆိုနိုင်ပြီဖြစ်သည်။ ‘ပန်းပင်လယ်’ သီချင်းတုန်းကကဲ့သို့ ကျန်းဆူရှင်း၏ နာမည်ကို အသုံးချရန် မလိုတော့ပေ။
နောက်တစ်ပုဒ်မှာ ‘မိုးကုတ်စက်ဝိုင်း’ ဖြစ်သည်။
‘လွတ်လပ်ခွင့် ပေးပါ’ ကဲ့သို့ပင် ‘မိုးကုတ်စက်ဝိုင်း’ အသံသွင်းခြင်းမှာလည်း အလွန် ချောမွေ့ခဲ့သည်။
ဤတစ်ကြိမ်တွင် ကျန်းဆူရှင်းနှင့် စုန့်ရှောင်ချင်းတို့သည် ကြိုတင် ပြင်ဆင်ထားသော်လည်း လုအန်းကျီ စတင် သီဆိုလိုက်သောအခါတွင်မူ ထပ်မံ အံ့ဩရပြန်သည်။
“ကောင်းကင်က ထပ်ပြီး မှောင်လာပြီ၊ ထိန်းချုပ်မရတဲ့ ကြွေလွင့်ကြယ် တစ်ပုဒ်က အေးစက်နေတဲ့ နှလုံးသားကို မလောင်ကျွမ်းစေနိုင်ဘူး၊ ရှာဖွေနေရင်း လမ်းပျောက်နေသလိုပဲ၊ ချစ်စရာ ကောင်းလိုက်တာ၊ မုန်းစရာ ကောင်းလိုက်တာ၊ နောင်တရစရာ ကောင်းလိုက်တာ”
လောကဓံကို ကြုံတွေ့ခဲ့ရသော သိုင်းသမား တစ်ဦးသည် သီချင်းထဲတွင် ပေါ်လာသကဲ့သို့ ရှိသည်။ ကျန်းဆူရှင်းသည် ‘မိုးကုတ်စက်ဝိုင်း’ သည် ‘လွတ်လပ်ခွင့် ပေးပါ’ ၏ နောက်ဆက်တွဲ သီချင်းကဲ့သို့ ခံစားရသည်။ အချစ်၊ အမုန်းနှင့် လောကဓံများကို ကြုံတွေ့ပြီးသော သိုင်းသမားတစ်ဦးသည် ဤ ‘မိုးကုတ်စက်ဝိုင်း’ ကို သီဆိုနေသကဲ့သို့ ဖြစ်နေသည်။
လုအန်းကျီသည် ဤသီချင်းကိုလည်း အလွန် ကောင်းမွန်စွာ သီဆိုနိုင်ခဲ့သည်။
သီချင်း ပြီးဆုံးသွားသောအခါ စုန့်ရှောင်ချင်းက
“ဒီသီချင်းက ဒီလူဆိုမှပဲ ဒီလိုအရသာ ထွက်မှာပဲနော်။ ငါသိသမျှ အဆိုတော်တွေထဲမှာ ဘယ်သူမှ ဒီလို ခံစားချက်မျိုးနဲ့ ဆိုနိုင်မှာ မဟုတ်ဘူး”
ဟု ပြော၏။
ကျန်းဆူရှင်းသည် ခဏတာ တိတ်ဆိတ်သွားပြီးမှ ခေါင်းငြိမ့်ပြသည်။
လုအန်းကျီသည် ချန်းချန်း၏ ဖေဖေ ဖြစ်နေသလို သူမနှင့်လည်း ပိုမို ရင်းနှီးလာသဖြင့် သူ့အကြောင်းကို တိုက်ရိုက် ချီးမွမ်းရန် ကျန်းဆူရှင်း အနည်းငယ် ရှက်နေမိသည်။ ထို့ပြင် စုန့်ရှောင်ချင်းက သူမတို့ကို ချစ်ကြည်နူး ပြနေသည်ဟု စွပ်စွဲကာ စိတ်ဆိုးမည်ကိုလည်း စိုးရိမ်မိသည်။
လုအန်းကျီသည် အသံသွင်းခန်းထဲမှ ထွက်လာကာ သူ၏ သီဆိုမှုကို ပြန်လည် စစ်ဆေးသည်။ ပြဿနာ မရှိသည်ကို တွေ့ရမှသာ သူ ခေါင်းငြိမ့်လိုက်သည်။
ထိုအချိန်တွင် ချန်းချန်းလေးသည် သီချင်းနှစ်ပုဒ် နားထောင်ပြီးနောက် စိတ်ပါလာကာ ကိုယ်တိုင် ဆိုတော့သည်။
သူမသည် ‘လွတ်လပ်ခွင့် ပေးပါ’ နှင့် ‘မိုးကုပ်စက်ဝိုင်း’ ကို မဆိုတတ်သဖြင့် ‘ယုန်ကလေး’ သီချင်းကိုသာ ဆိုလေသည်။ အမြဲတမ်းကဲ့သို့ပင် စကားလုံးများ ကျော်သွားခြင်း၊ စာကြောင်းများ လွဲသွားခြင်းတို့ဖြင့် အစီအစဉ် မကျသလို အသံမှာလည်း လွဲချော်နေသည်။
သို့သော် ဤမျှ ငယ်ရွယ်သော ကလေးတစ်ယောက်ကို မည်သူက အကောင်းဆိုရန် မျှော်လင့်ပါမည်နည်း။ ချစ်စရာ ကောင်းနေလျှင်ပင် လုံလောက်လှပြီ ဖြစ်သည်။ ကလေးငယ်၏ အသံမှာ နူးညံ့ပြီး ကလေးဆန်သဖြင့် အသံလွဲနေလျှင်ပင် နားထောင်၍ မဆိုးပေ။
“သမီးလေးက ဘာတွေ ဆိုနေတာလဲ၊ ခေါင်းလေးကိုလည်း လှုပ်လို့”
ချန်းချန်း သီချင်းဆိုပြီးသောအခါ စုန့်ရှောင်ချင်းက သူမရှေ့တွင် ဒူးထောက်ထိုင်ကာ မေးလိုက်သည်။
ထူးခြားသည်မှာ ချန်းချန်းသည် စုန့်ရှောင်ချင်း၏ စကားကို ချက်ချင်း မှတ်မိသွားကာ ခေါင်းလေးကို ရမ်းလျက် “ခေါင်း~လှုပ်~လှုပ်~” ဟု ပြောလိုက်ခြင်း ဖြစ်သည်။
စုန့်ရှောင်ချင်းက ပြုံးကာ
“ခေါင်းလှုပ်လှုပ်ဆိုတာ ဘာလဲသိလို့လား” ဟု မေးသည်။
ကလေးငယ်က ထပ်မံ ခေါင်းရမ်းပြကာ “ခေါင်း~လှုပ်~လှုပ်~” ဟု ဆိုပြန်သည်။
စုန့်ရှောင်ချင်းက ရယ်မောကာ
“ကောင်းပါပြီ၊ သိတယ်ဆိုတာ ယုံပါပြီ။ ဆက်မလှုပ်နဲ့တော့၊ ခေါင်းမူးသွားလိမ့်မယ်”
ဟု တားလိုက်ရသည်။
ကလေးငယ်သည် ချက်ချင်း ရပ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ
“အိုး၊ ချန်းချန်း ခေါင်းမူးသွားပြီ” ဟု ဆိုလေသည်။
လုအန်းကျီ၊ ကျန်းဆူရှင်းနှင့် စုန့်ရှောင်ချင်းတို့ သုံးဦးသား ရယ်မောလိုက်ကြသည်။
စုန့်ရှောင်ချင်းက
“ဒါပေမဲ့ ဒီသီချင်း နှစ်ပုဒ်ရဲ့ စာသားတွေက နည်းနည်းတော့ တစ်မျိုးပဲနော်။ နင်ကပျင်းလို့ အဲ့ဒီလို ရေးထားတာလား၊ ထားလိုက်ပါတော့၊ နင်က ‘မြောင်မြောင်မြောင်’ ဆိုတဲ့ သီချင်းတောင် ရေးထားသေးတာပဲ၊ ဒီလောက် စာသားလေးတွေကတော့ ကိစ္စမရှိပါဘူး၊ နားထောင်လို့ ကောင်းရင် ပြီးတာပဲ”
ဟု ဝေဖန်သည်။
လုအန်းကျီက ဘာမှ ပြန်မပြောဘဲ ပြုံးနေလိုက်သည်။
လူတိုင်းတွင် အကြိုက်ကိုယ်စီ ရှိကြသည်။ ဤသီချင်း နှစ်ပုဒ်၏ စာသားများမှာ လူအချို့အတွက် နားလည်ရ ခက်ခဲနိုင်သော်လည်း လုအန်းကျီကမူ မူရင်းအတိုင်းသာ ထားရှိခဲ့သည်။ သူသည် ဤဘဝတွင် သက်သောင့်သက်သာ နေလိုသဖြင့် စာသားများ ပြောင်းလဲရန် ဒုက္ခမခံလိုခြင်း ဖြစ်သည်။
သူသည် ‘နဂါးဘုရင်’ ဝတ္ထုကိုပင် ရပ်နားထားသူ ဖြစ်သဖြင့် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စများကို ဂရုမစိုက်ပေ။ ထို့ပြင် ဤစာသားများမှာ သူ၏ အမှတ်တရများလည်း ဖြစ်နေပေသည်။
မနက်ခင်း တစ်ခုအတွင်း သီချင်းနှစ်ပုဒ်ကို အောင်မြင်စွာ အသံသွင်းနိုင်ခဲ့သည်။
သူတို့သည် စုန့်ရှောင်ချင်း၏ အိမ်တွင် နေ့လယ်စာ စားကြပြီး လုအန်းကျီနှင့် ကျန်းဆူရှင်းတို့သည် ချန်းချန်းကို နေ့လယ်ခင်း အိပ်ရန် ချော့သိပ်လိုက်ကြသည်။
ကလေးငယ်သည် ယခင်က စုန့်ရှောင်ချင်း၏ အိမ်သို့လာလျှင် နေ့လယ်ဘက် မအိပ်သော်လည်း ယခု နှစ်ကြိမ်စလုံးတွင် အိပ်ပျော်သွားသဖြင့် လုအန်းကျီတို့ စိတ်သက်သာရာ ရသွားကြသည်။
သို့သော် စုန့်ရှောင်ချင်း၏ အိမ်တွင် ဖြစ်နေသဖြင့် ချန်းချန်း အိပ်ပျော်နေသော်လည်း လုအန်းကျီနှင့် ကျန်းဆူရှင်းတို့သည် အလွန်အကျွံ မနေရဲကြပေ။ သူတို့သည် ကလေးငယ် နိုးလာသည်အထိ စောင့်ဆိုင်းပြီးမှ နောက်ထပ် သီချင်းတစ်ပုဒ်ကို ဆက်လက် အသံသွင်းရန် ပြင်ဆင်ကြလေသည်။