ကွဲပြားသော သိုင်းလောက အာရုံခံစားမှု
Vol. 14 Ch. 139
လုအန်းကျီသည် ယနေ့မွန်းလွဲပိုင်းတွင် သီချင်းတစ်ပုဒ်၏ ပုံစံနှစ်မျိုးကို အသံသွင်းပြီးနောက် ယနေ့အတွက် အလုပ်နားရန် ဆုံးဖြတ်လိုက်သည်။ အနားယူရန် အချိန်တန်ပြီ ဖြစ်သည်။ ‘ရွတ်ဆိုရခက်သော ကျမ်းစာ’ အတွက်မူ မနက်ဖြန်အထိ စောင့်ဆိုင်းနိုင်ပါသည်။
ဤအလွန်ခက်ခဲသော သီချင်းမှာ နောက်ထပ် တစ်ရက် စောင့်ဆိုင်းရန် ထိုက်တန်လှသည်။
‘အိပ်မက်ကဲ့သို့ ဓားများ’ ၏ ဒုတိယမြောက် ပုံစံကို အသံသွင်းပြီးနောက် အားလုံး အသံသွင်းခန်းထဲမှ ထွက်လာကြသည်။ စုန့်ရှောင်ချင်းက
“ဒါဆို မနက်ဖြန်ဆို သီချင်းအားလုံး အဆင်သင့် ဖြစ်ပြီပေါ့။ အဲ့ဒါကို ဂုရုယုံဆီ ဘယ်တော့ ပေးမှာလဲ”
ဟု မေးလိုက်သည်။
သူမသည် လုအန်းကျီကို သီချင်းပေးရန် တိုက်တွန်းနေခြင်း မဟုတ်ဘဲ ဂုရုယုံ၏ အံ့အားသင့်သွားမည့် မျက်နှာကို မြင်ချင်ရုံသာ ဖြစ်သည်။
ရုပ်မြင်သံကြားတွင် အမြဲတမ်း တည်ငြိမ်အေးဆေးစွာ မြင်တွေ့ရတတ်သော ထိပ်တန်း ထုတ်လုပ်သူကြီးသည် လုအန်းကျီ၏ မြန်နှုန်းနှင့် အရည်အချင်းကြောင့် သေချာပေါက် တုန်လှုပ်သွားလိမ့်မည်ဟု သူမ တွေးမိသည်။
သို့သော် ဂုရုယုံ၏ တုံ့ပြန်မှုကို လုအန်းကျီနှင့် ကျန်းဆူရှင်းတို့၏ ပြောပြချက်မှ တစ်ဆင့်သာ သိရှိရမည် ဖြစ်သည်။ သူမကိုယ်တိုင် လိုက်သွားကြည့်ရန်မှာမူ မသင့်တော်ပေ။
သို့သော် ကျန်းဆူရှင်းက
“ခဏလောက် စောင့်ကြည့်တာ ပိုကောင်းမယ်လို့ ငါထင်တယ်၊ ဖျော်ဖြေရေးလောကက လူတွေက တစ်မျိုးစီပဲ၊ ငါတို့ ဆရာကူးနဲ့ အဆက်အသွယ် သိပ်မရှိတော့ သူက ဘယ်လိုလူလဲဆိုတာ မသိရသေးဘူး၊ အကယ်၍ ငါတို့က သီချင်းတွေကို အရမ်းစောပြီး သွားပေးလိုက်ရင် ဆရာကူးက ငါတို့ကို အလေးမထားဘူး၊ ဝတ္တရားအရပဲ ကပျာကယာ ရေးပေးတယ်လို့ ထင်သွားနိုင်တယ်။ အဲ့လိုဆိုရင် ဒီအလုပ်က ပျက်သွားနိုင်တယ်”
ဟု ဆိုသည်။
သူမသည် ဖျော်ဖြေရေး လောကတွင် အတွေ့အကြုံရှိသူ ဖြစ်သဖြင့် လုအန်းကျီကို သတိပေးလိုက်ခြင်း ဖြစ်သည်။
စုန့်ရှောင်ချင်းကမူ
“အရင်တုန်းက ကျုံ့ပေါ် သီချင်းတောင်းတုန်းကလည်း ငါတို့ ‘နှစ်ပေါင်းတစ်ထောင်အကြာ’ ကို စောစောစီးစီး ပြင်ဆင်ပြီး ပေးလိုက်တာပဲ မဟုတ်လား”
ဟု ပြန်ပြောသည်။
ကျန်းဆူရှင်းက ခေါင်းခါကာ
“ကျုံ့ပေါ် နဲ့က ငါတို့ သိပြီးသားမို့လို့ ပြဿနာ မရှိတာ၊ ဒါပေမဲ့ ဆရာကူးရဲ့ အကျင့်ကိုတော့ ငါတို့ မသိသေးဘူးလေ”
ဟု ရှင်းပြသည်။
“သူ့အကျင့်ကို နားမလည်ရင်လည်း ဂရုစိုက်မနေတော့ဘူး”
ဟု လုအန်းကျီက ရုတ်တရက် ဝင်ပြောလိုက်သည်။
“ငါက သူ့ဆီက ဒီအလုပ်ကိုရဖို့ အတင်းအကျပ် လုပ်နေတာ မဟုတ်ဘူး၊ သူ့အကြိုက် လိုက်နေစရာ မလိုပါဘူး၊ အလုပ်ဖြစ်ရင် လုပ်မယ်၊ မဖြစ်ရင်လည်း နေပေါ့၊ ငါကတော့ သူ့ရှေ့မှာ ဟန်ဆောင်ပန်ဆောင်တွေ လုပ်မနေနိုင်ဘူး”
စုန့်ရှောင်ချင်း၏ မျက်လုံးများ တောက်ပသွားသည်။ လုအန်းကျီ၏ စကားမှာ သူမ၏ အကြိုက်ပင် ဖြစ်သည်။ သူမက ချက်ချင်း ခေါင်းငြိမ့်ကာ
“မိုက်တယ်၊ အဲ့ဒါမျိုးမှ ၊ငါတို့ရဲ့ လက်ရာတွေက အရမ်းကောင်းတာ၊ သူ့ကိုပဲ ပေးရမယ်လို့ မသတ်မှတ်ထားဘူး၊ အကယ်၍ သူက အကြောင်းမဲ့ စိတ်ဆိုးမယ် ဆိုရင်လည်း ဒီလိုကောင်းတဲ့ သီချင်းတွေကို မရထိုက်လို့ပဲ ဖြစ်လိမ့်မယ်”
ဟု အားပေးလိုက်သည်။
ကျန်းဆူရှင်းကလည်း “အင်း” ဟု ညင်သာစွာ ခေါင်းငြိမ့်သည်။ သူမသည် ဖျော်ဖြေရေး လောကတွင် ကျင်လည်ခဲ့သော အလေ့အကျင့်အရ သတိပေးခဲ့ခြင်း ဖြစ်သော်လည်း လုအန်းကျီတွင် မည်သူ့ကိုမဆို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်သော ယုံကြည်မှု ရှိနေသည်ကို သူမ သဘောပေါက်သွားသည်။ သူမ စတင်ဝင်ရောက်စဉ်ကကဲ့သို့ ဂရုတစိုက် နေထိုင်ရန် မလိုအပ်တော့ပေ။
သူမသည် လုအန်းကျီကို ကြည့်ကာ တိတ်ဆိတ်စွာ ပြုံးနေမိသည်။ သူမ၏ မျက်လုံးထဲတွင် သူတစ်ဦးတည်းသာ ရှိနေတော့သည်။
ဤမျှအထိ ယုံကြည်မှု အပြည့်ဖြင့် ခန့်ညားစွာ ပြောနိုင်သူမှာ သူတစ်ဦးတည်းသာ ရှိလိမ့်မည်ဟု သူမ ခံစားမိသည်။ ကျန်းဆူရှင်း၏ အမြင်တွင် ရှေ့မှ လူသားသည် သိုင်းဝတ္ထုထဲမှ အစွမ်းထက်သော ပညာရှင် တစ်ဦးကဲ့သို့ မည်သူ့ကိုမဆို မမှုဘဲ ယုံကြည်မှုအပြည့် ရှိနေသူ ဖြစ်သည်။ သူသည် ထိုမာန်မာနကို အတွင်းထဲတွင် နက်ရှိုင်းစွာ ဖုံးကွယ်ထားသဖြင့် သာမန်လူများ သတိထားမိရန် ခက်ခဲသည်။
သူမ ထပ်မငြင်းတော့ပေ။ လုအန်းကျီက ထိုသို့ ဆုံးဖြတ်ပြီးလျှင် သူမသည် နောက်ကွယ်မှ တိတ်တဆိတ် ထောက်ခံပေးရန်သာ ရွေးချယ်လိုက်သည်။
“ဒီနေ့တော့ ဒီမှာပဲ ရပ်ကြစို့၊ မနက်ဖြန် နောက်ဆုံးတစ်ပုဒ် အသံသွင်းပြီးရင် အဖွင့်သီချင်းနဲ့ အပိတ်သီချင်းအတွက် နှစ်ပုဒ် ရွေးကြမယ်၊ ပြီးရင် ကြားဖြတ်တေး နှစ်ပုဒ်နဲ့အတူ ဆရာဂုရုယုံဆီ ပို့ပေးလိုက်မယ် ကျန်တာတွေကိုတော့ အပျော်တမ်း သဘောမျိုးပဲ ဖြည်းဖြည်းချင်း ထုတ်လွှင့်သွားတာပေါ့”
လုအန်းကျီက ကျန်းဆူရှင်းနှင့် စုန့်ရှောင်ချင်းကို ကြည့်ကာ
“ဒီလေးပုဒ်ထဲက ဘယ်နှစ်ပုဒ်ကို ပို့ပေးရမလဲဆိုတာ ရွေးဖို့ မင်းတို့နှစ်ယောက်ကို အကူအညီ တောင်းပါရစေ”
ဟု ပြောလိုက်သည်။
ကျန်းဆူရှင်းနှင့် စုန့်ရှောင်ချင်းတို့က ပြဿနာ မရှိကြောင်း ခေါင်းငြိမ့်ပြကြသည်။
ထိုအချိန်တွင် ချန်းချန်းလေးက ဝင်ရောက် အားပေးသည်။ ကလေးငယ်သည် လုအန်းကျီ၏ အင်္ကျီကို ဆွဲကာ
“ဖေဖေ၊ ချန်းချန်းလည်း ကူညီမယ်” ဟု ဆိုလေသည်။
သုံးဦးသားမှာ ရယ်မောမိကြသည်။ စုန့်ရှောင်ချင်းက ဒူးထောက်ထိုင်ကာ
“သမီးလေးက မမနဲ့ မေမေက ဖေဖေကို ဘာကူညီပေးနေလဲ သိလို့လား” ဟု မေးသည်။
သူမသည် ချန်းချန်းနှင့် စကားပြောရသည်ကို အလွန် ဝါသနာပါသည်။ သူမရှိနေလျှင် ကျန်းဆူရှင်းနှင့် လုအန်းကျီတို့ပင် ချန်းချန်းနှင့် စကားပြောရန် အခွင့်အရေး မရချေ။
သို့သော် သူမ၏ မေးခွန်းကြောင့် ချန်းချန်းလေးမှာ စဉ်းစားရ ခက်သွားပြန်သည်။
“ဟင်း... ဟင်း...”
ချန်းချန်းသည် ခဏတာ စဉ်းစားနေပြီးမှ ရုတ်တရက် တစ်ခုခုကို သတိရသွားကာ မျက်လုံးလေးများ တောက်ပလျက်
“ကူညီမယ်၊ သီချင်းဆိုမယ်” ဟု ပြန်ဖြေသည်။
သူမသည် အဖြေကို ရှာတွေ့သွားသဖြင့် ပျော်ရွှင်သွားကာ လက်ခုပ်တီးလျက်
“ချန်းချန်း သီချင်းဆိုတတ်တယ်” ဟု ကြွေးကြော်လေသည်။
မိမိကိုယ်ကိုယ် ချီးကျူးပြီးနောက် စုန့်ရှောင်ချင်း ဘာမှ မပြောရသေးခင်မှာပင် သူမဘာသာ စတင် သီဆိုတော့သည်။
“ယုန်ကလေးရေ၊ လိမ္မာတယ်၊ တံခါးဖွင့်ပါ၊ မဖွင့်ဘူး၊ မဖွင့်ဘူး၊ မဖွင့်ပါဘူး၊မေမေ ပြန်မလာသေးဘူး”
လုအန်းကျီနှင့် ကျန်းဆူရှင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံ့ဩသွားကြသည်။ ကလေးငယ်သည် ယခုတစ်ကြိမ်တွင် သီချင်းစာသားများကို မှန်ကန်လုနီးပါး သီဆိုနိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။ အရင်ကဆိုလျှင် သူမသည် ချောမွေ့အောင်ပင် မဆိုနိုင်ခဲ့ချေ။
သီချင်းမှာ အသံနေအသံထား မမှန်သေးသော်လည်း စာသားများမှာမူ အတော်လေး မှန်ကန်နေပြီ ဖြစ်သည်။ ကလေးငယ်၏ တိုးတက်မှုကို မြင်ရသဖြင့် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့မှာ များစွာ ဝမ်းသာမိကြသည်။
“အင်း ဒီတစ်ခါတော့ အတော်လေး နားလည်သွားပြီ၊ ဒါပေမဲ့ ချန်းချန်း၊ သမီးက အသံမကြည်သေးဘူး၊ ဘယ်သူက ပြန်မလာသေးတာလဲ”
ဟု စုန့်ရှောင်ချင်းက ထပ်မေးလိုက်သည်။
“ဟင်း... ဟင်း...”
ချန်းချန်းသည် ခဏစဉ်းစားပြီးနောက် ကျန်းဆူရှင်း အနားသို့ ပြေးသွားကာ သူမ၏ အင်္ကျီလက်ကို ဆွဲ၍
“မေမေ၊ မေမေ ပြန်မလာသေးဘူး”
ဟု ကလေးသံလေးဖြင့် ပြောသည်။ ထို့နောက် လုအန်းကျီ အနားသို့သွားကာ သူ၏ အင်္ကျီလက်ကို ဆွဲလျက်
“ဖေဖေလည်း ပါတယ်”
ဟု ဆိုလေသည်။
စုန့်ရှောင်ချင်းမှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ မိသားစု သုံးဦး၏ ချစ်ခြင်းမေတ္တာကို သူမ ထပ်မံ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။ သို့သော် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့၏ အပြုအမူများကို မြင်တွေ့ရဖန် များလာသဖြင့် သူမသည် နေသားကျလာပြီဖြစ်ရာ စိတ်ကို ချက်ချင်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။
ချန်းချန်းနှင့် ခဏတာ ကစားပြီးနောက် စုန့်ရှောင်ချင်းသည် မိသားစု သုံးဦးကို အိမ်ရှေ့အထိ လိုက်ပို့ပေးသည်။
ကားပြတင်းပေါက်မှနေ၍ လက်ဝှေ့ယမ်း နှုတ်ဆက်နေသော ချန်းချန်းကိုကြည့်ကာ ကားလေး ထွက်ခွာသွားသည်အထိ သူမ ရပ်ကြည့်နေမိသည်။
“သိပ်ကောင်းတာပဲ”
ဟု သူမ တိုးတိုးလေး ရေရွတ်မိသည်။
ထို့နောက်တွင်မှ သူမသည် သတိပြန်ဝင်လာကာ ခေါင်းခါလိုက်ပြီး
“ငါက ချန်းချန်းလို ချစ်စရာကောင်းတဲ့ သမီးလေး ရှိတာကိုပဲ အားကျတာပါ၊ ကလေးနဲ့ နေ့တိုင်း ကစားရတာ ပျော်စရာကောင်းလို့ပါ၊ တခြား ဘာမှ မဟုတ်ပါဘူး”
ဟု တွေးလိုက်သည်။
စိတ်ကို ပြန်လည် ပြင်ဆင်ပြီးနောက် သူမ အိမ်ထဲသို့ ပြန်ဝင်ခဲ့သည်။ သူမသည် အာရုံပြောင်းရန်အတွက် အသံသွင်းခန်းထဲသို့ ဝင်ကာ လုအန်းကျီ အချောသတ်ထားသော သီချင်းများကို ပြန်လည် နားထောင်နေမိသည်။
ယခုတစ်ကြိမ် နားထောင်သောအခါ ကျန်းဆူရှင်းကဲ့သို့ပင် လုအန်းကျီ သီဆိုထားသော သီချင်းသုံးပုဒ်၏ ကွဲပြားသော အရသာကို သူမ ခံစားမိလာသည်။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ”
သူမသည် တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမသည် ကျွမ်းကျင်ပညာရှင် မဟုတ်သဖြင့် ကျန်းဆူရှင်းကဲ့သို့ အပြည့်အဝ ခံစားရခြင်း မရှိသော်လည်း ထူးခြားမှုကိုတော့ သိမြင်သည်။
သီချင်းများကို နားထောင်ပြီးနောက် မနက်ဖြန်အတွက် အဆင်သင့် ဖြစ်စေရန် လုအန်းကျီက သူမ၏ ကွန်ပျူတာထဲသို့ ထည့်ပေးထားသော ‘ရွတ်ဆိုရခက်သော ကျမ်းစာ’ ၏ သီချင်းမှတ်စုနှင့် စာသားများကို လေ့လာနေမိသည်။
ယခင်က သူမသည် ဤသီချင်းကို အကြမ်းဖျင်းသာ ကြည့်ခဲ့ဖူးပြီး အသေးစိတ် မကြည့်ခဲ့ပေ။ ထို့ပြင် တေးဂီတကိုသာ အာရုံစိုက်ခဲ့သဖြင့် စာသားများကို သတိမထားမိခဲ့ပေ။
ယခုအခါ စာသားများကို မြင်သောအခါ သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။
“လေကို မျိုချတယ်၊ မိုးကို နမ်းရှုံ့တယ်၊ နေဝင်ချိန်ကို မြှုပ်နှံတယ်၊ ဘယ်တော့မှ မတုန်လှုပ်ဘူး၊ တောင်တွေကို လှည့်စားတယ်၊ ပင်လယ်တွေကို မောင်းနှင်တယ်၊ နှင်းလမ်းပေါ်မှာ လျှောက်တယ်၊ ဘယ်တော့မှ မျှော်လင့်ချက် မပျက်ဘူး... ဒီသီချင်းစာသားတွေက ဘာလို့ ဒီလောက်အထိ ထူးဆန်းနေရပြန်တာလဲ”