သဘောတူညီချက်နှင့် အစီအစဉ်
Vol. 15 Ch. 147
လုအန်းကျီ၏ အကြံပြုချက်ကို ကြားသောအခါ ကျန်းဆူရှင်းက ခေါင်းခါယမ်းလျက် “ချန်းချန်းကို အိမ်တန်းခေါ်သွားဖို့ ကျွန်မလည်း စဉ်းစားမိပါတယ်၊ ဒါပေမဲ့ သေချာပြန်တွေးကြည့်တော့ အဲဒါက သိပ်မသင့်တော်သေးဘူးထင်တယ်။ မိဘတွေကို ပြင်ဆင်ဖို့ အချိန်နည်းနည်းပေးရမယ်၊ ဒါမှ သူတို့လည်း ရုတ်တရက်ကြီး ချန်းချန်းကို မြင်ပြီး ဆွေမျိုးတွေ အိမ်နီးနားချင်းတွေကို ဘာပြောရမှန်းမသိ ဖြစ်မနေတော့မှာ” ဟု ဆိုသည်။
လုအန်းကျီက ခေါင်းညိတ်ကာ “မင်းပြောတာ မှန်တယ်၊ ကျွန်တော် အဲဒီဘက်ကို သေချာ မစဉ်းစားမိလိုက်ဘူး” ဟု ပြန်ပြောခဲ့သည်။
သားသမီးများ၏ အိမ်ထောင်ရေးနှင့် ပညာရေး အောင်မြင်မှုများသည် မိဘများအတွက် ပတ်ဝန်းကျင်နှင့် ဆက်ဆံရာတွင် အဓိက ပြောစရာခေါင်းစဉ်များ ဖြစ်ကြသည်။ အကယ်၍ ကျန်းဆူရှင်းက သူနှင့် ချန်းချန်းကို ဘာသတိပေးချက်မှ မပေးဘဲ အိမ်သို့ ရုတ်တရက် ခေါ်သွားပါက သူမ၏ မိဘများမှာ မည်သို့ တုံ့ပြန်ရမည်ကို သိကြလိမ့်မည် မဟုတ်ပေ။
၎င်းတို့နှစ်ဦးသည် ရဲစခန်းသို့ဝင်၍ အိမ်ထောင်စုစာရင်း ကိစ္စများကို မေးမြန်းခဲ့ကြသည်။ ဦးစွာ ပြောင်းရွှေ့ခွင့် လက်မှတ်ကို လျှောက်ထားခဲ့ပြီးနောက် ပြန်လည် ထွက်ခွာလာခဲ့ကြသည်။
ထို့နောက်တွင် လုအန်းကျီသည် သူ၏ အိမ်ထောင်စုစာရင်းစာအုပ်ကို ကျောင်းပိုင်နက်ရှိရာ ရဲစခန်းသို့ ယူဆောင်သွားကာ အမည်ထုတ်ပယ်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ရဦးမည်ဖြစ်သည်။ ထို့နောက်မှ ဤနေရာသို့ ပြန်လာကာ အမည်သွင်းရမည် ဖြစ်သည်။
စုန့်ရှောင်ချင်း၏ အိမ်သို့ ကားမောင်းလာရင်း လုအန်းကျီနှင့် ကျန်းဆူရှင်းတို့သည် ရှေ့ဆက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် ကျန်းဆူရှင်း၏ မိဘများကို ဝါဆိုဝါခေါင်ပွဲတော်ကာလတွင် ဟိုင်တုသို့ ဖိတ်ကြားရန်နှင့် ၎င်းတို့ ရောက်ရှိလာမှသာ အမှန်အတိုင်း ဖွင့်ပြောရန် ဆုံးဖြတ်ခဲ့ကြသည်။
ထိုအချိန်တွင် ချန်းချန်းလည်း ရှိနေမည်ဖြစ်သလို သူကိုယ်တိုင်လည်း လူကြီးများရှေ့တွင် ရိုးသားစွာ တောင်းပန်နိုင်မည်ဖြစ်ရာ လူကြီးနှစ်ဦးအနေဖြင့် လက်ခံရ ပိုမိုလွယ်ကူနိုင်လိမ့်မည် ဖြစ်သည်။
လုအန်းကျီသည် ကျန်းဆူရှင်း၏ မိဘများအကြောင်းကို မေးမြန်းကြည့်ရာ ၎င်းတို့နှစ်ဦးစလုံးမှာ အထက်တန်းပြ ဆရာ၊ ဆရာမများ ဖြစ်ကြောင်း သိရှိရသည်။
ကျန်းဆူရှင်း၏ ဖခင်အမည်မှာ ကျန်းယွီကျီဖြစ်ပြီး အထက်တန်း ကျောင်းသုံး တရုတ်စာဘာသာရပ်ကို သင်ကြားသည်။ မိခင်အမည်မှာ မြောင်ဆူချင်ဖြစ်ပြီး ဂီတဘာသာရပ်ကို သင်ကြားသည်။
ကျန်းဆူရှင်း အဆိုတော်ဘဝသို့ ခြေစုံပစ်ဝင်ခဲ့ခြင်းမှာ မိခင်ဖြစ်သူ မြောင်ဆူချင်၏ လွှမ်းမိုးမှုကြောင့် ဖြစ်သည်။ သို့သော် ဖခင်ဖြစ်သူ ကျန်းယွီကျီမှာမူ ကျန်းဆူရှင်း အနုပညာလောကထဲသို့ ဝင်ရောက်ခြင်းကို ကန့်ကွက်ခဲ့သူဖြစ်ရာ ဇနီးဖြစ်သူအပေါ်တွင်လည်း အပြစ်တင်စကားများ ရှိခဲ့သည်။
ထို့အပြင် ကျန်းဆူရှင်းသည် လွန်ခဲ့သော နှစ်နှစ်လုံးလုံး အိမ်နှင့် အဆက်အသွယ် ပြတ်သလောက် ဖြစ်နေခဲ့သဖြင့် မိခင်ဖြစ်သူ မြောင်ဆူချင်သည်လည်း သမီးဖြစ်သူကို ဂီတ မသင်ပေးခဲ့လျှင် ပိုကောင်းလေမလားဟု နောင်တရနေခဲ့သည်။
အတိုချုပ်ပြောရလျှင် လူကြီးနှစ်ဦးစလုံးမှာ ကျန်းဆူရှင်း ထိုလောကထဲ ရောက်နေသည်ကို အလွန်မကျေနပ်ကြပေ။ ထို့ကြောင့် ကျန်းဆူရှင်း၏ အဖော်အဖက်မှာလည်း အနုပညာလောကသား ဖြစ်လိမ့်မည်ဟု လုံးဝ အလိုမရှိကြပေ။ ကံကောင်းသည်မှာ လုအန်းကျီသည် လက်ရှိတွင် အနုပညာလောကထဲ၌ မရှိဘဲ ဝတ္ထုရေးဆရာတစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။ ဤအချက်မှာ ကျန်းယွီကျီကို ဆွဲဆောင်နိုင်ကောင်း ဆွဲဆောင်နိုင် ပေလိမ့်မည်။
“မနေ့ညက ကျွန်မ အချိန်ကို တွက်ကြည့်လိုက်တာ ရှင့်ရဲ့ ‘မင်းသားလေး’ စာအုပ်က ဒီနှစ် ဝါဆိုဝါခေါင်ပွဲတော်ဝန်းကျင်မှာ ထွက်လာလိမ့်မယ်၊ အဲဒီစာအုပ် ရှိနေရင်တော့ ကျွန်မအဖေက ရှင့်ကို လက်ခံဖို့ ပိုလွယ်သွားနိုင်တယ်” ဟု ကျန်းဆူရှင်းက ဆိုသည်။
ချန်းချန်းအတွက် ရေးသားခဲ့သော ‘မင်းသားလေး’ ဝတ္ထုမှာ ယောက္ခမကို သိမ်းသွင်းရာတွင် မထင်မှတ်ဘဲ အထောက်အကူ ဖြစ်လိမ့်မည်ဟု လုအန်းကျီ မမျှော်လင့်ထားခဲ့သဖြင့် ခဏမျှ ဆွံ့အသွားခဲ့သည်။
“စာပေလက်ရာကောင်းတွေ ရေးတာက မင်းအဖေကို သိမ်းသွင်းဖို့ ပိုလွယ်ကူစေလိမ့်မယ်လို့ မင်းထင်သလား” ဟု လုအန်းကျီက မေးလိုက်သည်။
ကျန်းဆူရှင်းက လုအန်းကျီကို မျက်စောင်းထိုးရင်း “သိမ်းသွင်းတယ် ဟုတ်လား၊ ရှင့်စကားက နားဝင်မချိုလိုက်တာ၊ ပြီးတော့ စာပေလက်ရာကောင်း ဆိုပါလား၊ တကယ်ကို အိပ်မက်မက်နေ တာပဲ၊ ရှင်သာ တကယ့် စာပေလက်ရာကောင်းတစ်ခု ဖန်တီးနိုင်ရင် ကျွန်မအဖေက ရှင့်ကို ဘုရားစင်ပေါ်တောင် တင်ထားဦးမှာ” ဟု ဆိုသည်။
“အော်”
လုအန်းကျီသည် ပြန်လည် ချေပခြင်း မပြုဝံ့တော့ပေ။
ကျန်းဆူရှင်းက ဆက်လက်၍ “ဒါပေမဲ့ ကျွန်မအဖေက ရှေးရိုးစွဲကြီးတော့ မဟုတ်ပါဘူး၊ သူက စာပေလက်ရာကောင်းတွေကို သိပ်ဖတ်တာ မဟုတ်ဘူး၊ သိုင်းဝတ္ထုတွေကိုပဲ အရူးအမူး ဖတ်တာ၊ တခြား ဝတ္ထုတွေကိုတော့ တစ်ခါတလေမှ ဖတ်တတ်တယ်၊ ‘မင်းသားလေး’ စာအုပ် ရှိတာနဲ့တင် သူ့အမြင်မှာ ရှင်က ထူးခြားတဲ့သူ ဖြစ်သွားမှာပါ” ဟု ရှင်းပြခဲ့သည်။
“နားလည်ပါပြီ”
လုအန်းကျီသည် ကျန်းဆူရှင်း၏ စကားကို စိတ်ထဲ၌”သိုင်းဝတ္ထုများပေါ့”ဟု သေချာမှတ်သားထားလိုက်သည်။
ရီဖင်နေအိမ်ရာ အနီးသို့ ရောက်ရှိလာချိန်တွင် လုအန်းကျီသည် ကားကို ခပ်လှမ်းလှမ်းတွင် ရပ်လိုက်သည်။
“ဘာလို့ ဒီမှာ ရပ်တာလဲ” ဟု ကျန်းဆူရှင်းက မေးသည်။
ကားသည် ရီဖင်နေအိမ်ရာ အနီးရှိ ဈေးဝယ်စင်တာ နယ်မြေတစ်ခုတွင် ရပ်တန့်သွားခြင်း ဖြစ်သည်။ အလုပ်လုပ်ရက် ဖြစ်သောကြောင့် ဈေးဝယ်စင်တာ ရှေ့ရှိ ကွင်းပြင်မှာ အနည်းငယ် တိတ်ဆိတ်နေသော်လည်း နေ့လယ်စာ စားချိန် နီးလာပြီဖြစ်၍ ထီးရိပ်များအောက်ရှိ ထိုင်ခုံများတွင် အစားအသောက် စားသောက်ရင်း စကားပြောနေသူ အနည်းငယ် ရှိနေသည်။
လုအန်းကျီက စက်သတ်လိုက်ပြီး ကျန်းဆူရှင်းကို ကြည့်ကာ ပြုံးလျက် “ကိုယ်တို့ရဲ့ ကတိဟောင်းလေးကို မှတ်မိသေးလား၊ ဒီနေ့ ချန်းချန်းက ရှောင်ချင်းနဲ့ ရှိနေတာဆိုတော့ ဒီအချိန်လေးမှာ ကိုယ်တို့ကတိကို အကောင်အထည်ဖော်ကြမလား” ဟု မေးခဲ့သည်။
ကျန်းဆူရှင်းသည် လုအန်းကျီကို တစ်ချိန်က ပြောခဲ့ဖူးသည့် စကားကို ပြန်လည် သတိရသွားကာ “အဲဒါက ကျွန်မ အမှတ်မထင် ပြောလိုက်တာပါ၊ တကူးတကကြီး လုပ်နေဖို့ မလိုပါဘူး၊ ကြည့်ရတာလည်း နည်းနည်း ပျင်းဖို့ကောင်းတယ် မဟုတ်လား” ဟု ပြန်ပြောလိုက်သည်။
သို့သော် လုအန်းကျီကမူ ကားတံခါးကို ဖွင့်လိုက်ပြီဖြစ်ရာ “ဒါဆို မင်း မဆင်းဘူးလား” ဟု မေးလိုက်သည်။
ကျန်းဆူရှင်းက လုအန်းကျီကို ကြည့်ကာ ဘာမှမပြောဘဲ ကားပေါ်မှ လိုက်ဆင်းခဲ့သည်။
လုအန်းကျီသည် ကျန်းဆူရှင်း၏ ရှေ့တွင် ရပ်ကာ ကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး “တက်ပါ ချစ်ေလး” ဟု ဆိုသည်။
“အဲဒီလို မခေါ်ပါနဲ့၊ ကြက်သီးထစရာကြီး”
ကျန်းဆူရှင်းက ကန့်ကွက်လိုက်သော်လည်း လုအန်းကျီ၏ ကျောပေါ်သို့ သဘာဝကျကျပင် တက်လိုက်သည်။
လုအန်းကျီက ကျန်းဆူရှင်းကို ကျောပိုးကာ မတ်တတ်ရပ်လိုက်သည်။
အရာအားလုံးကို ဖြတ်ကျော်လာခဲ့ပြီး ယနေ့ကဲ့သို့ အခြေအနေသို့ ရောက်ရှိလာချိန်တွင် ၎င်းတို့နှစ်ဦးမှာ ဤကဲ့သို့ နီးကပ်စွာ ထိတွေ့ရခြင်းကို အနေရခက်ခြင်း သို့မဟုတ် ရှက်ရွံ့ခြင်းများ မရှိတော့ပေ။
သို့သော် ဤအခိုက်အတန့်မှာ ၎င်းတို့၏ ကတိကို ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။ လုအန်းကျီသည် ကျန်းဆူရှင်းကို ကျောပိုးထားရင်း ထိုနေ့က ချန်းချန်း ပြောခဲ့သည့် “နောက်တစ်ခါ” ဆိုသော စကားကို သတိရကာ ရင်ထဲတွင် ကြည်နူးမှုများ ဖြစ်ပေါ်လာခဲ့သည်။
ယနေ့ ရောက်ရှိလာသည့် ဤအဆင့်မှာ အမှန်တကယ်ပင် ကောင်းမွန်လှသည်။
“ရှောင်ချင်းအိမ်အထိ ကျောပိုးသွားပေးရမလား”
“အဲဒါက သိပ်မကောင်းဘူး ထင်တယ်”
“ရပါတယ်၊ ရီဖင်နေအိမ်ရာနဲ့က သိပ်မဝေးတော့ဘူး၊ ကျွန်တော့် ဗလကို အထင်မသေးပါနဲ့”
“ဒါဆိုရင်တော့ လေးတယ်လို့ မညည်းနဲ့နော်”
“မင်းက လေးတယ်လို့ ထင်လို့လား”
“ဟွန်း”
လုအန်းကျီသည် ကျန်းဆူရှင်းကို ကျောပိုးကာ ဈေးဝယ်နယ်မြေမှ ရီဖင်နေအိမ်ရာ အဝင်ဝအထိ လျှောက်လာခဲ့သည်။ အဝင်ဝရှိ လုံခြုံရေးဝန်ထမ်းမှာ တကယ်ကို လုပ်ငန်းကျွမ်းကျင်သူဖြစ်ရာ လုအန်းကျီတို့၏ အပြုအမူကို မမြင်ချင်ယောင် ဆောင်ပေးခဲ့သည်။
နေအိမ်ရာထဲသို့ ရောက်သောအခါ ကျန်းဆူရှင်းက “မောနေပြီလား” ဟု မေးသည်။
လုအန်းကျီက “ရပါတယ်၊ သိပ်မမောပါဘူး” ဟု ပြန်ပြောသည်။
“ရှင့်အသက်ရှူသံတွေ ပြင်းနေတာ ကျွန်မ ကြားနေရတယ်”
“ရပါတယ်၊ နည်းနည်းပါပဲ”
“မောရင် ကျွန်မကို ချပေးပါတော့”
“ရပါတယ်၊ နောက်နှစ်လှမ်းလောက်ဆို ရှောင်ချင်းအိမ်ရှေ့ ရောက်တော့မှာ”
မကြာမီမှာပင် စုန့်ရှောင်ချင်း၏ အိမ်ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။
စုန့်ရှောင်ချင်းနှင့် ချန်းချန်းတို့သည် ခြံဝင်းထဲတွင် ဆော့ကစားနေကြသည်။ လုအန်းကျီတို့ ခြံဝင်းတံခါးနား မရောက်ခင်မှာပင် ချန်းချန်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
“ဖေဖေ... မေမေ...”
၎င်းတို့နှစ်ဦး အသံလာရာသို့ ကြည့်လိုက်ရာ ချန်းချန်းလေးမှာ ဝမ်းသာအားရ ခုန်ပေါက်နေသည်ကို တွေ့လိုက်ရသည်။
ကလေးမလေးမှာ သူတို့ကို မြင်လိုက်ရသဖြင့် အလွန်ပျော်ရွှင်နေကာ သူမ၏ ခုန်ပေါက်နေသော ပုံစံမှာ ကပြနေသလိုပင် ရှိသော်လည်း မည်သည့်အကမှန်းတော့ မသိသာပေ။
လုအန်းကျီက ကျန်းဆူရှင်းကို အောက်သို့ ချပေးလိုက်သည်။ ခြံဝင်းထဲမှ စုန့်ရှောင်ချင်းက ချန်းချန်းကို ခေါ်၍ တံခါးလာဖွင့်ပေးခဲ့သည်။
ချန်းချန်းသည် ချက်ချင်းပင် ပြေးလာကာ လုအန်းကျီ၏ ခြေထောက်ကို ဖက်လိုက်သည်။
လုအန်းကျီက ချန်းချန်းကို ပွေ့ချီလိုက်သည်။
“ဖေဖေ... ဖေဖေနဲ့ မေမေက ဘာလုပ်နေတာလဲ” ဟု ချန်းချန်းက မေးသည်။
စုန့်ရှောင်ချင်းကမူ ခပ်တိုးတိုးဖြင့် “ဘာလုပ်ရမှာလဲ ဟွန်း ” ဟု ဆိုသည်။
လုအန်းကျီ “...”
ကျန်းဆူရှင်း “...”
ထိုအခါ ချန်းချန်းက စုန့်ရှောင်ချင်း၏ စကားကို လိုက်အတုယူကာ “ဟွန်း စိတ်တိုစရာကြီး” ဟု အော်ပြောလိုက်သည်။
စုန့်ရှောင်ချင်း “...”
လုအန်းကျီနှင့် ကျန်းဆူရှင်းတို့မှာ အော်ဟစ်ရယ်မောမိကြပါတော့သည်။
စုန့်ရှောင်ချင်းက သက်ပြင်းချလျက် “နင်တို့နှစ်ယောက်ကတော့ တကယ့်ကို ငါ့ရန်သူတွေပဲ” ဟု ဆိုကာ “ကဲ ဘယ်လိုလဲ၊ အဆင်ပြေခဲ့ရဲ့လား” ဟု မေးလိုက်သည်။
ကျန်းဆူရှင်းက “ပြီးသွားပါပြီ” ဟု ဖြေသည်။
စုန့်ရှောင်ချင်းက ချက်ချင်းပင် စိတ်ဝင်စားသွားကာ “ကြည့်ရအောင်” ဟု ဆိုသည်။
ကျန်းဆူရှင်းသည် သူမနှင့် လုအန်းကျီ၏ လက်ထပ်စာချုပ်ကို ထုတ်ပြလိုက်သည်။ ချန်းချန်းလေးမှာလည်း ဝိုင်းကြည့်နေရင်း အထဲတွင် လုအန်းကျီနှင့် ကျန်းဆူရှင်းတို့ကိုသာ တွေ့ရသဖြင့် စိတ်မကောင်းဖြစ်သွားကာ “ချန်းချန်းရော ချန်းချန်း ဘယ်မှာလဲ” ဟု မေးလိုက်ပါတော့သည်။