ကွဲလွဲနေသော ဝန်ခံချက်
Vol. 16 Ch. 160
မြောင်စုချင်က ပို၍ ပျူငှာသိမ်မွေ့သည်ဟု ထင်ရသည်မှာ ကျန်းယွီကျီက ပို၍ တင်းမာခက်ထန် နေသောကြောင့် ဖြစ်လိမ့်မည်။ ချန်းချန်းသည် မြောင်စုချင်ကို မကြောက်ဘဲ အချီခံသော်လည်း ကျန်းယွီကျီကိုမူ အချီမခံဘဲ ငြင်းဆန်လေသည်။
ကျန်းယွီကျီမှာ စိတ်မကောင်း ဖြစ်ရသလို အနေရလည်း ခက်သွားတော့သည်။
ကျန်းဆူရှင်းက
“သူက အခုမှ စတွေ့ဖူးလို့ ရှက်နေတာပါ၊ ရင်းနှီးသွားရင် အဆင်ပြေသွားမှာပါ”
ဟုသာ ပြောရတော့သည်။
ကျန်းယွီကျီက စကားတစ်ခွန်းမှ မပြောပေ။ သူသည် ချန်းချန်းနှင့် ရင်းနှီးချင်သော်လည်း ၎င်းမှာ နားမထောင်သော သမီးဖြစ်သူကို ခွင့်လွှတ်လိုက်ပြီဟု မဆိုလိုပေ။
ကျန်းဆူရှင်းနှင့် လုအန်းကျီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများကို မြင်နေရသည်။ လုအန်းကျီက တစ်စုံတစ်ခုပြောရန် ပြင်လိုက်သော်လည်း ကျန်းဆူရှင်းက သူ့လက်ကို ဆွဲတားထားသည်။ ကျန်းဆူရှင်းက မျက်မှောင်ကြုတ်ကာ ခေါင်းခါပြသဖြင့် လုအန်းကျီမှာ ခေတ္တမျှ တိတ်ဆိတ်နေရတော့သည်။
ဓာတ်လှေကားဖြင့် ကျန်းဆူရှင်းရှိရာ အထပ်သို့ တက်လာစဉ် လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ မြောင်စုချင်၏ လက်ထဲတွင် ပါလာသော ချန်းချန်းသည်လည်း ထူးဆန်းသော လေထုကို သတိထားမိပုံရပြီး လူတစ်ယောက်ပြီး တစ်ယောက်ကို မျက်လုံးလေး ကလယ်ကလယ်ဖြင့် လိုက်ကြည့်နေကာ အသံပင် မထွက်ရဲပေ။
အိမ်ထဲသို့ရောက်၍ တံခါးဖွင့်ဝင်သောအခါ ကျန်းယွီကျီနှင့် မြောင်စုချင်တို့သည် တံခါးဝတွင်ရပ်လျက် အိမ်အပြင်အဆင်ကို အကဲခတ်ပြီးမှ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကြသည်။
“အခု ပြောကြတာပေါ့၊ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ အိမ်ကိုပြန်ဖို့ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ၊ ငါတို့ကို လိပ်စာတောင် မပေးရဲရအောင် ဘာအကြောင်းတွေ ရှိနေလို့လဲ”
ဟု ကျန်းယွီကျီက ခက်ထန်သော လေသံဖြင့် မေးမြန်းလေသည်။ သူ၏လေသံမှာ အိမ်ထဲသို့ ဆောင်းဦးလေသည် စောစောစီးစီး ရောက်ရှိလာစေသကဲ့သို့ အေးစက်လှသည်။
မြောင်စုချင်သည်လည်း ချန်းချန်းကို ချီထားရင်း ဘေးတွင် တိတ်ဆိတ်စွာ ထိုင်လျက် အဖြေကို စောင့်ဆိုင်းနေသည်။
လုအန်းကျီက
“ဦးလေး”
ဟု စတင်လိုက်သော်လည်း သူစကားနှစ်ခွန်းမျှပင် မပြောရသေးမီ ကျန်းယွီကျီက သူ့ကို စိုက်ကြည့်ကာ
“မင်းကို မမေးဘူး”
ဟု ဟောက်လိုက်သဖြင့် လုအန်းကျီမှာ စကားစရပ်သွားသည်။
လုအန်းကျီသည် ဒေါသသိပ်မရှိသူဖြစ်ပြီး ရှေ့မှ လူကြီးနှစ်ဦး၏ စိတ်ခံစားချက်ကိုလည်း နားလည်ပေးနိုင်သည်။ အကယ်၍ သူသာ ထိုနေရာတွင် ဆိုလျှင်လည်း မိမိသမီးက နှစ်နှစ်ကျော်အောင် အဆက်အသွယ် ဖြတ်ထားပြီးမှ ရုတ်တရက် မြေးမလေး တစ်ယောက်နှင့် အမျိုးသား တစ်ယောက်ကို ခေါ်လာကာ
“ဒါက မြေးမလေး၊ ဒါက သမက်”
ဟု ပြောလာပါက သူလည်း ပေါက်ကွဲမိမည်မှာ အမှန်ပင်။ ကျန်းဆူရှင်း၏ မိဘများအနေဖြင့် အိမ်ရောက်သည်အထိ အောင့်ထားနိုင်ခြင်းမှာပင် ကျန်းဆူရှင်းနှင့် လုအန်းကျီအပေါ် တော်တော်လေး ငဲ့ညှာရာ ရောက်နေပြီဖြစ်သည်။
သို့သော် သူ၏ စိတ်ရှည်မှုက အခြားသူများတွင်လည်း ရှိမည်ဟု မဆိုလိုပေ။
“ဟွန့်”
ချန်းချန်းသည် အလွန်မကျေမနပ်ဖြစ်ကာ အသံထွက် ညည်းတွားလိုက်ပြီး မြောင်စုချင်၏ လက်ထဲမှ ရုန်းထွက်ကာ လုအန်းကျီ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။ ထို့နောက် နှာခေါင်းလေးရှုံ့ကာ ကျန်းယွီကျီကို အားမနာတမ်း စိုက်ကြည့်နေတော့သည်။
ကျန်းယွီကျီမှာ ချက်ချင်းပင် ဒေါသများ လျော့ကျသွားပြီး အူကြောင်ကြောင် ဖြစ်သွားရသည်။ မြောင်စုချင်က ချန်းချန်းကိုချော့ရန် ကြိုးစားသော်လည်း ချန်းချန်းက သူမကို လုံးဝဂရုမစိုက်ဘဲ လုအန်းကျီရှေ့တွင် မားမားမတ်မတ်ရပ်ကာ သူမ၏ဖေဖေကို ကာကွယ်ပေးထားသည့်အလား ခပ်စူးစူးလေး ကြည့်နေတော့သည်။
လုအန်းကျီ၏ ရင်ထဲတွင် နွေးထွေးသွားရ၏။ သူက ချန်းချန်း၏ ခေါင်းလေးကိုပုတ်ကာ တစ်စုံတစ်ခုပြောရန် ပြင်လိုက်စဉ် ကျန်းဆူရှင်းက
“အန်းကျီ၊ ချန်းချန်းကို ခဏလောက် အပြင်ခေါ်သွားပြီး ဆော့ပေးပါဦးလား”
ဟု ပြောလိုက်သည်။
လုအန်းကျီ မှင်သက်သွားကာ ကျန်းဆူရှင်းက
“ရပါတယ်၊ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းက အကြောင်းတွေကို ကျွန်မ မေမေတို့ကို ရှင်းပြလိုက်ပါ့မယ် အန်းကျီနဲ့ချန်းချန်း ခဏသွားဆော့ပြီးမှ ပြန်လာခဲ့ပါ”
ဟု ဆိုသည်။
ကျန်းယွီကျီက သက်ပြင်းတစ်ချက်ချကာ
“အေး မင်းအရင် ထွက်သွားလိုက်ဦး၊ ငါ့သမီးနဲ့ အေးအေးဆေးဆေး စကားပြောချင်တယ်၊ ပြီးမှ မင်းကို မေးမြန်းစရာရှိတာ မေးမယ်”
ဟု ပြောသည်။
“ဟွန့်”
ချန်းချန်းက နောက်တစ်ကြိမ် မကျေမနပ် ဖြစ်ပြန်သည်။ ကလေးမလေးက ကျန်းယွီကျီကို မှတ်ထားပုံရသည်။ ကျန်းယွီကျီက လုအန်းကျီကို စကားပြောသည်နှင့် သူမက စိတ်ဆိုးလေတော့သည်။
အခြေအနေအရ လုအန်းကျီသည် ချန်းချန်းကိုချီကာ
“ဒါဆို အေးအေးဆေးဆေး စကားပြောကြပါ”
ဟု ပြောပြီး ထွက်လာခဲ့သည်။ သူက ချန်းချန်းကိုချီ၍ တံခါးဝသို့ သွားသော်လည်း ချန်းချန်းက ကျန်းဆူရှင်းကို လှည့်ကြည့်ကာ
“မေမေ၊ မေမေ” ဟု ခေါ်နေသည်။
လုအန်းကျီက
“လိမ္မာတယ် ချန်းချန်း၊ မေမေ ဘာမှမဖြစ်ပါဘူး၊ မေမေက သူ့ရဲ့မေမေ၊ ဖေဖေတို့နဲ့ စကားပြောနေတာပါ၊ ဖေဖေတို့ ကွမ်ကွမ်ဆီ သွားဆော့ရအောင်လေ”
ဟု ချော့လိုက်မှ ချန်းချန်း စိတ်အေးသွားတော့သည်။
ဓာတ်လှေကားဖြင့် ဆင်းလာစဉ်တွင် ကလေးမလေးမှာ သူမ၏ မေမေအတွက် စိုးရိမ်နေဆဲ ဖြစ်သော်လည်း အောက်ထပ်သို့ရောက်၍ သူငယ်ချင်းကွမ်ကွမ်နှင့် တွေ့သောအခါတွင်မူ အပေါ်ထပ်က အကြောင်းများကို မေ့သွားပြီး ပျော်ရွှင်စွာ ဆော့ကစားနေတော့သည်။
ထိုစဉ် ကွမ်ကွမ်၏ဖခင် လီဟွေ့မင်က လုအန်းကျီကို တွေ့သဖြင့် အပ်နှံထားသော ဆော့ဖ်ဝဲလ် အပြီးသတ်နိုင်ခဲ့ကြောင်း ပြောကြားကာ ယူအက်စ်ဘီကို လက်ဆောင်ပေးခဲ့သည်။ လုအန်းကျီမှာ စိတ်မပါသော်လည်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ခဏအကြာတွင် ကျန်းဆူရှင်းထံမှ ဖုန်းလာသဖြင့် လုအန်းကျီသည် ချန်းချန်းကိုခေါ်ကာ အိမ်သို့ အမြန်ပြန်လာခဲ့သည်။ အိမ်ရှေ့သို့ ရောက်သောအခါ အထဲမှ ကျန်းယွီကျီ၏ အသံကို ကြားလိုက်ရသည်။
“ဖေဖေပြောသားပဲ၊ ဖျော်ဖြေရေး လောကထဲ မဝင်ပါနဲ့ဆိုတာ နင်ကနားမထောင်ဘူး၊ လွန်ခဲ့တဲ့သုံးနှစ်က သူတို့ အလိုအတိုင်းသာ ဖြစ်သွားရင် ဘာဖြစ်သွားမလဲ သိလား”
ဟု ကျန်းယွီကျီက ဒေါသတကြီး ပြောနေသည်။
ကျန်းဆူရှင်းက
“ဖေဖေရယ် မပြောပါနဲ့တော့၊ အားလုံးက အတိတ်က ကိစ္စတွေပဲဟာ အခု သမီး အဆင်ပြေနေတာပဲ မဟုတ်လား”
ဟု ပြန်ပြောနေသည်။ လုအန်းကျီသည် တံခါးဝတွင်ရပ်ရင်း ထိုစကားများကို နားထောင်မိသည်။ ကျန်းဆူရှင်း ကြုံတွေ့ခဲ့ရသော အခက်အခဲများတွင် သူလည်း ပါဝင်ပတ်သက်နေသည်ကို သူ သဘောပေါက်လိုက်သည်။
ကျန်းယွီကျီက ဆက်လက်၍
“ဘယ်လိုလုပ် အတိတ်ကကိစ္စ ဖြစ်ရမှာလဲ၊ နင်က တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်ပြီး အဲ့ဒီလိုကိစ္စမျိုး ကြုံရတာကို ရဲကိုဘာလို့ တိုင်ရကောင်းမှန်း မသိတာလဲ၊ နင်တို့ မတိုင်ရင်တောင် ငါတို့ကို ပြောပြရင် ငါတို့ ကူညီဖြေရှင်းပေးနိုင်တာပေါ့”
ဟု ဟောက်လိုက်သည်။ ထို့နောက်
“ပြီးတော့ အဲ့ဒီ လုအန်းကျီဆိုတဲ့ လူကလည်း လူကောင်းလို့ ငါမထင်ဘူး၊ သူသာ လူကောင်းဆိုရင် လွန်ခဲ့တဲ့သုံးနှစ်က ဘာလို့ အခွင့်အရေး ယူခဲ့တာလဲ”
ဟု ထပ်ပြောသည်။
လုအန်းကျီမှာ တံခါးဖွင့်ရန် ပြင်နေသော လက်များ တောင့်တင်းသွားသည်။ ကျန်းဆူရှင်းက
“ဖေဖေ၊ သူ့ကို အဲ့ဒီလို မပြောပါနဲ့၊ သုံးနှစ်ကကိစ္စက တကယ်တော့ သူ့အမှား မဟုတ်ပါဘူး ပြီးတော့ အခုလည်း ကျွန်မတို့တကယ် အဆင်ပြေနေတာပါ”
ဟု ကာကွယ်ပေးသည်။
ခဏအကြာတွင် မြောင်စုချင်က ဝင်ရောက် တားမြစ်လိုက်ပြီး သမီးဖြစ်သူအပေါ် ထားရှိသော ဖခင်၏ စိုးရိမ်စိတ်ကို နားလည်ပေးရန် ကျန်းဆူရှင်းကို ချော့မော့ပြောဆိုသည်။ လုအန်းကျီသည် တံခါးဖွင့်၍ အထဲသို့ ဝင်လာခဲ့သည်။ ကျန်းယွီကျီက လုအန်းကျီကို ဝင်ထိုင်ရန်ပြောပြီး စကားစမြည် စတင်ခဲ့သည်။
လုအန်းကျီက သူသည် မိဘမဲ့တစ်ဦး ဖြစ်ကြောင်း၊ ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်းနှင့် ယခုအခါ စာရေးဆရာအဖြစ် ရပ်တည်နေကြောင်း ရိုးသားစွာ မိတ်ဆက်ခဲ့သည်။ မြောင်စုချင်က လုအန်းကျီအား ကျန်းဆူရှင်းအပေါ် ထားရှိသော စိတ်နေသဘောထားကို မေးမြန်းခဲ့သည်။ လုအန်းကျီက
“ပထမက တာဝန်ယူလိုစိတ်ကြောင့်ပါ၊ နောက်မှ သံယောဇဉ် ဖြစ်လာတာပါ”
ဟု မှန်ရာကို ဖြေကြားခဲ့သည်။ မြောင်စုချင်သည် လုအန်းကျီ၏ ရိုးသားမှုကို သဘောကျသွားသည်။
သို့သော် ကျန်းယွီကျီက စာရေးဆရာအလုပ်မှာ မတည်မြဲကြောင်း ဝေဖန်ပြန်သည်။ ထိုအခါ ကျန်းဆူရှင်းက လုအန်းကျီသည် ‘နဂါးဘုရင် သုံး’ နှင့် ‘လင်းယုန်သူရဲကောင်းများ’ ကဲ့သို့သော နာမည်ကြီး စာအုပ်များ၏ စာရေးဆရာ ‘ဒိုရာဘီဒရင်’ ဖြစ်ကြောင်းနှင့် ဝင်ငွေ အမြောက်အမြား ရရှိနေကြောင်း ရှင်းပြလိုက်သည်။
ကျန်းယွီကျီနှင့် မြောင်စုချင်တို့မှာ အံ့သြသွားကြသည်။ ကျန်းယွီကျီသည် လုအန်းကျီ ရေးသားထားသော ‘မင်းသားလေး’ စာအုပ်ကို ဖတ်ရှုရန် တောင်းဆိုခဲ့သည်။ ကျန်းဆူရှင်းက မြောင်စုချင်နှင့် ချန်းချန်းကို ကွန်ပျူတာခန်းထဲသို့ ခေါ်သွားပြီး လုအန်းကျီ ရေးဖွဲ့ထားသော သီချင်းများကို နားဆင်စေသည်။ ‘လှေကလေး လှော်ကြစို့’၊ ‘ယုန်ကလေး’ စသည့် သီချင်းများမှာ တစ်ပုဒ်ပြီးတစ်ပုဒ် ထွက်ပေါ်လာသည်။
ဧည့်ခန်းတွင် ‘မင်းသားလေး’ စာအုပ်ကို ဖတ်နေသော ကျန်းယွီကျီ၏ နားထဲသို့လည်း ‘ အချိန်နှင့် နေရာ လွဲမှားခြင်း ’ သီချင်းသံမှာ တိုးဝင်လာပြီး သူသည်လည်း ထိုသီချင်းကြောင့် ခေတ္တမျှ မှင်သက်သွားရတော့သည်။