အဆိပ်တစ်သောင်းဂိုဏ်းနှင့် အဆိပ်ပေါင်းတစ်ထောင် သုံးနိုင်သော အဖိုးအို
Vol. 13 Ch. 125
"ဘယ်လောက်တောင် မောက်မာလိုက်သလဲ"
"ဒုတိယအဆင့်ပဲရှိတဲ့ ပုရွက်ဆိတ်လောက်ကောင်က ငါ့ရှေ့မှာ ဘာလို့ လာရမ်းကားနေတာလဲ"
ယင်ဟွိုက်ယွီက နှာခေါင်းရှုံ့လိုက်ပြီး လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ အားကောင်းသော အတွင်းအား တစ်ခုမှာ အသူရာ၏ ဦးခေါင်းဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
ပထမအဆင့် ကျင့်ကြံသူ တစ်ဦးအတွက် ဒုတိယအဆင့်ရှိသူကို သတ်ရန်မှာ အလွန်လွယ်ကူသော ကိစ္စပင် ဖြစ်ပေသည်။
အသူရာသည် သေမင်း၏ အငွေ့အသက်ကို ခံစားလိုက်ရပြီး ထိတ်လန့်သွားတော့သည်။
ဝူတန်ကို သိမ်းပိုက်ရတော့မည်ဟူသော စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်သွားပြီး မိမိ၏ အသက်ဘေး အတွက်သာ စိုးရိမ်နေမိ၏။
"ငါတော့သေပြီ"
ဟု သူ စိတ်ထဲမှ အော်ဟစ်လိုက်သည်။
"ဟမ့်"
အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု အသူရာ၏ နောက်ကွယ်မှ ထွက်ပေါ်လာသည်။
ထို့နောက် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားပြီး ခါးတွင် ဘူးသီးခြောက် အမည်းရောင် ချိတ်ဆွဲကာ သစ်သားဖြင့် ပြုလုပ်ထားသော တောင်ဝှေးကို ကိုင်ဆောင်ထားသည့် လူလတ်ပိုင်းတစ်ဦး ပေါ်လာသည်။
ထိုသူမှာ အနောက်ပိုင်းဒေသ နတ်ဆိုး ၆ ဂိုဏ်းထဲမှ တစ်ခုဖြစ်သော အဆိပ်တစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ အဆိပ်တစ်ထောင် အဖိုးအိုဟု နာမည်ကျော်ကြားသော ပထမအဆင့် ကျင့်ကြံသူ တစ်ဦးပင် ဖြစ်သည်။
သူက လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ယင်ဟွိုက်ယွီ၏ တိုက်ခိုက်မှုကို လေထဲ၌ပင် ပျောက်ကွယ်သွားစေသည်။
"ယင်ယွိုက်ယွီ... ခွေးအိုကြီး ငါတို့ နတ်ဆိုးဂိုဏ်းမှာ အားကိုးစရာလူ မရှိဘူးလို့ မင်းထင်နေတာလား"
ဟု သူက စူးရှသော လေသံဖြင့် မေးလိုက်၏။
အဆိပ်တစ်ထောင် အဖိုးအိုသည် အသွင်အပြင်အရ အသက် ၆၀ ကျော် ၇၀ နီးပါး အဖိုးကြီးနှင့် တူနေသော်လည်း အမှန်တကယ်တွင် အသက် ၄၀ သာ ရှိသေးသည်။
အဆိပ်တစ်သောင်းဂိုဏ်း၏ လျှို့ဝှက်အဆိပ်ပညာကို ကျင့်ကြံရန်အတွက် မိမိကိုယ်ကိုယ် အဆိပ်ကျွေးကာ အင်းဆက်ပေါင်း များစွာ၏ အကိုက်အခဲကို ခံစားခဲ့ရသောကြောင့် ခန္ဓာကိုယ်မှာ ပုံမှန်ထက် စောစီးစွာ အိုမင်းရင့်ရော်သွားခြင်း ဖြစ်သည်။
ယင်ဟွိုက်ယွီသည် ဤလူကို မမှတ်မိသော်လည်း "အဆိပ်တစ်သောင်းဂိုဏ်း" ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် မျက်နှာပျက်သွားသည်။
ထိုဂိုဏ်းသည် ဓား၊ လှံ၊ လက်နက်များထက် မယုံကြည်နိုင်လောက်သော အဆိပ်များနှင့် အဆိပ်ရှိ အင်းဆက်များကို အသုံးပြုကာ တိုက်ခိုက်တတ်သဖြင့် အလယ်ပိုင်းလွင်ပြင် သိုင်းလောကသားများအတွက် အလွန် ကြောက်စရာကောင်းသော ဂိုဏ်းတစ်ခုဖြစ်၏။
"ခွေးကောင် ... မင်းကြောက်နေရင် ထွက်သွားလို့ ရတယ်နော်"
ဟု အဆိပ်တစ်ထောင် အဖိုးအိုက လှောင်ပြောင်လိုက်သည်။
ယင်ဟွိုက်ယွီက
"ကြောက်တယ်... ဟုတ်လား အနောက်ပိုင်းဒေသရဲ့ ထောင့်တစ်နေရာမှာ ပုန်းနေတဲ့ ဂိုဏ်းသေးသေးလေးက ငါ့ရဲ့ ဝူတန်မှာလာပြီး လေကြီးနေတာလား"
ဟု ကြုံးဝါးကာ ရှေ့သို့ခုန်တက်၍ တိုက်ခိုက်လိုက်သည်။
၎င်းမှာ ဝူတန်၏ အထူးသိုင်းပညာဖြစ်သော နဂါးပျံဓားသိုင်း ဖြစ်လေသည်။
အဆိပ်တစ်ထောင် အဖိုးအိုက ရှောင်တိမ်းခြင်းမပြုဘဲ သူ၏ခါးမှ ဘူးသီးခြောက်ကို ပုတ်လိုက်ရာ ဘူးဝမှ မီးခိုးအမည်းများ လွင့်ထွက်လာသည်။
အမှန်တကယ်တွင် ထိုအရာမှာ မီးခိုးအမည်း မဟုတ်ဘဲ မရေမတွက်နိုင်သော အဆိပ်ရှိ အင်းဆက်ကောင်များ ဖြစ်နေ၏။
"သွားစမ်း"
ဟု သူက အမိန့်ပေးလိုက်ရာ အင်းဆက်တိမ်တိုက်ကြီးမှာ ယင်ဟွိုက်ယွီကို ဝိုင်းအုံလိုက်တော့သည်။
ယင်ဟွိုက်ယွီက ဓားဖြင့် ခုတ်ပိုင်းလိုက်သော်လည်း သံနှင့်သံချင်း ရိုက်ခတ်သံများသာ ထွက်ပေါ်လာသည်။
ပထမအဆင့် တစ်ဦး၏ အတွင်းအားဖြင့် သံတုံးကိုပင် ပိုင်းဖြတ်နိုင်သော်လည်း ယခုအခါ သူ၏ အဖိုးတန်ဓားမှာ ထိုအင်းဆက်များနှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်းပင် သံချေးတက်ကာ ဆွေးမြေ့ ပျက်စီးသွားတော့၏။
"ဒါက..."
ယင်ဟွိုက်ယွီနှင့် ဘေးပတ်ဝန်းကျင်မှ သိုင်းသမားများမှာ ထိတ်လန့်သွားကြသည်။
"ဟားဟားဟား...မင်းတို့လို ဗဟုသုတ နည်းတဲ့လူတွေ အမြင်ကျယ်သွားပြီလား"
"ဒါက ငါတို့ အဆိပ်တစ်သောင်းဂိုဏ်းရဲ့ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ ရွှေတောင်ပံ ဝိညာဉ်စားခြင်တွေပဲ"
"ဒီနေ့ မင်းတို့အားလုံး ဒီမှာတင် သေကြပေတော့"
ဟု အဆိပ်တစ်ထောင် အဖိုးအိုက မောက်မာစွာ ရယ်မောလိုက်တော့သည်။