← Chapters

အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခြင်း

Vol. 10 Ch. 91

အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခြင်း

Vol. 10 Ch. 91

ကျန်ရှိနေသောသူများမှာမူ မိမိတို့ဘာသာ အသတ်ခံရန် လာရောက်ပို့ဆောင်နေကြခြင်းသာ ဖြစ်သည်။

“သတ်ကြစမ်း... ၊ ကောင်းကင်ဘုံအင်ပါယာက ကျင့်ကြံသူ ၊ မင်း သေပေတော့ ”

“သူ့ကို သတ်ပစ်ကြ ”

“နတ်ဘုရားအရိပ် သခင်ကြီးတွေကို ကူညီပြီးတော့ ၊ ဒီကောင်းကင်ဘုံအင်ပါယာက ကျင့်ကြံသူကို သတ်ကြစမ်း ”

အရပ်မျက်နှာအနှံ့မှ ဒေါသတကြီး ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့၏။ လင်းရန်ယန် သည် တာအိုဝတ်စုံကို ဝတ်ဆင်၍ အထင်အရှား ရောက်ရှိလာသူဖြစ်ရာ ၊ လူတိုင်းက သူ့ကို ကောင်းကင်ဘုံအင်ပါယာမှ ကျင့်ကြံသူဖြစ်ကြောင်း တစ်ချက်တည်းနှင့် သိရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံအင်ပါယာ၌သာ တာအိုကျင့်ကြံသူများ ရှိသောကြောင့်ပင် ဖြစ်၏။

“ဟွန်း... ပုရွက်ဆိတ်တစ်အုပ်ပါလား ၊ မင်းတို့က သေမင်းဆီကို ကိုယ်တိုင်လာနေမှတော့လည်း ၊ အားလုံး တူတူ သေလိုက်ကြတာပေါ့ ”

လင်းရန်ယန်က ဤမြင်ကွင်းကို ကြည့်ရင်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်တော့၏။ နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်မှာ မိုးကြိုးဘီလူးကြီးထံမှ ခွဲထွက်သွားတော့သည်။ မိုးကြိုးဘီလူးကြီးမှာ လင်းရန်ယန်နှင့် ခွဲထွက်သွားသော်လည်း ၊ ၎င်းသည် ဧရာမ သစ်သားနဂါးဘီလူးကြီးဆီသို့ တိုက်ရိုက် ဆက်လက် တိုက်ခိုက်နေသေး၏။

“တောက်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”

လင်းရန်ယန်က တိုက်ပွဲအတွင်း၌ ဒြပ်စင်စွမ်းအားများထံမှ ခွဲထွက်နိုင်သည်ကို မြင်လိုက်ရသောအခါ ၊ ယမာဂူချီ ရှိန်းရင် မှာ ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်၏။ လင်းရန်ယန်၏ မိုးကြိုးဘီလူးကြီးအပေါ် ထိန်းချုပ်နိုင်မှုမှာ ဤမျှအထိ ထိတ်လန့်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

စိတ်မကောင်းစရာမှာ လင်းရန်ယန် အသုံးပြုနေသောအရာမှာ တာအိုအတတ်ပညာ မဟုတ်ဘဲ ၊ ‘မိုးကြိုးကျမ်းစာ’ အတွင်းရှိ ‘မိုးကြိုးအသွင်ပြောင်းလဲခြင်း’ စွမ်းရည်မှတစ်ဆင့် ဆင်းသက်လာသော နည်းစနစ်တစ်ခု ဖြစ်၏။ ၎င်းမှာ တာအိုအတတ်ပညာ မဟုတ်သော်လည်း ၊ လင်းရန်ယန်၏ အဆင့် ၄ ရှိသော မိုးကြိုးစွမ်းအား၏ ပံ့ပိုးမှုအောက်တွင် ၊ ၎င်း၏ အဆင့်မှာ ‘ကောင်းကင်အဆင့် အထွတ်အထိပ်’ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ လင်းရန်ယန် ကိုယ်တိုင် ထုတ်ဖော်ထားခြင်းဖြစ်ရာ ၊ ကျွမ်းကျင်မှုမှာလည်း ထိတ်လန့်စရာကောင်းသော ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ​ဖြစ်၏။ ဤသည်မှာ သူ အလွယ်တကူ ခွဲထွက်နိုင်ရခြင်း၏ အကြောင်းရင်းပင် ဖြစ်၏။

သေချာပေါက် ‘အနန္တပြောင်းလဲခြင်းဓား’ မှာမူ မိုးကြိုးဘီလူးကြီး၏ မျက်ခုံးအလယ်၌ စိုက်ဝင်နေဆဲ ဖြစ်သည်။ တစ်ဖက်ရန်သူမှာ ‘ကောင်းကင်အရှင်သခင် နဝမအဆင့်’ ရှိသည့်အပြင် တတိယအဆင့် ‘သစ်သားဝိညာဉ်ခန္ဓာ’ ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ရာ ၊ သူ၏ စွမ်းအားမှာ သာမန်ထက် သာလွန်နေမည်မှာ ဧကန်ပင် ဖြစ်၏။

မိုးကြိုးစွမ်းအားထံမှ ခွဲထွက်လာပြီးနောက် ၊ လင်းရန်ယန်သည် သူ၏ ဝတ်ရုံအတွင်းမှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းခန့်ကို ချက်ချင်း ထုတ်ယူလိုက်တော့သည်။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအားကန်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး ၊ လျင်မြန်စွာဖြင့် စတင်စုပ်ယူတော့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်အဆင့် အစီရင်ကို အသုံးပြု၍ တောင်ကို ဖောက်ခွဲခဲ့ရုံသာမက ၊ ယမာဂူချီ ရှိန်းရင် နှင့်လည်း အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသောကြောင့် ဖြစ်၏။ သူ၏ ဝိညာဉ်စွမ်းအားမှာ များပြားလှသော်လည်း ယခုအခါ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ။ ထို့အပြင် အဓိက ပြဿနာမှာ ယမာဂူချီ ရှိန်းရင် နှင့် မတိုက်ခိုက်မီကပင် ၊ လင်းရန်ယန်၏ ဝိညာဉ်စွမ်းအားမှာ ကောင်းကင်အရှင်သခင် ပထမအဆင့်သို့ တက်လှမ်းထားမှုကြောင့် ၂၀ ရာခိုင်နှုန်းခန့်သာ ပြန်လည်ပြည့်တင်းနေသေး၏။

“ယမာဂူချီ ရှိန်းရင် ရဲ့ စွမ်းအားက တကယ်ကို ထိတ်လန့်စရာပဲ ၊ တတိယအဆင့် သစ်သားဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားတာဆိုတော့ ၊ သူက သာမန် ကောင်းကင်အရှင်သခင် ဒသမအဆင့်ထက်တောင် ပိုပြီး အစွမ်းထက်နေတာပဲ ၊ ကောင်းကင်ဘုံပြစ်ဒဏ် စွမ်းအားနဲ့ အနန္တပြောင်းလဲခြင်းဓားကို သုံးတာတောင် ၊ သူ့နဲ့ သရေအဆင့်အထိပဲ တိုက်နိုင်သေးတယ် ၊

သူ့ကို သတ်ဖို့ဆိုရင်တော့ ‘မိုးကြိုးအရှိန်အဝါ’ ဒါမှမဟုတ် ‘ဓာတ်ငါးပါးစွမ်းအား’ ကို သုံးမှ ရတော့မယ် ”

လင်းရန်ယန်က သူ၏ နောက်ဘက်တွင် မိုးကြိုးဘီလူးကြီးနှင့် ရူးသွပ်စွာ တိုက်ခိုက်နေသော သစ်သားဘီလူးကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ ထိုတိုက်ကွက် နှစ်ခုလုံးမှာ ဝိညာဉ်စွမ်းအားကို အလွန်အမင်း ကုန်ခမ်းစေသည်။

“ဒါပေမဲ့ မိုးကြိုးဘီလူးကြီးကတော့ လောလောဆယ် ရှုံးဦးမှာ မဟုတ်ပါဘူး ၊ အဲဒီလိုဆိုမှတော့ ၊ ငါ အရင်ဆုံး တခြားလူတွေကို ရှင်းပစ်ရမှာပေါ့ ”

ဤသို့ တွေးမိသည်နှင့် လင်းရန်ယန်သည် ဟင်းလင်းပြင်ထဲသို့ သူ၏ လက်ဝါးကို ချက်ချင်း ဖြန့်လိုက်တော့သည်။

“ဝူး... “

တစ်ခဏချင်းအတွင်းမှာပင် ရွှေရောင်ဓားမကြီးတစ်စင်းမှာ သူ၏ လက်ထဲသို့ ရောက်ရှိလာ၏။

“သေစမ်း ”

လင်းရန်ယန်က အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်ပြီးနောက် ၊ မြေပြင်ကို အရှိန်ပြင်းစွာ ကန်၍ ထိုးထွက်လိုက်၏။

“ရှုး... “

တစ်ခဏချင်းအတွင်းမှာပင် လင်းရန်ယန်၏ ပုံရိပ်မှာ ထိတ်လန့်စရာ မိုးကြိုးလျှပ်စီးများနှင့်အတူ ဟင်းလင်းပြင်ကို ပိုင်းဖြတ်သွားတော့သည်။ သူနှင့် အနီးဆုံးရှိ ‘ခါဂဲ ပဉ္စမအဆင့်’ ရှိသူမှာ လင်းရန်ယန်၏ ဓားချက်အောက်တွင် တစ်ခဏချင်းအတွင်း ခေါင်းပြတ်သွားတော့၏။ ဤထိတ်လန့်စရာ မြင်ကွင်းကြောင့် စွမ်းအားနည်းသော ‘ခါဂဲ’ များမှာလည်း အသည်းတုန်မတတ် ဖြစ်သွားရတော့သည်။

“မကောင်းတော့ဘူး... ဒီလူက ငါတို့ ကိုင်တွယ်နိုင်တဲ့သူ မဟုတ်ဘူး ၊ နတ်ဘုရားအရိပ် သခင်ကြီးတွေကိုပဲ ကိုင်တွယ်ခိုင်းလိုက် ...ငါတို့ အမြန်ပြးကြစို့”

ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် ကျန်ရှိနေသော နင်ဂျာ ဆယ်ဦးကျော်မှာ ထိတ်လန့်တကြားဖြင့် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲကာထွက်ပြေးကြတော့သည်။ သို့သော်လည်း တစ်ခဏချင်းအတွင်းမှာပင် ထို ‘ခါဂဲ’ ပညာရှင်များသည် သူတို့၏ ခန္ဓာကိုယ်များမှာ နေရာမှာပင် အေးခဲသွားပြီး လှုပ်ရှား၍မရတော့သည်ကို ထိတ်လန့်စွာ သိလိုက်ရတော့၏။

“ဒါက ဝိညာဉ်အာရုံစွမ်းအား ပဲ ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ ငါတို့တော့ သေပြီ... သေပြီပဲ”

“တောက်... ဘာလို့ ဒီလိုကြီး ဖြစ်သွားရတာလဲ ”

မျှော်လင့်ချက်မဲ့နေသော ဟိန်းဟောက်သံများ ထွက်ပေါ်လာတော့သည်။

“ဝုန်း... ဝုန်း... “

နောက်တစ်ခဏ၌ လေနှင့် မိုးကြိုးသံများ ရောက်ရှိလာ၏။

“ဖတ်... ဖတ်... ဖတ်... “

ထို့နောက်တွင်မူ ဦးခေါင်းများမှာ တစ်ခုပြီးတစ်ခု ကောင်းကင်ယံသို့ လွင့်ပျံသွားတော့သည်။

“ဗက... ဒီလူက တကယ်ပဲ ဘယ်သူလဲ ၊ ကောင်းကင်ဘုံအင်ပါယာမှာ ဒီလိုကျင့်ကြံသူမျိုး ရှိနေတာလား ”

“တောက်... ဒီတိုက်ပွဲပြီးရင် ငါတို့ နင်ဂျာဂိုဏ်းက ‘ခါဂဲ’ ပညာရှင်တွေအားလုံး သုတ်သင်ခံလိုက်ရတော့မှာပဲ ”

“သွားကြ... သူ့ကို သတ်ကြစမ်း ”

ဤမြင်ကွင်းကို ကြည့်ရင်း ‘ရှိန်းရင်’ ပညာရှင်များသည် အလွန်အမင်း ဒေါသထွက်ကာ မျက်လုံးများ နီမြန်းလာတော့၏။ တစ်ခဏချင်းအတွင်းမှာပင် လူတိုင်းသည် လင်းရန်ယန်ရှိရာဆီသို့ ဦးတည်လာကြတော့သည်။ သို့သော်လည်း နောက်တစ်ခဏ၌ သူတို့အားလုံးမှာ လုံးဝဥဿုံ ထိတ်လန့်သွားရ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အရှိန်မှာ လင်းရန်ယန်၏ အရှိန်ကို မည်သို့မျှ မမီနိုင်သည်ကို ထိတ်လန့်စွာ သိလိုက်ရသောကြောင့်ပင် ဖြစ်သည်။ လ၏င်းရန်ယန်၏ ရှေ့မှောက်တွင် သူတို့မှာ ပုရွက်ဆိတ်များအလား လှည့်စားခြင်း ခံနေရ။

“မိုးကြိုးဝိညာဉ်ခန္ဓာ... ပြီးတော့ လေဝိညာဉ်ခန္ဓာပါ ရှိနေတာလား ၊ ဒီလူက တကယ်ပဲ ဘယ်သူလဲ ”

မလှမ်းမကမ်းရှိ ယာမဂူချီ ရှိန်းရင် သည်လည်း ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားရတော့သည်။ သို့သော်လည်း နောက်တစ်ခဏ၌ သူ၏ မျက်ဝန်းများမှာ လုံးဝဥဿုံ အေးစက်စူးရှသွားတော့၏။ သူ အနိုင်မရနိုင်မှတော့ ၊ သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို အသုံးပြုရန်မှတစ်ပါး အခြားမရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ ရှေ့မှောက်ရှိ မိုးကြိုးဘီလူးကြီးနှင့် ဆက်လက် လုံးထွေးနေမည်ဆိုပါက ၊ ကျန်ရှိနေသော ‘ရှိန်းရင်’ များအားလုံးမှာ သေဆုံးသွားကြရလိမ့်မည်။

ယာမဂူချီ ရှိန်းရင် သည် သူ၏ လက်ညှိုးကို ရုတ်တရက် ကိုက်လိုက်ပြီးနောက် ၊ သူ၏ ညာဘက်လက်ပေါ်တွင် မန္တန်သင်္ကေတ အမြောက်အမြားကို လျင်မြန်စွာ ရေးဆွဲလိုက်တော့သည်။

“သစ်သားဒြပ်စင် စွန့်လွှတ်ခြင်း... မြိုဂျင်မွန်… ”

နောက်တစ်ခဏ၌ ဟိန်းဟောက်သံနှင့်အတူ ၊ သူသည် ဟင်းလင်းပြင်ရှိ မိုးကြိုးဘီလူးကြီးဆီသို့ သူ၏ လက်ဝါးဖြင့် လှမ်း၍ ရိုက်ချလိုက်တော့သည်။

“ဝူး... “

တစ်ခဏချင်းအတွင်းမှာပင် အဆုံးမဲ့လှသော သစ်သားဝိညာဉ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ၊ ကောင်းကင်ယံ၌ ဧရာမ ‘H’ ပုံသဏ္ဌာန် သစ်သားတံခါးကြီးများအဖြစ် တစ်ခဏချင်း စုစည်းသွား၏။ နောက်တစ်ခဏ၌ မီတာတစ်ထောင်ခန့် မြင့်မားသော တံခါးချပ် ဆယ်ဂဏန်းခန့်မှာ ကောင်းကင်ယံမှ ပြင်းထန်စွာ ကျဆင်းလာတော့သည်။

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း”

ချက်ချင်းဆိုသလိုပင် ကမ္ဘာပျက်မတတ် ကျယ်လောင်လှသော အသံကြီးများနှင့်အတူ ၊ မိုးကြိုးဘီလူးကြီးမှာ မြေပြင်ပေါ်၌ ပိတ်ဆို့ချုပ်နှောင်ခြင်း ခံလိုက်ရ၏။

“ဟွန်း... ”

မိုးကြိုးဘီလူးကြီးက ဟိန်းဟောက်လိုက်ရာ ၊ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ မိုးကြိုးများမှာ ရူးသွပ်ဖွယ်ရာ ပေါက်ကွဲထွက်လာတော့သည်။ ထိတ်လန့်စရာကောင်းသော ကောင်းကင်ဘုံပြစ်ဒဏ် စွမ်းအားကြောင့် သစ်သားတံခါးချပ်များအားလုံးမှာ လျင်မြန်စွာ လောင်ကျွမ်းကာ မည်းတူးသွားတော့၏။ ၎င်းတို့မှာ မီးသွေးအဖြစ် ပြောင်းလဲကာ ပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိသွားရ၏။

သို့သော်လည်း ယာမဂူချီ ရှိန်းရင် သည် ဤမြင်ကွင်းကို ကြည့်ရင်း အံ့သြခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ကွက်ဖြင့် တစ်ဖက်ရန်သူကို လုံးဝဥဿုံ မနှိမ်နင်းနိုင်ကြောင်း သူ သိထားသောကြောင့်ပင် ဖြစ်သည်။ ယာမဂူချီ ရှိန်းရင် သည် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ လက်နှစ်ဖက်ကို ရုတ်တရက် ရိုက်လိုက်တော့သည်။

“ဖတ်... “

ကျယ်လောင်လှသော အသံနှင့်အတူ ၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ အဆုံးမဲ့လှသော သက်စောင့်စွမ်းအားများမှာ ဆွဲထုတ်ခြင်း ခံလိုက်ရတော့သည်။ မူလက လူလတ်ပိုင်းအသွင်ရှိသော သူသည် အလွန်အမင်း ထိတ်လန့်စရာကောင်းသော အရှိန်ဖြင့် လျင်မြန်စွာ အိုမင်းသွားတော့၏။

ယာမဂူချီ ရှိန်းရင် သည် နှစ်ပေါင်း ခုနစ်ရာကျော် အသက်ရှင်ခဲ့သူဖြစ်သော်လည်း ၊ သစ်သားဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားသူဖြစ်ရာ သူ၏ သက်စောင့်အားမှာ သာမန် ကောင်းကင်အရှင်သခင်ထက် အဆပေါင်းများစွာ ပိုမိုသန်မာလှသည်။ သူ၏ သက်တမ်းမှာလည်း နှစ်ဆမက ပိုမိုရှည်လျားလှရာ ၊ အသက် ခုနစ်ရာကျော်သည်မှာ သူ၏ ငယ်ရွယ်သောချိန် ၌သာ ရှိသေးသည်။

သို့သော်လည်း ယခုအခိုက်အတန့်သည် သူ၏ သက်တမ်း နှစ်ပေါင်း ငါးရာကို တိုက်ရိုက် ဆွဲထုတ်လိုက်သကဲ့သို့ပင်။ အကယ်၍ သာမန် ကောင်းကင်အရှင်သခင်တစ်ဦးသာ ဖြစ်ပါက ၊ ဤမျှများပြားသော သက်တမ်းကို ဆွဲထုတ်လိုက်သည်နှင့် တစ်ခဏချင်းအတွင်း သေဆုံးသွားလိမ့်မည်။ သို့သော်လည်း ယာမဂူချီ ရှိန်းရင် အတွက်မူ နှစ်ပေါင်း ငါးရာသော သက်တမ်းမှာ သူ၏ ကျန်ရှိနေသေးသော သက်တမ်း၏ သုံးပုံတစ်ပုံမျှသာ ရှိသေးသည်။

“သစ်သားဒြပ်စင် စွန့်လွှတ်ခြင်း... အာဂျွန်တာ..… ”

ပြင်းထန်လှသော ဟိန်းဟောက်သံကြီးမှာ ယာမဂူချီ ရှိန်းရင် ၏ ပါးစပ်မှ ပေါက်ကွဲထွက်လာတော့၏။

“ဝုန်း... ဝုန်း... ဝုန်း”

တစ်ခဏချင်းအတွင်းမှာပင် မြေပြင်တစ်ခုလုံးမှာ ရူးသွပ်ဖွယ်ရာ တုန်ခါလာပါတော့သည်။ မီတာဆယ်ဂဏန်းခန့် ထူထဲပြီး မီတာထောင်ချီ ရှည်လျားသော ထိတ်လန့်စရာ သစ်ကိုင်းကြီး အမြောက်အမြားမှာ မြေပြင်မှနေ၍ ရုတ်တရက် ထိုးထွက်လာတော့သည်။

All Chapters