ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မျက်နှာများ
Vol. 10 Ch. 96
“တခြားနည်းလမ်း မရှိတော့ဘူး ၊ အကြီးအကဲကြီးက မော်ရှန်း ကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်တယ် ၊ ဒုတိယအကြီးအကဲကလည်း အရေးကြီးတဲ့ အချိန်အခါမှာ အဆင့်သစ်တစ်ခုကို တက်လှမ်းဖို့အတွက် တံခါးပိတ်ကျင့်ကြံနေတယ် ၊ အခု မောက်ရှန်းမှာ အဖွဲ့ကို ဦးဆောင်နိုင်တဲ့ ‘မဟာကောင်းကင်အရှင်သခင်’ အဆင့်ဆိုလို့ တတိယအကြီးအကဲ တစ်ယောက်ပဲ ရှိတာ ”
ရွှမ်ထျန်းဇီက မတတ်သာသလို ပြောလိုက်တော့သည်။
တတိယအကြီးအကဲနှင့် အောင်းထျန်းလုံ တို့ကြားတွင် အာဃာတများနှင့် ရန်ငြိုးများ ရှိနေခဲ့သော်လည်း ၊ တတိယအကြီးအကဲမှာ ဖြောင့်မတ်သူတစ်ဦး ဖြစ်သည့်အတွက် တစ်ပါးသူကို တိတ်တဆိတ် လုပ်ကြံမည့်သူမျိုး မဟုတ်ပေ။ ထို့အပြင် သူမှတစ်ပါး မော်ရှန်းတွင် အစွမ်းအထက်ဆုံးမှာ ရွှမ်ထျန်းဇီ ကိုယ်တိုင်သာ ဖြစ်ရာ ၊ ဂိုဏ်းချုပ်တစ်ဦးအနေဖြင့် အဖွဲ့ကို ဦးဆောင်သွားရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သူ့ထက် အဆင့်နိမ့်သူများမှာမူ ‘ကောင်းကင်အရှင်သခင် တတိယအဆင့်’ မျှသာ ရှိကြရာ ၊ ယခုသွားရောက်မည့် နေရာမှာ ‘ကောင်းကင်အရှင်သခင် စတုတ္ထအဆင့်’ ရှိသူများပင်လျှင် အသံတိတ် သေဆုံးခဲ့ရသည့် နေရာဖြစ်သဖြင့် ပို၍ပင် စိုးရိမ်စရာ ကောင်းနေသည်။
“အကြီးအကဲကြီး... ကျွန်တော်လည်း တတိယအကြီးအကဲကို အဲဒီလောက်အထိ စိတ်ကျဉ်းမြောင်းတဲ့သူ မဟုတ်ဘူးလို့ ယုံကြည်ပါတယ် ၊ ဒါကြောင့် စိတ်အေးအေးထားပါ ”
ဤအခိုက်အတန့်၌ အောင်းထျန်းလုံ က ရှေ့သို့ လှမ်းထွက်လာပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ကောင်းပြီလေ... အဲဒါဆိုရင်တော့ တတိယအကြီးအကဲပဲ အဖွဲ့ကို ဦးဆောင်တာပေါ့ ၊ ဪ... ဒါနဲ့ ထျန်းလုံ ၊ နောက်ထပ် တပည့်တစ်ယောက် ရှိရဦးမှာ မဟုတ်လား ၊ သူ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ ”
အကြီးအကဲကြီးက အသာအယာ ခေါင်းငြိမ့်လိုက်ပြီးနောက် ၊ အောင်းထျန်းလုံ ကို ဇဝေဇဝါဖြင့် ကြည့်၍ မေးလိုက်တော့သည်။
“အဲ... အဲဒါကတော့... ”
ဤမေးခွန်းကို ကြားလိုက်ရသောအခါ အောင်းထျန်းလုံ မှာ မည်သို့ရှင်းပြရမည်ကို မသိတော့ဘဲ အကျပ်ရိုက်သွားရတော့သည်။ အကယ်၍ နောက်ဆုံးတစ်ယောက်မှာ လင်းရန်ယန် ဖြစ်သည်ဟု ပြောလိုက်ပါက ၊ အကြီးအကဲကြီးက သေချာပေါက် သဘောတူမည် မဟုတ်ပေ။ လင်းရန်ယန်မှာ လက်ရှိတွင် မော်ရှန်း၏ နံပါတ်တစ် ပါရမီရှင်ဖြစ်ပြီး လူတိုင်းက ဝိုင်းဝန်းကာကွယ်ထားရမည့်သူ ဖြစ်သည်။ ဤမျှ အန္တရာယ်ကြီးမားသော နေရာသို့ စေလွှတ်ခြင်းမှာ မော်ရှန်း၏ အနာဂတ်နှင့် လောင်းကစား လုပ်နေသကဲ့သို့ပင် ဖြစ်၏။
“ဝုန်း... “
သို့သော်လည်း ဤအခိုက်အတန့်၌ ကောင်းကင်ယံမှနေ၍ ကောင်းကင်ဘုံ မိုးကြိုးသံများ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာတော့သည်။ အားလုံးက ကောင်းကင်သို့ အလျင်အမြန် မော့ကြည့်လိုက်၏။ ချက်ချင်းဆိုသလိုပင် ပြာလွင်သော မိုးကြိုးတန်းတစ်ခုမှာ မော်ရှန်း၏ တောင်စောင့်အစီရင်ကို ဖြတ်ကျော်ကာ တစ်ဟုန်ထိုး ဝင်ရောက်လာသည်ကို မြင်လိုက်ရတော့သည်။
“ကောင်းကင်ဘုံ မိုးကြိုးစွမ်းအားလား ၊ ညီငယ်လေး ပြန်လာတာလား ”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အောင်းထျန်းလုံ ၏ မျက်လုံးများမှာ ဝင်းလက်သွားတော့သည်။ သို့သော်လည်း နောက်တစ်ခဏ၌ သူ၏ မျက်မှောင်များမှာ တွန့်ချိုးသွား၏။
“မဟုတ်ဘူး... ညီငယ်လေး မဟုတ်ဘူး ၊ သူပဲ ”
ထိုပုံရိပ်မှာ နီးကပ်လာသည်နှင့်အမျှ အောင်းထျန်းလုံ ၏ မျက်သူငယ်များမှာ ကျုံ့ဝင်သွားတော့သည်။
“ဝုန်း... “
နောက်တစ်ခဏ၌ ကမ္ဘာပျက်မတတ် ကျယ်လောင်လှသော မိုးကြိုးသံကြီးနှင့်အတူ ၊ အဆုံးမဲ့လှသော မိုးကြိုးစွမ်းအားများ ဝန်းရံထားသည့် ဝတ်ရုံနက်ဝတ် တာအိုဆရာတစ်ဦးမှာ အားလုံး၏ ရှေ့မှောက်သို့ ပြင်းထန်စွာ ဆင်းသက်လာတော့သည်။ မြေပြင်မှာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကောင်းကင်ဘုံ မိုးကြိုးစွမ်းအားကြောင့် ချက်ချင်းဆိုသလို မဲမှောင်သွား၏။
ရောက်ရှိလာသူကို မြင်လိုက်ရသောအခါ အားလုံး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
“ရှီးကျန့်”
“ဂိုဏ်းတူအစ်ကို ၊ ”
“တူလေး ရှီးကျန့်... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
အကြီးအကဲကြီးနှင့် ရွှမ်ထျန်းဇီ အပါအဝင် လူတိုင်း၏ မျက်နှာများမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေတော့သည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ရှီးကျန့် ဆီမှ ထွက်ပေါ်နေသော မိုးကြိုးမှာ အမှန်တကယ်ပင် ‘ကောင်းကင်ဘုံ မိုးကြိုးစွမ်းအား’ ဖြစ်နေသောကြောင့်ပင် ဖြစ်၏။ ထို့အပြင် သူ၏ အရှိန်အဝါမှာလည်း ထိတ်လန့်စရာကောင်းလှသော ‘ကောင်းကင်အရှင်သခင် ပထမအဆင့်’ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ မိုးကြိုးဝိညာဉ်ခန္ဓာမှာပင် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် တတိယအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ကောင်းကင်အရှင်သခင် ပထမအဆင့် ၊ ကောင်းကင်ဘုံ မိုးကြိုးစွမ်းအားကို ထိန်းချုပ်ထားနိုင်သော တတိယအဆင့် မိုးကြိုးဝိညာဉ်ခန္ဓာ…. ဤအခိုက်အတန့်၌ လူတိုင်းမှာ အလွန်အမင်း အံ့အားသင့်နေကြတော့သည်။ အောင်းထျန်းလုံ ပင်လျှင် အသက်ရှူမှားသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အသိအမြင်အရ လင်းရန်ယန် တစ်ဦးတည်းသာလျှင် ကောင်းကင်ဘုံ မိုးကြိုးစွမ်းအားရှိသော တတိယအဆင့် မိုးကြိုးဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ထို့အပြင် လင်းရန်ယန်၏ အဆင့်မှာလည်း အောင်းထျန်းလုံ ထက်ပင် နိမ့်ကျနေသေးသည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်တော့သည်။
ရှေ့မှောက်ရှိ ရှီးကျန့် ကိုမူ ပြောနေစရာပင် မလိုတော့ချေ။
သေချာပေါက် အချို့သောသူများမှာမူ ရှီးကျန့် သည် မော်ရှန်းသို့ အဘယ်ကြောင့် ပြန်လာရဲရသနည်းဟူသော အချက်ကို ပို၍ပင် အံ့သြနေကြတော့သည်။ အဘယ်ကြောင့်ဆိုသော် မော်ရှန်းတပည့် ရှီးကျန့် သည် အပြင်လောကတွင် မိစ္ဆာအတတ်များကို ကျင့်ကြံနေသည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသော်လည်း ၊ ခိုင်လုံသော သက်သေအထောက်အထား မရှိခဲ့သောကြောင့်ပင် ဖြစ်၏။
ဆင်းသက်လိုက်သည်နှင့် ရှီးကျန့် သည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုးစွမ်းအားများကို တဖြည်းဖြည်းချင်း ပြန်လည်စုစည်းလိုက်ပြီးနောက် ၊ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျင်းနက်ကြီးထဲမှ ပျံထွက်လာတော့သည်။ သေချာပေါက် သူ၏ ပျံသန်းမှုမှာ သာမန်လက်နက်များကို အသုံးပြု၍ ပျံသန်းခြင်းမျိုး မဟုတ်ဘဲ ၊ မိုးကြိုးတန်းလေးတစ်ခုကို နင်းခြေ၍ ပျံသန်းလာခြင်း ဖြစ်၏။ သူ၏ အရှိန်အဟုန်မှာ လက်နက်ဖြင့် ပျံသန်းခြင်းထက် ပိုမိုမြန်ဆန်လှသလို ၊ ပိုမို၍လည်း သွက်လက်လှသည်။
“ညီငယ် ထျန်းလုံ လည်း ပြန်ရောက်နေတာပဲ ၊ ငါ ပြန်လာတာ အချိန်ကိုက် ဖြစ်သွားပုံရတယ် ”
အားလုံး၏ ရှေ့မှောက်၌ ဆင်းသက်လိုက်သည်နှင့် ရှီးကျန့် သည် အောင်းထျန်းလုံ ကို ချက်ချင်း ကြည့်လိုက်ပါတော့သည်။
“ဂိုဏ်းတူအစ်ကို... မတွေ့ရတာ ကြာပြီနော် ”
အောင်းထျန်းလုံ သည်လည်း ကောလာဟလများကို မသိရှိသူပီပီ ဝမ်းသာအားရပင် ရိုရိုသေသေ နှုတ်ဆက်လိုက်တော့သည်။
“အင်း... မင်း မော်ရှန်းက ထွက်သွားတာ ဆယ့်ရှစ်နှစ်တောင် ရှိပြီပဲ ”
ရှီးကျန့် သည်လည်း သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်၏။ ဆယ့်ရှစ်နှစ်ဟူသော အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤသို့ တွေးလိုက်ရင်း ရှီးကျန့် သည် သူ၏ ဘေးနားတွင် မျက်မှောင်ကြုတ်နေကြသော အကြီးအကဲကြီးနှင့် ဂိုဏ်းချုပ်ကို ကြည့်လိုက်တော့သည်။
“တပည့် ရှီးကျန့် က ဂိုဏ်းချုပ်နဲ့ အကြီးအကဲကြီးကို ဂါရဝပြုပါတယ် ”
ရှီးကျန့် သည် လက်အုပ်ချီလိုက်ပြီးနောက် ထိုနှစ်ဦးကို ရိုသေလေးစားစွာဖြင့် ဂါရဝပြုလိုက်တော့သည်။ ရှေ့မှောက်ရှိ ထိုနှစ်ဦးအနက် တစ်ဦးမှာ သူ၏ ဆရာဖြစ်သလို ၊ အခြားတစ်ဦးမှာမူ သူ၏ ဘိုးဘေးကြီးပင် ဖြစ်၏။
“ပြန်လာတာ ကောင်းတယ်... ပြန်လာတာ ကောင်းတယ် ”
အကြီးအကဲကြီးသည် သူ၏ ရှီး မိသားစုမှ တစ်ဦးတည်းသော သွေးချင်းကို ကြည့်ရင်း ၊ သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်၏။ ရှီးကျန့် အနေဖြင့် မော်ရှန်းသို့ ပြန်လာရဲသည်ဆိုပါက ၊ ကောလာဟလများမှာ အမှန်ဖြစ်နေလျှင်ပင် ကြီးမားသော ပြဿနာ မရှိနိုင်ဟု သူ ယူဆလိုက်တော့သည်။
သို့သော်လည်း အကြီးအကဲကြီးနှင့် ဂိုဏ်းချုပ်တို့၏ အတွေးကို သိနေသည့်အလား ၊ ရှီးကျန့် သည် သူ၏ ရင်ခွင်ထဲမှ အမှတ်အသား တံဆိပ်တစ်ခုကို သိသိသာသာ ထုတ်ယူလိုက်၏။ ထိုတံဆိပ် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၊ ထိုနေရာရှိ လူတိုင်း၏ မျက်သူငယ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားကြတော့သည်။
“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
“ဒီတံဆိပ်က... ဘယ်လိုလုပ် ဒီတံဆိပ် ဖြစ်နေရတာလဲ ”
“ကောလာဟလတွေက အားလုံး အလိမ်အညာတွေပဲလား ၊ အဲဒါတွေက အမှားပဲဆိုရင်တောင် ၊ ဘယ်လိုလုပ် ဒီတံဆိပ်ကို ရနိုင်မှာလဲ ”
ဘေးနားရှိ ပညာရှင်ကြီး သုံးဦးမှာ အံ့သြလွန်းသဖြင့် မအော်ဟစ်ဘဲ မနေနိုင်ကြတော့ချေ။ အောင်းထျန်းလုံ အပါအဝင် အကြီးအကဲကြီးနှင့် ဂိုဏ်းချုပ် ရွှမ်ထျန်းဇီ တို့ပင်လျှင် မယုံကြည်နိုင်သော မျက်နှာများ ဖြစ်သွားကြ၏။
“တပည့် ဒီတစ်ကြိမ် ပြန်လာရတဲ့ အကြောင်းရင်းက နှစ်ချက်ရှိပါတယ် ၊ ပထမတစ်ခုကတော့ သတင်းကောင်း လာပို့တာပါ ၊ တပည့်ရဲ့ မိုးကြိုးဝိညာဉ်ခန္ဓာက အဆင့်တက်သွားသလို ၊ စွမ်းအားတွေလည်း တိုးတက်လာခဲ့ပါတယ် ၊ အဲဒီအပြင် မထင်မှတ်ဘဲ ‘ကောင်းကင်ဘုံ မိုးကြိုးစွမ်းအား’ ကိုပါ ထိန်းချုပ်နိုင်ခဲ့ပါတယ် ၊
ဒုတိယ အချက်ကတော့... သတင်းကောင်းတစ်ခု ထပ်ပါသေးတယ် ၊ ဒါကတော့ တပည့်ရဲ့ ‘ငရဲပြည် အစေခံ’ တံဆိပ်ပါ ၊ အခု တပည့်က ‘ငရဲပြည် ပြစ်ဒဏ်ခတ်ရေးဌာန’ ရဲ့ အစေခံတစ်ယောက် ဖြစ်နေပါပြီ ”
မှန်ပါသည်။ ရှီးကျန့် လက်ထဲရှိ တံဆိပ်မှာ အခြားမဟုတ်ဘဲ ‘ငရဲပြည် ပြစ်ဒဏ်ခတ်ရေးဌာန’ ၏ အစေခံတံဆိပ်ပင် ဖြစ်သည်။ ၎င်းဌာန၏ အစေခံ ဖြစ်လာရန်အတွက် အလွန်အမင်း ထိတ်လန့်စရာကောင်းသော ‘ကုသိုလ်ကံ’ ပမာဏ လိုအပ်သည်ကို လူတိုင်း သိရှိကြ၏။ သာမန် ကောင်းကင်အရှင်သခင်များပင်လျှင် ထိုမျှလောက်သော ကုသိုလ်ကံကို စုဆောင်းနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
သို့သော်လည်း ပြင်ပကျင့်ကြံသူများကြား၌ မိစ္ဆာကျင့်ကြံသူဟု နာမည်ကြီးနေသော ရှီးကျန့် ကမူ ၊ အမှန်တကယ်ပင် ‘ပြစ်ဒဏ်ခတ်ရေးဌာန’ ၏ အစေခံတံဆိပ်ကို ပိုင်ဆိုင်ထား၏။ ဤသည်မှာ အခြေအနေအရပ်ရပ်ကို ပြောင်းပြန်လှန်လိုက်ခြင်းပင် ဖြစ်သည်။
“ဟား... ဟား... ကောင်းတယ် ၊ တကယ်ကို ကောင်းတယ် ၊ ငါ သိတာပေါ့... ငါ့ရဲ့ ရှီးမိသားစုဝင် တစ်ယောက်က ဘယ်လိုလုပ်ပြီး မိစ္ဆာကျင့်ကြံသူ ဖြစ်သွားမှာလဲ ”
ဤအခိုက်အတန့်၌ အကြီးအကဲကြီးသည် စိတ်လှုပ်ရှားစွာဖြင့် အားရပါးရ ရယ်မောလိုက်တော့သည်။
“ရှီးကျန့်... မင်း ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက်များပြားတဲ့ ကုသိုလ်ကံတွေကို ဘယ်လိုလုပ် စုဆောင်းနိုင်ခဲ့တာလဲ ”
ရွှမ်ထျန်းဇီ ပင်လျှင် ဇဝေဇဝါ ဖြစ်နေတော့သည်။ သို့သော်လည်း ရှီးကျန့် က ဘာမျှ ထပ်မပြောဘဲ နေလိုက်၏။ သူသည် ရှင်းပြလိုဟန် မရှိပေ။ သူ၏ စရိုက်ကို သိနေသဖြင့် ရွှမ်ထျန်းဇီ ကလည်း ထပ်မံ၍ မမေးမြန်းတော့ချေ။ နှစ်ပေါင်းများစွာ အပြင်လောက၌ ပင်ပန်းဆင်းရဲစွာ ကြိုးစားခဲ့ရသည့်တိုင်အောင် ၊ သံသယအစွဲအလမ်း ခံနေရသည့်အတွက် မည်သူမျှ စိတ်ချမ်းသာမည် မဟုတ်သည်ကို သူ နားလည်သည်။
“အနောက်ဘက်ဒေသမှာ တစ်ခုခု ဖြစ်နေတယ်လို့ ကြားတယ် ၊ ဟုတ်ပါသလား ”
ရှီးကျန့် က တဖြည်းဖြည်းချင်း မေးလိုက်တော့သည်။
“ဟုတ်တယ် ဂိုဏ်းတူအစ်ကို ၊ ကျွန်တော် စောင့်ကြပ်နေတဲ့ အနောက်ဘက်ဒေသက ‘အအေးလွန်ကဲတဲ့ အန္တရာယ်ဇုန်’ မှာ မကြာခင်ကပဲ ပြဿနာတွေ ဖြစ်ခဲ့တယ် ၊
ဂိုဏ်းတော် တော်တော်များများက အဲဒီနေရာကို တပည့်တွေ စေလွှတ်ခဲ့ကြတယ် ၊ ‘ကျိန့်ယိဂိုဏ်း’ က တပည့်တွေ သေဆုံးသွားခဲ့သလို ၊ သွားရောက် စုံစမ်းစစ်ဆေးတဲ့ အကြီးအကဲ တစ်ယောက်လည်း သေဆုံးသွားခဲ့ရတယ် ၊
ဒါကြောင့် ထိပ်တန်းဂိုဏ်းကြီး ငါးခုကနေပြီးတော့ ၊ ဂိုဏ်းတစ်ခုချင်းစီက အနည်းဆုံး ကောင်းကင်အရှင်သခင် တစ်ယောက်နဲ့ ပညာရှင်ကြီး ငါးယောက် စုပေါင်းပြီး စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ကြတာ ၊
ကျွန်တော်တို့ မော်ရှန်းကတော့ ဒီတစ်ကြိမ်မှာ တတိယအကြီးအကဲက ဦးဆောင်သွားမှာပါ ”
အောင်းထျန်းလုံ က အကျိုးအကြောင်းကို ရှင်းပြလိုက်တော့၏။