ပျံသန်းနိုင်သော မှော်လက်နက်
Vol. 10 Ch. 98
အမှန်စင်စစ် လင်းရန်ယန်သည် မိစ္ဆာကျင့်ကြံသူများထက် ကျင့်ကြံခြင်းလောကရှိ အရေခြုံလူယုတ်မာများကို ပို၍ပင် ရွံရှာမိသည်။ ၎င်းတို့သည် အပေါ်ယံ၌ ဖြောင့်မတ်ဟန်ဆောင်နေကြသော်လည်း ၊ အမှောင်ထုအတွင်း၌မူ အခြားဂိုဏ်းများမှ ထူးချွန်သော ကျင့်ကြံသူများကို တိတ်တဆိတ် လုပ်ကြံသတ်ဖြတ်တတ်ကြသည်။
“ကောင်းပြီလေ... အခြေအနေက ဒီလိုဆိုရင်တော့ အားလုံးပဲ ခရီးစတင်ကြတာပေါ့ ၊ တတိယအကြီးအကဲက ကျမ်းစာဆောင်ရှေ့မှာ မင်းတို့ကို စောင့်နေလိမ့်မယ် ၊
သူက ပျံသန်းနိုင်တဲ့ မှော်လက်နက်ကို သုံးပြီးတော့ မင်းတို့ကို အအေးလွန်ကဲတဲ့ အန္တရာယ်ဇုန်ဆီ ခေါ်သွားပေးလိမ့်မယ် ”
ရွှမ်ထျန်းဇီက တဖြည်းဖြည်းချင်း မိန့်ကြားလိုက်၏။
“ရှီးကျန့်... ဒီညီငယ်နှစ်ယောက်ရဲ့ ဘေးကင်းလုံခြုံရေးကိုတော့ မင်းပဲ တာဝန်ယူပေးပါဦး ”
ထို့နောက် ရွှမ်ထျန်းဇီသည် သူ၏တပည့်ဖြစ်သူ ရှီးကျန့်ကို ကြည့်ကာ မှာကြားလိုက်၏။
“ကျွန်တော့်ကိုသာ ယုံကြည်လိုက်ပါ ”
ရှီးကျန့်က ပြောပြီးသည်နှင့် သူ၏ ဝတ်ရုံလက်ရှည်ကြီးကို တစ်ချက်ဝှေ့ယမ်းကာ ကျမ်းစာဆောင်ရှိရာသို့ ကျောခိုင်းလှည့်ထွက်သွားတော့သည်။
“တပည့်များ ကန်တော့ခဲ့ပါတယ် ”
အောင်းထျန်းလုံနှင့် အခြားသူများသည်လည်း ဂိုဏ်းချုပ်နှင့် အကြီးအကဲကြီးတို့ကို အသာအယာ ဂါရဝပြုနှုတ်ဆက်ပြီးနောက် ၊ ရှီးကျန့် ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လိုက်ပါသွားကြတော့သည်။
“အကြီးအကဲကြီး... ရှီးကျန့် ဒီတစ်ခေါက် ဘာအတွက်ကြောင့် ပြန်လာတယ်လို့ ထင်ပါသလဲ ”
ရွှမ်ထျန်းဇီသည် ထိုအုပ်စု ထွက်ခွာသွားသည်ကို ကြည့်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ ရှီးကျန့်သည် ယခုထက်တိုင် သူ့ကို ‘ဆရာ’ ဟု ခေါ်ဝေါ်ရန် ငြင်းဆန်နေဆဲ ဖြစ်သည်။
“သူ ဘာအတွက် ပြန်လာတာပဲဖြစ်ဖြစ် ၊ မိစ္ဆာဂိုဏ်းထဲကို ရောက်မသွားသရွေ့တော့ အရာအားလုံးက ပြုပြင်လို့ ရပါသေးတယ် ၊ အဓိကကတော့... အဲဒီတုန်းက သူမကို ငါတို့ကိုယ်တိုင် သတ်ခဲ့မိတာကိုး ”
အကြီးအကဲကြီးက လေးလံသောလေသံဖြင့် ဆိုလာ၏။ သူ၏စကားကြောင့် ရွှမ်ထျန်းဇီသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်တော့သည်။ သူတို့ နှစ်ရှည်လများ စိုးရိမ်ခဲ့ရသော ကိစ္စကြီးမှာ အဆိုးဆုံးအခြေအနေသို့ ဆိုက်ရောက်မသွားခြင်းမှာပင် အကြီးမားဆုံးသော ကံကောင်းမှုတစ်ခု ဖြစ်သည်။
“ညီငယ်လေး... ဒီတစ်ခေါက် ‘ရင်ကျား’ မြို့ ကို သွားတုန်းက ဘာတွေလုပ်ခဲ့လဲ ”
လမ်းခရီးတွင် အောက်ထျန်းလုံက လင်းရန်ယန်ကို သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။ သို့သော် အရှေ့မှ လျှောက်လှမ်းနေသော ရှီးကျန့်မှာမူ ‘ရင်ကျားမြို့’ ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် သူ၏မျက်သူငယ်များမှာ သိသိသာသာ ကျုံ့ဝင်သွားရတော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူမှာ ရင်ကျားမြို့၌ ရှိနေသောကြောင့်ပင် ဖြစ်သည်။
“ဘာမှ ထွေထွေထူးထူး မရှိပါဘူး ၊ မသေမျိုးဂိုဏ်းက မြင်းစီးဓားပြအချို့နဲ့ တွေ့လို့ ၊ အဲဒါလေး ရှင်းပစ်ခဲ့ပြီး ပြန်လာတာပါ ”
လင်းရန်ယန်က ပေါ့ပေါ့ပါးပါးပင် ဖြေကြားလိုက်၏။ သူသည် မသေမျိုးဂိုဏ်းကို အမြစ်ပြတ်ဖျက်ဆီးခဲ့ရုံသာမက ၊ ‘တုန်ယင်’ သို့ သွားရောက်၍ တိုကျိုမြို့တစ်ခုလုံးကိုပါ အမှုန့်ချေခဲ့သည်ဟု မည်သို့ပြောနိုင်ပါမည်နည်း။
အကယ်၍ ထိုသို့သာ ပြောလိုက်ပါက သူသည် အရူးတစ်ယောက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။ သေချာပေါက် ဤသည်မှာ နောက်ထပ် နှစ်ရက်မျှသာ ကြာလိမ့်မည်။ တုန်ယင်ဘက်မှ သတင်းများ ပြန်လည်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်သွားတော့မည် ဖြစ်၏။
အမှန်စင်စစ် တုန်ယင်မှ နင်ဂျာဂိုဏ်းမှာ အားနည်းသည်တော့ မဟုတ်ပေ။ မော်ရှန်း၏ ဘိုးဘေးကြီး သက်ရှိထင်ရှား ရှိနေဦးမည်ဆိုလျှင်ပင် ယာမာဂူချီ ရှိန်းရင်း ကို အနိုင်ရရန် ခက်ခဲလိမ့်မည်။ ‘နတ်ဘုရားအရိပ်’ ကို ဖိတ်ခေါ်နိုင်ခြင်း မရှိပါက အနိုင်ရရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်၏။
“ဪ... ဒီလိုကိုး ၊ အဲဒီမြင်းစီးဓားပြတွေက မသေမျိုးဂိုဏ်းက မှော်ဆရာတွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး ၊ သူတို့က မြို့တွေကို သတ်ဖြတ်ဖျက်ဆီးနေကြတာ မဆန်းပါဘူး ၊ ကံကောင်းလို့ ညီငယ်လေးက သူတို့ကို နှိမ်နင်းပေးလိုက်တာ ၊ မဟုတ်ရင် အပြစ်မဲ့တဲ့လူတွေ အများကြီး အသက်ဆုံးရှုံးရဦးမှာ ”
အောင်းထျန်းလုံသည် ထိုလူများမှာ မှော်ဆရာများဖြစ်ကြောင်း ကြားသိရသောအခါ ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်၏။ မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများပင်လျှင် မှော်ဆရာများ၏ ရွံရှာဖွယ်ကောင်းသော လုပ်ရပ်များကို နှာခေါင်းရှုံ့ကြသည်ဖြစ်ရာ ၊ သူတို့ကဲ့သို့ ဖြောင့်မတ်သူများမှာ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
စကားလက်ဆုံကျနေရင်းမှပင် သူတို့အုပ်စုသည် ကျမ်းစာဆောင်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီ။ ကျမ်းစာဆောင်ကို ငေးကြည့်ရင်း လင်းရန်ယန်၏ ရင်ထဲ၌ ခံစားချက်အသစ်များ တိုးဝှေ့လာတော့သည်။ လက်ရှိအချိန်တွင် အကြီးအကဲကြီးနှင့် ဂိုဏ်းချုပ်မှတစ်ပါး ၊ ဘိုးဘေးကြီး သေဆုံးသွားပြီဖြစ်ကြောင်း မောက်ရှန်းတွင် မည်သူမျှ မသိရှိကြသေးချေ။ မဟုတ်ပါက ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားလိမ့်မည်။
“ဒုန်း... ဒုန်း... ”
ထိုစဉ် ကျမ်းစာဆောင်အတွင်းမှ ပုပုအိုအိုနှင့် အနည်းငယ် တောင့်တင်းသော လူအိုကြီးတစ်ဦး လျှောက်လှမ်းထွက်လာတော့သည်။ ဤလူအိုကြီး၏ မျက်ခုံးများမှာ လုံဖျင်နန် နှင့် အလွန်ပင် ဆင်တူလှ၏။ လင်းရန်ယန်၏ အမြင်တွင်မူ ထိုသူမှာ လုံဖျင်နန်၏ အိုမင်းသွားသော ပုံစံနှင့်ပင် တူနေတော့သည်။
သူကား... မော်ရှန်း၏ တတိယအဆင့်ရှိ အကြီးအကဲကြီး လုံယွီရှင်း ပင် ဖြစ်၏။
“ဟွန်း... အခုမှ ရောက်လာကြတာလား ၊ မင်းတို့ အချိန်တန်ဖိုး နားမလည် ကြဘူးလား ”
လုံယွီရှင်းသည် အောင်းထျန်းလုံကို မြင်လိုက်ရသည်နှင့် အေးစက်စက် နှာခေါင်းရှုံ့၍ ကြိမ်းမောင်းလိုက်တော့သည်။
“တတိယအကြီးအကဲ... ဒီစကားကတော့ မမှန်ဘူးနော် ၊ ဂိုဏ်းချုပ်နဲ့ အကြီးအကဲကြီးက မှာကြားစရာတွေ ရှိနေတာကို ၊ ကျွန်တော်တို့က နားမထောင်ဘဲ ထွက်လာလို့ ဘယ်ဖြစ်ပါ့မလား ၊
ဒါမှမဟုတ် အကြီးအကဲကြီးနဲ့ ဂိုဏ်းချုပ်မှာ အချိန်တန်ဖိုး နားမလည်ဘူးလို့ ခင်ဗျား ပြောချင်နေတာလား”
အောင်းထျန်းလုံကလည်း ချက်ချင်းပင် ပြန်လည်ချေပလိုက်၏။ ဤစကားကြောင့် တတိယအကြီးအကဲမှာ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်သွားရသည်။
“မင်း... ဒီကောင်လေး ၊ မင်းကတော့ အရင်အတိုင်းပဲ ပါးစပ်သရမ်းတုန်းပါလား”
တတိယအကြီးအကဲသည် အောင်းထျန်းလုံကို လက်ညှိုးငေါ့ငေါ့ထိုးရင်း ဆဲဆိုရန်ပင် အနိုင်နိုင် ထိန်းထားရ၏။ သူသည် မတတ်သာသည့်အဆုံး သူ၏ဒေါသကို အခြားတစ်နေရာသို့ လွှဲပြောင်းလိုက်ရတော့သည်။
“ဟင်... ”
သို့သော် ရှီးကျန့်ကို မြင်လိုက်ရချိန်တွင် သူ၏မျက်သူငယ်များမှာ သိသိသာသာ ကျုံ့ဝင်သွား၏။
“ရှီးကျန့်... မင်း ဒီကောင်လေးက နောက်ဆုံးတော့ ပြန်လာရဲသေးတာပဲလား ၊ ဘာလဲ... မင်းရဲ့ ‘တပည့်လေး’ ကော ၊ သူက ဘာလို့ ပြန်မလာတာလဲ ”
လုံယွီရှင်းသည် မျက်မှောင်ပင့်၍ မေးလိုက်ရင်း ‘တပည့်လေး’ ဟူသော စကားလုံးကို သရော်တော်တော်လေသံဖြင့် အလေးပေး ပြောလိုက်တော့သည်။
“လုံယွီရှင်း... ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ ”
တတိယအကြီးအကဲ၏ ရန်စသော စကားကို ကြားလိုက်ရချိန်တွင် ရှီးကျန့်၏ အကြည့်များမှာ တစ်ခဏချင်းအတွင်း စူးရှအေးစက်သွား၏။
“ရိုင်းလှချည်လား ၊ ငါက မော်ရှန်းရဲ့ အကြီးအကဲ တစ်ယောက်ပဲ ၊ မင်းက ငါ့နာမည်ကို တိုက်ရိုက်ခေါ်ရဲတယ်ပေါ့လေ ”
ရှီးကျန့်၏ စကားကြောင့် တတိယအကြီးအကဲမှာ ဒေါသတကြီးဖြင့် ဟောက်လိုက်တော့သည်။
“ဝုန်း... ”
သို့သော် နောက်တစ်ခဏ၌ ရှီးကျန့်၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့ ထိတ်လန့်ဖွယ်ရာကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာတော့သည်။
“ဖြောက်... ဖြောက်... ”
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှ များပြားလှသော ကောင်းကင်ဘုံ မိုးကြိုးများ ထွက်ပေါ်လာ၏။ ထိုစွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်တစ်ပြိုင်နက် မော်ရှန်း၏ ကောင်းကင်ယံတစ်ခုလုံးမှာ အဆုံးမဲ့သော မိုးတိမ်များဖြင့် ဖုံးလွှမ်းသွားတော့သည်။ ဤထိတ်လန့်ဖွယ် မြင်ကွင်းကြောင့် လုံယွီရှင်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွား၏။
“ကောင်းကင်ဘုံ မိုးကြိုးစွမ်းအား... မင်းက တကယ်ပဲ ဒါကို ထိန်းချုပ်နိုင်တာလား ၊ အဲဒီအပြင် ဒီလောက်တောင် များတာလား ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ”
တတိယအကြီးအကဲမှာ အံ့သြလွန်းသဖြင့် မအော်ဟစ်ဘဲ မနေနိုင်တော့ပေ။
“ဟွန်း... ငါ ဘာလုပ်လုပ် မင်းနဲ့ မဆိုင်ဘူး ၊ ငါတို့ရဲ့ ဂိုဏ်းတူ ညီအစ်ကို သံယောဇဉ်ကို မငဲ့တဲ့အထိလုပ်အောင် ငါ့ကိုဖိအားမပေးနဲ့ ”
ရှီးကျန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“ဝုန်း... ”
သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ၊ အဆုံးမဲ့သော မိုးကြိုးစွမ်းအားများသည် ရေတွက်လို့မရနိုင်သော ‘မိုးကြိုးဓားမြှောင်’ များအဖြစ် ပြောင်းလဲသွားပြီး ၊ တတိယအကြီးအကဲ၏ ပတ်ပတ်လည်၌ ဝိုင်းရံပိတ်ဆို့လိုက်တော့သည်။
အမှန်တကယ်တော့ ရှီးကျန့်ကိုယ်တိုင်လည်း ယခုတစ်ကြိမ်၌ သူ၏ ကောင်းကင်ဘုံ မိုးကြိုးစွမ်းအားမှာ ထူးထူးခြားခြား အသုံးရလွယ်ကူနေပြီး ယခင်ကထက်ပင် များစွာ ပိုမိုအစွမ်းထက်နေသည်ကို သတိထားမိလိုက်၏။ သို့သော် သူသည် များများစားစား မတွေးမိပေ။ ဤကဲ့သို့သော ထူးကဲပစ္စည်းကို ထိန်းချုပ်နိုင်ခြင်းမှာပင် ကောင်းလှပြီဖြစ်ရာ ၊ စွမ်းအား အတက်အကျ ရှိနေခြင်းအပေါ် သူသည် အတင်းအကျပ် ဖိအားမပေးလိုတော့ချေ။
သူ မသိရှိသည်မှာ... လင်းရန်ယန်က ဘေးမှနေ၍ တိတ်တဆိတ် ကူညီပေးနေခြင်း ဖြစ်သည်။ လင်းရန်ယန်သည်လည်း ထို လုံမိသားစုမှ လူများကို မနှစ်မြို့လှချေ။ ထိုသူများအားလုံးမှာ မောက်မာရိုင်းစိုင်းသော လူယုတ်မာရုပ်ပေါက်နေကြသည်။
“မင်း... မင်းကတော့... ”
မိုးကြိုးဓားမြှောင်များစွာဖြင့် ဝိုင်းရံခံထားရသော တတိယအကြီးဲမှာ ချွေးစေးများ ပြန်လာပြီး ရှီးကျန့်ကို လက်ညှိုးညွှန်နေသော်လည်း ၊ ပြင်းထန်သော စကားတစ်လုံးမျှပင် ထွက်မလာရဲတော့ချေ။ အကယ်၍ သူသာ တစ်ခုခု ပြောလိုက်ပါက ၊ ကောင်းကင်ဘုံ မိုးကြိုးများ၏ ဒဏ်ကို ခံရလိမ့်မည်။ သူ၏ စွမ်းအားအရ ရှီးကျန့်က သူ့ကို မသတ်နိုင်လျှင်ပင် ၊ မျိုးဆက်သစ်လူငယ်တစ်ဦး၏ အရိုက်အနှက်ကို မည်သူမျှ ခံချင်မည် မဟုတ်ပေ။
“ဟွန့်... ”
ရှီးကျန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏ စိတ်အာရုံဖြင့် ထိန်းချုပ်လိုက်တော့သည်။
“ဝုန်း... ဝုန်း... ”
မိုးကြိုးဓားမြှောင် အားလုံးမှာ တုန်ခါသံများနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီး ငြိမ်သက်သွား၏။ ကောင်းကင်ယံရှိ မိုးတိမ်များမှာလည်း တဖြည်းဖြည်းချင်း လွင့်စင်ပျောက်ကွယ်သွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရမှသာ တတိယအကြီးအကဲမှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချနိုင်တော့သည်။ ထို့နောက် ရှီးကျန့်ကို ဒေါသတကြီး ကြည့်လိုက်ရင်း သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။
“ဝူး... ”
နောက်တစ်ခဏ၌ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး ၊ အားလုံး၏ ရှေ့မှောက်တွင် ကြီးမားလှသော ‘ပျံသန်းနိုင်သည့် သင်္ဘော’ ကြီး တစ်စင်း ပေါ်ထွက်လာတော့သည်။
၎င်းမှာ... ပျံသန်းနိုင်သော မှော်လက်နက်ပင် ဖြစ်၏။ ၎င်း၏ အဆင့်မှာ ‘ကောင်းကင်အဆင့် အလယ်အလတ်’ ဖြစ်သည်။ မော်ရှန်း တစ်ခုလုံးတွင်လည်း ဤတစ်စင်းသာလျှင် ရှိ၏။ ၎င်းကို ရှေးဟောင်းအဆောက်အအုံ ပျက်စီးရာနေရာတစ်ခုမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ၊ ယခုခေတ်တွင် ဤကဲ့သို့သော သင်္ဘောကို ဖန်တီးနိုင်သည့် နည်းပညာ မရှိတော့ချေ။
သေချာပေါက်... လင်းရန်ယန်ကမူ ဤအရာထက် ပိုမိုအဆင့်မြင့်ပြီး အရည်အသွေး ကောင်းမွန်သော သင်္ဘောများကို ဖန်တီးနိုင်စွမ်း ရှိနေသည်။