← Chapters

နာ့လန်ရန်ယန်၏ တောင်းဆိုမှု

Vol. 9 Ch. 84

နာ့လန်ရန်ယန်၏ တောင်းဆိုမှု

Vol. 9 Ch. 84

ဆေးပုလင်းထဲသို့ အနက်ရောင်အရည်တစ်စက်က စုပ်ယူခံလိုက်ရသည်ကို ကြည့်ရင်း နာ့လန်ဆုနှင့် သမီးဖြစ်သူ နာ့လန်ရန်ယန်တို့သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကြသည်‌။ ဤသည်မှာ အကြီးအကဲဟောင်းကြီး အသက်ဘေးမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း သက်သေပင်ဖြစ်သည်‌။

အကြီးအကဲဟောင်း နာ့လန်ကျဲသည် ကုတင်ပေါ်၌ လဲလျောင်းနေရင်း အမောတကော အသက်ရှူနေရသည်‌။ ဖြူဖျော့နေသော သူ၏မျက်နှာထက်တွင် ချွေးများ စီးကျနေပြီး တစ်ကိုယ်လုံး အင်အားကုန်ခမ်းကာ နုံးချည့်နေသည့် ပုံပေါ်နေပါသည်‌။ သူက အသံသြသြဖြင့်

"ဤဖြစ်စဉ်က ဤမျှအထိ နာကျင်ရလိမ့်မည်ဟု ငါမထင်မှတ်ထားပေ၊ ဤဝေဒနာက သေခြင်းတရားထက်ပင် ပိုမိုဆိုးရွားနေသေးသည်" ဟု ဆိုလိုက်ပါသည်‌။

ကျန်းချန်သည် သံပူ တံဆိပ်ခတ် အဆိပ်များ ပြည့်နှက်နေသော ဆေးပုလင်းကို သိမ်းဆည်းလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် ထူးခြားဆန်းကြယ်မီးတောက်ကို ပုလင်းအတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်ပါသည်‌။ နာရီဝက်မပြည့်မီမှာပင် အတွင်းရှိ အဆိပ်အတောက်အားလုံးသည် ပြာအဖြစ် လောင်ကျွမ်းပျောက်ကွယ်သွားတော့မည်ဖြစ်သည်‌။

အကြီးအကဲဟောင်း နာ့လန်ကျဲသည် ကုတင်ပေါ်မှ ခက်ခက်ခဲခဲ ထရပ်ကာ ကြမ်းပြင်ပေါ်၌ ဒူးထောက်၍ လက်အုပ်ချီ ဦးညွှတ်လိုက်သည်‌။ "သခင်လေး၊ အသက်ကယ်ခဲ့တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်၊ ကျွန်တော် နာ့လန်ကျဲ သခင်လေးရဲ့ကျေးဇူးကို တစ်သက်လုံး အမှတ်ရနေမှာပါ" ဟု ပြောကြားလိုက်ပါသည်‌။

"ဒါက ဘာမှမဟုတ်ပါဘူး"

ကျန်းချန်က လက်‌ကို ဝှေ့ပြကာ "ခင်ဗျားရဲ့ ခန္ဓာကိုယ်က ကျွန်တော့်ရဲ့ ထူးခြားဆန်းကြယ်မီးတောက်က ထွက်လာတဲ့ စွမ်းအင်ကို မခံနိုင်တာကြောင့် ဒီနေ့တော့ ဒီမှာပဲ နားရပါလိမ့်မယ်‌၊ ကျွန်တော် ဒီနေ့ ဒီမှာပဲ တည်းပါမယ်၊ မနက်ဖြန် နောက်ထပ် တစ်ကြိမ် ထပ်ကုပြီးရင်တော့ ခင်ဗျားရဲ့ ကိုယ်ထဲက သံပူတံဆိပ်ခတ် အဆိပ်အားလုံးကို လုံးဝ ဖယ်ရှားနိုင်မှာပါ" ဟု ဆိုလိုက်ပါသည်‌။

ဤစကားကို ကြားရသောအခါ နာ့လန်ကျဲသည် အလွန် ဝမ်းမြောက်သွားပါသည်‌။ ကွန်ဖြူးရှပ်ပညာရှိ သခင်လေးဆိုသည်မှာ နာမည်နှင့်လိုက်အောင် အမှန်တကယ်ပင် ဂုဏ်သတင်းကြီးမားသူဖြစ်သည်‌။ ဆေးဘုရင် ဂူဟီပင် မတတ်နိုင်သည့်ကိစ္စကို ကွန်ဖြူးရှပ်ပညာရှိ သခင်လေးက လက်ဖျောက်တစ်ချက်တီးရုံဖြင့် ကုသနိုင်စွမ်းရှိပေသည်။

နာ့လန်ဆု၏ တွဲကူမှုဖြင့် နာ့လန်ကျဲသည် ထရပ်လိုက်ပြီး စားပွဲပေါ်၌ တင်ထားသော 'ခုနစ်ထွေ ပုံရိပ်ယောင် မိုးပြာဝိညာဉ်ရည်' ကို စိတ်အားထက်သန်စွာ ယူဆောင်လာကာ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ဆက်သလိုက်ပါသည်‌။

"သခင်လေး‌၊ ဒါက ခုနစ်ထွေ ပုံရိပ်ယောင် မိုးပြာဝိညာဉ်ရည်ပါ‌၊ ကျေးဇူးပြုပြီး လက်ခံပေးပါ"

ကျန်းချန်သည် မပြောမဆို ထို ခုနစ်ထွေ ပုံရိပ်ယောင် မိုးပြာဝိညာဉ်ရည် ကို သူ၏အိတ်ကပ်အတွင်းသို့ ထည့်လိုက်ပါသည်‌။ သူသည် စည်းမျဥ်းစည်းကမ်းကို လက်ကိုင်စွဲထားသူဖြစ်ရာ ကတိပေးထားသည့်အတိုင်း လုပ်ဆောင်ပေးရမည်ဖြစ်သည်‌။

နာ့လန်ကျဲသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး "သခင်လေး‌၊ မနက်ဖြန်ဆိုရင် အဆိပ်တွေအားလုံး တကယ်ပဲ ပျောက်သွားမှာလား" ဟု မေးမြန်းလိုက်ပါသည်‌။

"အင်း" ကျန်းချန်က ညင်သာစွာ ပြန်ဖြေသည်‌။ "တကယ်တော့ ဒီနေ့တင် အကုန်ဖယ်ရှားလို့ ရပါတယ်‌၊ ဒါပေမဲ့ ခင်ဗျားရဲ့ ခန္ဓာကိုယ်က ကျွန်တော့်ရဲ့ ထူးခြားဆန်းကြယ်မီးတောက်ကို မခံနိုင်လို့ပါ‌၊ အခုလောက်အထိ တောင့်ခံထားနိုင်တာကိုက တော်တော်လေးကို ရှားလှပါတယ်"

ထို သံပူ တံဆိပ်ခတ် အဆိပ်သည် နာ့လန်ကျဲ၏ ခန္ဓာကိုယ်ကိုသာမက သူ၏ ဒိုချီ စွမ်းအားကိုပါ ထိခိုက်နေခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူ၏ခန္ဓာကိုယ်သည် အလွန် အားနည်းနေရခြင်းဖြစ်သည်‌။ အကယ်၍ အချိန်မီ မဖယ်ရှားနိုင်ပါလျှင် နာ့လန်ကျဲသည် နှစ်ရက်အတွင်း သေဆုံးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်သည်‌။

"ရန်ယန်‌၊ သခင်လေးအတွက် ဧည့်ခန်းကို ချက်ချင်း ပြင်ဆင်ပေးလိုက်ပါ‌၊ ပြီးတော့ စားဖို့သောက်ဖို့အတွက်လည်း တစ်ယောက်ယောက်ကို စီစဉ်ခိုင်းလိုက်ဦး"

နာ့လန်ရန်ယန်က ခေါင်းညိတ်ပြပြီးနောက် "သခင်လေး‌၊ ကျွန်မနောက်ကို လိုက်ခဲ့ပေးပါ" ဟု ယဉ်ကျေးစွာ ဖိတ်ကြားလိုက်သည်‌။

"ကောင်းပြီ‌၊ နာ့လန်ကျဲ‌၊ ဒီအတောအတွင်းမှာ ဒိုချီကို လုံးဝ အသုံးမပြုပါနဲ့‌၊ အဆိပ်တွေက ပြန်ပြီး ကြွလာတတ်ပါတယ်‌၊ အကယ်၍ ကြွလာခဲ့ရင် ခင်ဗျားရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ချက်ချင်း ဝါးမျိုသွားမှာဖြစ်ပြီး အဲဒီအချိန်ကျရင် ပုရွက်ဆိတ် တစ်သောင်းက နှလုံးသားကို ဝိုင်းကိုက်နေသလို ဝေဒနာမျိုးကို ခံစားရပါလိမ့်မယ်"

မထွက်ခွာမီ ကျန်းချန်က အကြီးအကဲဟောင်း နာ့လန်ကျဲကို သတိပေးစကား ဆိုခဲ့ပါသည်‌။ နာ့လန်ကျဲကလည်း လေးနက်စွာ ခေါင်းညိတ်ပြရင်း "နားလည်ပါပြီ သခင်လေး‌၊ အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု တုံ့ပြန်လိုက်ပါသည်‌။

နာ့လန်ရန်ယန်၏ လမ်းပြမှုဖြင့် ကျန်းချန်သည် တိတ်ဆိတ်အေးချမ်းလှသော ခြံဝင်းလေးတစ်ခုသို့ ရောက်ရှိလာသည်‌။

ဤနေရာလေးသည် ပန်းရနံ့များဖြင့် သင်းပျံ့နေပြီး ငှက်ကလေးများ၏ သီကျူးသံများဖြင့် ပြည့်နှက်နေသည်‌။ ခြံဝင်းအတွင်း၌ မြင့်မားလှသော သစ်ပင်ကြီးတစ်ပင် ရှိနေပြီး သစ်ကိုင်းများပေါ်တွင် စာကလေးများက တစာစာ တွန်မြည်နေကြပါသည်‌။

သစ်ပင်ဘေးရှိ အဝတ်လှန်းစင်ပေါ်တွင် မိန်းကလေးဝတ်စုံအချို့နှင့်အတူ အတွင်းခံ အဝတ်အထည်အချို့ကို လှန်းထားသည်ကို တွေ့လိုက်ရသည်‌။

ကျန်းချန်က ဘေးစောင်းကြည့်လိုက်ပြီး ထူးဆန်းသော အမူအရာဖြင့် နာ့လန်ရန်ယန်ကို "ဒါ မင်းရဲ့ အခန်းလား" ဟု မေးလိုက်ပါသည်‌။

ဤသည်ကို မြင်လိုက်ရသောအခါ နာ့လန်ရန်ယန်၏ မျက်နှာတစ်ခုလုံးသည် ပန်းသီးကဲ့သို့ နီမြန်းသွားသည်‌။ သူမသည် ယနေ့ လျှော်ထားသော အဝတ်များကို သိမ်းရန် လုံးဝ မေ့လျော့နေခဲ့ခြင်းဖြစ်သည်‌။

"တောင်းပန်ပါတယ် သခင်လေး‌၊ ကျွန်မတို့ အလျင်စလို လာလိုက်ရတာမို့ အဝတ်တွေကို သိမ်းဖို့ မေ့သွားတာပါ"

နာ့လန်ရန်ယန်က သူမ၏ နှုတ်ခမ်းလေးကို ကိုက်ရင်း "ဒါက တစ်မိသားစုလုံးမှာ အတိတ်ဆိတ်ဆုံး နေရာမို့ပါ‌၊ သခင်လေးရဲ့ ကျင့်ကြံခြင်းကို တခြားသူတွေ နှောင့်ယှက်လို့မရအောင် ဒီကို ခေါ်လာခဲ့တာပါ" ဟု တိုးတိုးလေး ဖြေကြားလိုက်ပါသည်‌။

ကျန်းချန်က ကိစ္စမရှိကြောင်း လက်ခါပြလိုက်ပါသည်‌။ သူသည် ထိုကဲ့သို့သော အခြေအနေမျိုးကို နေသားကျနေပြီဖြစ်သည်‌။ သူက အေးမြသော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ပါသည်‌။

နာ့လန်ရန်ယန်ကလည်း စဉ်းစဉ်းစားစားဖြင့် ရှေ့သို့တိုးကာ ကွန်ဖြူးရှပ်ပညာရှိ သခင်လေးအတွက် လက်ဖက်ရည်ကို ငှဲ့ပေးလိုက်သည်‌။

ကျန်းချန်က အေးဆေးစွာဖြင့် "တကယ်တော့ ကျွန်တော်က လက်ဖက်ရည်အကြောင်း ဘာမှနားမလည်ပါဘူး‌၊ ပျင်းတဲ့အခါမှပဲ သောက်တာပါ‌၊ ဝိုင်ကိုပဲ ပိုကြိုက်တယ်" ဟု ဆိုလိုက်ပါသည်‌။

"အဲဒီလူသာ ဒီမှာရှိနေရင် လက်ဖက်ရည်သောက်ရတာကို သူ သဘောကျနေမှာပါ"

ကျန်းချန်သည် လက်ဖက်ရည်ခွက်ကို ပြန်တွန်းလိုက်ပြီး သူကိုယ်တိုင် ချက်ထားသော ဝိုင်များကို ခွက်ထဲသို့ထည့်ကာ တစ်ငုံ သောက်လိုက်သည်‌။

ဤခံစားချက်က လက်ဖက်ရည်ထက်စာလျှင် သူ့အတွက် ပို၍ သက်သောင့်သက်သာ ရှိစေသည်‌။

လူတိုင်းတွင် ကိုယ်စီ ဝါသနာများ ရှိကြသည်သာဖြစ်သည်‌။

ဤသည်ကို ကြည့်ရင်း နာ့လန်ရန်ယန်သည် ကွန်ဖြူးရှပ်ပညာရှိ သခင်လေး၏ ရှေ့တွင် ငြိမ်သက်စွာ ထိုင်နေမိပသည်‌။ သူမသည် ကျန်းချန်၏လက်ထဲရှိ စာအုပ်ကို စိုက်ကြည့်ရင်း အတော်လေး တုန်လှုပ်သွားသည်‌။

"သခင်လေးက နေ့တိုင်း စာအုပ်ဖတ်တာလား"

"ဒါပေါ့‌၊ ရှေးဆိုရိုးအတိုင်း စာအုပ်ထဲမှာ ရွှေအိုးရှိတာကိုး‌၊ စာများများဖတ်တာက အကျိုးရှိပါတယ်"

ဝိုင်သောက်ရင်း စာအုပ်ဖတ်လိုက်၊ စွမ်းအားများကို မြှင့်တင်လိုက်နှင့် အမှန်တကယ်ပင် ပျော်စရာကောင်းလှပါသည်‌။

ထို့အပြင် မက်မွန်ပွင့်ဝိုင်တွင် အလွန်အားကောင်းသော စွမ်းအားများ ပါဝင်နေသဖြင့် ရေရှည်သောက်သုံးပေးပါက ခွန်အားကိုလည်း တိုးတက်စေသည်‌။

"သခင်လေးရဲ့ စွမ်းအားတွေအားလုံးက စာအုပ်ထဲက ရတာလား"

ကျန်းချန်က ပြုံးလိုက်ပြီး "အဲ့ဒီလို တွေးလို့လည်းရပါတယ်‌၊ ဒါမှမဟုတ် ငါ့ကို သာမန်ပညာရှိ တစ်ယောက်လို့ပဲ မှတ်ယူလိုက်ပါ"

နာ့လန်ရန်ယန်သည် ဤစကားကို လုံးဝ မယုံကြည်ပါ‌။ စာဖတ်ရုံသက်သက်ဖြင့် မည်သို့လျှင် သိုင်းသူတော်စင်အဆင့် ပညာရှင်တစ်ဦး ဖြစ်လာနိုင်ပါမည်နည်း‌။ ထိုအဆင့်သည် တိုက်ခိုက်ရေးစွမ်းအင် လောက၏ အထွတ်အထိပ် အဆင့်အတန်းဖြစ်သည်‌။ အနောက်မြောက်တိုက်ကြီး တစ်ခုလုံးရှိ ပညာရှင်များ အားလုံး စုပေါင်းလိုက်လျှင်တောင်မှ သခင်လေး၏ လက်ညှိုးတစ်ချောင်းကို ယှဉ်နိုင်မည်မဟုတ်ပါ‌။

ကျင့်ကြံခြင်း လမ်းစဉ်များ ထောင်သောင်းမက ရှိသော်လည်း ကျန်းချန်ကမူ ဤနည်းလမ်းဖြင့်သာ ကျင့်ကြံခြင်းဖြစ်သည်‌။

နာ့လန်ရန်ယန်က အံ့ဩစွာဖြင့် "သခင်လေး‌၊ သခင်လေးရဲ့ ကျင့်စဉ် အနည်းအကျဉ်းလောက် ကျွန်မကို ပြပေးလို့ ရမလား" ဟု တောင်းဆိုလိုက်သည်‌။

ကျန်းချန်သည် သူ၏ညာဘက်လက်ဖြင့် လက်ကာပြလိုက်ပြီး မျက်နှာကို လှည့်ကာ သူ့ရှေ့တွင် ထိုင်နေသော နာ့လန်ရန်ယန်ကို ကြည့်၍ ပြုံးလိုက်သည်‌။ "ဘာလဲ မိန်းကလေး နာ့လန်၊ မင်းက ငါ့ရဲ့ ပညာတွေကို ခိုးယူချင်နေတာလား"

"မဟုတ်ပါဘူး‌၊ မဟုတ်ပါဘူး"

နာ့လန်ရန်ယန်က အလျင်အမြန်ပင် "ကျွန်မ မဝံ့ရဲပါဘူး‌၊ သုံးနှစ်ပြည့် ကတိစာချုပ်ပြည့်ဖို့က နောက်ထပ် တစ်လခွဲပဲ လိုတော့တာပါ‌၊ ကျွန်မက ကြယ်နှစ်ပွင့် သိုင်းမြင့်မြတ်သခင်အဆင့်ကို ရောက်ရှိနေပြီဆိုပေမဲ့ စိတ်ထဲမှာတော့ ဘာမှ မသေချာသလို ခံစားနေရလို့ပါ..."

"ကျွန်မ ကြောက်နေမိတယ်..."

"မင်းက မင်းရှုံးသွားမှာကို ကြောက်နေတာမလား"

"ဟုတ်ပါတယ် သခင်လေး..." နာ့လန်ရန်ယန်က သူမ၏ နှုတ်ခမ်းလေးကို အသာအယာ ဖိကိုက်လိုက်သည်‌။ "ကျွန်မရဲ့ ဆရာကတော့ ကျွန်မကို မာန်မာန မရှိဖို့၊ စိတ်မလောဖို့၊ ရိုသေကျိုးနွံဖို့ ဆုံးမဖူးပါတယ်‌၊ ဒါပေမဲ့ ကျွန်မရဲ့ စိတ်ထဲမှာတော့ ဒီအတားအဆီးကို မကျော်လွှားနိုင်သေးဘူး‌၊ ကျင့်စဉ်က အလွန် ခက်ခဲလှပေမဲ့ အဆုံးသတ်မဲ့နေတဲ့ ကျင့်ကြံခြင်းက ပိုပြီး စိတ်ပျက်စရာကောင်းတယ်လို့ ခံစားနေရတယ်"

နာ့လန်ရန်ယန်၏ စကားကို ကြားရသောအခါ ကျန်းချန်သည် လက်ထဲရှိ စာအုပ်ကို ချလိုက်ပြီး ထရပ်လိုက်သည်‌။ "ဒါဆိုရင် မင်းရဲ့ ဆရာ့ကိုယ်စား ငါက မင်းကို ပညာတစ်ခုလောက် သင်ပေးရမှာပေါ့"

"ဓား‌၊ လာခဲ့"

ကျန်းချန်၏ စကားအဆုံးတွင် နာ့လန်ရန်ယန်၏ ခါးတွင် ချိတ်ထားသော ဓားရှည်သည် အထိန်းအကွပ်မရှိဘဲ အလိုလို ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်‌။ လေထဲတွင် ဝဲပျံကာ ကျန်းချန်၏ လက်ထဲသို့ တဖြည်းဖြည်းဖြင့် ရောက်ရှိသွားသည်‌။

"မင်းရဲ့ ဆရာ ပြောခဲ့တာတွေက တကယ်ပဲ မှန်ကန်ပါတယ်‌၊ ဓားသမားတစ်ယောက်ဟာ ကြည်လင်တဲ့ စိတ်ထားရှိရမယ်‌၊ မာန်မာန မရှိဘဲ စိတ်ကို တည်ငြိမ်အောင် ထားရမယ်‌၊ သူတို့ရဲ့ လှုပ်ရှားမှုတွေက မိုးကြိုးပစ်လိုက်သလို ပြင်းထန်ရမယ်‌၊ လျှပ်စီးလို လျင်မြန်ရမယ်‌၊ သူတို့ရဲ့ ဓားချက်တွေက ကျောက်စိမ်းနဲ့ ကျောက်ခဲတွေကိုတောင် ပြာအဖြစ် လောင်ကျွမ်းစေနိုင်ရမယ်"

ကျန်းချန်က ကိုယ်ကို လှည့်လိုက်ပြီး လက်ထဲရှိ ဓားရှည်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်‌။

ဓား ချီသည် လှိုင်းလုံးကြီးများကဲ့သို့ ကောင်းကင်ထက်ရှိ တိမ်တိုက်ဖြူများဆီသို့ ဦးတည်သွားသည်‌။ ထိုသို့တစ်ချက်တည်း လှုပ်ရုံဖြင့်ပင် ကောင်းကင်ထက်ရှိ တိမ်တိုက်များသည် နှစ်ခြမ်းကွဲသွားကာ ကျားမာနိုင်ငံတော်ရှိ ပညာရှင်များကိုပါ အံ့ဩမှင်တက်သွားစေပါသည်‌။

ကျန်းချန်သည် လေထဲသို့ ပေါ့ပါးစွာ ခုန်တက်လိုက်ပြီး ဓားကကွက်ကို ထုတ်ပြလိုက်သည်‌။ သူ၏ ဓားသွား တစ်ချက်ချင်းစီတိုင်းသည် ကောင်းကင်နှင့် မြေကြီး၏ အရောင်ကိုပင် ပြောင်းလဲသွားစေခဲ့သည်‌။

All Chapters