အခန်း (၁၈၀)
Vol. 18 Ch. 180
သားရဲဒီရေလှိုင်း ဘေးအန္တရာယ် ငြိမ်သက်သွားပြီးနောက် ဟွမ်ထိန်အဖွဲ့သည် တောက်ယဲ့တောင် မြို့စောင့်တပ်အတွင်း၌ ပြန်လည်စုဖွဲ့ကြသည်။ တောက်ယဲ့တောင်မှ မထွက်ခွာမီ မုဆိုးအဖွဲ့ချုပ်ခွဲက ဖန်းကုကို စေလွှတ်၍ ယွင်ရှန်းအား ဖိတ်ကြားခိုင်းလိုက်သည်။
"သခင်မလေး ယန်ယွင်... အဲဒီနေ့က ပေါ်လာတဲ့ အဘိုးအိုက တကယ်ပဲ သခင်မလေးရဲ့ ဆရာလားခင်ဗျာ။ သူက တကယ်ပဲ ဆင့်ခေါ်ဧကရာဇ်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်ကြီးလား"
ယွင်ရှန်းတွင် ဆင့်ခေါ်ဧကရာဇ်အဆင့်ရှိသော ဆရာတစ်ဦးရှိကြောင်း သိသွားကြကတည်းက မုဆိုးအဖွဲ့ချုပ်သည် သူမကို အလွန်လေးစားသမှု ပြုလာကြပြီး ခေါ်ဝေါ်သည့် ဘွဲ့အမည်ကိုပင် ပြောင်းလဲလိုက်ကြသည်။
ယွင်ရှန်းသည် ဤမေးခွန်းမျိုးကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ရာ သူမ ပြင်ဆင်ထားသည့်အတိုင်းပင် ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် သူက ကျွန်မရဲ့ ဆရာပါ။ ကံကြမ္မာအကြောင်းဖန်လို့ ဆုံခဲ့ရတာပါ။ သူက ကျွန်မကို ဆင့်ခေါ်ခြင်းဆိုင်ရာ အသိပညာတွေကို သင်ကြားပေးလေ့ရှိပြီး သားရဲဒီရေလှိုင်းတုန်းကတော့ မတော်တဆ ကူညီပေးခဲ့တာပါ"
"ဒါဆိုရင်တော့ ဝမ်းသာစရာပါပဲ။ ဆရာကြီးရဲ့ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ပြီဆိုတော့ ဒါက ဆရာကြီးအတွက် ပေးအပ်တဲ့ ဆုလာဘ်ပါ။ သခင်လေးကတစ်ဆင့် လွှဲပြောင်းပေးအပ်ပေးပါ"
မုဆိုးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ယွင်ရှန်းအား အင်ပါယာ ခရမ်းရောင်ရွှေကတ်တစ်ခု ပေးအပ်လိုက်သည်။
ယွင်ရှန်းသည် နားမလည်နိုင်သကဲ့သို့ အနီးရှိ ဖန်းကုကို လှမ်းကြည့်လိုက်သည်။
"ဒါက ဆရာကြီးရဲ့ အကူအညီအတွက် ကျေးဇူးတင်တဲ့အနေနဲ့ တောက်ယဲ့တောင် မုဆိုးအဖွဲ့ချုပ်ခွဲက ပေးအပ်တဲ့ ဆုလာဘ်ပါ။ စုစုပေါင်း ဝူကျိ ခရမ်းရောင်ရွှေင်္ဒဂါးတစ်သောင်း ရှိပါတယ်"
ဖန်းကုက ယွင်ရှန်းအား လက်ခံရန် အချက်ပြလိုက်သည်။
ခရမ်းရောင်ရွှေဒင်္ဂါး တစ်သောင်းဆိုသည်မှာ အင်ပါယာရွှေဒင်္ဂါး တစ်သိန်းနှင့် ညီမျှရာ မနည်းလှသော ပမာဏပင်။
"ခရမ်းရောင်ရွှေဒင်္ဂါး တစ်သောင်းအပြင် နောက်ထပ် မေတ္တာရပ်ခံချင်တာတစ်ခုကတော့... သခင်မလေး ယန်ယွင်အနေနဲ့ ဆရာကြီးကို မုဆိုးမဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူပေးဖို့ တိုက်တွန်းပေးစေချင်ပါတယ်"
ဤကပ်ဘေးအတွင်း၌ မုဆိုးအဖွဲ့ချုပ်ခွဲမှာ အထူးချွန်ဆုံး မုဆိုးအမြောက်အမြားနှင့် အကြီးအကဲတစ်ဦးကိုပါ ဆုံးရှုံးခဲ့ရသဖြင့် အင်အား အကြီးအကျယ် ဆုတ်ယုတ်သွားခဲ့သည်။ သားရဲဒီရေလှိုင်းကို နှိမ်နင်းနိုင်ခဲ့သော်လည်း တောက်ယဲ့တောင် မြို့စောင့်တပ်၏ ကာကွယ်ရေး အားနည်းမှုနှင့် အင်အား မလုံလောက်မှုတို့မှာ ထင်ရှားသွားခဲ့သည်။
"အကြီးအကဲ ဟုတ်လား။ မဖြစ်နိုင်ပါဘူး... ကျွန်မရဲ့ ဆရာက အရိပ်လိုပဲ ဖမ်းရခက်ပြီး လူမသိအောင် နေတတ်သူပါ။ တစ်နေရာတည်းမှာ ကြာကြာနေတတ်တဲ့ အလေ့အကျင့်လည်း မရှိဘူး"
ယွင်ရှန်းက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ သူမကိုယ်တိုင်ပင် ယွီကျင်းသို့ အမြန်ပြန်ရတော့မည်ဖြစ်ရာ ဤနေရာတွင် အကြီးအကဲလုပ်နေရန် အချိန်မရှိကြောင်း စနောက်သည့်သဘောဖြင့် ပြောဆိုလိုက်လေသည်။
"ရှန့်အာ... မုဆိုးမဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲဆိုတာ တောက်ယဲ့တောင် တစ်ခုတည်းအတွက် မဟုတ်ဘူး။ ဒါက မဟာမိတ်အဖွဲ့တစ်ခုလုံးရဲ့ အကြီးအကဲဖြစ်မှာမလို့ တောက်ယဲ့တောင်မှာ အမြဲနေစရာမလိုပါဘူး။ အခုလို နှစ်တစ်ရာမှာ တစ်ခါမှဖြစ်ခဲတဲ့ သားရဲဒီရေလှိုင်းမျိုးလို အရေးပေါ်အခြေအနေတွေမှာပဲ ပေါ်လာပေးရင် ရပါပြီ။ မင်းရဲ့ဆရာက နာမည်ခံအဖြစ်ပဲ နေပေးရမှာပါ။ အဲဒီအတွက် မုဆိုးမဟာမိတ်အဖွဲ့က နှစ်စဉ် အပိုဆောင်း ပူဇော်ခအနေနဲ့ အင်ပါယာ ခရမ်းရောင်ရွှေဒင်္ဂါး နှစ်သောင်း ပေးအပ်သွားမှာပါ"
ဖန်းကုက ဖြောင်းဖြပြောဆိုလိုက်သည်။
ခရမ်းရောင်ရွှေဒင်္ဂါး နှစ်သောင်းဆိုသည်မှာ သာမန်ရွှေဒင်္ဂါး နှစ်သိန်းနှင့် ညီမျှရာ ယွင်ရှန်းမှာ စိတ်ထဲမှ ထိတ်လန့်သွားမိသည်။ လွန်ခဲ့သော အဆင့် B စစ်ဆေးမှုတုန်းက အသည်းအသန် ကြိုးစားခဲ့မှ ရွှေဒင်္ဂါး တစ်သန်း ရခဲ့ခြင်း ဖြစ်သည်။ ယခုမူ ဘာမှလုပ်စရာမလိုဘဲ တစ်နှစ်လျှင် ရွှေဒင်္ဂါး နှစ်သိန်း ရမည်ဆိုသည်မှာ အလွန်ပင် တွက်ခြေကိုက်သော အလုပ်တစ်ခုပင်။
ယွင်ရှန်းက ထိုကမ်းလှမ်းချက်ကို ချက်ချင်းပင် သဘောတူလိုက်သဖြင့် တောက်ယဲ့တောင် မုဆိုးအဖွဲ့ချုပ်မှ လူများမှာ အလွန်ဝမ်းသာသွားကြပြီး သူမထံသို့ အကြီးအကဲ တံဆိပ်တစ်ခုကို ကမ်းပေးလိုက်သည်။
"ဒီတံဆိပ်က မဟာမိတ်အဖွဲ့က ထုတ်ပေးတာပါ။ ဆရာကြီးအနေနဲ့ အဖွဲ့ချုပ်ဆီမှာ တောင်းဆိုချက် သုံးခု ပြုလုပ်နိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီတောင်းဆိုချက်တွေက အဖွဲ့ချုပ်ရဲ့ အခြေခံစည်းမျဉ်းတွေကိုတော့ မထိခိုက်ရဘူးပေါ့လေ"
ယွင်ရှန်းက ထိုတံဆိပ်ကိုလည်း လက်ခံလိုက်သည်။
"နောက်ပြီးတော့... ကျွန်တော့်ဆီမှာ မဟာကျိုးနယ်မြေအတွင်းက အဆင့် A မုဆိုးတပ်ဖွဲ့အချို့ရဲ့ တပ်မှူးတွေဆီက ဖိတ်စာတွေလည်း ရှိသေးတယ်။ သူတို့က သခင်မလေးကို သူတို့အဖွဲ့ထဲဝင်ဖို့ အခွင့်အရေးကောင်းတွေနဲ့ ကမ်းလှမ်းထားကြတာပါ"
ဖန်းကုက ဖိတ်စာများကို ထုတ်ပေးရင်း ပြောလိုက်သည်။ သူ၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားသည်။
အမှန်တကယ်တွင် သွေးစွန်းသော လော်လီမလေးဟု လူသိများသည့် ယွင်ရှန်းမှာ ဤသားရဲဒီရေလှိုင်းတိုက်ပွဲမှ အကျိုးအမြတ် အများဆုံးရသူ ဖြစ်နေသည်။ ထိုမုဆိုးတပ်ဖွဲ့ကြီးများက သူမကို ဆွဲဆောင်ခြင်းဖြင့် သူမနောက်ကွယ်မှ ဆင့်ခေါ်ဧကရာဇ်၏ စွမ်းအားကို အသုံးချချင်နေကြခြင်းပင်။
"သူတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ဘယ်မုဆိုးအဖွဲ့ထဲကိုမှ ဝင်ဖို့ စိတ်မဝင်စားသေးဘူး"
ယွီကျင်းသို့ ပြန်ရောက်လျှင် ဝူရွှမ်း ဝူကျိခန်းမထဲသို့ ဝင်ရတော့မည်ဖြစ်ရာ အချိန်အတော်ကြာသည့်အထိ မုဆိုးတာဝန်များကို ထမ်းဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း သူမ သိထားသည်။ ထိုစကားကို ကြားသောအခါမှ ဖန်းကု စိတ်အနည်းငယ် အေးသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ယွင်ရှန်းမှာ လက်ရှိတွင် သူတို့အဖွဲ့၏ အဓိကဆွဲဆောင်မှု ဖြစ်နေသောကြောင့်ပင်။
ကိစ္စများကို စီစဉ်ပြီးနောက် ဟွမ်ထိန်အဖွဲ့သည် ယွင်ရှန်း၊ လင်းယောင်အာတို့နှင့်အတူ ယွီကျင်းမြို့သို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။ လင်းအဖေကြီးမှာ ကျန်းမာရေး ပြန်ကောင်းလာပြီဖြစ်သဖြင့် တောက်ယဲ့တောင်ဒေသရှိ ဆေးခန်းများကို တာဝန်ယူ စီမံခန့်ခွဲရန် ကျန်ရစ်ခဲ့သည်။ လင်းယောင်အာမှာမူ ယွင်ရှန်းနှင့် ဖန်းကုတို့၏ ထောက်ခံချက်ဖြင့် တော်ဝင်မှော်အကယ်ဒမီတွင် သူမ၏ မှော်ပညာသင်တန်းများကို ဆက်လက်တက်ရောက်ရန် ပြင်ဆင်နေသည်။ ထို့အပြင် ယွင်ရှန်းက သူမကို ယွီကျင်းမြို့တွင် ဆေးခန်းသစ်တစ်ခု ပြန်လည်တည်ထောင်ရန် ကူညီပေးဖို့လည်း တောင်းဆိုထားသည်။
ယွီကျင်းမြို့သို့ ပြန်ရောက်သောအခါ လမ်းမများပေါ်တွင် ဗျောက်အိုးနီခွံများ ပြန့်ကျဲနေဆဲဖြစ်ပြီး နှစ်သစ်ကူးအငွေ့အသက်များမှာ ပျောက်ကွယ်မသွားသေးဘဲ လွှမ်းခြုံနေဆဲ ဖြစ်သည်။
"ယွင်ရှန်း... မင်းကြောင့်သာ မဟုတ်ရင် ငါတို့တွေ အခုလို အဆင့် B မုဆိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါက ငါတို့အဖွဲ့ အဆင့်တက်သွားလို့ အဖွဲ့ချုပ်က ပေးလိုက်တဲ့ အင်ပါယာရွှေဒင်္ဂါး ငါးထောင်ပဲ။ ငါတို့တွေ တိုင်ပင်ပြီးပြီ။ ဒီငွေတွေအားလုံးကို မင်းပဲ ယူထားလိုက်ပါ။ နောက်ပိုင်း မစ်ရှင်တွေအတွက်တော့ မင်းအားရင် လိုက်ခဲ့။ မအားရင်တော့ ဝမ်ရန်အိမ်တော်ကို သတင်းပို့ထားလိုက်ပေါ့။ ငါတို့သုံးယောက်ကတော့ ဒီရက်ပိုင်း ယွီကျင်းမှာ ရှိနေမှာ မဟုတ်ဘူး"
ဖန်းကုက ရှင်းပြလိုက်သည်။
တောက်ယဲ့တောင် စစ်ဆေးမှုအပြီးတွင် အဆင့် B မုဆိုးအဖွဲ့ ဖြစ်လာသည့်အပြင် နောက်ကွယ်တွင် ဆင့်ခေါ်ဧကရာဇ်ရှိနေသည်ဟူသော သတင်းကြောင့် ဟွမ်ထိန်အဖွဲ့ မှာ မဟာကျိုးမုဆိုးလောကတွင် မျက်နှာပန်းလှလာခဲ့သည်။ အဆင့် A တပ်ဖွဲ့ကြီးအချို့ကပင် သူတို့ကို ဖိတ်ခေါ်ခဲ့သော်လည်း သူတို့သုံးဦးမှာ မည်သည့်အဖွဲ့သို့မျှ မဝင်ဘဲ သီးခြားမစ်ရှင်များကိုသာ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယွင်ရှန်းသည်လည်း အားနာမနေတော့ဘဲ ငွေများကို လက်ခံလိုက်သည်။ ဆေးခန်းပြန်ဖွင့်ရန်၊ ဖခင်ဖြစ်သူ၏ ဒဏ်ရာကို ကုသရန်နှင့် ကိုယ်ပိုင်စီးပွားရေးအတွက် ငွေကြေးအမြောက်အမြား လိုအပ်နေသည်မဟုတ်ပါလား။ သူငယ်ချင်းများနှင့် လမ်းခွဲပြီးနောက် သူမသည် လင်းယောင်အာအတွက် တည်းခိုရန်နေရာ ရှာဖွေပေးရင်း မြို့ထဲ၌ လှည့်လည်သွားလာခဲ့သည်။
ဗိုက်ဆာလာသဖြင့် လမ်းဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပြတင်းပေါက်နား၌ နေရာယူကာ ဟင်းကောင်းအချို့ကို မှာယူစားသောက်ရင်း စကားပြောနေကြသည်။ ထိုစဉ် မြို့တံခါးဘက်မှ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
လမ်းမတောင်ဘက်တွင် မဟာကျိုးစစ်သည်တော်များ စနစ်တကျ တန်းစီနေရာယူထားကြသည်။ များမကြာမီမှာပင် အိမ်ရှေ့စံအိမ်တော်ဟု စာတန်းပါသော အလံများလွင့်ထူးထားသည့် ခမ်းနားလှသော ရထားလုံးကြီးတစ်စီး ပေါ်ထွက်လာသည်။ လမ်းမပေါ်တွင် မိုင်ပေါင်းများစွာ ရှည်လျားသော ကော်ဇောနီကြီးကို ခင်းကျင်းထားပြီး အခမ်းအနားမှာ အလွန်ပင် ကြီးကျယ်ခမ်းနားလှသည်။
ရထားလုံးပေါ်မှ ရင်းနှီးနေသော လူနှစ်ဦး ဆင်းသက်လာခဲ့သည်။ သူတို့မှာ ယီပိုင်လျန်နှင့် ချန်လျန်လျန်တို့ပင်။ ယီပိုင်လျန်၏ မျက်နှာမှာ မနှစ်မြို့ဟန် ပေါ်လွင်နေပြီး ချန်လျန်လျန်မှာမူ လှပစွာ ပြင်ဆင်ထားသော်လည်း တစ်စုံတစ်ခုကို စိုးရိမ်နေပုံရသည်။ သူတို့နှစ်ဦးစလုံးမှာ လမ်းထောင့်တွင် ရပ်လျက် တစ်စုံတစ်ဦးကို စောင့်ကြိုနေကြခြင်း ဖြစ်သည်။
"စားပွဲထိုး... မဟာကျိုးနိုင်ငံရဲ့ အိမ်ရှေ့စံကိုယ်တိုင် ထွက်ကြိုရအောင် ဘယ်သူက ဒီလောက်အရှိန်အဝါ ကြီးနေတာလဲ"
ယွင်ရှန်းသည် ယွီကျင်းမှ ခေတ္တခွာနေခဲ့သဖြင့် နေပြည်တော်၏ သတင်းသစ်များကို မသိရှိပေ။
"အမလေး... ဆရာမလေးတို့က နယ်ကလာတာ ထင်တယ်။ ဒီလောက်သတင်းကြီးတာကို မသိဘူးလား။ အိမ်ရှေ့စံမင်းသားက မဟာကျိုးရဲ့ ပိုင်မင်းဧကရာဇ်မင်းသား ယီပိုင်မင်းကို ကြိုဆိုဖို့ ရောက်နေတာလေ"
ဆိုင်အတွင်းရှိ စားသောက်သူတစ်ဦးက ဝင်ပြောလိုက်သည်။
ယီပိုင်မင်းဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ယွင်ရှန်းမှာ တစ်ကိုယ်လုံး ထုံကျင်သွားသကဲ့သို့ အံ့အားသင့်သွားရတော့သည်။