← Chapters

အခန်း (၁၈၁)

Vol. 18 Ch. 181

အခန်း (၁၈၁)

Vol. 18 Ch. 181

တကယ့်ကို ကမ္ဘာကြီးက ကျဉ်းလိုက်တာ...။

ယွင်ရှန်းမှာ အံ့အားသင့်ပြီး မှင်သက်သွားရသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ယီပိုင်မင်းနှင့် ပြန်လည်ဆုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။ လွန်ခဲ့သော တစ်နှစ်ကျော်

ခန့်က ငှက်ပျောရွက်ကျေးရွာတွင် လမ်းခွဲခဲ့ပြီးကတည်းက ထို မြေခွေးယီတစ်ယောက် ဘယ်လိုများ နေထိုင်နေပါလိမ့်။ သူ၏ မျက်လုံးများကော အကောင်းအတိုင်း ပြန်ဖြစ်သွားပြီလား။

ဆိုင်အောက်ဘက်မှ ရှည်လျားလှသော လမ်းမကြီးပေါ်တွင် မဟာကျိုး၏ အိမ်ရှေ့စံ ယီပိုင်လျန်မှာ စောင့်ဆိုင်းနေဆဲပင်။ ဤလမ်းမှာ နန်းတော်သို့ တိုက်ရိုက်သွားရာ လမ်းမကြီးဖြစ်သဖြင့် မလွှဲမရှောင်သာ ဖြတ်သန်းရမည့် နေရာလည်း ဖြစ်သည်။

ယွင်ရှန်းအနေဖြင့် ယီပိုင်မင်းအပေါ်ထားရှိသော ခံစားချက်မှာ အလွန်ရှုပ်ထွေးလှသည်။ သူ၏ မှော်ဝိညာဉ်တစ်ဝက်ကို ရယူပြီးနောက် သူမသည် နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ ဆေးပညာအရဆိုလျှင် မျက်ကြည်လွှာခွဲစိတ်မှုအပြီးတွင် သူ၏ အခြေအနေကို ခေတ္တစောင့်ကြည့်ပေးသင့်သော်လည်း ထိုစဉ်က အခြေအနေမှာ အလွန်စိုးရိမ်ရသဖြင့် သူမသည် ယီပိုင်မင်း နိုးလာသည်အထိ မစောင့်နိုင်ခဲ့ပေ။

ယီပိုင်မင်း နှစ်ခြိုက်စွာ အိပ်ပျော်မသွားမီ ပြောခဲ့သော စကားများကို သူမ ကောင်းကောင်းမှတ်မိနေသေးသည်။ ထိုစဉ်က သူသည် အလွန်ပင် ကပ်စေးနှဲပြီး ပါးနပ်လှည့်ဖြားတတ်သူ တစ်ဦးဖြစ်သည်။ အကယ်၍ သူမ ယွီကျင်းမြို့ထဲမှာ ရှိနေမှန်းသာ သူသိသွားပါက သူမကို ဘယ်လိုလက်စားချေမလဲဆိုသည်မှာ ခန့်မှန်းရခက်လှသည်။

ယွင်ရှန်း၏ မျက်နှာပျက်နေသည်ကို မြင်သောအခါ လင်းယောင်အာက သူမ၏ မျက်နှာရှေ့တွင် လက်ယမ်းပြလိုက်ရင်း "ဘာတွေ တွေးနေတာလဲ"

ယွင်ရှန်းက အားနာစွာ ပြုံးပြလိုက်ပြီး စားပွဲထိုးကို ငွေဒင်္ဂါးတစ်ပြား ပေးလိုက်ကာ စပ်စုချင်

ဟန်ဖြင့် "မောင်ရင်... ငါတို့တွေက နယ်ကလာတာဆိုတော့ တကယ်ပဲ ဘာမှမသိလို့ပါ။ အောက်မှာက တကယ့်ကို စည်ကားနေတာပဲ။ အဲဒီ ပိုင်မင်းမင်းသားဆိုတာက ဘယ်သူလဲဟင်"

ငွေဒင်္ဂါး တစ်ပြားဆိုသည်မှာ စားပွဲထိုးအတွက် လဝက်စာ ဝင်ငွေထက်ပင် ပိုများလှသည်။ ထို့ကြောင့် ငွေဒင်္ဂါးကို ရလိုက်သည်နှင့် စားပွဲထိုးမှာ ပိုင်မင်းမင်းသား၏ ဆွေစဉ်မျိုးဆက် သမိုင်းကြောင်းမှအစ အကုန်အစင်ကို ဗန်းတင်၍ ဖောက်သည်ချပါတော့သည်။

ပိုင်မင်းမင်းသား ယီပိုင်မင်းက……

"ဆရာမလေးတို့က မသိလို့ပါ ပိုင်မင်းမင်းသားဆိုတာ တို့မဟာကျိုးနိုင်ငံမှာတော့ ဒဏ္ဍာရီတစ်ခုပဲဗျ။ သူက ငယ်ငယ်ကတည်းက မျက်စိမမြင်ရပေမဲ့ မှော်ပညာနဲ့ သိုင်းပညာမှာ ပါရမီအထူးဆုံးလို့ ကျော်ကြားခဲ့တာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သူ မျက်စိပြန်မြင်သွားပြီဆိုတဲ့ သတင်းကြောင့် တစ်နိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ခဲ့ရသေးတယ်"

စားပွဲထိုးက ဆက်လက်ပြောပြသည်မှာ ယီပိုင်မင်းသည် မျက်စိပြန်မြင်လာရုံသာမက သူ၏ အစွမ်းအစများမှာလည်း ပိုမိုထူးခြားလာကာ နိုင်ငံတော်အတွက် စစ်မြေပြင်တွင် အောင်ပွဲများစွာ ဆောင်ကြဉ်းပေးခဲ့သူ ဖြစ်သည်ဟု ဆိုသည်။

"ဒါကြောင့်လည်း အခု သူ့ကို ပိုင်မင်းဧကရာဇ်ဆိုတဲ့ ဘွဲ့အမည်နဲ့အတူ နန်းတော်ကနေ ဒီလောက်အကြီးအကျယ် ခမ်းခမ်းနားနား ထွက်ကြိုနေတာပေါ့ဗျာ"

ယွင်ရှန်းသည် ထိုစကားများကို နားထောင်ရင်း ရင်ထဲတွင် တုန်လှုပ်နေမိသည်။ သူ မျက်စိပြန်မြင်သွားပြီဆိုတော့ သူမကို မှတ်မိနေဦးမည်လား။ သူမ၏ ရုပ်ရည်ကလည်း ယခုအခါ ပြောင်းလဲနေပြီဖြစ်ရာ သူ ရိပ်မိနိုင်ပါဦးမလား။

ပိုင်မင်းမင်းသား ယီပိုင်မင်းသည် မဟာကျိုးဧကရာဇ်၏ ဒုတိယမြောက် သားတော်ဖြစ်သည်။ ငယ်ရွယ်သော်လည်း သူ၏ ဘဝဇာတ်ကြောင်းမှာ အလှည့်အပြောင်းများစွာဖြင့် ဒဏ္ဍာရီဆန်လှပေသည်။

သူသည် မြင့်မြတ်သော မျိုးရိုးမှ မွေးဖွားလာသော်လည်း သနားစရာကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ မမွေးဖွားမီကပင် အိမ်ရှေ့စံအဖြစ် သတ်မှတ်ခံခဲ့ရသော်လည်း လူ့လောကထဲသို့ ရောက်ရှိလာချိန်တွင်မူ မျက်စိမမြင်ရသော ဒုက္ခိတတစ်ဦး ဖြစ်နေခဲ့သည်။ သူ၏ ငယ်စဉ်ဘဝတွင် မယ်တော်ဖြစ်သူမှာ နန်းတွင်းလုပ်ကြံမှုများကြား၌ ပါဝင်ပတ်သက်ခဲ့ရပြီးနောက် ယီပိုင်မင်းသည်လည်း ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။ ထို့နောက် ဆေးကုသမှု ခံယူရန်ဟူသော အကြောင်းပြချက်ဖြင့် အေးစက်လှသော ဟန်နန်းဆောင်အတွင်း၌ နှစ်ပေါင်းများစွာ ပိတ်လှောင်ခြင်း ခံခဲ့ရသည်။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်မှသာ ထိုနေရာမှ ထွက်ခွာခွင့် ရခဲ့ခြင်းဖြစ်သည်။

စားပွဲထိုးက ဇာတ်လမ်း၏ စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းသို့ ရောက်သောအခါ ခေတ္တရပ်လိုက်ရာ နားထောင်နေသော လင်းယောင်အာမှာ စိတ်စောစွာဖြင့် ဆက်ပြောရန် တိုက်တွန်းပြီး စားပွဲထိုးအတွက် လက်ဖက်ရည်ပင် ငှဲ့ပေးလိုက်သေးသည်။

"ဟန်နန်းဆောင်ဆိုတာ လူသားတွေကို အရိုးမကျန် ဝါးမြိုပစ်တဲ့ တစ္ဆေခြောက်တဲ့ နေရာဗျ။ စဉ်းစားကြည့်လေ... မျက်စိမမြင်တဲ့ လူတစ်ယောက်…. သူ့မယ်တော်ကလည်း ဆုံးသွားပြီ။ နန်းတွင်းမှာလည်း သူ့ကို ကာကွယ်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူး။ လူတိုင်းက ပိုင်မင်းမင်းသားတော့ သေရမှာပဲလို့ ထင်နေကြတာ"

စားပွဲထိုးက ပုံပြောသူတစ်ဦးကဲ့သို့ စိတ်ပါလက်ပါ ရှင်းပြသည်။

"ဒါပေမဲ့ ပိုင်မင်းမင်းသားက အသက်ရှင်ခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်မှာပဲ သူက အံ့သြစရာကောင်းလောက်အောင် မျက်စိပြန်မြင်လာခဲ့တယ်။ သူ နန်းတွင်းကို ပြန်ရောက်လာပြီး တစ်နိုင်ငံလုံးကို ဒုက္ခပေးနေတဲ့ သွေးတိမ်တိုက် သားရဲတွေကို ဖမ်းဆီးဖို့ သူကိုယ်တိုင် အဆိုပြုခဲ့တာဗျ"

သွေးတိမ်တိုက် သားရဲများ၏ ဘေးအန္တရာယ်မှာ တစ်နိုင်ငံလုံး သိကြသည်။ နှစ်ရှည်လများအတွင်း ထိုသားရဲများကြောင့် နိုင်ငံတကာမှ မှော်ဗိမာန်များ၊ မုဆိုးအဖွဲ့ချုပ်များနှင့် စစ်တပ်များမှာ အလဲလဲအပြားပြား ဖြစ်ခဲ့ရသည်။ သို့သော် ထိုသားရဲများနှင့် ရင်ဆိုင်ဖူးသူများသာ ၎င်းတို့ မည်မျှ ကြောက်စရာကောင်းကြောင်း သိကြသည်။ ယွင်ရှန်းသည် ယီပိုင်မင်း အစွမ်းထက်

ကြောင်း သိသော်လည်း သူတစ်ဦးတည်းဖြင့် ထိုသားရဲများကို လိုက်လံနှိမ်နင်းနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ပိုင်မင်းမင်းသားဟာ ဘယ်စစ်သည်တစ်ယောက်ရဲ့ အကူအညီမှမပါဘဲ သွေးတိမ်တိုက် သားရဲ ဒါဇင်ပေါင်းများစွာကို တစ်ကိုယ်တည်း ဖမ်းဆီးနိုင်ခဲ့တာဗျ။ မဟာကျိုးဧကရာဇ်ကလည်း အတိုင်းမသိ ဝမ်းသာသွားပြီး လွန်ခဲ့တဲ့ တစ်နှစ်မှာပဲ သူ့ကို ပိုင်မင်းမင်းသားဘွဲ့ ပြန်အပ်နှင်းခဲ့တာပေါ့။ အခုလည်း အရှေ့ဘက်နယ်စပ်မှာ သွေးတိမ်တိုက် သားရဲတစ်ကောင် ပေါ်လာပြန်လို့ သူငယ်ချင်း နှစ်ယောက်နဲ့အတူ သွားနှိမ်နင်းခဲ့တာ အောင်မြင်ခဲ့တယ်လေ။ ဒီနေ့ အဲဒီသားရဲကို ဖမ်းပြီး ပြန်လာမှာမလို့ အိမ်ရှေ့စံကိုယ်တိုင် ထွက်ကြိုခိုင်းထားတာဗျ"

စားပွဲထိုးက ပြောရင်း လမ်းမကြီးဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဒါဆို အိမ်ရှေ့စံကိုယ်တိုင် ထွက်ကြိုတာ မဆန်းပါဘူး။ ဒါပေမဲ့ အိမ်ရှေ့စံဘေးမှာ ရပ်နေတဲ့ အမျိုးသမီးက ဘယ်သူလဲ"

လင်းယောင်အာက ယီပိုင်လျန်နှင့်အတူ ရှိနေသော ချန်လျန်လျန်ကို သတိပြုမိကာ မေးလိုက်သည်။

လင်းယောင်အာမှာ ယွီကျင်းသို့ အသစ်ရောက်လာသူဖြစ်ရာ ချန်လျန်လျန်ကို မမှတ်မိပေ။ သို့သော် သူမ၏ ဝတ်စားဆင်ယင်မှုမှာ သာမန်ကိုယ်လုပ်တော်ထက် များစွာသာလွန်ပြီး မြင့်မြတ်သောအရှိန်အဝါ ရှိနေသဖြင့် အဆင့်အတန်းမြင့်သော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

"ဟဲဟဲ... အဲဒါ မဟာကျိုးဧကရာဇ်ကိုယ်တိုင် သတ်မှတ်ပေးထားတဲ့ အိမ်ရှေ့စံမင်းသမီးလေ။ ကြားဖူးတာတော့ သူနဲ့ ပိုင်မင်းမင်းသားက ငယ်သူငယ်ချင်းတွေတဲ့ဗျ။ ဒါပေမဲ့ ပိုင်မင်းမင်းသား ရာထူးက ဖယ်ရှားခံရပြီးနောက်မှာတော့ သူက အခုအိမ်ရှေ့စံရဲ့ ကြင်ယာတော် ဖြစ်သွားတာပေါ့"

စားပွဲထိုးက တိုးတိုးလေး ကပ်ပြောလိုက်လေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ လင်းယောင်အာ၏ မျက်နှာတွင် အထင်အမြင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။ ဤကဲ့သို့သော အမျိုးသမီးမျိုးမှာ ဖောက်ပြန်တတ်သော စိတ်နှလုံးရှိပြီး မည်မျှပင် လှပအောင် ပြင်ဆင်ထားပါစေ သူမ၏ ရင်ထဲမှ အခွင့်အရေးသမားစိတ်ဓာတ်ကို ဖုံးကွယ်၍မရနိုင်ကြောင်း လင်းယောင်အာ တွေးလိုက်မိသည်။

တစ်ဖက်တွင်မူ တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ နှစ်သစ်ကူးကာလ ကုန်ဆုံးသွားပြီဖြစ်သော်လည်း ရာသီဥတုမှာ အလွန်အေးစက်နေဆဲပင်။ ချန်လျန်လျန်မှာ လှပချင်ဇောဖြင့် အဝတ်အစားပါးပါးလေးသာ ဝတ်ဆင်ထားပြီး သူမကိုယ်တိုင်ကလည်း သာမန်ကိုယ်ခန္ဓာဖွဲ့စည်းပုံရှိသည့် မှော်ဆရာမတစ်ဦးသာ ဖြစ်ရာ လမ်းထောင့်တွင် ကြာရှည်စွာ ရပ်နေရသဖြင့် အအေးဒဏ်ကြောင့် မျက်နှာမှာ ဖြူလျော်နေတော့သည်။

ယွင်ရှန်းသည် ထိုအခြေအနေကို သတိပြုမိသွားပြီး သူမ၏ ရင်ထဲတွင် နောက်ပြောင်လိုသော စိတ်ကူးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူမသည် အင်္ကျီလက်ထဲရှိ မှော်တောင်ဝှေးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး လေမှော်ပညာတစ်ခုကို ချက်ချင်းပင် ထုတ်ဖော်လိုက်တော့သည်။

ရုတ်တရက် လမ်းမကြီးပေါ်တွင် အေးစက်လှသော လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားသည်။

"ချမ်းလိုက်တာ... တကယ်ပဲ"

ချန်လျန်လျန်က တတွတ်တွတ် ညည်းညူနေမိသည်။ ဤမျှကြာအောင် စောင့်ရမည်မှန်းသိလျှင် သူမ လိုက်မလာခဲ့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်က ယီပိုင်မင်းသည် အရှေ့ဘက်နယ်စပ်တွင် သွေးတိမ်တိုက်သားရဲကို သတ်ဖြတ်နိုင်ခဲ့သည်ဟု ကြားသိရချိန်တွင် သူမသည် ထိုမင်းသားကို တစ်ချက်မျှ တွေ့မြင်ခွင့်ရရန် စိတ်လှုပ်ရှားနေခဲ့မိသည်။ ငယ်စဉ်က သူမ ခိုင်းသမျှကို လုပ်ပေးတတ်သော ချောမောသည့် ကောင်လေးကို ပြန်လည်အမှတ်ရရင်း ချန်လျန်လျန်မှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရင်ကို ကော့လိုက်မိသည်။

အိမ်ရှေ့စံ ယီပိုင်လျန်၏ မျက်နှာမှာလည်း ကြည့်မကောင်းလှပေ။ ၎င်းမှာ အအေးဒဏ်ကြောင့် မဟုတ်ဘဲ မဟာကျိုးနိုင်ငံ၏ ဂုဏ်သရေရှိ အိမ်ရှေ့စံတစ်ဦးဖြစ်ပါလျက် လမ်းမပေါ်တွင် နာရီဝက်နီးပါး စောင့်ဆိုင်းနေရသဖြင့် မာနကြီးလှသော သူ့အတွက် အလွန်ပင် စိတ်တိုစရာ ဖြစ်နေခြင်းကြောင့်တည်း။

"လာပြီ... သူတို့ လာနေကြပြီ"

ရှေ့ဘက်ဆီမှ မြင်းခွာသံများနှင့် ရထားလုံးသံများ နီးကပ်လာသံကို ကြားလိုက်ရသည်။ လမ်းမပေါ်ရှိ လူအုပ်ကြီးမှာ တစ်ပြိုင်နက်တည်း ခေါင်းများကို လှည့်ကြည့်လိုက်ကြတော့သည်။

စားသောက်ဆိုင်၏ ဝရန်တာထက်တွင် ယွင်ရှန်းသည်လည်း စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်လိုက်မိသည်။

ရှေ့မှ မြင်းကောင်းတစ်ကောင်ပေါ်တွင် အမျိုးသားတစ်ဦး စီးနင်းလိုက်ပါလာသည်...။

တစ်နှစ်ကျော်ကြာ မတွေ့ရသည့်နောက်တွင် ထိုလူငယ်လေးမှာ ငယ်စဉ်က မရင့်ကျက်မှုများကို လုံးဝခွာချလိုက်နိုင်ပြီဖြစ်သည်။ မဟာကျိုး၏ ပိုင်မင်းမင်းသားသည် လူတိုင်း၏ မြင်ကွင်းထဲသို့ စတင်ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

သူသည် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် တော်ဝင်အဆောင်အယောင်များ သို့မဟုတ် ခမ်းနားလှသော ဝတ်ရုံများကို ဝတ်ဆင်မထားပေ။ သူ၏ ဆံပင်ရှည်များမှာ လေထဲတွင် လွတ်လပ်စွာ ဝေ့ယမ်းနေသည်။ ယီပိုင်လျန်ကဲ့သို့ ဆံပင်ထုံးခြင်း သို့မဟုတ် ကျောက်စိမ်းသရဖူ ဆောင်းထားခြင်းမျိုး မရှိဘဲ မြင်းတစ်ကောင်ပေါ်တွင် ရိုးရှင်းလှသော အနက်ရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။

သို့သော် ထိုရိုးရှင်းလှသော အဝတ်အစားများကပင် လူတိုင်း၏ အကြည့်ကို သူ၏ မျက်နှာထက်သို့ စုပြုံကျရောက်သွားစေသည်။ ယောက်ျားပီသမှုများ အပြည့်ရှိနေသည့် ခန့်ညားထည်ဝါသော မျက်နှာတစ်ခုပင်။

လမ်းမပေါ်တွင် အံ့သြမှင်သက်သွားသည့် အသံများဖြင့် ပြည့်နှက်သွားသည်။ ယွင်ရှန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လင်းယောင်အာပင်လျှင် ရင်ခုန်သံများ မြန်လာသည်ကို ခံစားလိုက်ရသည်။ သို့သော် ယွင်ရှန်း၏ မျက်လုံးများကမူ ယီပိုင်မင်း၏ မျက်ဝန်းများဆီသို့သာ စူးစိုက်ကြည့်နေမိသည်။

မျက်ကြည်လွှာ အစားထိုးကုသမှုက တကယ့်ကို အောင်မြင်ခဲ့တာပဲ။

သူ၏ တစ်ကိုယ်လုံးတွင် အပြစ်ပြောစရာမရှိအောင် ပြည့်စုံနေသော်လည်း ယီပိုင်မင်း၏ မျက်ဝန်းများမှာ အထူးခြားဆုံး အစိတ်အပိုင်း ဖြစ်နေသည်။ ဖီးနစ်မျက်ဝန်းများရှိပြီး ထင်းရှူးပင်ကဲ့သို့ ကြံ့ခိုင်သော ကိုယ်ဟန်ရှိကာ သူ၏ မီးခိုးရောင် မျက်စိသူငယ်အိမ်များအတွင်း၌ ပျင်းရိသလိုလို ခေါင်းမာသလိုလို အလင်းတန်းများ လက်ခနဲ လှုပ်ရှားနေသည်။ အနက်ရောင်ဝတ်စုံနှင့် ယီပိုင်မင်းသည် ပြင်းထန်သော မီးတောက်တစ်ခုကဲ့သို့ မြို့ထဲသို့ စီးနင်းဝင်ရောက်လာပြီး ယွီကျင်းလမ်းမပေါ်ရှိ လူတိုင်း၏ အကြည့်ကို ဖမ်းစားလိုက်တော့သည်။

လမ်းဘေးဝဲယာရှိ သာမန်အရပ်သားများသာ မှင်သက်သွားသည်မဟုတ် အိမ်ရှေ့စံ၏ ဘေးတွင် ရပ်နေသော ချန်လျန်လျန်ကိုယ်တိုင်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ နှစ်အနည်းငယ်အတွင်း ယီပိုင်မင်းသည် မျက်စိပြန်မြင်လာရုံသာမက ဤမျှ ခန့်ညားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သူနှင့် နှိုင်းယှဉ်လိုက်ပါက သူမဘေးရှိ အိမ်ရှေ့စံ ယီပိုင်လျန်မှာ ဘွဲ့အမည်မှအပ ကျန်ရှိသောအရာအားလုံးတွင် မှေးမှိန်သွားတော့သည်။

ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးထံမှလည်း တိုးတိုးတိုးတိုး ပြောသံများ ထွက်ပေါ်လာသည်။ အိမ်ရှေ့စံဟောင်းနှင့် လက်ရှိအိမ်ရှေ့စံတို့၏ ဆုံတွေ့မှုမှာ တကယ့်ကို မြင်ရခဲသော မြင်ကွင်းတစ်ခုပင်။ နောက်ထပ် ဘာများဖြစ်လာမလဲဟု အားလုံးက စောင့်ကြည့်နေကြသည်။

အိမ်ရှေ့စံ ယီပိုင်လျန်သည်လည်း ချန်လျန်လျန်နှင့် အရပ်သားများ၏ အကြည့်များကို သတိထားမိသွားပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ဘေးရှိ မိန်းမစိုးခေါင်းဆောင်ကို အကြည့်တစ်ချက် ပေးလိုက်သည်။ သူသည် ယီပိုင်မင်းကို သူ့ထက် ပိုမိုထင်ပေါ်ခွင့် လုံးဝပေးမည်မဟုတ်ပေ။

ထိုအချက်ပြမှုကို ရသည်နှင့် မိန်းမစိုးမှာ ချက်ချင်းနားလည်သွားပြီး သူ၏ မြင်းမွေးကျာပွတ်ကို ဝေ့ယမ်းလိုက်ကာ စူးရှလှသော အသံဖြင့် အော်ဟစ်လိုက်သည်။

"အိမ်ရှေ့စံမင်းသားက ဒီမှာ စောင့်နေတာ ကြာပြီ... ပိုင်မင်းမင်းသား ဒူးထောက်ပြီး အရိုအသေပေးစမ်း"

All Chapters