အခန်း (၁၈၆)
Vol. 18 Ch. 186
ချန်ပိုင်၏ စကားအဆုံးတွင် ယွင်ရှန်းနှင့် အပေါင်းအပါ သုံးဦးစလုံး၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ ချန်ပိုင်၏ ဆိုလိုရင်းမှာ ဤကိစ္စကို အလွယ်တကူ လက်စသတ်မည်မဟုတ်ဘဲ အကျိုးအပြစ်ကို ပြန်လည်ရှင်းလင်းတော့မည်ဟူ၍ ဖြစ်သည်။
အမှန်စင်စစ် မြေပြင်ပေါ်တွင် မေ့မြောနေသော သိုင်းသမားများမှာ ခေတ္တမျှသာ သတိလစ်သွားခြင်းဖြစ်ပြီး ရေအေးဖြင့် ပက်လိုက်ရုံဖြင့် ပြန်လည်နိုးထလာနိုင်မည်ဖြစ်ကြောင်း ချန်ပိုင် ကောင်းကောင်းသိသည်။ သို့သော် ဝူရွှမ်း ဝူကျိခန်းမမှ လူများမှာ ဖလှယ်ရေးကျောင်းသားတစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံလိုက်ရသည်ဟူသော သတင်းမှာ ဝူကျိခန်းမသည် တော်ဝင်မှော်အကယ်ဒမီကို မယှဉ်နိုင်ဟု အဓိပ္ပာယ်သက်ရောက်သွားစေနိုင်သည်။ ဤအချက်မှာ ချန်ပိုင် ဖြေရှင်းလိုသော တကယ့်ပြဿနာပင်။
"စီနီယာ... ကျွန်မတို့မှာ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး။ ခန်းမထဲမှာ မှော်ပညာ မသုံးရဘူးဆိုတဲ့ စည်းကမ်းကိုလည်း ကျွန်မတို့ မသိခဲ့ပါဘူး။ ကျွန်မတို့ ကျောင်းလာအပ်တဲ့အချိန်မှာ စီနီယာတို့ဘက်ကလူတွေက အရင်စပြီး ပြဿနာရှာခဲ့တာပါ"
ယွင်ရှန်းသည် ချန်ပိုင်ကို မှတ်မိလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ဝူကျိခန်းမအဖွဲ့ တော်ဝင်မှော်အကယ်ဒမီသို့ လာရောက်လေ့လာစဉ်က ချန်ပိုင်လည်း ပါဝင်ခဲ့သည်။ သူနှင့် အခြားသိုင်းသမားတစ်ဦးမှာ သိုင်းဂုဏ်ထူးဆောင်သို့မဟုတ် သိုင်းဂိုဏ်းချုပ်အဆင့်များဖြစ်ကြရာ ချီယဲ့အတွက် ရင်ဆိုင်ရန် အလွန်ပင် ခဲယဉ်းလှသည်။
"မင်းကို ငါမှတ်မိပါတယ်။ မင်းက အဆင့်မြင့်မှော်ဆေးရည်ကို ဖော်စပ်ခဲ့တဲ့ မှော်ဆရာမလေးပဲ။ ငါက အမျိုးသမီးတွေကို ရန်မမူဘူး။ ငါ့ရဲ့ပစ်မှတ်က မင်းဘေးက အစိမ်းရောင်ဝတ်စုံနဲ့ ကောင်လေးပဲ။ ဘယ်သူအရင်စလဲဆိုတာ အရေးမကြီးဘူး။ ဒီနေရာက ဘယ်သူ့နယ်မြေလဲဆိုတာကပဲ အရေးကြီးတယ်။ ဝူကျိခန်းမမှာ အင်အားကြီးသူကိုပဲ လေးစားကြတယ်။ ငါတို့ဆီမှာ စာရင်းမသွင်းရသေးသရွေ့ မင်းတို့က ပြင်ပလူတွေပဲ။ ပြင်ပလူက ငါတို့လူကို လာတိုက်တာကို လက်မခံနိုင်ဘူး။ မင်းတို့ ဒီကိုဝင်ချင်ရင် ငါ့ကိုအရင်နိုင်အောင် တိုက်ပြရမယ်"
ချန်ပိုင်သည် တော်ဝင်မှော်အကယ်ဒမီတွင် ရှိစဉ်ကတည်းက ချီယဲ့ကို သတိထားမိခဲ့သူဖြစ်သည်။ သူက ချီယဲ့၏ ထူးခြားသော မှော်ပညာကို စမ်းသပ်လိုသည်ကတစ်ကြောင်း ခန်းမ၏ ဂုဏ်သိက္ခာကို ပြန်လည်ဆယ်တင်လိုသည်ကတစ်ကြောင်းကြောင့် ယခုကဲ့သို့ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။
ချီယဲ့သည် စကားအရှည်အကြာ မပြောဘဲ ရှေ့သို့ တိုးထွက်လာသော်လည်း ယွင်ရှန်းက သူ့ကို ဆွဲတားထားလိုက်သည်။
"ဒါက ယောက်ျားတွေရဲ့ ကိစ္စပဲ မိန်းကလေးတွေ ဝင်မစွက်ဖက်နဲ့"
ချီယဲ့က အေးစက်စွာ ပြောလိုက်ပြီး သူ၏ မှော်တောင်ဝှေးကို ဝေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မှော်မြွေဟောက်သည် ခရမ်းရောင်မြူခိုးများကို မှုတ်ထုတ်လျက် ချန်ပိုင်ဆီသို့ လျှပ်တစ်ပြက် ပြေးဝင်သွားတော့သည်။
"ဒါလေးကတော့ သေးနုပ်လွန်းပါတယ်"
ချန်ပိုင်က တည်ငြိမ်စွာ ရယ်မောလိုက်ပြီး လူပေါင်းများစွာကို တစ်ခဏချင်း မေ့မြောစေခဲ့သော ခရမ်းရောင်မြူများကို လုံးဝ ကြောက်ရွံ့ပုံမရဘဲ ရင်ဆိုင်ရန် ပြင်လိုက်သည်။
ချန်ပိုင်၏ ခန္ဓာကိုယ်ထက်တွင် သိုင်းစိတ်ဓာတ်များသည် မဖောက်ထွင်းနိုင်သော သံချပ်ကာအလား ရစ်ပတ်လွှမ်းမိုးသွားပြီး ခရမ်းရောင်အဆိပ်မြူများ အတွင်းသို့ မဝင်ရောက်နိုင်အောင် လုံးဝပိတ်ဆို့လိုက်သည်။
သိုင်းသမားတစ်ဦးသည် သိုင်းဂိုဏ်းချုပ်အဆင့်သို့ ရောက်ရှိသွားပါက သိုင်းစိတ်ဓာတ်ကို ထိန်းချုပ်နိုင်စွမ်းမှာ အဆမတန် မြင့်မားသွားပြီဖြစ်သည်။ ၎င်းတို့သည် ခန္ဓာကိုယ်တစ်ခုလုံးကို သိုင်းစိတ်ဓာတ်ဖြင့် ချက်ချင်းဖုံးအုပ်နိုင်ပြီး ဓား၊ လှံများသာမက အခြေခံမှော်တိုက်ကွက်များကိုပါ ခုခံနိုင်စွမ်းရှိကြသည်။
ချန်ပိုင်သည် လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏ ပြင်းထန်လှသော လက်သီးချက်မှာ ခရမ်းရောင်မြူခိုးများကို ထွင်းဖောက်ကာ အမြောက်ဆန်တစ်ခုအလား ပြေးဝင်သွားတော့သည်။
ချီယဲ့ဖန်တီးထားသော မှော်မြွေဟောက်မှာ ထိုလက်သီးဒဏ်ကြောင့် တစစီ ပျက်စီးသွားရသည်။ မှော်မြွေ ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက် ချီယဲ့၏ ခန္ဓာကိုယ်မှာလည်း လက်သီးဖြင့် အထိုးခံရသကဲ့သို့ တုန်ခါသွားပြီး သူ၏ မှော်ဂါထာရွတ်ဆိုမှုမှာ ချက်ချင်းပင် ပြတ်တောက်သွားတော့သည်။
၎င်းကို မြင်သောအခါ ဂူဖုန်းသည် တောက်ပသော ကောင်းကင်စက်ဝန်းကို သုံး၍ ချီယဲ့ကို ကာကွယ်ရန် အမြန်ဆုံး ဂါထာရွတ်ဆိုတော့သည်။ သို့သော် ချန်ပိုင်က ထိုအကွက်ကို ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။
"ကောင်လေး... သိုင်းသမားတွေကို အထင်မသေးနဲ့။ မင်းတို့ရဲ့ မှော်ပညာက မဆိုးပေမဲ့ အရမ်းနှေးလွန်းတယ်"
ချန်ပိုင်၏ ပုံရိပ်မှာ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ဂူဖုန်း၏ အနီးသို့ ကပ်လာသည်။ အနီးကပ်တိုက်ခိုက်ခြင်းမှာ မှော်ဆရာများအတွက် အကြီးမားဆုံး အားနည်းချက်ဖြစ်ရာ ဂါထာရွတ်ဆိုချိန် မရသော ဂူဖုန်းနှင့် ချီယဲ့တို့အတွက် အခက်တွေ့နေပြီ ဖြစ်သည်။
"ချန်ပိုင်... လူကို အရမ်းအနိုင်မကျင့်နဲ့"
ချန်ပိုင် အနိုင်ရတော့မည့် ဆဲဆဲတွင် သူ၏ ခြေထောက်အောက်မှ မြေပြင်မှာ ရုတ်တရက် လှုပ်ခါသွားပြီး မြေကမ္ဘာဆူးချွန်အမြောက်အမြား ထိုးထွက်လာတော့သည်။
ကွင်းပြင်အတွင်းရှိ တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့် ယွင်ရှန်းမှာ သူမ၏ မှော်တောင်ဝှေးကို ကိုင်ကာ နှုတ်ခမ်းများ အဆက်မပြတ် လှုပ်ရှားလျက် ဂါထာကို လျင်မြန်စွာ ရွတ်ဆိုနေခြင်း ဖြစ်သည်။
ဟက်... ချန်ပိုင်က စိတ်ထဲမှ ပြုံးလိုက်သည်။ သူသည် ယွင်ရှန်းကို ဆေးဖော်စပ်ရာတွင်သာ တော်သည်ဟု ထင်ထားခဲ့သော်လည်း သူမ၏ မှော်စွမ်းအားမှာလည်း အတော်အတန် မြင့်မားကြောင်း သတိထားမိလိုက်သည်။
ချန်ပိုင်သည် ရှောင်တိမ်းခြင်းမပြုဘဲ မြေပြင်ကို အားဖြင့် တစ်ချက်နင်းချလိုက်ရာ ထွက်ပေါ်လာသော မြေဆူးချွန်များမှာ ချက်ချင်းပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားတော့သည်။ "သုံးယောက်လုံး အတူတူတိုက်ကြစမ်းပါ။ တစ်ယောက်ချင်းစီ တိုက်နေရတာထက် ငါတို့အတွက် ပိုလွယ်တာပေါ့"
သူ စကားပြော၍ပင် မဆုံးသေးမီ ဧရာမ မီးလုံးကြီးတစ်လုံးမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။
မြေဓာတ်မှော်ပညာပြီးသည်နှင့် မီးဓာတ်မှော်ပညာကို ချက်ချင်းသုံးနိုင်သည်မှာ အံ့မခန်း မြန်ဆန်လှပေသည်။
ချန်ပိုင်မှာလည်း လျင်မြန်စွာပင် တုံ့ပြန်လိုက်ပြီး ဘေးသို့ လွှားခနဲ ခုန်ရှောင်လိုက်ရာ သူရပ်ခဲ့သောနေရာတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားတော့သည်။ ထိုမီးတောက်များကြားမှနေ၍ သူ့ကို မဲ့ပြုံးပြုံးကာ စိုက်ကြည့်နေသော ယွင်ရှန်းကို သူ မြင်လိုက်ရသည်။
သူမ၏ မှော်တောင်ဝှေးကို ထပ်မံကြည့်လိုက်သောအခါ ဝိညာဉ်ကျောက်တုံးနှစ်လုံး တပ်ဆင်ထားသည်မှာ ထင်ရှားလှသည်။
မဟာမှော်ညွှန်ကြားရေးမှူး...
ချန်ပိုင် ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ပြီးခဲ့သည့်အကြိမ် တော်ဝင်မှော်အကယ်ဒမီတွင် တွေ့စဉ်က သူမသည် မှော်ဆရာအဆင့်သာ ရှိသေးသည်။
လပိုင်းအတွင်းမှာ ဘယ်လိုဖြစ်ပြီး မဟာမှော်ညွှန်ကြားရေးမှူး အဆင့်ကို ရောက်သွားတာလဲ။
"ငါ မင်းကို အထင်သေးမိသွားတာပ မီးနဲ့မြေ နှစ်ဓာတ်စပ် မဟာမှော်ညွှန်ကြားရေးမှူးပေါ့လေ။ ဒါပေမဲ့ မင်းက အဆင့်မြင့်နေလည်း ဘာအရေးလဲ။ မှော်စွမ်းအားဆိုတာ ကုန်ခမ်းတတ်တာပဲလေ။ မင်းရဲ့ မှော်စွမ်းအားတွေ လျော့နည်းလာတာနဲ့..."
ချန်ပိုင်က ယွင်ရှန်း၏ မှော်တိုက်ကွက်များကို အဆက်မပြတ် ရှောင်တိမ်းရင်း ပြောဆိုလိုက်သည်။
သူ၏ ကျင့်ကြံဆင့်မှာ မြင့်မားလှသော်လည်း မီးဓာတ်နှင့် မြေဓာတ်မှော်ပညာများ ပေါင်းစပ်တိုက်ခိုက်မှုအောက်တွင် အတော်လေး အားထုတ်၍ ခုခံနေရသည်။ ချန်ပိုင်၏ စကားကို ကြားလိုက်ရချိန်တွင် ယွင်ရှန်းမှာ ပါးချိုင့်လေးများ ပေါ်လာသည်အထိ ပို၍ပင် အားရပါးရ ရယ်မောလိုက်တော့သည်။
ထိုရင်းနှီးနေသော ပါးချိုင့်လေးများကို မြင်လိုက်ရသောအခါ လူအုပ်ကြားရှိ လိုင်ဟုမှာ ချန်ပိုင်အတွက် စိတ်မကောင်း ဖြစ်သွားမိသည်။ သူသည် ယွင်ရှန်းနှင့် အတန်ကြာ အတူနေဖူးသူပီပီ မမကြီး ဤကဲ့သို့ ပြုံးပြီဆိုလျှင် စီနီယာအစ်ကိုကြီး ချန်တော့ ဒုက္ခအကြီးအကျယ် တွေ့တော့မည်ကို သူ သိနေသောကြောင့်ဖြစ်သည်။
ထို့နောက် ယွင်ရှန်း ပြောလိုက်သော စကားကြောင့် ချန်ပိုင်မှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ပင် လဲကျလုနီးပါး ဖြစ်သွားရသည်။
"ချီယဲ့... ဂူဖုန်း... အားနာမနေနဲ့ အတူတူ တိုက်ကြမယ်။ ဒီမှာ... အာနိသင်မြန်တဲ့ တရားထိုင်ရေတစ်ယောက်ကို ငါးပုလင်းစီယူထား။ မလောက်ရင် ငါ့ဆီမှာ ထပ်တောင်း"
ယွင်ရှန်းသည် သူတို့နှစ်ဦးထံသို့ ဆေးပုလင်း ၅ ပုလင်းစီ ကမ်းပေးလိုက်သည်။ သူတို့ သုံးဦးစလုံးသည် တစ်ပြိုင်နက်တည်းမှာပင် ဆေးပုလင်းအဖုံးများကို ဖွင့်ကာ တရားထိုင်ရေများကို တစ်ကျိုက်တည်း မော့ချလိုက်ကြတော့သည်။
သူတို့၏ အမူအရာမှာ ပြတ်သားရဲဝံ့လှသော်လည်း အခြားသူများအမြင်တွင်မူ တရားထိုင်ရေမှာ အလကားရသည့်အလား အရှက်မရှိ သုံးစွဲနေကြခြင်း ဖြစ်သည်။ အမှန်စင်စစ် ယွင်ရှန်းအတွက်မူ ဤဆေးရည်မှာ ကုန်ကျစရိတ် များစွာမရှိလှပေ။
မှော်ဆရာတစ်ဦး၏ အကြီးမားဆုံး အားနည်းချက်မှာ မှော်စွမ်းအားကုန်ခမ်းခြင်းဖြစ်သော်လည်း ယွင်ရှန်း၏ ဆေးပညာကြောင့် ထိုအားနည်းချက်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"မင်းတို့... မင်းတို့တွေက ဆေးရည်တွေကို ရေသောက်သလို သောက်နေကြတာလား"
ချန်ပိုင်မှာ အံ့အားသင့်လွန်း၍ ဟစ်အော်လိုက်မိသည်။
ယွင်ရှန်း၏ အပြုံးက ပို၍ ကျယ်ပြန့်လာကာ သူမ၏ တောင်ဝှေးကို ဝှေ့ယမ်းလိုက်ပြီး "စီနီယာ... အခုမှ တကယ်စတာနော်။ ကျွန်မတို့ဆီမှာ မှော်စွမ်းအားတွေ အများကြီး ရှိနေသေးတယ်"
ယခုတစ်ကြိမ် ယွင်ရှန်းဖော်စပ်ထားသော တရားထိုင်ရေမှာ မဟာမှော်ညွှန်ကြားရေးမှူး အဆင့်သို့ တက်လှမ်းပြီးမှ ဖော်စပ်ထားခြင်းဖြစ်ရာ ယခင် ဖန်းကုတို့ကို ပေးခဲ့သည်ထက် အဆပေါင်းများစွာ အာနိသင် ထက်မြက်လှသည်။ ဆေးရည်တစ်ပုလင်း သောက်လိုက်ရုံဖြင့် လျော့နည်းသွားသော မှော်စွမ်းအားများမှာ ဝှစ်ခနဲ ပြန်လည်ပြည့်ဖြိုးလာတော့သည်။
သူငယ်ချင်း သုံးဦးစလုံးမှာ လက်တွန့်မနေတော့ဘဲ သူတို့၏ မှော်တောင်ဝှေးများကို မြှောက်ကာ အဆင့်နိမ့်မှော်အတတ်ပေါင်းစုံကို အဆက်မပြတ် ပစ်လွှတ်လိုက်ကြသည်။
ချန်ပိုင်၏ မျက်နှာမှာ နီမြန်းရာမှ ဖြူဖျော့သွားပြီး ဖြူဖျော့ရာမှ ခရမ်းရောင်သို့ ပြောင်းလဲသွားသည်အထိ အကြည့်ရဆိုးလှသည်။ သူ မေ့သွားခဲ့သည်မှာ ဤမှော်ဆရာအုပ်စုမှာ မှော်
ဆေးရည်ဌာနမှ ဖြစ်ပြီး သူတို့ထံတွင် ဆေးရည်ဟူသည် ကုန်ခန်းသွားမည်မဟုတ်ကြောင်းပင်။
ချန်ပိုင် ခြေချလိုက်သည့်နေရာတိုင်းတွင် မြေကမ္ဘာဆူးချွန်များက ထိုးထွက်လာသည်။ သူက ဟိုခုန်သည်ခုန်ဖြင့် မီးလုံးများကို ရှောင်တိမ်းနေရသလို တစ်ဖက်မှလည်း သေစေနိုင်သော အဆိပ်မြူများက စောင့်ကြိုနေပြန်သည်။ သူ၏ တိုက်ကွက်များကိုလည်း ဂူဖုန်း၏ တောက်ပသော ကောင်းကင်စက်ဝန်းက အကုန်ပြန်ကန်ထုတ်နေသည်။
မှော်အတတ်များမှာ ရပ်တန့်သွားခြင်းမရှိဘဲ တစ်ခုပြီးတစ်ခု ကျရောက်လာသည်။ ချန်ပိုင်မှာ လျင်မြန်ဖြတ်လတ်သူဖြစ်သော်လည်း ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုမှာ အကန့်အသတ် ရှိသည်။ အနည်းငယ် ပေါ့ဆလိုက်သည်နှင့် မီးလုံးတစ်လုံးက သူ၏ ဝတ်ရုံအနားသတ်ကို လောင်ကျွမ်းသွားစေသလို နောက်တစ်ကြိမ်တွင်လည်း မြေဆူးတစ်ခုကြောင့် သူ၏ ဖိနပ်မှာ ပေါက်ပြဲသွားခဲ့ရသည်။
အဆိုးဆုံးမှာ ထိုမှော်ဆရာမလေး၏ မှော်ပညာပင်။ သူမ၏ ဂါထာရွတ်ဆိုချိန်မှာ လုံးဝမကြာလှဘဲ မြေဆူးများမှာ တားမရဆီးမရ ထိုးထွက်လာသည်။ ချန်ပိုင်က ရှောင်လေ သူမက လိုက်တိုက်လေဖြင့် ပုံမှန်အားဖြင့် ချောမွေ့နေသော လေ့ကျင့်ရေးကွင်းပြင်ကြီးမှာ ယခုအခါ မြေပေါက် မြေပေါက်များဖြင့် ပျက်စီးယိုယွင်းသွားတော့သည်။
ကွင်းပြင်ရှိ သိုင်းသမားများမှာလည်း တိုက်ပွဲဒဏ်မသင့်အောင် ဘေးသို့ ကပ်ပေးထားကြရသည်။ ချန်ပိုင်တစ်ယောက် အတော်လေး စိတ်ပျက်အားလျော့နေချိန်တွင်မူ ဝူကျိခန်းမအတွင်း တစ်နေရာရာမှ သားရဲတစ်ကောင်၏ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာတော့သည်။
ထိုအသံကို ကြားလိုက်ရသည်နှင့် ချန်ပိုင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
"တော်ပြီ... တော်ပြီ... ရပ်ကြပါတော့။ ငါ အရှုံးပေးပါတယ်"
ချန်ပိုင်က အလန့်တကြား အော်ဟစ်ကာ တိုက်ပွဲကို ရပ်ခိုင်းလိုက်သည်။ အပြင်ခန်းမမှ သိုင်းသမားများမှာလည်း အံ့အားသင့်သွားကြရသည်။ စီနီယာအစ်ကိုကြီး ချန်ကဲ့သို့သောသူမှာ ဤကဲ့သို့ နေ့မျိုး ကြုံရလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
"ဒါဆိုရင် စီနီယာ... ကျွန်မတို့ ကျောင်းအပ်တဲ့ ကိစ္စတွေကို အခု ဆက်လုပ်လို့ ရပြီလား"
မောဟိုက်နေသော ချန်ပိုင်ကို ကြည့်ပြီး ယွင်ရှန်းက ကျေနပ်အားရစွာ မေးလိုက်သည်။
"ကျောင်းအပ်တဲ့ ကိစ္စကို ခဏထားလိုက်ပါဦး။ အခုအချိန်မှာ ဘယ်သူမှ အဲဒါကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။ အားလုံး... အခုချက်ချင်း ပင်မဝင်ပေါက်ဆီကို သွားကြစမ်း"
ချန်ပိုင်က လက်ဝှေ့ယမ်းကာ စိုးရိမ်တကြီး အမိန့်ပေးလိုက်သည်။ ထိုသားရဲဟောက်သံမှာ အခြားမဟုတ်ပေ။ သူနှင့် ယီပိုင်မင်းတို့ သယ်ဆောင်လာခဲ့သော မြေကမ္ဘာဝက်ဝံ၏ အသံဖြစ်ကြောင်း သူ ကောင်းကောင်းသိနေသည်။
ဝူကျိခန်းမမှ လူအားလုံးမှာ "ဟုတ်ကဲ့" ဟု ညီညာစွာ ထူးလိုက်ကြပြီး ပျက်စီးနေသော ကွင်းပြင်ကြီးကို ပစ်ထားခဲ့ကာ ခန်းမ၏ ပင်မဝင်ပေါက်ဆီသို့ အပြေးအလွှား သွားကြတော့သည်။