တွေ့ဆုံပွဲ ပြီးဆုံးပြီးနောက် ဆွေးနွေးမှု
Vol. 15 Ch. 208
အခန်း(၂၀၈) : တွေ့ဆုံပွဲ ပြီးဆုံးပြီးနောက် ဆွေးနွေးမှု
ဒီတွေ့ဆုံပွဲအပြီးတွင် လူများစွာက ကွဲပြားစွာ တုံ့ပြန်ခဲ့ကြသည်။ ပထမဆုံးက ကုန်သွယ်ရေးအဖွဲ့အစည်း ဖြစ်၏။
အစီအရင်အပြည့်ရှိသည့် သီးသန့်အခန်းအတွင်း ရှီရှစ်က လူလတ်အရွယ် အမျိုးသားတစ်ယောက်နှင့် စကားပြောနေသည်။ ထိုအမျိုးသားတွင် ခပ်ပူပူ ဗိုက်ရှိသော်လည်း တောက်ပနေသည့် အကောင်းစားအဝတ်များ ဝတ်ဆင်ထားလေသည်။
သိုသိုသိပ်သိပ်နေကြသည့် ကောင်းကင်ရွေးချယ်ခံများနှင့် မတူဘဲ ထိုအမျိုးသား၏ အဝတ်များက မျက်စိစူးလွန်းနေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့အဝတ်များက အဆင့်မြင့်ဆုံး ရွှေပိုးစဖြင့် ချုပ်လုပ်ထားကြောင်း သိနိုင်လေသည်။ သူ့လက်ချောင်းတွင်လည်း လက်စွပ်များစွာရှိပြီး တလက်လက် တောက်ပနေသည်။ သူ့ခန္ဓာကိုယ်အနှံ့ ရတနာအသီးသီး ဝတ်ဆင်ထားသေး၏။
ခပ်ဝဝ ခန္ဓာကိုယ်အရ ထိုလူသည် တစ်ဘဝလုံး အလုပ်ကြိုးကြိုးစားစား မလုပ်ဖူးဘဲ တစ်သက်တာလုံး သက်တောင့်သက်သာ နေခဲ့ရကြောင်း ပြနေသည်။ ထိုလူက အပေါစားဆန်သည်ဟု မည်သူမှ ပြောရဲမည် မဟုတ်ပေ။ အကြောင်းမှာ မြင့်မားလှသည့် သူ့အဆင့်အတန်းကြောင့် မဟုတ်ဘဲ သူက တကယ်တမ်း သူတော်စင် အစစ်အမှန်ပုဂ္ဂိုလ် ဖြစ်နေ၍ ဖြစ်သည်။
“အဖေ …” ရှီရှစ်က လူလတ်အရွယ် အမျိုးသားအား ပြောလိုက်သည် “သမီး အခုဘာလုပ်သင့်တယ်လို့ ထင်လဲ ”
“သမီး … အဖေတို့က ကိစ္စတွေကို ယုတ္တိတန်တန် စဉ်းစားဆင်ခြင်ရမယ်”
“ဘာကိုပြောချင်တာလဲ ”
ရှီရှစ်၏ အဖေက ခရားထဲမှ သေရည် တစ်ငုံသောက်လိုက်ပြီး ဆက်ပြောလိုက်သည် “ အဖေ့အမြင်အရတော့ အကောင်းဆုံးရွေးချယ်မှုက နံပါတ်တစ် ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင် လင်းဖန်လို့ ထင်တယ် … ”
“ဘာလို့လဲ … သမီးတို့ သတင်းအချက်အလက်တွေအရ သူက ထိပ်တန်းကောင်းကင်ရွေးချယ်ခံတွေထဲမှာ အားအနည်းဆုံး မဟုတ်ဘူးလား”
“ သမီးက ကိစ္စတွေကို အပေါ်ယံပဲ ကြည့်လွန်းနေတယ်။ တစ်ယောက်ချင်းစီကို သေချာသုံးသပ်ကြည့်ရအောင် …
အိမ်ရှေ့စံ ကျီစုန့်က အမွေခံသားတော် ဝမ်ဝေ့ဆီကနေ နှစ်ခါရှုံးခဲ့တယ်။ သူက ပြန်ကောင်းလာပြီး အင်အားကြီးလာခဲ့ပေမဲ့ ကမ္ဘာကြီးထဲ သူ့ကိုယ်သူ သက်သေထပ်မပြရသေးဘူး။
မွေးရာပါ ဓားအရိုးပိုင်ရှင် ကျန့်ဝူရွှမ်းကျ အရမ်းပါရမီကောင်းပြီးတော့ သူတို့ချီကံကောင်းမှု စစ်ဆေးမှုမှာ စုယာနဲ့တောင် ယှဉ်ပြီး အနိုင်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ အဖေက ဓားတာအို ကျင့်ကြံတဲ့သူတွေကို မယုံဘူး။ သူတို့စိတ်ဆန္ဒက အမြဲတမ်း အားကောင်းပြီးတော့ တစ်ခါတစ်လေ သူတို့က လက်တွဲဖောက်ထက် ဓားကို ပိုချစ်မြတ်နိုးကြတယ်။ ကျန့်ဝူရွှမ်းက အရင်မျိုးဆက် ဂိုဏ်းချုပ်ဝမ်ထျန်းနှင့် သူ့ဓားရေးစံအိမ်ကြားက ပြဿနာကို ဝန်ထုပ် ထမ်းထားရတဲ့အကြောင်း ထည့်မပြောရသေးဘူး။ ”
ရှီရှစ်၏ အဖေဖြစ်သူ ရှီကွမ်းက သေရည်တစ်ငုံ ထပ်သောက်လိုက်ရင်း သစ်သီးလေးပါ ကိုက်စားလိုက်သည်။
“ ပြီးတော့ စွင်းကျောင်းလုံ … မဟာဝူတော်ဝင်တိုင်းပြည်က မြွေတွေလို ဉာဏ်များတဲ့အကြောင်း မပြောတော့ဘူး။ ဒါပေမဲ့ သူက အာဏာအတွက် သူ့အစ်ကိုရင်းကိုတောင် သတ်ခဲ့တဲ့သူ … ဒီလိုလူမျိုးက သမီးအတွက် အကုန်စတေးပြီး အမှန်တကယ် ကာကွယ်ပေးမယ် ထင်လား။ သူ့အတွက်သာ အကျိုးရှိရင် သမီးကို တခြားသူဆီကိုတောင် အလွယ်လေးရောင်းမဲ့လူစားမျိုးပဲ။
အဲဒီစွင်းကျောင်းလုံက လူသားကြမ္မာဓားပိုင်ရှင် ဖြစ်နေခဲ့ရင် အကျိုးမြတ်ရမယ်ဆိုပေမဲ့ အဲဒီအကြောင်းကို အတည်ပြုနိုင်မဲ့ နည်းလမ်း မရှိဘူး။ ပြီးတော့ လူတော်တော်များများက အဲဒါကို မဟာဝူတော်ဝင်တိုင်းပြည်က လှည့်ကွက်အနေနဲ့ သတင်းလွှင့်ထားတယ်လို့ ထင်နေကြတယ်။”
အခန်းက တိတ်ဆိတ်သွားလေသည်။ ရှီရှစ်က မေးလိုက်၏ “ အဖေက ဝမ်ဝေ့အကြောင်း ဘာလို့မပြောတာလဲ”
ရှီကွမ်းက သူ့သမီးကို သေချာကြည့်လိုက်ရင်း “ သမီးအပေါ် အမွေခံသားတော် ဝမ်ဝေ့က စိတ်ဝင်စားမှုမရှိဘူးဆိုတာ သေချာသိမှာပါ။ သူက ပြီးပြည့်စုံတဲ့ ရွေးချယ်စရာဆိုပေမဲ့ ကံမကောင်းစရာပဲ … ”
ရှီရှစ်က ရပ်တန့်သွားပြီး အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်သည် “ အဖေ … သမီး လီကျွင်းကို အရင်ဆွဲဆောင်ပြီးမှ ဝမ်ဝေ့အနား ဖြည်းဖြည်းချင်း ကပ်ဖို့နည်းလမ်း ရှာရင်ရော … သမီးတို့ ရထားတဲ့သတင်းတွေအရ သူကလည်း လင်းဖန်လောက် ရမ္မက်ကြီးတဲ့လူမျိုးပဲ ”
သို့သော်လည်း ရှီကွမ်းက ခေါင်းအသာယမ်းလိုက်သည်။
“ လီကျွင်းက ဦးနှောက်အစား ဘောင်းဘီထဲက အရာပဲ သုံးတဲ့ ငတုံးလိုမျိုး မထင်နဲ့။ ဝမ်ဝေ့နဲ့ အနီးဆုံးလူအနေနဲ့ သူက အရမ်းဉာဏ်ကောင်းပြီးတော့ စိတ်ဓာတ်လည်း ပြင်းတယ်။ အဖေတို့ ရထားတဲ့ သတင်းအချက်အလက်အရ သူ့စံနှုန်းက မျှော်နန်းဆောင် စစ်ဆေးမှုမှာ ဒုတိယတဲ့။
မျှော်နန်းဆောင် စစ်ဆေးမှုက ဘာတွေမှန်း အတိအကျ မသိရပေမဲ့ သူတို့က ဝမ်ဝေ့ကိုတောင် ဧကရာဇ်ငယ်အဖြစ် လေ့ကျင့်ပေးနိုင်တယ်ဆိုတော့ ဒုတိယရထားသူကိုလည်း လျော့မတွက်သင့်ဘူး။ သူက အလွယ်လေး ကြိုးဆွဲခံမဲ့သူလား … ပြီးတော့ လီကျွင်းက သူ့အစ်ကိုကြီးအပေါ် သစ္စာခံထားတာကိုလည်း မမေ့နဲ့ဦး။ အဖေတို့ အဖွဲ့ သူ့အပေါ် သုံးသပ်ချက်အရတော့ သူက ဝမ်ဝေ့ရဲ့ လမ်းမှာ ပိတ်ဆို့နေတဲ့သူတိုင်း သတ်ပစ်ဖို့ တုံ့ဆိုင်းနေမဲ့သူ မဟုတ်ဘူး။ သူ့လက်ရှိ လက်တွဲဖော် ယန်းလီလင်းဆိုရင်တောင်ပေါ့ … ”
ရှီရှစ်က ထိုအရာကို ကြားပြီး တိတ်ဆိတ်သွားလေသည်။ သူမအဖေ၏ စကားများက မှန်ကြောင်း သိနေသော်လည်း လက်မခံနိုင် ဖြစ်နေမိသည်။ ယေဘုယျအားဖြင့် ရှီရှစ်သည် အမျိုးသမီးအများစု ရှိနေသည့် “ရတာ မလို၊ လိုတာ မရ ” ရောဂါကို ခံစားနေရသည်။
“လင်းဖန်ထက် ပိုအဆင်ပြေတာ မရှိတော့ဘူးလား ”
တကယ်တော့ ရှီရှစ်က လင်းဖန်ကိုလည်း ပြဿနာ မရှိပေ။ သူက ဝမ်ဝေ့တစ်ယောက် သူမအား နာကျင်စေသည့် စကားများ ပြောခဲ့စဉ် သူမအတွက် ရပ်တည်ပေးခဲ့သူများထဲမှ တစ်ယောက် ဖြစ်၏။
သို့သော်လည်း ပြဿနာကား လင်းဖန်သည် အလွှာနိမ့်မှ တက်လာကတည်းက မောင်းမဆောင် ပါလာသည်။ အသင်္ချေအင်ပါယာကမ္ဘာသို့ ရောက်လာပြီးနောက် အရေအတွက်က ဆက်လက် တိုးမြင့်နေဆဲ ဖြစ်၏။
ထိုသို့သော ပုံစံက ဤကမ္ဘာတွင် ပုံမှန်သာ ဖြစ်သော်လည်း ရှီရှစ်က မကြိုက်ပေ။ သူမက သူမတစ်ယောက်တည်းကိုသာ ပုံအပ်ထားမည့် လူမျိုးကို အလိုရှိလေသည်။ သူမလူကို တခြားမိန်းမများနှင့် မဝေမျှလိုပေ။
“ နောက်ထပ်က ထိုက်ယီနက်နဲမုခ်က ဖုန်းဟွမ်နဲ့ တိမိသားစုက တိထျန်းတို့ပဲ။ ဒါပေမဲ့ သူတို့က ဒီတွေ့ဆုံပွဲကို ပေါ်မလာဘူးဆိုတော့ သမီးအပေါ် စိတ်မဝင်စားတာ ပြနေတာပဲ။ ပြီးတော့ အဖေက သူတို့နှစ်ယောက်လုံးရဲ့ အကျင့်စရိုက်တွေကို မယုံဘူး။ သူတို့နှစ်ယောက်က တစ်ခုခုမှားနေတယ်လို့ ခံစားနေရတယ် ”
ရှီကွမ်းက သူ့သမီးမျက်နှာပေါ်မှ မျက်မှောင်ကြုတ်မှုကို တွေ့လိုက်ပြီးနောက် သူမဆီ လျှောက်သွားကာ ပခုံးပုတ်ပေးလိုက်သည်။
“လင်းဖန်က အကောင်းဆုံး ရွေးချယ်မှုပဲ။ သမီးရဲ့ အလှနဲ့ အရည်အချင်းနဲ့ဆိုရင် သမီး စကားနားထောင်ခိုင်းပြီး သူ့အမြတ်နိုးရဆုံး ဖြစ်လာဖို့ လွယ်ပါတယ်။ ဒါပေမဲ့ အဖေ သင်ပေးထားတာ မမေ့နဲ့ … သူ့ကို ထိန်းချုပ်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။ လင်းဖန်လိုမျိုး ကောင်းကင်ရွေးချယ်ခံတွေက ရမ္မက်ကြောင့် အစပိုင်း လွှမ်းမိုးရလွယ်ကူပေမဲ့ နောက်ပိုင်း သူတို့အားကောင်းလာပြီး အတွေ့အကြုံများလာတဲ့အခါ သူ့စိတ်အခြေအနေက ပြောင်းလဲလာလိမ့်မယ်။
အဲဒီအခါ သူက သမီး ကြိုးကိုင်မှုကို သဘောပေါက်လာရင် စတင်ပြီး ကင်းကွာလာလိမ့်မယ်။ သမီး လုပ်ဖို့လိုတာက သူ့မောင်းမဆောင်ထဲ သူ့အချစ်ဆုံးလူ ဖြစ်လာဖို့ပဲ။ လင်းဖန်က သမီးအတွက် သူ့ဆန္ဒနဲ့သူ အားလုံး လုပ်ပေးလာလိမ့်မယ် ”
စက္ကန့်ပိုင်းလောက် စဉ်းစားလိုက်ပြီးနောက် ရှီရှစ်က ခေါင်းညိတ်လိုက်သည် “ အဖေ့စကားကို နားထောင်ပါ့မယ် ”
သူမက နောက်ဆုံးရွေးချယ်မှုနှင့် ပတ်သက်ပြီး မပျော်သော်လည်း နောက်ကွယ်မှ အကြောင်းအရင်းကို နားလည်လေသည်။
သူမ ဖခင်ဖြစ်သူ ဦးဆောင်လာသည့် ကုန်သွယ်ရေးအဖွဲ့အစည်းအနေနှင့် ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် ခေတ်ကာလအတွင်း ဧကရာဇ်မျိုးနွယ်နှင့် မဟာမိတ်အဖြစ် လက်ဆက်လိုလေသည်။
သူတို့၏ ပထမရွေးချယ်မှုက တာအိုအခွင့်အလမ်းဂိုဏ်း ဖြစ်သော်လည်း ဝမ်ဝေ့၏ စိတ်မဝင်စားမှုကြောင့် ကျရှုံးသွားရသည်။ ထို့ကြောင့် ရွေးချယ်မှုက ဒုတိယ အကောင်းဆုံးရွေးချယ်မှု ဖြစ်သည့် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော် ဖြစ်သွားခြင်း ဖြစ်သည်။ အသင်္ချေအင်ပါယာကမ္ဘာ၌ ဒုတိယ အားအကောင်းဆုံး အင်အားစုဟု ဆိုနိုင်သည် မဟုတ်ပါလော။
ရှီရှစ်က သက်ပြင်းအနည်းငယ်ချလိုက်ပြီးနောက် အဆိုးမြင်များကို ဖယ်ထုတ်လိုက်သည်။ သူမက ရွေးချယ်ပြီးပြီဖြစ်၍ သူမ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမည်။
သူ့သမီးက အသိပြန်ကပ်လာသည်ကို မြင်ပြီး ရှီကွမ်းက ကျေကျေနပ်နပ် ခေါင်းညိတ်ကာ စာရွက်တစ်ရွက် ထုတ်ပေးလာသည်။
“ဒါက ဘာများလဲ ” ရှီရှစ်က နားမလည်စွာ မေးလိုက်သည်။
“ ဒါက ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးမှုအပြီး လင်းဖန် ဖြစ်လာနိုင်တဲ့ မျှော်လင့်ထားတဲ့ တိုးတက်မှုပဲ ”
ရှီရှစ်က စာရွက်တစ်ခုလုံးကို ဖတ်လိုက်ပြီးနောက် အတော်လေး အံ့ဩသွားသည်။ ဤစာထဲတွင် ရေးထားသလောက် လင်းဖန်သည် ကောင်းကင်ရုပ်ခန္ဓာပိုင်ရှင်များကြား အားအနည်းဆုံးအဖြစ် ယူဆနိင်သော်လည်း တိုးတက်လာမည့် အခွင့်အရေးအများဆုံး ရှိနေသူလည်း ဖြစ်နေသည်။
ကျောင်းတော်က သူ့တိုးတက်မှုအတွက် အသေးစိတ်အစီအစဉ်ကို ချမှတ်ထားပြီး လင်းဖန်က ကျောင်းတော်၏ တင်းကျပ်သည့် စံနှုန်းများတွင် နေထိုင်နေရသည်။
“ ဟွင်သွမ်းရုပ်ခန္ဓာပိုင်ရှင်ဆိုတာနဲ့ ထိုက်တန်ပါပေတယ်” ရှီရှစ်က ထိုစာရွက်ပေါ်မှ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် တီးတိုးရေရွတ်လိုက်သည်။
“အဖေ ဒါတွေ ဘယ်ကနေ ရလာတာလဲ။ ဒါက ကျောင်းတော်ရဲ့ အဆင့်မြင့်ဆုံး လျို့ဝှက်ချက်မလား”
“ကျောင်းတော်က အဖေတို့ မဟာမိတ်ကို သဘောကျတာထက် ပိုတယ်လေ။ ပြောရရင် သူတို့က တာအိုအခွင့်အလမ်းဂိုဏ်းကို ဒီထက် ပိုအားကောင်းသွားတာမျိုး မဖြစ်စေချင်ကြဘူး ”
ရှီရှစ်က ခေါင်းညိတ်လိုက်ပြီးနောက် သူမ၏ ရွေးချယ်မှုက မှန်ကန်ကြောင်း သူမဘာသာ အယုံသွင်းလိုက်သည်။ တစ်ရက်ကျ လင်းဖန်က ဝမ်ဝေ့ကို ဒီနေ့ သူ့ရွေးချယ်မှုက မှားယွင်းသွားကြောင်း သက်သေပြနိုင်လာလိမ့်မည်။
ထိုစဉ် မြောက်ပိုင်း လိပ်နက်ကုန်းမြေ၌ နတ်ဆိုးမျိုးနွယ် အထက်ပိုင်းများက နဂါးစင်စစ် တည်းခိုဆောင်တွင် ဖြစ်ခဲ့သည့် သတင်းကို ရလိုက်ကြသည်။
ရှီရှစ်နှင့် ရှီကွမ်းတို့နှင့် တူညီစွာ နတ်ဆိုးမျိုးနွယ်၏ လျို့ဝှက်နေရာ၌ အစည်းအဝေး ကျင်းပနေသည်။