အပြန်လမ်း
Vol. 50 Ch. 692
ယောင်းယွမ်သူတော်စင်မြို့တော်၏ အလယ်ဗဟိုတွင် အပျက်အစီးများဖြင့် ရှုပ်ထွေးနေလျက် ရှိသည်။
မြို့တော်အပြင်ဖက်မှ စောင့်ကြည့်နေကြသူများမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေမိကြသည်။ လက်ရှိအချိန်တွင် ဝူဟောင်၏ စိတ်ဝိဉာဉ်မှာ ဖျက်စီးခံလိုက်ရပြီဖြစ်ပြီး အထူးချွန်ဆုံး မူလစဦးအဆင့် ကျင့်ကြံသူနှစ်ဦးအကြားမှ တိုက်ပွဲရလဒ်မှာ ရှင်းလင်းသဲကွဲစွာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
ယခုအချိန်မှစ၍ ဇူယွမ်မှာ ရှန်ဇူတိုက်ကြီး၏ အစစ်အမှန် ပထမမြောက် ရွေးချယ်ခံတစ်ဦး ဖြစ်လာပြီပင် ဖြစ်သည်။
ယောင်းယွမ်သူတော်စင်မြို့တော် အပြင်ဖက်ရှိ များစွာသော ကန်ရွှမ်းကလန်မှ တပည့်များမှာ ကျယ်လောင်လှသောအသံဖြင့် အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။ ၎င်းတို့၏ မျက်ဝန်းများမှာလည်း ကြယ်ပွင့်များအလား တောက်ပလင်းလက်နေလေသည်။ ယနေ့တိုက်ပွဲသည် ကန်ရွှမ်းကလန်၏ ဂုဏ်သိက္ခာအား အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်လိမ့်မည်မှာ အသေအချာပင်။
ကန်ရွှမ်းကလန်မှ တပည့်များမှာ အပူအပင်ကင်းစွာဖြင့် အော်ဟစ်ဆူညံနေကြပါသော်လည်း မြင့်မြတ်သောနန်းတော်မှ တပည့်များမှာမူ တိတ်ဆိတ်ငြိမ်သက်နေကြသည်။
ကျောင်းထိုက်ရှင်းနှင့် ကျန်းထိုက်ချင်တို့မှာလည်း အမူအရာ ပျက်ယွင်းနေရသည်။ ဇူယွမ်အား ကြည့်ရှုနေသော ၎င်းတို့၏ မျက်ဝန်းများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ကြီးစိုးထားလျက် ရှိပေသည်။
ယင်းတို့မှာ ဖြစ်ပျက်သွားသော အကြောင်းအရာများအား လက်ရှိအချိန်ထိပင် လက်မခံနိုင် ဖြစ်နေကြရသည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာတွင် ရှိစဉ်အခါက ဇူယွမ်မှာ ကျောင်းထိုက်ရှင်းနှင့် ကျန်းထိုက်ချင်တို့အား တိုက်ခိုက်ရန် မဝံ့ရဲသောကြောင့် ၎င်းတို့ထက် ပို၍အားနည်းသော ကျင်းချန်းဇယ်ကိုသာ စိန်ခေါ်ခဲ့သည်။
ဇူယွမ်မှာ ကျင်းချန်းဇယ်ကို သတ်ဖြတ်နိုင်ခဲ့ပါသော်လည်း ကျောင်းထိုက်ရှင်းနှင့် ကျန်းထိုက်ချင်တို့နှစ်ဦးမှာ အနည်းငယ်မျှပင် အလေးမထားခဲ့ကြပေ။
နှစ်လမျှသော အချိန်ကာလအတွင်း ဇူယွမ် ယခုလောက်ထိ သန်မာလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ကျောင်းထိုက်ရှင်းမှာ ဝူဟောင်နှင့် တိုက်ခိုက်ခဲ့ရဖူးသူဖြစ်သဖြင့် ဝူဟောင်၏ တိုက်ပွဲစွမ်းရည်အကြောင်း ကောင်းစွာသိရှိထားသူ ဖြစ်သည်။ သို့သော် ဝူဟောင်မှာ ဝှက်ဖဲများအားလုံး ထုတ်သုံးခဲ့ပြီးသည့်တိုင်အောင် ဇူယွမ်အား ရှုံးနိမ့်ခဲ့ရပြီး စိတ်ဝိဉာဉ်မျှပင် မလွတ်မြောက်နိုင်ခဲ့ပေ။
ထို့ကြောင့် ဝူဟောင်ပင် အနိုင်မရနိုင်သော ဇူယွမ်အား ၎င်းတို့သာ ရင်ဆိုင်ရမည်ဆိုပါက မရဏလမ်းကို အမြန်ဆုံး ရောက်ရှိသွားနိုင်ပေသည်။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာတွင် ရှိစဉ်ကာလများ၌ ၎င်းတို့ထက် နိမ့်ကျခဲ့ဖူးသော ဇူယွမ်ဟူသည့် လူငယ်ကလေးသည် ယခုအခါတွင် မူလစဦးအဆင့် ကျင့်ကြံသူများအားလုံး၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကျောင်းထိုက်ရှင်းနှင့် ကျန်းထိုက်ချင်မှာ ခါးသက်နေသော မျက်ဝန်းများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။ ကန်ရွှမ်းကလန်တွင် ဇူယွမ်ကဲ့သို့သော ထူးချွန်ထက်မြက်လွန်းသည့် လူငယ်တစ်ဦး ပေါ်ထွက်လာပြီဖြစ်သောကြောင့် သိပ်မကြာသော အနာဂတ်၌ပင် ၎င်းတို့၏ မြင့်မြတ်သောနန်းတော်မှာ ဖိနှိပ်ခံရတော့မည် ဖြစ်သည်။
"ဒါက ကံကြမ္မာရဲ့ အတုံ့အလှည့်ပဲ။" ကျောင်းထိုက်ရှင်းမှ သက်ပြင်းချလိုက်သည်။ ဇူယွမ်နှင့် ဝူဟောင် မရှိသေးခင် အချိန်ကာလများ၌ ကျောင်းထိုက်ရှင်းမှာ ကန်ရွှမ်းကောင်းကင်ဒေသ၏ အထူးချွန်ဆုံး တပည့်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး ကန်ရွှမ်းကလန်မှ တပည့်ပေါင်းများစွာကို မျက်နှာပင် မဖော်ရဲလောက်အောင် ဖိနှိပ်ထားခဲ့သည်။
ယခုအခါတွင်မူ မြင့်မြတ်သောနန်းတော်မှာ ထိုသို့သြဇာသက်ရောက်နိုင်မှုနှုန်း ရော့ကျသွားရတော့မည် ဖြစ်သည်။ အနာဂတ်ကာလများတွင် ဇူယွမ်ကသာ မြင့်မြတ်သောနန်းတော်၏ လူငယ်မျိုးဆက်များအပေါ် ဖိနှိပ်ထားနိုင်လိမ့်မည် ဖြစ်သည်။
ယောင်းယွမ်သူတော်စင်မြို့တော်၏ အခြားတစ်ဖက်တွင်မူ ကျိုးချူးချင်ယု၊ လီချွမ်းကျင်နှင့် အခြားသူများမှာ မြင်တွေ့လိုက်ရသော တိုက်ပွဲအခြေအနေအပေါ် မယုံကြည်နိုင် ဖြစ်နေကြရသည်။ အချိန်အတော် ကြာမြင့်သွားသည့်တိုင်အောင် ၎င်းတို့အားလုံးမှာ သတိမဝင်နိုင် ဖြစ်နေရလေသည်။
ဇူယွမ်နှင့် ဝူဟောင်တို့၏ တိုက်ပွဲမှာ မူလစဦးအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုပုံစံနှင့် အနည်းငယ်မျှပင် မတူညီခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ဇူယွမ်မှာ တိုက်ပွဲ၏ အဆုံးသတ်တွင် အနိုင်ရသွားခဲ့သည်။
"ဇူယွမ်က အရင်ကထက်ပိုပြီး သန်မာလာပြန်ပြီ။" နင်ကျန်းမှ သက်ပြင်းချကာ ပြောလိုက်သည်။ ဇူယွမ်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာတွင် ရှိစဉ်ကထက် အဆပေါင်းများစွာ ပို၍သန်မာလာခဲ့ပြန်ပြီ ဖြစ်သည်။ ဇူယွမ်မှာ ထိုသို့သန်မာလာနိုင်ရန်အတွက် မည်မျှပင် ကျင့်ကြံအားထုတ်နေပါသနည်း။
အခြားသူများမှ နင်ကျန်း၏စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။
"အခု ဝူဟောင့်ကို နိုင်သွားပြီဆိုတော့ ဇူယွမ်က ကန်းမင်တိုက်ကြီးဆီ ပြန်စရာ လိုသေးလို့လား။"
ကျိုးချူးချင်ယုမှ မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "ငါရထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ကန်ရွှမ်းကလန်နဲ့ မြင့်မြတ်သောနန်းတော်က နတ်ဘုံခန်းဝါအဆင့် ဒါမှမဟုတ် အဲ့အဆင့်ထက်မြင့်တဲ့သူမှန်သမျှ ဒီကိစ္စမှာ ဝင်မပါရဘူးဆိုပြီး စည်းမျဉ်းထုတ်ထားတယ်တဲ့။"
"ဇူယွမ်ကအခု မူလစဦးအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုပေမယ့် နတ်ဘုံခန်းဝါအဆင့်ကို မတက်နိုင်သေးဘူး။ သူက ဘယ်လိုမှ ဝူဘုရင်ရဲ့ ပြိုင်ဖက်ဖြစ်နိုင်မှာ မဟုတ်ဘူး။"
အခြားသူများမှာ တိတ်ဆိတ်ငြိမ်သက်သွားရသည်။ ဇူယွမ်မှာ အလွန်စွမ်းဆောင်ရည် ပြည့်ဝသူတစ်ဦး ဖြစ်ပါသော်လည်း မူလစဦးအဆင့်နှင့် နတ်ဘုံခန်းဝါအဆင့်တို့၏ ကွာဟချက်မှာ အလွန်ပင် ကြီးမားလွန်းလှသည်။ အလွန်စွမ်းဆောင်ရည် နိမ့်ကျသော နတ်ဘုံခန်းဝါအဆင့် ကျင့်ကြံသူတစ်ဦးတွင်ပင် အနည်းဆုံး ချီကြယ်ပွင့် ငါးသိန်းမျှ ရှိနိုင်ပေသည်။
ထိုသို့ကျစ်လစ်ခိုင်မာသော ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ ဇူယွမ်၏ မည်သည့်ကျင့်စဉ်ကိုမဆို ဖျက်စီးပစ်လိုက်ရန် လုံလောက်သည်။
"ဇူယွမ်က ပြန်ကိုပြန်ရမှာပဲ။ ဝူအင်ပါယာက ကြီးမြတ်သောဇူအင်ပါယာကိုတိုက်ဖို့ ဒီအချိန်ကို သက်သက်ရွေးထားတာ။ ကြီးမြတ်သောဇူအင်ပါယာက ဝူအင်ပါယာရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး။ ဇူယွမ်သာ မပြန်ဘူးဆိုရင် ကြီးမြတ်သောဇူအင်ပါယာက လုံးဝပျက်စီးသွားရလိမ့််မယ်။" လီချွမ်းကျင်မှ စကားဆိုလိုက်သည်။
လုလျိုမှ သူမ၏နှုတ်ခမ်းအားကိုက်ကာ ပြောလိုက်သည်။ "သားရဲတစ်ထောင်မြို့တော်ကို ငါစာပို့ပြီး ဖခမည်းတော်ရဲ့ အကူအညီကို တောင်းကြည့်သေးတယ်။ ဒါပေမယ့် ဖခမည်းတော်ပြောတာက ကြီးမြတ်သောဇူအင်ပါယာနဲ့ ဝူအင်ပါယာကြားမှာရှိတဲ့ ပဋိပက္ခတွေက အဲ့လောက်မရိုးရှင်းဘူးတဲ့။ အခုဆိုရင် ကန်ရွှမ်းကလန်နဲ့ မြင့်မြတ်သောနန်းတော်ကပါ ဝင်ပါလာတော့ တခြားဘယ်သူကမှ ဝင်ပါရဲတော့မှာ မဟုတ်ဘူးလို့ပြောတယ်။"
၎င်းတို့မှာ တစ်ဦးကိုတစ်ဦးကြည့်ကာ သက်ပြင်းချလိုက်မိကြသည်။ ကြည့်ရသည်မှာ ဇူယွမ်တစ်ဦးတည်းသာ ဤပြဿနာကို ဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။
ယောင်းယွမ်သူတော်စင်မြို့တော်ပေါ်တွင် ရှိနေသော ဇူယွမ်မှာ တင်းကြပ်စွာ ပိတ်ထားသော မျက်ဝန်းများအား ဖြည်းညင်းစွာ ပြည်လည်ဖွင့်ဟလိုက်သည် ထိုက်ရိသစ်စိမ်းပင်အမှတ်အသားမှာ အသက်စွမ်းအင်များကို ထုတ်လွှတ်လျက် သူ၏ထိခိုက်ဒဏ်ရာများအား ပြန်လည်ကောင်းမွန်စေခဲ့ပြီ ဖြစ်သည်။
ဇူယွမ်မှာ မြင့်မြတ်သောနဂါးကောင်းချီးနှစ်ခုအား ပေါင်းစည်းနိုင်လိုက်သည့်အတွက် ပျော်ရွှင်ဝမ်းမြောက်နေမိသည်။
ထို့နောက် ဇူယွမ်မှာ ခေါင်းအားမော့လျက် ကောင်းကင်ရှိ တိမ်ထုများကို မော့ကြည့်လိုက်သည်။ နန်းဆောင်သခင် ရှမ့်ယွမ်နှင့် ကလန်ခေါင်းဆောင် ချင်းယန်တို့မှာ လေဟာနယ်နှစ်ခုအကြားမှ စွမ်းအင်များကို ထုတ်လွှတ်လျက် တစ်ဦးနှင့်တစ်ဦး ဖိနှိပ်နေကြဆဲ ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးမှာ ကြီးမားသော စွမ်းအင်ဖိအားများကြောင့် အနည်းငယ်မျှ တုန်ခါနေရပါသော်လည်း နန်းဆောင်သခင် ရှမ့်ယွမ်နှင့် ကလန်ခေါင်းဆောင် ချင်းယန် နှစ်ဦးစလုံးမှာ အမှန်တကယ် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြသောကြောင့် အချိန်ခေတ္တမျှ ကြာမြင့်ပြီးနောက်တွင် နှစ်ဦးနှစ်ဖက်စလုံး စွမ်းအင်များကို ပြန်လည်ရုတ်သိမ်းလိုက်ကြသည်။
"မင်းရဲ့ ကန်ရွှမ်းကလန်က တကယ်တပည့်ကောင်းတစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တာပဲ။ ဒါပေမယ့် ကံမကောင်းချင်တော့ မင်းရဲ့ အရည်အချင်းရှိလှတဲ့ တပည့်လေးက ကြာကြာနေရတော့မယ် မထင်ဘူး။ မကြာခင်မှာပဲ သူလည်းဝူဟောင့်လိုမျိုး မရဏလမ်းကို သွားရတော့မှာ မဟုတ်လား။" နန်းဆောင်သခင် ရှမ့်ယွမ်၏စကားသံမှာ လေဟာနယ်အား ဖြတ်ကျော်လျက် ကောင်းကင်နှင့်မြေကြီးထံသို့ ပျံ့နှံ့လွှမ်းခြုံသွားသည်။
"ကန်ရွှမ်းကလန်ကနေ ရှားရှားပါးပါး မွေးထုတ်နိုင်ခဲ့တဲ့ ပါရမီရှင် မျိုးစေ့ကောင်းလေးက အသက်ရှင်ရမယ့်ရက်တွေ သိပ်မကျန်တော့ဘူးဆိုတာ နှမြောစရာပဲ။"
"ဟဟ..."
နန်းဆောင်သခင် ရှမ့်ယွမ်၏ ရယ်မောလှောင်ပြောင်သံ ပျောက်ကွယ်သွားသည်နှင့်အတူ လေဟာနယ်အား ဖြတ်ကျော်ကာ လွှမ်းခြုံထားသော ကြီးကျယ်ခမ်းနားလှသည့် စွမ်းအင်ဖိအားမှာလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။
ယောင်းယွမ်သူတော်စင်မြို့တော် အပြင်ဖက်မှ စောင့်ကြည့်နေကြသူများမှာ နှမြောတဿဖြစ်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်မိကြသည်။ ဇူယွမ်မှာ အမှန်တကယ် ထူးချွန်ပြောင်မြောက်လှသော ပါရမီရှင် လူငယ်တစ်ဦးဖြစ်ပြီး ကန်ရွှမ်းကလန်၌သာ ဆက်လက်ကျင့်ကြံဖြစ်ခဲ့မည်ဆိုပါက အနာဂတ်တစ်ချိန်တွင် ကောင်းကင်ဘုံနေမင်းအဆင့် သို့မဟုတ် လောကကိုကြီးစိုးခြင်းအဆင့်သို့ပင် ရောက်ရှိလာနိုင်သူတစ်ဦး ဖြစ်သည်။
သို့သော် ကန်းမင်တိုက်ကြီးသို့ ဆက်လက်ထွက်ခွာကာ နတ်ဘုံခန်းဝါအဆင့်ရှိသူ ဝူဘုရင်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းပြုမည်ဆိုပါက ဇူယွမ်၏ အနာဂတ်မှာ မသေချာမရေရာတော့ပေ။
ဇူယွမ်မှာ ထိုနှမြောတဿဖြစ်နေသည့် အကြည့်များကို ဂရုမပြုမိသည့်အလား အလွန်ပင် တည်ငြိမ်နေလျက် ရှိသည်။
"မင်းရင်မဆိုင်နိုင်ဘူးထင်ရင် မသွားလို့လည်း ရပါတယ်။ ငါတို့ကန်ရွှမ်းကလန်က မင်းရဲ့ဖခမည်းတော်နဲ့ မယ်တော်ကို နည်းလမ်းတစ်ခုခုရှာပြီး ကာကွယ်ပေးမှာပါ။" ကလန်ခေါင်းဆောင် ချင်းယန်၏ တိုးညင်းသောစကားသံမှာ ဇူယွမ်၏ အကြားအာရုံအတွင်း ဝင်ရောက်လာသည်။
ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားရသည်။ ကလန်ခေါင်းဆောင် ချင်းယန်မှာ ကြီးမြတ်သောဇူအင်ပါယာအား ကာကွယ်ပေးမည်ဟု ပြောဆိုခြင်းမဟုတ်ပဲ သူ၏ဖခမည်းတော်နှင့် မယ်တော်ကိုသာ ကယ်တင်ပေးမည်ဟု ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ကလန်ခေါင်းဆောင် ချင်းယန်၏ စကားကိုသာ လက်ခံလိုက်ပါက ကြီးမြတ်သောဇူအင်ပါယာမှာ ဆိုးရွားသောကံကြမ္မာအား ရင်ဆိုင်ရမည်ပင် ဖြစ်သည်။
"ဟူး...."
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားဟန်ဖြင့် စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ကလန်ခေါင်းဆောင်...ဒါပေမယ့် ဒီကိစ္စက ကျွန်တော် ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်တဲ့ အရာတစ်ခုပဲ။ ပြောရမယ်ဆိုရင် ဒါကျွန်တော် တာဝန်ယူကိုယူရမယ့် ကံကြမ္မာပဲ။ ဒီနေ့ ကျွန်တော် ခြေတစ်လှမ်း နောက်ဆုတ်လိုက်တာနဲ့ ကျွန်တော့်နှလုံးသားထဲမှာရှိတဲ့ စိတ်အားထက်သန်မှု အားလုံးလည်း ပျောက်သွားလိမ့်မယ်။ ကျွန်တော့်ရဲ့ အနာဂတ် ကျင့်ကြံခြင်းလမ်းကလည်း ဘာအဓိပ္ပါယ်မှ ရှိတော့မှာမဟုတ်ဘူး။"
"အဲ့အချိန်ကြရင် ကျွန်တော်က သူများတွေနဲ့ ထူးမခြားနားတဲ့ သာမန်လူတစ်ယောက်သာသာပဲ ဖြစ်သွားလိမ့်မယ်။"
"ကျွန်တော်က သာမန်ရွက်ကြမ်းရေကျိုဘဝနဲ့ ရောင့်ရဲတင်းတိမ်မယ့်သူ မဟုတ်ဘူး။ ဒါက ယုံကြည်ချက်နဲ့ဆိုင်တဲ့ တိုက်ပွဲတစ်ခုပဲ။ ဒီကိစ္စကို ရင်ဆိုင်တော့မှ အနာဂတ်မှာ ပိုကြီးကျယ်ခမ်းနားတဲ့ ကျင့်ကြံရေးလမ်းကို လျှောက်လှမ်းနိုင်မှာ။"
ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်နေလျက် ရှိသည်။ ဤနှစ်များအတွင်း သူသည် အခက်အခဲပေါင်းများစွာအား ရင်ဆိုင်ခဲ့ရပါသော်လည်း ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်ခဲ့သည်ချည်း ဖြစ်သည်။ ထိုသို့ ကျော်ဖြတ်နိုင်ရသည့် အကြောင်းအရင်းမှာ နှလုံးသားအတွင်း အမြစ်စွဲနေသော ယုံကြည်ချက်ခိုင်မာမှုကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် ယင်းကိစ္စအား ရင်မဆိုင်တော့ပဲ လွှတ်ချပစ်ရန် ဆုံးဖြတ်လိုက်ပါက အနာဂတ်တစ်ချိန်တွင် သူ၏ခိုင်မာနေသော ယုံကြည်ချင်အရင်းအမြစ်များ ပျောက်ဆုံးသွားလိမ့်မည်ပင်။
ကလန်ခေါင်းဆောင် ချင်းယန်မှာ ဇူယွမ်၏ တိုးညင်းသော စကားသံအား ကြားလိုက်ရပြီးနောက် ပြန်၍ပြောလိုက်သည်။ "မင်းရဲ့စိတ်ကို ဆုံးဖြတ်ပြီးပြီဆိုရင်လည်း သွားပါ။"
ကလန်ခေါင်းဆောင်ချင်းယန်၏ စကားသံတွင် စိတ်ချယုံကြည်သော အငွေ့အသက်များ ပါဝင်ရောယှက်နေလျက် ရှိသည်။ သူသည် ဇူယွမ်၏ အရည်အချင်းများထက် စိတ်ဓာတ်ခိုင်မာမှုကို ပို၍တန်ဖိုးထားသောကြောင့် ဖြစ်သည်။
ဇူယွမ်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ကလန်ခေါင်းဆောင်ချင်းယန်၏ စကားသံလာရာ လေဟာနယ်အား ဦးညွတ်အလေးပြုလိုက်သည်။ ထို့နောက် ချူချင်း၊ လီချင်းချန်နှင့် ကန်ရွှမ်းကလန်မှ တပည့်များရှိရာဖက်သို့လှည့်ကာ ထပ်မံအရိုအသေပြုပေးလိုက်လေသည်။
"လမ်းတလျှောက်လုံး ကာကွယ်စောင့်ရှောက်ပေးလာတဲ့ စီနီယာနဲ့ ဂျူနီယာ အကိုတော်၊ အမတော်တွေကို ကျွန်တော်ဇူယွမ်က အများကြီး ကျေးဇူးတင်ပါတယ်။"
ချူချင်း၏ မျက်ဝန်းများမှာ စိတ်ခံစားချက်များဖြင့် ရောထွေးနေဟန် ရှိသည်။ လီချင်းချန်မှာ အဝေးတွင်ရှိနေသော ဇူယွမ်၏ ငယ်ရွယ်ခန့်ညားသည့် ပုံရိပ်အားကြည့်ကာ ဆိတ်ငြိမ်စွာဖြင့် ရေရွတ်လိုက်သည်။ "ဇူယွမ် နင်ပြန်လာတဲ့ အခါကြရင် ငါတို့ကန်ရွှမ်းကလန်က တပည့်တွေအကုန်လုံး ကောင်းကောင်းသောက်စားပြီး အောင်ပွဲခံကြတာပေါ့။"
ထို့နောက် ယောင်းယွမ်သူတော်စင်မြို့တော် အပြင်ဖက်မှ ကျယ်လောင်လှသော အော်ဟစ်သံကြီး ထွက်ပေါ်လာတော့သည်။
"ကန်ရွှမ်းကလန်ရဲ့ တပည့်တွေက စီနီယာအကိုတော် ဇူယွမ် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာနိုင်ဖို့ မျှော်နေပါ့မယ်။"
ကန်ရွှမ်းကလန်မှ တပည့်များ၏ အော်ဟစ်ဆုတောင်းပေးသံမှာ ကျယ်လောင်လွန်းလှသဖြင့် ယောင်းယွမ်သူတော်စင်မြို့တော်ကြီးပါ တုန်ခါသွားသကဲ့သို့ ခံစားရပေသည်။
ဇူယွမ်၏နှလုံးသားမှာ နွေးထွေးမှုများဖြင့် ပြည့်နှက်သွားရသည်။ သူသည် ကန်ရွှမ်းကလန်မှ တပည့်များအားကြည့်ကာ လက်ပြနှုတ်ဆက်လိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းမနေပဲ တစ်ဖက်သို့လှည့်၍ ထွက်ခွာလိုက်တော့သည်။ ဇူယွမ်မှာ ချက်ချင်းဆိုသလို နေရာမှပျောက်ကွယ်သွားပြီးနောက် မျက်စိတစ်မှိတ်စာမျှသော အချိန်အတွင်းမှာပင် အဝေးတစ်နေရာသို့ ရောက်ရှိသွားလေသည်။
ဇူယွမ်၏လှုပ်ရှားမှုမှာ လျင်မြန်လွန်းလှသဖြင့် အလင်းတန်းတစ်ခုအဖြစ်သာ မြင်တွေ့နေရသည်။
ဇူယွမ်၏ပုံရိပ်မှာ မြင်ကွင်းအတွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်နှင့်အတူ ကန်ရွှမ်းကလန်မှ တပည့်များကလည်း အော်ဟစ်အားပေးနှုတ်ဆက်လိုက်ကြသည်။
"စီနီယာအကိုတော် ဇူယွမ် အောင်အောင်မြင်မြင်နဲ့ ပြန်လာမယ့်နေ့ကို စောင့်နေပါ့မယ်။"