နတ်ဆိုးမျိုးနွယ်၏ အတွင်းရေးပဋိပက္ခများ
Vol. 15 Ch. 209.1
အခန်း(၂၀၉.၁) : နတ်ဆိုးမျိုးနွယ်၏ အတွင်းရေးပဋိပက္ခများ
“ ငါတို့မှာ ရွေးချယ်စရာမရှိဘူးလို့ ဘာကိုပြောချင်တာလဲ” နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။
“ထာဝရဧကရာဇ် မွေးထုတ်နိုင်ဖို့ ပါရမီတစ်ခုပဲ လိုအပ်တယ် ထင်နေလား။ သူက မျိုးရိုးပြန်ဖော်ဆောင်ခြင်း စီမံကိန်းကို အောင်မြင်သွားရုံနဲ့ ထာဝရဧကရာဇ် တန်းဖြစ်သွားမယ်လို့ ထင်နေကြတာလား” ရွှေခြင်္သေ့ မျိုးနွယ်ခေါင်းဆောင်က မေးလိုက်သည်။
အခန်းက တဖန်တိတ်ဆိတ်သွားပြန်သည်။ အားလုံးက ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်၏ စကားကို စတင်စဉ်းစားနေကြ၏။ ထာဝရဧကရာဇ်ဆိုသည်မှာ အသင်္ချေအင်ပါယာကမ္ဘာထဲ လျှောက်လှမ်းဖူးသည့် မဟာဧကရာဇ်များကြား အမြင့်ဆုံးအဆင့် ဖြစ်၏။
ခေတ်ကာလများစွာတိုင်၊ နှစ်သန်းပေါင်းများစွာတိုင်၊ မဟာဧကရာဇ်ထောင်ချီတိုင် ထာဝရဧကရာဇ် အရေအတွက်က လက်နှစ်ဖက်တည်းဖြင့် ရေတွက်နိုင်လေသည်။
တကယ်တော့ ခေတ်တစ်ခုအစတွင် ထာဝရဧကရာဇ် တစ်ယောက်သာ ရှိနေသည်။ ခြွင်းချက်ကား ရှေးဟောင်းဧကရာဇ်ခေတ်ကာလတွင် ဖြစ်ပြီး သုံးယောက် ထွက်ပေါ်ခဲ့ဖူးသည်။
နှစ်ယောက်က တာအိုအခွင့်အလမ်းဂိုဏ်းမှ ဧကရာဇ်ချီယွမ်နှင့် ဓားဧကရီတို့ ဖြစ်ကြပြီး နောက်ဆုံးတစ်ယောက်မှာ လူသားဧကရာဇ် ဖြစ်ပေသည်။ ထို့နောက် ယုံကြည်မှုခေတ်ကာလတွင် အကြွင်းမဲ့ စတင်ခြင်း ဧကရာဇ်နှင့် မိစ္ဆာခေတ်ကာလတွင် ဧကရီဝူတို့ ပေါ်ထွက်ခဲ့ဖူးသည်။ နောက်တစ်ယောက်က အလယ်ပိုင်း ဧကရာဇ်ခေတ်တွင် ဖြစ်၏။
လက်ရှိ ဧကရာဇ်ခေတ်ကာလအတွက်မူ ထာဝရဧကရာဇ် မထွက်ပေါ်လာသေးပေ။ ထို့ကြောင့် လူအများစုက ဤဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်အတွင်း ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။ ထို့အပြင် လူများစွာက ထာဝရဧကရာဇ် သရဖူဆောင်းကာ ခေတ်သစ် စတင်လိမ့်မည်ဟု ယုံကြည်ထားသည်။
တကယ်တော့ ထာဝရဧကရာဇ်က ဘာကိုဆိုလိုမှန်း၊ ထိုအဆင့်ကို ဘယ်လိုရောက်နိုင်မှန်း ရာနှုန်းပြည့်သိသူ ရှားပါးလှသည်။ လူအများစု သိထားသည်က ထာဝရဧကရာဇ်များသည် မဟာဧကရာဇ်များထက် အားပိုကောင်းပြီး သူတို့ကို အလွယ်တကူ သတ်ဖြတ်နိုင်သည်ဟူ၍ပင် ဖြစ်၏။
လူများက ရွှေခြင်္သေ့ မျိုးနွယ်ခေါင်းဆောင်၏ စကားကို စဉ်းစားပြီးနောက် တစ်ယောက်က ထုတ်မေးလိုက်သည် “ အဲဒါက ရွှေကျီးမျိုးနွယ်နဲ့ ဘာများဆိုင်လို့လဲ”
“ သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးဖို့ စစ်ဆေးမှုတွေ၊ စမ်းသပ်မှုတွေအများကြီး ဖြတ်ကျော်ဖို့ လိုတယ်။ ပြီးတော့ တာအိုနှလုံးသား၊ စိတ်ဆန္ဒနဲ့ စိတ်ဝိညာဉ်စွမ်းအား ကောင်းကောင်းတိုးတက်လာဖို့ ရွယ်တူတွေနဲ့ ယှဉ်ပြိုင်ရမယ်။ ငါတို့တွေ သူ့ကို ဝမ်ဝေ့၊ တိထျန်းနဲ့ ကျီစုန့်တို့အဆင့်ရောက်အောင်အထိ လေ့ကျင့်ပေးရမယ်။ သူတို့ထက် ကျော်လွန်နိုင်ရင် အကောင်းဆုံးပဲ။ ဒီဖြစ်စဉ်တစ်ခုလုံးမှာ လူသားမျိုးနွယ်က ဒီအကြောင်းသိသွားလို့ မဖြစ်ဘူး ”
အားလုံးက ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ အာဏာပုရွက်ဆိတ် မျိုးနွယ်ခေါင်းဆောင် ပြောသည်က မှန်ပေသည်။
“ ငါတို့အားလုံး ဒါကို သိထားပြီးသားပဲ။ သူ့ကို ကမ္ဘာကနေ တခြားကောင်းကင်အလိုဆန္ဒကမ္ဘာဆီ ပို့ဖို့ ဆုံးဖြတ်ထားတဲ့ အကြောင်းအရင်း မဟုတ်ဘူးလား။ သူ အဲဒီကို ရောက်သွားတာနဲ့ သူ့ဇစ်မြစ်ကို ဖုံးကွယ်ထားရင်း တခြားကောင်းကင်ရွေးချယ်ခံတွေနဲ့ ယှဉ်ပြိုင်နိုင်ပြီ။ ဒီအသင်္ချေအင်ပါယာကမ္ဘာအတွက် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ အချိန်ကျလာတဲ့အခါ သူ့ကို ပြန်ခေါ်လိုက်ရုံပဲ ”
ခေါင်းဆောင်များက ထိုအရာသည် သူတို့ကောင်းကင်ရွေးချယ်ခံများကို လေ့ကျင့်ပေးရန် သူတို့ ချမှတ်ထားသည့် မူလအစီအစဉ်ဖြစ်၍ ခေါင်းညိတ်လိုက်ကြသည်။ ထိုနည်းလမ်းဖြင့် သူတို့က သူတို့၏ ကောင်းကင်ရွေးချယ်ခံများကို လေ့ကျင့်ပေးနိုင်သလို ဝှက်ထားနိုင်လေသည်။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်သလို ဖြစ်၏။
“ကောင်းပြီ …” ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က ရွှေငှက်ကြီးနှင့် ကျားနက် မျိုးနွယ်ခေါင်းဆောင်များကို ကြည့်ရင်း ပြောလိုက်သည် “ အဲဒီအစီအစဉ်ကို သေချာကြည့်လိုက်ရင် မဖြစ်နိုင်တာကို သဘောပေါက်မှာပါ။ အနည်းဆုံးတော့ ငါတို့ဘာသာဆို မဖြစ်နိုင်ဘူး ”
“ဘာလို့လဲ” တစ်ယောက်က မေးလိုက်သည်။
“ မင်းတို့တွေ ကမ္ဘာ့အသိုက်အဝန်းတစ်ခုကနေ တစ်ခုဆီ ကူးဖို့ လွယ်ကူတယ်များ ထင်နေလား။ အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူတောင် ကမ္ဘာ့အသိုက်အဝန်းတစ်ခုက တစ်ခုဆီ ကူးနေရင်း သူတို့တစ်ဘဝလုံး ကုန်ဆုံးသွားနိင်တယ်
မဟာဧကရာဇ်တွေနဲ့ မူလအသုံးအဆောင်ပစ္စည်းတချို့ကပဲ ဒီလိုစွမ်းရည် ရှိကြတာ … သူတို့ကလည်း အားကောင်းတဲ့ ဧကရာဇ်မျိုးနွယ် လက်ထဲမှာ။ ပြီးတော့ သူတို့ကို အသက်သွင်းဖို့ တန်ကြေးကို မပြောရသေးဘူး။ ငါတို့က ခိုးကြောင်ခိုးဝှက်လည်း လုပ်ရဦးမှာ” ကျားနက်မျိုးနွယ် ခေါင်းဆောင်က ဝင်ပြောလိုက်သည်။
“ အဲဆိုတော့ ခင်ဗျားတို့က ဘာပြောချင်တာလဲ” နောက်တစ်ယောက်က ထပ်မေးလိုက်သည်။
“ငါတို့နတ်ဆိုးမျိုးနွယ်မှာ တခြားကမ္ဘာ့အသိုက်အဝန်းဆီ သွားနိုင်မဲ့ အသုံးအဆောင် မရှိဘူး။ အတိအကျပြောရရင်တော့ အဲဒါတွေက လူသားမျိုးနွယ်တွေ၊ စိတ်ဝိညာဉ်မျိုးနွယ်လက်ထဲ အခိုးခံလိုက်ရတာမျိုး ဒါမှမဟုတ် ဖျက်ဆီးခံလိုက်ရတာမျိုးချည်းပဲ” ရွှေငှက်ကြီး မျိုးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။
“အဲဆိုတော့ ရွှေကျီးမျိုးနွယ်မှာ အဲဒီအသုံးအဆောင်တစ်ခုရှိတယ်လို့ ပြောနေတာလား ”
“ဟုတ်တယ် … အတိအကျပြောရရင်တော့ ပစ္စည်းပျက်ပေါ့။ ဒါပေမဲ့ တန်ကြေးသာ ပေးနိုင်ရင် ကောင်းကောင်းအလုပ်ဖြစ်နိုင်တယ်” ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က ပြောလိုက်သည်။
ခေါင်းဆောင်အားလုံးက ထိုပြဿနာကို စတင်စဉ်းစားလာကြသည်။ သူတို့က ရွှေကျီးမျိုးနွယ်၏ အကူအညီကို လိုအပ်လျှင်ပင် သူတို့ကို မကြိုက်သည့်အချက်က မပြောင်းလဲသွားပေ။
“ခဏ …” ဒေါင်းမျိုးနွယ် ခေါင်းဆောင်က ရုတ်တရက် မေးလိုက်သည် “ရွှေကျီးမျိုးနွယ်က သူတို့ဧကရာဇ်မျိုးရိုးကို နိုးထစေလိုက်ပြီဆို … ငါတို့ကို ကူညီဖို့ မပြောနဲ့ဦး … သူတို့က ငါတို့အပေါ် သစ္စာမဖောက်ပါဘူးလို့ ဘယ်လိုသေချာအောင် လုပ်ကြမလဲ”
“သူတို့က ကူညီဖို့ ငြင်းဆန်ရင် သူတို့ကို ဧကရာဇ်တာအိုစစ်ပွဲနဲ့ ခြိမ်းခြောက်မယ်။ ငါတို့ကို သစ္စာဖောက်ဖို့ ထည့်မပြောနဲ့တော့” ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က တည်တည်ငြိမ်ငြိမ် ဖြေလိုက်သည်။
ထို့နောက် အစည်းအဝေးမတိုင်ခင် ထိုအကြောင်း မသိခဲ့ကြသည့် ကျန်ခေါင်းဆောင်များက ပင့်သက်ရှိုက်လိုက်ကြသည်။
ဧကရာဇ်တာအိုစစ်ပွဲက ဧကရာဇ်မျိုးနွယ်နှစ်ခု တစ်ခု မပျက်သုန်းမချင်း တိုက်ခိုက်ကြသည့် စစ်ပွဲ ဖြစ်ပေသည်။ ထိုအခါ သူတို့က တိုက်ခိုက်ရန်အတွက် ထာဝရအရှင်များနှင့် တာအိုဘိုးဘေးများကို နှိုးရလိမ့်မည်။
သူတို့အနေနှင့် ရွှေကျီးမျိုးနွယ်ကို ရင်ဆိုင်ဖို့ သူတို့မျိုးနွယ်၏ အုတ်မြစ်ကို လောင်းကြေးထပ်ရမည်။ ယခု ထိုမျိုးနွယ်ကွဲအားလုံး ပေါင်းစပ်လိုက်သည့်အခါ လွယ်ကူသည့် စစ်ပွဲတစ်ခု ဖြစ်သွားသင့်သည်ဟု တွေးမိကြလိမ့်မည်။ သို့သော်လည်း အခန်းထဲရှိ ခေါင်းဆောင်များက ဒီလိုမဟုတ်ကြောင်း သေချာသိထားသည်။ တော်ဝင်နတ်ဆိုးမျိုးနွယ်အများစုက နှစ်များစွာတစ်လျှောက် အတော်လေး အားနည်းလာကြသောကြောင့် သူတို့အုတ်မြစ်သည်လည်း အားလျော့လာသည်။ ထိုစဉ် ရွှေကျီးမျိုးနွယ်က အသင်္ချေအင်ပါယာကမ္ဘာအတွင်း ပဋိပက္ခများအဝေးတွင် နေထိုင်သောကြောင့် သူတို့၏ တစ်ဦးတည်းသော ပြိုင်ဘက်မှာ သမ္မာဓိအစစ်အမှန်မီးလျှံဂိုဏ်းသာ ဖြစ်၏။ သို့သော် သူတို့က ယန်မိသားစု ပေါ်ထွက်မလာခင်အထိ နှစ်များစွာ ငြိမ်းချမ်းရေးရနေခဲ့ကြသည်။ ယခုတွင် သူတို့က ပြန်လည်တိုက်ခိုက်နေရပြန်သည်။
ထို့ကြောင့် ဧကရာဇ်တာအိုစစ်ပွဲက အဖွဲ့နှစ်ခုကြား ဆုံးဖြတ်ဖို့ လွယ်ကူမည် မဟုတ်ပေ။
“လူသားမျိုးနွယ်က ဒီစစ်ပွဲ ဖြစ်လာတာကို ခွင့်ပြုပါ့မလား” ခေါင်းဆောင်တစ်ယောက်က မေးလိုက်သည်။ ထိုလူများအတွက် ဧကရာဇ်တာအိုစစ်ပွဲ အတွေးက ဖြုံလောက်စရာ မဟုတ်တော့ပေ။
နတ်ဆိုးတော်ဝင်ခုံရုံး ဆိုသည်မှာ အားကောင်းသည့် နတ်ဆိုးမျိုးနွယ်များ၏ မဟာမိတ် နာမည် ဖြစ်၏။ သူတို့က မျှော်လင့်ချက် မြင်သည်နှင့် ဘာမဆိုလုပ်ကြမည့်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ရည်မှန်းချက်ကို အောင်မြင်ဖို့ စစ်ပွဲကြီးစတင်ရမည်ဆိုလျှင်ပင် လုပ်ကြမည့်သူများ ဖြစ်ပေသည်။
“လူသားတွေက သူတို့အပေါ် သက်ရောက်မှုမရှိရင် ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့က ငါတို့အချင်းချင်း ပြန်တိုက်နေတာ မြင်ရရင် ပိုတောင်ပျော်နေကြဦးမှာ” ရွှေငှက်ကြီး မျိုးနွယ်ခေါင်းဆောင်က အေးစက်စက် ပြောလိုက်သည်။
“ အနောက်ပိုင်းက မိစ္ဆာကျင့်ကြံသူတွေကလည်း ပျော်ပျော်ကြီး ဝင်ပါကြမှာပဲ။ သားရဲမွေးမြူရေးတောင်ကြားလည်း အပါအဝင်ပဲ …” တိုက်ပွဲဝင် လူဝံမျိုးနွယ်ခေါင်းဆောင်က ပြောလိုက်သည်။
“ ရှင်တို့အားလုံး တစ်ခုခုတော့ လွဲနေသလိုပဲ။ ကျွန်မတို့က ရွှေကျီးမျိုးနွယ်နဲ့ တကယ်စစ်ပွဲ ဖြစ်မှာ မဟုတ်ဘဲနဲ့ သူတို့ကို ခြိမ်းခြောက်ရုံပဲမလား” ဒေါင်းမျိုးနွယ်က ရွှေခြင်္သေ့မျိုးနွယ်ခေါင်းဆောင်၊ ရွှေငှက်ကြီးမျိုးနွယ် ခေါင်းဆောင်နှင့် ကျားနက်မျိုးနွယ် ခေါင်းဆောင်ကို ကြည့်ရင်း မေးလိုက်သည်။
“ မင်းပြောတာ တစ်စိတ်တစ်ပိုင်း မှန်တယ်” ကျားနက်မျိုးနွယ် ခေါင်းဆောင်က ဖြေလိုက်သည် “တကယ်လို့ အခြေအနေတွေက ငါတို့မှန်းထားတာထက် ကျော်လွန်သွားရင် တကယ့်ဧကရာဇ်တာအိုစစ်ပွဲ စတင်ဖို့ စိတ်ထဲပြင်ထားရမယ်”
အခန်းအတွင်း ထိုလူများက သူတို့အင်အားစုဆီ သက်ရောက်လာနိုင်ခြေရှိသည့် ဂယက်ရိုက်မှုအားလုံးကို စဉ်းစားရင်း မှုန်မှိုင်းမှိုင်း ဖြစ်လာကြသည်။ ထို့နောက် တစ်ယောက်က ပြောလိုက်သည် “ ငါတို့အမြဲလုပ်သလို မဲပေးဆုံးဖြတ်ကြတာပေါ့။ မျိုးနွယ်ခေါင်းဆောင် တစ်ယောက်ချင်းစီက မဲတစ်မဲစီ ရမယ်။ ခေါင်းဆောင်ကြီး လေးယောက်က မဲနှစ်ခုစီ ရမယ် ”
ထို့နောက် မဲပေးစနစ် စတင်လိုက်သည်။ ခေါင်းဆောင်ကြီး လေးယောက်ဆိုသည်မှာ ရွှေခြင်္သေ့မျိုးနွယ်၊ ရွှေငှက်ကြီးမျိုးနွယ်။ ကျားနက်မျိုးနွယ်နှင့် တိုက်ပွဲဝင် လူဝံကြီးမျိုးနွယ်တို့ကို ဆိုလိုလေသည်။
တကယ်တော့ ထိုမျိုးနွယ်အများစုကလည်း ရွှေကျီးမျိုးနွယ်နှင့် ပတ်သက်ဖို့ရာ မဲပေးလိုက်ကြပြီး တချို့ကသာ ကိုယ်ပိုင်အကြောင်းပြချက်ကြောင့်သော်လည်းကောင်း၊ အမုန်းတရားကြောင့်သော်လည်းကောင်း ဧကရာဇ်တာအိုစစ်ပွဲ၌ ပါဝင်မဆင်နွဲလိုကြပေ။
အများစုက ဆုံးဖြတ်ပေးထား၍ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားလေသည်။ သို့သော်လည်း လူတစ်ယောက်က ထိုအခြေအနေကို တစ်ခုထပ်ပြောလိုက်သည်။
“ရွှေကျီးမျိုးနွယ်ကို သူတို့ဧကရာဇ်မျိုးရိုးနဲ့ ငါတို့ကြား လက်ထပ်ပွဲ မဟာမိတ် တောင်းဆိုလိုက်တာ ပိုမကောင်းဘူးလား“
“သူ့သွေးမျိုးရိုးက တော်ဝင်မှုအရ သူမထက် မနိမ့်ကျဘူး။ အဲဒါကြောင့် ပြီးပြည့်စုံတဲ့ စုံတွဲ ဖြစ်လာလိမ့်မယ်။ တကယ်လို့ သူတို့မှာ မျိုးဆက်ရှိလာရင် အဲဒီသွေးမျိုးဆက်က ဘယ်လောက်တောင် အားကောင်းနေလိုက်မလဲ” ခေါင်းဆောင်တစ်ယောက်က ပြောလိုက်သည်။
“ ငါတို့ အဲဒီအကြောင်း အဆိုပြုကြည့်ကြတာပေါ့။ ဒါပေမဲ့ မျှော်လင့်ချက်ကြီးကြီးထားလို့တော့ မဖြစ်ဘူး” ရွှေခြင်္သေ့မျိုးနွယ် ခေါင်းဆောင်က ဖြေလိုက်သည်။
“ဘာလို့လဲ “
“ဧကရာဇ်မျိုးရိုးက အထွတ်အထိပ်နယ်ပယ်အဆင့် ရောက်နေပြီဆိုတော့ သူမ မလုပ်ချင်တဲ့အရာကို ဘယ်သူမှ အတင်းဖိအားပေးနိုင်မှာ မဟုတ်ဘူး ”
“ကောင်းပြီလေ … ငါတို့ သူမရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ကြတာပေါ့”