သရော်လှောင်ပြောင်ခြင်း
Vol. 11 Ch. 106
“ပြေးကြ ”
“ကြယ်သုံးပွင့်အဆင့်ရှိတဲ့ မိစ္ဆာဘုရင်ပဲ ၊ အမြန်ပြေးကြ ”
ဤအခိုက်အတန့်၌ လူတိုင်း၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားရတော့သည်။ ဤမျှအထိ အစွမ်းထက်သော မိစ္ဆာဘုရင်တစ်ကောင် ဤနေရာ၌ ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။
“မိုးကြိုးလက်သီး ၊”
သို့သော်လည်း ထိုစဉ် လူအုပ်ကြားမှနေ၍ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာ၏။ တစ်ခဏချင်းအတွင်းမှာပင် ကောင်းကင်ဘုံ မိုးကြိုးတစ်ခုမှာ ဧရာမ မိုးကြိုးလက်သီးတော်အဖြစ် ပြောင်းလဲသွားပြီး ၊ ခေါင်းနှစ်လုံး နှင်းဝံပုလွေဘုရင်၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။
“ဝုန်း... ဝုန်း... ဝုန်း... ”
မြေကမ္ဘာတစ်ခုလုံး တုန်ဟိန်းသွားစေသော မြည်ဟည်းသံကြီးနှင့်အတူ ၊ ခေါင်းနှစ်လုံး နှင်းဝံပုလွေဘုရင်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ အဝေးသို့ လွင့်စင်သွား၏။
“ဟိန်း... ”
နာကျင်စွာ အော်ဟစ်သံကြီးမှာ ကောင်းကင်နှင့် မြေပြင်အနှံ့ ပဲ့တင်ထပ်သွား၏။
“ဒုန်း... ”
နောက်ဆုံးတွင်မူ ခေါင်းနှစ်လုံး နှင်းဝံပုလွေဘုရင်သည် မီတာရာချီဝေးသော တောင်ခြေတစ်ခုသို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။ ထိုအခါ ဝံပုလွေဘုရင်၏ ရင်ဘတ်၌ မဲမှောင်နေသော ဧရာမ အပေါက်ကြီးတစ်ခုမှာ မီးလောင်ကျွမ်းထားသည့်အလား ပေါ်ထွက်နေ၏။ သို့သော်လည်း ၎င်းသည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း သေဆုံးခြင်းမရှိသေးပေ။
“ဒီသတ္တဝါကို ငါကိုင်တွယ်မယ် ၊ ကျန်တာတွေကိုတော့ မင်းတို့ပဲ တာဝန်ယူလိုက်ကြတော့ ”
လူအုပ်ကြားမှနေ၍ နတ်ဘုရားတစ်ပါးအလား မိုးကြိုးလှိုင်းများ ဝန်းရံထားသော ရှီးကျန့် သည် ကောင်းကင်ယံသို့ တိုက်ရိုက် ပျံတက်သွားပြီး ဝံပုလွေဘုရင်ထံသို့ ဦးတည်သွားတော့သည်။
“ရှီးကျန့်ကတော့ တကယ်ကို နာမည်နဲ့လိုက်အောင် ကောင်းကင်ဘုံ မိုးကြိုးကို ထိန်းချုပ်နိုင်တဲ့ ထူးကဲပါရမီရှင်ပဲ ၊ ကြယ်သုံးပွင့်အဆင့် မိစ္ဆာဘုရင်ကိုတောင် တစ်ကွက်တည်းနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်တယ် ”
“ဟုတ်ပါရဲ့... ဒီလောက်အစွမ်းထက်တဲ့ စွမ်းအားမျိုးနဲ့ဆိုရင် သူက ကောင်းကင်အရှင်သခင်တွေရဲ့ အဆင့်မှာတောင် ပါဝင်နေပြီမဟုတ်လား ”
“တော်သေးတာပေါ့ ၊ ဒီမိစ္ဆာဘုရင် မရှိတော့ဘူးဆိုရင် ကျန်တဲ့အကောင်တွေကို ရှင်းရတာ ပိုပြီး လွယ်ကူသွားမှာ ”
ဤမြင်ကွင်းကို ကြည့်ရင်း လူတိုင်းမှာ သက်ပြင်းချနိုင်ကြတော့သည်။ အချို့မှာလည်း စိတ်အေးသွားသည့် လေသံများဖြင့် ပြောဆိုနေကြ၏။
“ဟွန့်... ကိုယ့်ကိုယ်ကိုယ် ထူးကဲပါရမီရှင်လို့ ပြောနေပြီးတော့ ၊ အချို့လူတွေကျတော့ ဘာလို့ ငြိမ်ပြီး ရပ်ကြည့်နေရတာလဲ ၊ လှုပ်တောင်မလှုပ်ဘူး ၊ ကြည့်ရတာ သူတို့မှာ တိုက်ခိုက်ရဲတဲ့ သတ္တိတောင် မရှိဘူး ထင်တယ် ”
ထိုစဉ် အနီးနားရှိ ယွင်ရှောင် သည် မနေနိုင်ဘဲ တိုးညှင်းသော လေသံဖြင့် တစ်ဖန် သရော်လိုက်ပြန်တော့သည်။ သူ ရည်ညွှန်းနေသည်မှာ ဘေးနားတွင် အသာအယာ ရပ်ကြည့်နေသော လင်းရန်ယန် ကိုပင် ဖြစ်၏။
သူ၏ အသံမှာ အလွန်တိုးညှင်းသော်လည်း ၊ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အစွမ်းထက်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဖြစ်ရာ ထိုစကားကို ရှင်းလင်းစွာ ကြားလိုက်ရတော့သည်။ ဤစကား ထွက်ပေါ်လာသည်နှင့် လူတိုင်းမှာ မျက်မှောင်ကြုတ်သွားကြရ၏။
အကုန်းလုံးမှာ ဤယွင်ရှောင်မှာ တကယ်ပဲ လူအလား ၊ ဒါမှမဟုတ် သေချင်နေတာလား ဟုပင်တွေးလိုက်မိကြတော့သည်။ ဤကဲ့သို့သော တိုက်ပွဲကြီးအတွင်း၌ အကယ်၍ လင်းရန်ယန်ကသာ အလိုရှိပါက ၊ သူ့ကို သတ်ပစ်လိုက်လျှင်ပင် မည်သူမျှ အကြောင်းပြချက် ရှာနိုင်မည် မဟုတ်ပေ။
“ယွင်ရှောင်... မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့ ”
သူ၏ဂိုဏ်းမှ ကောင်းကင်အရှင်သခင်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သော အတွင်းစည်း အကြီးအကဲကြီးပင်လျှင် အလျင်အမြန်ပင် ဟောက်လိုက်၏။
“ကျွန်တော်က ဘာကို လျှောက်ပြောလို့လဲ ၊ ငါတို့က ဒီမှာ မိစ္ဆာသားရဲတွေကို အသက်နဲ့လဲပြီး တိုက်နေရတာကို ၊ သူကတော့ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေတာလေ ၊ ကြည့်ရတာ သူက သေမှာကို ကြောက်နေတာ မဟုတ်ဘူးလား ”
အတွင်းစည်း အကြီးအကဲကြီးက လူအများရှေ့တွင် သူ့ကို ဆူပူလိုက်သည်ကို ကြားသောအခါ ၊ ယွင်ရှောင်မှာ မကျေမနပ်ဖြင့် ပြန်လည် အော်ဟစ်လိုက်တော့သည်။
“—တကယ်ကို အဓိပ္ပာယ်မရှိတာပဲ ၊ ငါ့ရဲ့ ဂိုဏ်းတူညီလေးက နောက်ထပ် ပေါ်လာနိုင်တဲ့ မိစ္ဆာဘုရင်တွေကို သတိထားပြီး စောင့်ကြည့်နေတာ ၊ အကယ်၍ နောက်ထပ် မိစ္ဆာဘုရင်တစ်ကောင် ထပ်ပေါ်လာရင် မင်းက သွားသတ်မှာလား ”
လင်းရန်ယန်ကို တစ်ပါးသူက စွပ်စွဲပုတ်ခတ်နေသည်ကို ကြားသောအခါ ၊ အောင်းထျန်းလုံသည် ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြန်လည် တုံ့ပြန်လိုက်၏။
“ဟွန့်... မင်းတို့ကတော့ လိုရာဆွဲပြောမှာပဲ ၊ အကယ်၍ တကယ်ပဲ မိစ္ဆာဘုရင် ထပ်ပေါ်လာရင်တောင် သူ တိုက်ရဲပါ့မလား ဆိုတာ ဘယ်သူသိမှာလဲ ”
ယွင်ရှောင်မှာ အခြားသူများ၏ လျစ်လျူရှုမှုကို ခံနေရသော်လည်း ၊ ဇွဲမလျှော့ဘဲ ဆက်လက် ရန်စနေတော့သည်။ သူသည် လင်းရန်ယန်က သူ့ကို သတ်လုနီးပါး ဖြစ်ခဲ့သော ဖြစ်ရပ်ကိုပင် မေ့လျော့နေသည့် ပုံပေါ်၏။
သူ၏စကားကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ဤလူသည် တကယ်ပင် ငတုံး တစ်ယောက်ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်သွားကြတော့သည်။ ရှူရှန်းဓားဂိုဏ်းက ဤကဲ့သို့သော လူအမျိုးအစားကို မွေးထုတ်ပေးလိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြချေ။
“ဒီလူကတော့ တကယ်ကို စိတ်အနှောင့်အယှက် ပေးလွန်းတယ် ၊ သတ်ပစ်လိုက်တာကမှ အေးဦးမယ် ”
နောက်ဆုံး၌ အမြဲတမ်း စိတ်ရှည်တတ်သော လင်းရန်ယန်ပင်လျှင် ဒေါသထွက်သွားရတော့သည်။ သူသည် မိမိဘာသာ အေးအေးဆေးဆေး နေနေပါလျက် ၊ စကားတစ်လုံးမျှ မပြောပါဘဲနှင့် လာရောက် ရန်စနေသော လူမျိုးကို မသတ်ဘဲ နှစ်သစ်ကူးအထိ မစောင့်ကြည့်နေနိုင်ပေ။
ထိုသို့ တွေးလိုက်သည်နှင့် သူသည် ယွင်ရှောင်ကို တိုက်ရိုက် စိုက်ကြည့်လိုက်တော့သည်။ တစ်ခဏချင်းအတွင်းမှာပင် သူ၏ မျက်လုံးများအတွင်းမှနေ၍ ကြီးကျယ်သော စိတ်စွမ်းအင် များမှာ ရေလွှမ်းမိုးသည့်အလား ပေါက်ကွဲထွက်လာ၏။
“ဝုန်း... ”
ယွင်ရှောင်၏ စိတ်အာရုံအတွင်း၌ မိုးကြိုးပစ်သည့်အလား ပေါက်ကွဲသံကြီး ထွက်ပေါ်သွားတော့သည်။ သူ၏ ဝိညာဉ်မှာ တစ်ခဏချင်းအတွင်း ချေမှုန်းခံလိုက်ရ၏။
“ဒုန်း... ”
နောက်တစ်ခဏ၌ ရှူရှန်းဂိုဏ်း၏ နှစ်ပေါင်းငါးရာအတွင်း နံပါတ်တစ် ဓားပါရမီရှင်ဟု တင်စားခံထားရသော ထိုလူငယ်မှာ မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားတော့သည်။
“ယွင်ရှောင်... ”
“တူလေး... ”
“ဘာဖြစ်တာလဲ ”
ရုတ်တရက် ဖြစ်ပျက်သွားသော ဤအခြေအနေကြောင့် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြ၏။ အထူးသဖြင့် ရှူရှန်းဓားဂိုဏ်းမှ ပညာရှင်ကြီးများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြေးဝင်သွားကြတော့သည်။
“သူ... သူ သေသွားပြီလား ”
ခဏမျှ စစ်ဆေးကြည့်ပြီးနောက် ၊ အသက်ကြီးပိုင်း ပညာရှင်ကြီးတစ်ဦးက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။
“ဝုန်း... ”
သူ စကားပြောလိုက်သည်နှင့် လူတိုင်း၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။ လင်းရန်ယန်က တကယ်ပဲ တစ်ချက်တည်းနှင့် အသက်ကိုပါ နှုတ်ယူလိုက်သည် ဟူသောအချက်မှာ ထိန်တန်းအကြီးအကဲများ ကိုတောင် နေရာမှာတင် မှင်သက်သွားစေနိုင်၏။ သူတို့၏ အမြင်တွင် ယွင်ရှောင်မှာ နှုတ်ကြမ်းသည်ဆိုသော်လည်း ၊ သေဒဏ်ပေးလောက်သည်အထိတော့ မဟုတ်ပေ။
“ဂိုဏ်းတူညီလေး... မင်း လုပ်လိုက်တာလား ”
အောင်းထျန်းလုံပင်လျှင် မှင်တက်သွားရပါတော့သည်။
“မဟုတ်ကဟုတ်ကတွေ မပြောပါနဲ့ ၊ ကျွန်တော်က လှုပ်တောင် မလှုပ်ရသေးတာကို ဘယ်လိုလုပ် ကျွန်တော်ဖြစ်မှာလဲ ၊ သူကိုယ်တိုင်ပဲ ပြောသွားတာလေ ၊ ကျွန်တော့်လိုလူက ဘယ်သူ့ကိုမှ လက်ဖျားနဲ့တောင် ထိရဲတဲ့ သတ္တိမရှိပါဘူးဆိုတာ ”
လင်းရန်ယန်က ဘာမျှမသိသည့်အလား ငြင်းဆိုလိုက်၏။
သူ၏စကားကြောင့် လူတိုင်းမှာ ပြောစရာစကားမဲ့သွားရတော့သည်။ လင်းရန်ယန်မှာ လူသတ်သမားဖြစ်ကြောင်း လူတိုင်းက ရာနှုန်းပြည့်နီးပါး သေချာနေသော်လည်း ၊ သက်သေမရှိဘဲ မည်သူက သူ့ကို ပြန်လည် မေးခွန်းထုတ်ရဲမည်နည်း။ အမှန်စင်စစ် လူတစ်ယောက်ကို သတ်ရဲသောသူသည် အခြားလူတစ်ယောက်ကို ထပ်သတ်ရန်လည်း ဝန်လေးနေမည် မဟုတ်ချေ။
“ဝူး... ”
သို့သော်လည်း ဤအခိုက်အတန့်၌ မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့သည်။ ဝံပုလွေ ဟိန်းသံတစ်ခုနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်လှိုင်း တစ်ခုမှာ လူတိုင်းကို တိုက်ရိုက် တိုက်ခိုက်လိုက်၏။
တစ်ခဏချင်းအတွင်းမှာပင် လူတိုင်း၏ ဝိညာဉ်များမှာ သေမတတ် နာကျင်မှုကို ခံစားလိုက်ရတော့သည်။
“အား... ”
“ငါ့ခေါင်း... ငါ့ခေါင်း ကွဲတော့မယ် ”
“မကောင်းတော့ဘူး... ဒါက ဝိညာဉ်တိုက်ကွက်ပဲ ”
“မိစ္ဆာဘုရင်အဆင့်ရှိတဲ့ ဝိညာဉ်တိုက်ကွက်ပဲ ၊ ဒါဆိုရင် စောစောက ယွင်ရှောင်က မိစ္ဆာဘုရင်ရဲ့ သတ်တာကို ခံလိုက်ရတာပေါ့ ”
ခဏချင်းအတွင်းမှာပင် လူတိုင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး နာကျင်စွာ လူးလိမ့်နေကြတော့သည်။
“ဝူး... ”
ကံကောင်းစွာဖြင့် ဤအခိုက်အတန့်၌ မမြင်ရသော စိတ်စွမ်းအင်လှိုင်းတစ်ခုမှာ လင်းရန်ယန်၏ ပတ်ဝန်းကျင်မှနေ၍ ပွင့်လန်းလာပြီး ရောက်ရှိနေသူ အားလုံးကို လွှမ်းခြုံပေးလိုက်၏။ ထိုအခါမှသာ နာကျင်မှုများမှာ ပျောက်ကွယ်သွားတော့သည်။
“နောက်ဆုံးတော့ အကောင်ကြီးတစ်ကောင် ရောက်လာပြီပေါ့ ”
လင်းရန်ယန်သည် မလှမ်းမကမ်းရှိ တောင်ခြေသို့ တိုက်ရိုက် စိုက်ကြည့်လိုက်၏။ တစ်ဖက်တွင်မူ ရှီးကျန့်သည် ခေါင်းနှစ်လုံး နှင်းဝံပုလွေဘုရင်ကို မြေပြင်ပေါ်၌ ဖိနှိပ်ထားပြီး ပြင်းထန်စွာ တိုက်ခိုက်နေဆဲ ဖြစ်သည်။
“ဝုန်း... ဝုန်း... ဝုန်း... ”
ကောင်းကင်ဘုံ မိုးကြိုးများမှာ ခေါင်းနှစ်လုံး နှင်းဝံပုလွေဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေ၏။
“ဟိန်း... ”
“ဟိန်း... ”
နာကျင်စွာ အော်ဟစ်သံများမှာ ချိုင့်ဝှမ်းတစ်ခုလုံး ပဲ့တင်ထပ်နေတော့သည်။
“ဝုန်း... ”
သို့သော်လည်း ထိုစဉ် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်တိုက်ကွက်တစ်ခုမှာ ရှီးကျန့်၏ စိတ်အာရုံအတွင်းသို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်၏။
“အား... ဒေါသထွက်စရာပဲ ၊ ဒါ ဘာဖြစ်တာလဲ ”
ပြင်းထန်လှသော နာကျင်မှုကြောင့် ရှီးကျန့်မှာ မြေပြင်ပေါ်သို့ နာကျင်စွာ လဲကျသွားရတော့သည်။ အမှန်စင်စစ် ထိုဝိညာဉ်တိုက်ကွက်၏ အဓိက ပစ်မှတ်မှာ ရှီးကျန့်ဖြစ်ပြီး ၊ အောင်းထျန်းလုံနှင့် အခြားသူများမှာမူ ထိုတိုက်ကွက်၏ ဘေးထွက်ဆိုးကျိုးကိုသာ ခံစားခဲ့ရခြင်း ဖြစ်၏။
သေချာပေါက် အကယ်၍ ထိုတိုက်ကွက်၏ အဓိက ပစ်မှတ်မှာ အောင်းထျန်းလုံတို့သာ ဖြစ်ပြီး ၊ လင်းရန်ယန်သာ ဝင်ရောက် မကာကွယ်ပေးခဲ့လျှင် လူတိုင်းမှာ တစ်ခဏချင်းအတွင်း သေဆုံးသွားကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။
“ဟိန်း... ”
ရှီးကျန့် မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်သောအခါ ၊ ခေါင်းနှစ်လုံး နှင်းဝံပုလွေဘုရင်မှာ အခွင့်အရေးကို အရယူလျက် ရှီးကျန့်၏ လက်မောင်းကို ကိုက်ခဲလိုက်၏။ ၎င်း၏ အခြားသော ခေါင်းတစ်ခုမှာမူ ရှီးကျန့်၏ ခါးကို တိုက်ရိုက် ကိုက်ခဲလိုက်တော့သည်။
“ရှပ်... ”
တစ်ခဏချင်းအတွင်း သွေးများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွား၏။ ပြင်းထန်လှသော နာကျင်မှုကြောင့် ရှီးကျန့်မှာ သတိပြန်ဝင်လာတော့သည်။
“မိစ္ဆာသတ္တဝါ... မင်းက သေချင်နေတာပဲ ၊ မိုးကြိုးလက်သီး ”