အရာအားလုံး အဆင်သင့်ဖြစ်ပြီ
Vol. 15 Ch. 209.2
အခန်း(၂၀၉.၂) : အရာအားလုံး အဆင်သင့်ဖြစ်ပြီ
တာအိုအခွင့်အလမ်းဂိုဏ်း၊ ထျန်းဝေတောင်ထိပ်
ဂိုဏ်းချုပ်ဝမ်ထျန်းက နဂါးစင်စစ် တည်းခိုဆောင်၌ ဖြစ်ခဲ့သမျှ အကြောင်းအရာအားလုံး ပါဝင်သည့် တင်ပြချက်ကို ရရှိပြီးလေပြီ။ သူက ထိုအချက်အလက်များကို ဖတ်လိုက်ပြီးနောက် သူ့ဘာသာ ရေရွတ်လိုက်၏။
“တကယ်ကို ငါ့သားပဲ … သူက ဒီလိုမျိုး လွှမ်းမိုးတတ်တဲ့ စိတ်ဓာတ်မျိုး ရှိရမယ်လေ”
ထို့နောက် သူက အဆောင်စာရွက်များမှတဆင့် လှမ်းပို့ထားသော အချက်အလက်များကို ဆက်ဖတ်လိုက်ပြီးနောက် ပြောလိုက်သည် “အရိပ် ”
“ဟုတ် ဂိုဏ်းချုပ် ”
“ ဝူဟုန်နဲ့ ပတ်သက်သမျှအရာအားလုံး စုဆောင်းခဲ့ … တစ်ခုမှ မကျန်ခဲ့စေနဲ့”
“အမိန့်အတိုင်းပါ ”
………….
ကောင်းကင်ကောင်းချီးနယ်မြေ၊ ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတောင်၌
ကျောင်းအုပ်နှင့် ဆရာအားလုံးက နဂါးစင်စစ် တည်းခိုဆောင်တွင် ဖြစ်ခဲ့သည့် အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးရန်နှင့် ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူ စစ်ဆေးမှုအတွက် ပြင်ဆင်ရန်အတွက် အစည်းအဝေးကျင်းပနေကြသည်။
“ကုန်သွယ်ရေးအဖွဲ့အစည်းက ရှီရှစ်ရဲ့ တာအိုလက်တွဲဖော်အတွက် လင်းဖန်ကို ရွေးလိုက်ပြီဆိုတဲ့အကြောင်း အကြောင်းကြားလာတယ်” ကျောင်းအုပ်ပိုင်ဟန်က အစည်းအဝေး စတင်ဖို့ ပြောလိုက်သည်။
“ဒီလောက်တောင် မြန်တယ်လား” ဆရာတစ်ယောက်က မေးလိုက်၏။
“ ဟုတ်တယ်။ သူတို့က ငါတို့ရဲ့ မဟာမိတ်ကို ပိုအားကောင်းလာစေချင်တယ်။ ငါတို့ သူတို့ဆီ လျို့ဝှက်ပေးထားတဲ့ သတင်းအချက်အလက်ပါ ထည့်ပေါင်းလိုက်ရင် နှစ်ဖက်လုံးအတွက် အကောင်းဆုံးရလဒ်ပဲလေ” ပိုင်ဟန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“အခု ငါတို့ အစည်းအဝေးအကြောင်း ပြောရအောင် … အထွတ်အထိပ်ဆရာ ချိုးကျင်းက အဲဒီနေရာမှာ ရှိနေခဲ့တယ်ဆိုတော့ ဘယ်လိုထင်လဲ”
အခန်းထဲက လူအားလုံးက လင်းဖန်၏ ဆရာတစ်ဖြစ်လည်း တာအိုကာကွယ်သူလည်း ဖြစ်သည့် ချိုးကျင်းအား လှည့်ကြည့်လိုက်ကြသည်။ သူက လင်းဖန်နှင့် အလွှာနိမ့်ကတည်းက အတူတူရှိခဲ့သူ ဖြစ်ပြီး ယခင် တွေ့ဆုံပွဲတွင်လည်း ပါဝင်ခဲ့သည်။
သူ့အတွေးများကို စီလိုက်ပြီးနောက် ဝမ်ဝေ့အပေါ် သူ့သုံးသပ်ချက်ကို ရှင်းပြလိုက်သည်။
“သူက ကျန်တဲ့လူတွေနဲ့ မတူဘူး။ သူရဲ့ တွေးခေါ်ပုံတွေ၊ အတွေးအမြင်တွေက မမီနိုင်လောက်အောင် ကြီးကျယ်လွန်းနေတယ်။ သူ့ရဲ့ ယုံကြည်ချက်အကြောင်း ထည့်မပြောရသေးဘူး။ အဲဒီတွေ့ဆုံပွဲမှာ မြင်ရသလောက် သူက မဟာဧကရာဇ် ဖြစ်လာပြီးရင် ဘာလုပ်ရမယ်ဆိုတာကို တွေးပြီးနေပြီ။ သူက အဲဒီအတွက်လည်း အစီအစဉ်တွေ ချမှတ်ထားပြီးတာ ဖြစ်နေနိုင်တယ်”
“အဲဒါ ဘဝင်မြင့်လွန်းတာ မဟုတ်ဘူးလား” ဆရာမတစ်ယောက်က မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
ချိုးကျင်းက မေးခွန်းမေးလိုက်သူအား ကြည့်လိုက်ကာ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ အဲဒီနှစ်ခုကြား မျဉ်းက ဝေဝါးပြီးတော့ လူတစ်ယောက်ရဲ့ အောင်မြင်မှုပေါ် မူတည်နေတယ်။ တကယ်လို့ အမွေခံသားတော်သာ ဒီမျိုးဆက်မှာ တာအိုသက်သေပြသွားနိုင်ခဲ့ရင် သူက ယုံကြည်ချက်ရှိတဲ့လူ ဖြစ်ပြီးတော့ ကျရှုံးသွားခဲ့ရင် ဘဝင်မြင့်နေတယ်ပေါ့။
ဘယ်လိုဖြစ်ဖြစ်ပါ သူ့အတွေးအခေါ်တွေက တခြားကောင်းကင်ရွေးချယ်ခံတွေထက် သာလွန်နေတာ အမှန်ပဲ။ အထူးသဖြင့် အလွှာနိမ့်က ဆိုပြီး နောက်ခံနိမ့်ကျတယ်လို့ တွေးပြီး ယုံကြည်ချက်နည်းနေတဲ့ ဖန်းအာနဲ့ ယှဉ်လိုက်ရင်ပေါ့ … ”
အားလုံးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ကျောင်းအုပ်ပိုင်ဟန်က မေးလိုက်သည် “သူ့အင်အားကရော ဘယ်လိုလဲ။ သူ့ပါရမီအကြောင်း စုံစမ်းလို့ ရခဲ့သေးလား ”
ချိုးကျင်းကို လင်းဖန်၏ ဆရာအဖြစ် ရွေးချယ်ခံရသည့် အကြောင်းအရင်းတစ်ခုမှာ သူ့ပင်ကိုစွမ်းရည်ကြောင့် ဖြစ်၏။ သူ့စွမ်းရည်က လူတစ်ယောက်၏ အင်အားကို စစ်ဆေးကာ တိုးတက်လာဖို့အတွက် လမ်းညွှန်ပေးနိုင်လေသည်။
ထိုပါရမီဖြင့် ချိုးကျင်းက မည်သူ့အတွက်မဆို အကောင်းဆုံး လေ့ကျင့်ရေး အစီအစဉ်ကို လုပ်ပေးနိုင်ပြီး သာမန်လူကို တင်းကျပ်သည့် လေ့ကျင့်မှုများအောက် ပါရမီရှင်အဖြစ် ပြောင်းလဲပေးနိုင်သည်။ သူက ကောင်းကင်ရုပ်ခန္ဓာပိုင်ရှင်ရှိသူ မည်သူမဆို သူတို့၏ အလားအလာအပြည့်ကို ထုတ်သုံးနိုင်အောင် လုပ်ပေးနိုင်သည်။
ထိုပါရမီက ရာနှုန်းပြည့် သက်သေရှိခြင်းတော့ မဟုတ်ပေ။ နမူနာကောင်းက ကျောင်းတော်သည် လင်းဖန်အတွက် သူတို့လေ့ကျင့်ရေး အစီအစဉ်များကို ပြန်လည်ရေးဆွဲခဲ့ရ၏။ အကြောင်းမှာ ယခုလို ဂုဏ်ကျက်သရေ ထွန်းလင်းပြောင်မြောက်ဖွယ် အချိန်အခါမျိုး၌ သူတို့လက်ရှိအနေအထားက အရေးသာဖို့ မနီးစပ်ကြောင်း သဘောပေါက်သွား၍ ဖြစ်သည်။
“ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုက သူ့ဆီကနေ ဘာကိုမှ ရှာမတွေ့နိုင်အောင် တားဆီးနေတယ်” ချိုးကျင်းက ပြောလိုက်သည်။
“ဘယ်လိုစွမ်းအားမျိုးလဲ ”
“သူ တည်းခိုးဆောင်ထဲ ဝင်ဖို့ လူတွေကို စမ်းသပ်ဖို့ လုပ်ခဲ့တဲ့အရာနဲ့ ဆင်တယ်။ သဘောတရားအရ သူက ၁၃ လွှာမြောက် ခန္ဓာသန့်စင်ခြင်းအဆင့်ကို ချိုးဖောက်ပြီးတဲ့နောက် ရလာတာပဲ ဖြစ်လိမ့်မယ်”
“ ကျုပ်တို့မှတ်တမ်းထဲ အဲဒါနဲ့ ပတ်သက်တဲ့ အချက်အလက်ရှိလား” ဆရာတစ်ယောက်က မေးလိုက်သည်။ သို့သော်လည်း ကျန်လူများက ခေါင်းယမ်းလိုက်ကြသည်။
ထိုစဉ် ကျောင်းအုပ်ပိုင်ဟန်က မျက်မှောင်ကြုတ်လျက် စတင်စဉ်းစားလိုက်သည်။ သူက သူ့အဖေနှင့် ထိုခေါင်းစဉ်အကြောင်း ဆွေးနွေးခဲ့စဉ်က အချိန်ကို ပြန်လည်အမှတ်ရသွားသည်။
သူ့အဖေ ပြောစကားအရ ဒီလိုအရာမျိုးက ကမ္ဘာကြီး၏ လျို့ဝှက်ချက်တစ်ခု သို့မဟုတ် တားမြစ်ချက်တစ်ပိုင်း သဖွယ် ဖြစ်ကြောင်း ပြောခဲ့သည်။ ပိုင်ဟန်က ထိုစဉ်အခါ သူ့အဖေ၏ မျက်နှာအထက် နောင်တရသည့် အရိပ်အယောင်ရှိနေကြောင်း မှတ်မိလိုက်၏။ ဤသည်မှာ သူ့အဆင့်အတန်းနှင့် အင်အားအရ အလွန်ရှားပါးသောအရာ ဖြစ်ပေသည်။
“ အဲဆို နောက်ထပ်ဘာသိခဲ့ရသေးလဲ” ကျောင်းအုပ်ပိုင်ဟန်က အတွေးများကို ပြန်စုစည်းကာ မေးလိုက်သည်။
“ ပထမတစ်ခုက သူ့ခန္ဓာကိုယ်က တော်တော်ကြောက်ဖို့ကောင်းတယ်။ သူ ဘယ်လောက်အထိ တွန်းအားပေးထားတယ်ဆိုတာတော့ မသိပေမဲ့ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ သူ့ခန္ဓာကိုယ်ကို ဒီလောက်အဆင့်အထိ ရောက်အောင် လေ့ကျင့်ထားဖို့က နာကျင်မှုအမြောက်အများကို ဖြတ်ကျော်ခံစားခဲ့ရမှာ … ခန္ဓာသန့်စင်သူ ဖြစ်လာဖို့ ဘယ်လိုစိတ်ဓာတ်မျိုး လိုအပ်တယ်ဆိုတာ ခင်ဗျားတို့အားလုံးလည်း သိမှာပါ။ သူက သူ့ဘာသာတောင် မညှာတတ်တဲ့သူမျိုးပဲ ”
ချိုးကျင်းက ထပ်မပြောတော့သော်လည်း ကျန်ဆရာများက သူ့ဆိုလိုရင်းကို နားလည်လိုက်ကြသည်။
“ နောက်တစ်ခု အတည်ပြုနိုင်လာတာက သူ့ဝိညာဉ်က တကယ်ကို ထူးခြားတယ်။ ယန်းချန် ရှိနေလို့ ကျုပ် အံ့ဖွယ်အသိစိတ်ကို အသုံးမပြုခဲ့ရပေမဲ့ ပုံမှန်အတိုင်း ခံစားကြည့်ရုံနဲ့ ထိတ်လန့်စရာမျိုး ခံစားလာမိစေတယ်။ သူ့ဝိညာဉ်မှာ လျို့ဝှက်ချက်အများကြီး ကိန်းအောင်းနေတယ်။”
အခန်းက ချက်ချင်း တိတ်ဆိတ်သွားလေသည်။ အကယ်၍ အစစ်အမှန်အုပ်ချုပ်သူက ဝမ်ဝေ့၏ ဝိညာဉ်မှာ သူ့အား ထိတ်လန့်သွားစေသည်ဟု ပြောနေခဲ့၍ သူ့ဝိညာဉ်နောက်ကွယ်က လျို့ဝှက်ချက်မှာ ဘယ်အဆင့်အထိ ရောက်နေမည်နည်း။
“အဲလောက်တောင်ပဲလား” ဆရာတစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်” ချိုးကျင်းက ဖြေလိုက်သည် “ကျုပ်တို့အတွက် ကံကောင်းတာက သူက အဲဒီစွမ်းအားကို ဘယ်လိုသုံးရမှန်း သိပုံမပေါ်ဘူး။ ဖြစ်နိုင်တာ သူက အဲဒါကို ဘာမှန်းသေချာမသိသေးတဲ့ပုံပဲ ”
လူများစွာက ထိုအရာကိုကြားပြီး သက်ပြင်းချလိုက်ကြသည်။ ဝမ်ဝေ့သာ ထိုစွမ်းအားကို ဘယ်လိုသုံးရမှန်း မသိသရွေ့ သူတို့တွင် အခွင့်အရေးရှိနေသေး၏။
“နောက်ထပ်ရော ရှိသေးလား” ပိုင်ဟန်က မေးလိုက်သည်။
“ဟုတ်ကဲ့ … ကျုပ်တို့ သူ့ရဲ့ ဧကရာဇ်ငယ် ပိုင်နက်တစ်ပိုင်းစွမ်းအားနဲ့ ရင်ဆိုင်ဖို့ နည်းလမ်းရှာထားရမယ်”
ပိုင်ဟန်က ခေါင်းညိတ်လိုက်သည်။ သူတော်စင်အဆင့် မတိုင်ခင် သူတို့ကိုယ်ပိုင် ပိုင်နက် မရရှိသေးခင် ဧကရာဇ်ငယ်များက တိုက်ပွဲများ၌ အရေးသာလေသည်။ ဧကရာဇ်ငယ်များက သူတော်စင်အဆင့် ရောက်ပြီးသည်နှင့် သူတို့ပိုင်နက်တစ်ပိုင်းများကို တကယ့်ပိုင်နက်နှင့် ပေါင်းစပ်နိုင်လေသည်။
“အဲဒါက လွယ်ပါတယ်။ ငါတို့လုပ်ဖို့ လိုတာက မဟာဧကရာဇ် အငွေ့အသက်ပါနေတဲ့ မူလအသုံးအဆာင်တစ်ခု ဖန်တီးထားဖို့ပဲ။ အဲဒီနည်းနဲ့ဆိုရင် အဲဒီအငွေ့အသက်က ပိုင်နက်တစ်ပိုင်းစွမ်းအားကို လျော့ချပေးနိုင်လိမ့်မယ်” ပိုင်ဟန်က မေးခွန်းကို ကြားပြီး ပြန်ဖြေလိုက်သည်။
ဤနည်လမ်းမျိုးက နှစ်များစွာလေ့လာရာမှ အဖြေထွက်လာခြင်း ဖြစ်၏။ ဧကရာဇ်ငယ်များစွာ ပေါ်ထွက်ခဲ့ဖူးပြီး အသင်္ချေအင်ပါယာကမ္ဘာ၏ သမိုင်းကြောင်းတစ်လျှောက် ပြန်ကြည့်လိုက်လျှင် အရေအတွက်က များပြားလှလေသည်။
ဤနည်းလမ်းက ရာနှုန်းပြည့် အကျိုးသက်ရောက်မှု မရှိသော်လည်း တိုက်ပွဲအတွင်း အတိုင်းအတာတစ်ခုအထိ ကူပေးနိုင်လိမ့်မည်။
“ အခု ငါတို့က အမွေခံသားတော် ဝမ်ဝေ့အကြောင်း ပြောပြီးပြီဆိုတော့ ကောင်းကင်ရွေးချယ်ခံ ထိုက်တန်သူစစ်ဆေးမှုအကြောင်း ဆွေးနွေးရအောင်။ အားလုံး ရောက်လာကြပြီလား ”
“ မရောက်သေးပါဘူး။ သားရဲမွေးမြူရေး တောင်တန်းက လျူမိန်ရှုနဲ့ ဓာတ်ငါးပါးနန်းတော်က ကျန်းပိယုတို့က ရောက်မလာသေးပါဘူး။ သူတို့က ရောက်လာမဲ့ အရိပ်အယောင်လည်း မရှိဘူး” ဆရာတစ်ယောက်က ဖြေလိုက်သည်။
ပိုင်ဟန်က မျက်မှောင်ကြုတ်သွားသည်။ သူက နံပါတ် ၆ ကောင်းကင်ရုပ်ခန္ဓာပိုင်ရှင် ကျန်းပိယု ရောက်မလာသည့်အတွက် မအံ့ဩမိပေ။ သူမက တကယ်ကို ရှင်းသန့်သော တာအိုကျင့်ကြံသူအစစ်အမှန် ဖြစ်၏။
ကျောင်းတော်က သူမအကြောင်း စုဆောင်းမိသလောက် သတင်းအချက်အလက်များအရ သူမက တာအိုဉာဏ်အလင်းပွင့်ဖိုအတွက်သာ အာရုံစိုက်ထားသည့် ကျင့်ကြံသူမျိုး ဖြစ်၏။ သူမက တိုက်ပွဲများ၊ အရှုပ်အထွေးများတွင် ဝင်ပါလေ့မရှိပေ။ သူမက အမြဲတမ်း ကျင့်ကြံနေသည်။
လူများစွာက သူမသည် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်းမှသာ ပေါ်ထွက်လာလိမ့်မည်ဟု ယုံကြည်ထားကြသည်။
လျူမိန်ရှုအတွက်မူ ပိုင်ဟန်က သူမ ရောက်မလာရသည့် အကြောင်းအရင်းအား ရှာမတွေ့ပေ။
“သူမနဲ့ ပတ်သက်တာ ဘာရှိသေးလဲ” သူက မေးလိုက်သည်။
“ သူမက ဝမ်ဝေ့နဲ့ ရင်ဆိုင်ရာမှာ ရှုံးနိမ့်ပြီးကတည်းက ထူးထူးဆန်းဆန်း ပြုမူနေတယ်လို့ သိရတဲ့အချက်ကလွဲပြီး ဘာမှမရှိပါဘူး။ လူအများစု သူမ စိတ်ထိခိုက်သွားတယ်လို့ ထင်နေကြတယ် ”
ကျောင်းအုပ်ပိုင်ဟန်က ကိစ္စများက မရိုးရှင်းကြောင်း ခံစားချက်ရနေသည်။ သို့သော်လည်း သူက အာရုံမစိုက်တော့ပေ။ လျူမိန်ရှုက ကမ္ဘာ့စင်မြင့်ကို သက်ရောက်နိုင်အောင် အရေးပါသည့်သူတော့ မဟုတ်ချေ။
အသင်္ချေသားရဲခန္ဓာက ထူးခြားသော်လည်း သေချာသည့် အနေအထားတစ်ခုရောက်ဖို့ လိုအပ်သည့် အခြေအနေများက တင်းကျပ်လွန်းလှသည်။
“သူတို့နှစ်ယောက်အကြောင်း ထားလိုက်တော့။ တခြားပြင်ဆင်ထားတာ ရှိသေးလား” ပိုင်ဟန်က မေးလိုက်သည်။
“ ဟုတ် …. ဒီလိုဆိုရင် စစ်ဆေးမှုကို နောက်တစ်ပတ်အကြာမှာ စလို့ရပါပြီ ”
ဆရာအားလုံးက နောက်ဆုံးပြင်ဆင်မှုများသာ ကျန်တော့၍ ခေါင်းညိတ်လိုက်ကြသည်။ သူတို့က တစ်ခုခု အမှားမဖြစ်သွားလိုပေ။ ကျောင်းတော်၏ ဂုဏ်သတင်းကို စတေးထားရုံသာမက တစ်ခုခုအမှားဖြစ်သွားခဲ့လျှင် သူတို့ချီကံကောင်းမှုပင် သက်ရောက်မှု ဖြစ်လာနိုင်သည်။