← Chapters

ရေခဲရုပ်တု

Vol. 12 Ch. 111

ရေခဲရုပ်တု

Vol. 12 Ch. 111

“ခွပ်... ခွပ်... ”

တိုက်ခိုက်မှုများ ပြင်းထန်စွာ ကျရောက်သွားသည့် တစ်ခဏ၌ပင် နှင်းမုန်တိုင်းဝက်ဝံ ၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော နှစ်ပေါင်းထောင်ချီ သက်တမ်းရှိသည့် ရေခဲထုကြီးမှာ အက်ကွဲသွားတော့သည်။

“ဝုန်း... ”

နောက်ဆုံး၌ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသော အသံကြီးနှင့်အတူ ရေခဲထုကြီးမှာ ပေါက်ကွဲထွက်သွားပြီး ၊ ထိတ်လန့်ဖွယ်ရာ တိုက်ကွက်များမှာ ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွား၏။

၎င်း၏ စွမ်းအားမှာ ကြီးမားလှပြီး ခုခံနိုင်စွမ်း မြင့်မားလှသော်လည်း ၊ ထိုအခိုက်အတန့်၌ ပြင်းထန်လှသော စွမ်းအားများကြောင့် ၎င်း၏ ရုပ်ခန္ဓာမှာ တစ်ခဏချင်းအတွင်း စုတ်ပြတ်ပျက်စီးသွားတော့သည်။

“ဟိန်း... ”

နာကျင်စွာ ဟိန်းဟောက်သံနှင့်အတူ နှင်းမုန်တိုင်းဝက်ဝံ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မြေပြင်ထဲသို့ တိုက်ရိုက် ရိုက်သွင်းခြင်း ခံလိုက်ရ၏။ ၎င်းကို ဗဟိုပြု၍ ဆယ်ကီလိုမီတာ ပတ်လည်အတွင်းရှိ မြေပြင်နှင့် တောင်တန်းများမှာလည်း ပြင်းထန်စွာ ပျက်စီးပြိုလဲကုန်တော့သည်။

တစ်ခဏအတွင်းမှာပင် ပြိုကျလာသော တောင်ကုန်းများမှာ နှင်းမုန်တိုင်းဝက်ဝံကို လုံးဝဥဿုံ ဖုံးလွှမ်းသွား၏။

ဤမြင်ကွင်းကို ကြည့်ရင်း အနီးနားရှိ လူတိုင်းမှာ သက်ပြင်းတစ်ချက်ကို အသာအယာ ချနိုင်ကြတော့သည်။

“အော်မိတော်ဖော်... အကူအညီပေးကြတဲ့ အလယ်ပိုင်းလွင်ပြင်က မိတ်ဆွေတွေကို ကျေးဇူးတင်ပါတယ် ”

ဤအခိုက်အတန့်၌ အသက်နှစ်ဆယ်ခန့်သာ ရှိသေးသော နုနယ်ပျိုမြစ်သည့် လူငယ်တစ်ဦး၏ ရုပ်သွင်ကို ပိုင်ဆိုင်ထားသော သက်ရှိဗုဒ္ဓ တိန့်ကျန်းက လက်ဝါးနှစ်ဖက်ကို ယှက်လျက် ကောင်းကင်အရှင်သခင် ချင်းယွင် နှင့် အခြားသူများကို ကျေးဇူးတင်စကား ဆိုလိုက်တော့သည်။

သေချာပေါက် သက်ရှိဗုဒ္ဓ တိန့်ကျန်းမှာ ရုပ်ရည်အားဖြင့် အသက်နှစ်ဆယ်ခန့်သာ ရှိသည်မဟုတ်ဘဲ ၊ သူ၏ အမှန်တကယ် အသက်မှာလည်း နှစ်ဆယ်ကျော်မျှသာ ရှိသေး၏။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော စွမ်းအင်အရှိန်အဝါမှာမူ ‘သက်ရှိဗုဒ္ဓ အဋ္ဌမအဆင့်’ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် အနှိုင်းမဲ့ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်တော့သည်။

“သက်ရှိဗုဒ္ဓ တိန့်ကျန်း... ခင်ဗျားနဲ့ ကျွန်တော်က နှစ်ပေါင်းရာချီ သံယောဇဉ်ရှိခဲ့တဲ့ မိတ်ဆွေတွေပဲ ၊ အားနာနေဖို့ မလိုပါဘူး ”

ချင်းယွင်ကလည်း ပြုံးလျက်ပင် လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်၏။

အကယ်၍ သာမန်လူတစ်ဦးသာဆိုလျှင် သက်ရှိဗုဒ္ဓ တိန့်ကျန်းက အသက်နှစ်ဆယ်ခန့်သာ ရှိသေးသော်လည်း ၊ ချင်းယွင်က အဘယ်ကြောင့် နှစ်ပေါင်းရာချီ မိတ်ဆွေများဟု ဆိုရသနည်းဟူသည်ကို ဧကန်မုချ သိချင်ကြလိမ့်မည်။

အမှန်စင်စစ် ဤသည်မှာ အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်း၏ ကျင့်ကြံခြင်း နည်းလမ်းတစ်ခုပင် ဖြစ်ပါတော့သည်။ လောက၌ ရှိသမျှသော အရာအားလုံးတွင် သက်တမ်းကုန်ဆုံးမည့် အချိန်ဟူသည် ရှိစမြဲ ဖြစ်သည်။ သို့သော်လည်း အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်း၌မူ တစ်ဖန်ပြန်လည် မွေးဖွားခြင်း ကို ပြုလုပ်နိုင်သော လျှို့ဝှက်အတတ်ပညာတစ်ခု ရှိ၏။

ထို့ပြင် တစ်ဖန်ပြန်လည် မွေးဖွားလာပြီးနောက် အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်သည့်အခါတွင် ၊ သူတို့သည် ယခင်ဘဝမှ စွမ်းအားများနှင့် မှတ်ဉာဏ်များအားလုံးကို ပြန်လည် နိုးထလာစေနိုင်သည်။

ထို့ကြောင့်ပင် သက်ရှိဗုဒ္ဓတစ်ပါး ပျံလွန်တော်မူသည့်နေ့၌ ၊ အနောက်ဘက်ဒေသ တစ်ခွင်လုံးတွင် ထိုနေ့၌ မွေးဖွားသော ရင်သွေးငယ်များအားလုံးကို သက်ရှိဗုဒ္ဓ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် ဗုဒ္ဓဘာသာဂိုဏ်းသို့ ခေါ်ဆောင်လာကြခြင်း ဖြစ်၏။ စစ်ဆေးမှု အောင်မြင်သည်နှင့်တစ်ပြိုင်နက် ၊ ထိုကလေးသည် သက်ရှိဗုဒ္ဓ၏ တစ်ဖန်ပြန်လည် မွေးဖွားခြင်း ဖြစ်သည်ဟု သတ်မှတ်လိုက်တော့သည်။

ထိုသက်ရှိဗုဒ္ဓသည် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်၍ ယခင်ဘဝ၏ မှတ်ဉာဏ်နှင့် စွမ်းအားများ ပြန်လည်နိုးထလာချိန်မှာမူ ၊ သက်ရှိဗုဒ္ဓအဖြစ် ပလ္လင်ပေါ်သို့ ပြန်လည် တက်လှမ်းရမည့် အချိန်ပင် ဖြစ်၏။ သူတို့ရှေ့တွင် ရောက်ရှိနေသော တိန့်ကျန်းမှာလည်း လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်ကမှ မှတ်ဉာဏ်နှင့် စွမ်းအားများ နိုးထလာခဲ့သည့် တတိယမြောက် သက်ရှိဗုဒ္ဓပင် ဖြစ်၏။

သေချာပေါက် ဤလျှို့ဝှက်အတတ်ပညာ၌ အားနည်းချက်များစွာ ရှိသေးသည်။

အားနည်းချက် (၁) - တစ်ဖန်ပြန်လည် မွေးဖွားခြင်းမှာ ကံတရားအပေါ် မူတည်၏။ အကယ်၍ ကံမကောင်းဘဲ သေဆုံးချိန်တွင် ‘ဝိညာဉ်တမန်’ နှင့် တွေ့ဆုံသွားပါက ၊ သူတို့၏ ဝိညာဉ်မှာ ငရဲဘုံသို့သာ အဖမ်းခံရမည် ဖြစ်ပြီး သူတို့မှာ အမှန်တကယ် သေဆုံးသွားရမည်။

အားနည်းချက် (၂) - တစ်ဖန်ပြန်လည် မွေးဖွားခြင်းကို ပြုလုပ်သူ မည်သူမဆို ၊ ငရဲဘုံ၏ အမှတ်အသားပြုခြင်းကို ခံရမည်ဖြစ်ပြီး ‘ငရဲ (၁၈) ထပ်’ ၌ ထာဝရ ကျင်လည်ရမည့်သူအဖြစ် သတ်မှတ်ခံရလိမ့်မည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့ သေဆုံးသွားသည့်အခါ ဝိညာဉ်တမန်၏ ဖမ်းဆီးခြင်းကို ခံရပါက ၊ ငရဲ (၁၈) ထပ်သို့ ပို့ဆောင်ခြင်း ခံရမည်ဖြစ်ပြီး ဘယ်သောအခါမှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖန်ပြန်လည် မွေးဖွားခြင်းဖြင့် ရှင်သန်ခြင်း သံသရာကို ကျော်လွန်ရန် ကြိုးစားခြင်းမှာ ကောင်းကင်ဘုံ၏ သတ်မှတ်ချက်ကို ဆန့်ကျင်ခြင်း ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

အားနည်းချက် (၃) - တစ်ဖန်ပြန်လည် မွေးဖွားခြင်း မပြုမီတွင် ၊ မိမိ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် မှတ်ဉာဏ်များအားလုံးကို ‘သက်ရှိဗုဒ္ဓ တံဆိပ်တော်’ အတွင်း၌ သိမ်းဆည်းထားရ၏။ ထိုတံဆိပ်တော်မှာ တစ်ဖန်ပြန်လည် မွေးဖွားလာသော သက်ရှိဗုဒ္ဓကို ရှာဖွေရန်အတွက် တစ်ခုတည်းသော သက်သေဖြစ်သော်လည်း ၊ ထိုသက်သေကို အချို့သောသူများက လှည့်စား၍ ရယူနိုင်သေးသည်။ ထိုသို့ဆိုလျှင် တစ်ဖန်ပြန်လည် မွေးဖွားသူ မဟုတ်သော အခြားသူတစ်ဦးက တံဆိပ်တော်၏ အသိအမှတ်ပြုခြင်းကို ခံရမည်ဖြစ်ပြီး ၊ အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်သည့်အခါတွင် မူလပိုင်ရှင်၏ စွမ်းအားနှင့် မှတ်ဉာဏ်များအားလုံးမှာ ထိုသူအတွက် လက်ဆောင်ပဏ္ဏာ သဖွယ် ဖြစ်သွား၏။

အားနည်းချက် (၄) နှင့် ပတ်သက်၍မူ ၊ တစ်ဖန်ပြန်လည် မွေးဖွားလာသူသည် သူ၏စွမ်းအားများကို ပြန်လည်ရရှိသည့် အခိုက်အတန့်၌ ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေသည်။ တစ်နည်းအားဖြင့်ဆိုသော် လက်ရှိ တိန့်ကျန်းသည် အသက်တစ်ဆယ့်ရှစ်နှစ်မှာပင် ကောင်းကင်အရှင်သခင် အဋ္ဌမအဆင့်၏ စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ၊ သူ၏ ဤတစ်သက်တာအတွင်း၌ နောက်ထပ် အဆင့်တက်လှမ်းရန်မှာ မဖြစ်နိုင်တော့ပေ။

သို့သော်လည်း အားနည်းချက်များစွာ ရှိနေသည့်တိုင် ၊ ဒုတိယအကြိမ် ပြန်လည်ရှင်သန်နိုင်ခြင်း ဟူသော မက်လုံးမှာ လူအမြောက်အမြား မငြင်းဆန်နိုင်သော အရာပင် ဖြစ်သည်။ သက်ရှိဗုဒ္ဓ အရေအတွက် လျော့နည်းမသွားစေရန်အတွက် အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်းသည် အခြားသော ဂိုဏ်းများမှ လူများကို ၎င်းတို့၏ဂိုဏ်းသို့ ဝင်ရောက်ရန် ဆွဲဆောင်ရင်း ၊ ဤတစ်ဖန်ပြန်လည် မွေးဖွားခြင်း နည်းလမ်းကို အခမဲ့ ကူညီပေးလေ့ရှိပါပေသည်။ သေချာပေါက် ပြန်လည်မွေးဖွားလာပြီးနောက်တွင် ထိုသူတို့မှာ အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်း၏ အဖွဲ့ဝင်များ ဖြစ်သွားကြ၏။

အမှန်စင်စစ် တစ်ဖန်ပြန်လည် မွေးဖွားလာသူမှာ အမှန်တကယ် သူတို့၏ ဝိညာဉ် ဟုတ်မဟုတ် ဆိုသည်ကိုမူ မည်သူမျှ မသိနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် မှတ်ဉာဏ်နှင့် ကျင့်စဉ်များကို အခြားသူတစ်ဦးထံသို့ လွှဲပြောင်းလိုက်လျှင်ပင် မည်သူမျှ ရိပ်မိနိုင်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ မှတ်ဉာဏ်များ လွှဲပြောင်းခြင်း ခံရသူသည်လည်း ယခင်ဘဝ၏ မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားသဖြင့် ၊ သူသည် သက်ရှိဗုဒ္ဓ၏ တစ်ဖန်ပြန်လည် မွေးဖွားခြင်း ဟုတ်မဟုတ်ကို မည်သူမျှ ခွဲခြားနိုင်မည် မဟုတ်ချေ။ ထို့ပြင် ခွဲခြားနိုင်သည့်တိုင် မည်သူမျှ ထုတ်ပြောမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်းအနေဖြင့် ဤသက်ရှိဗုဒ္ဓ တည်ရှိနေရန်သာ လိုအပ်ပြီး ၊ မည်သူ့ဝိညာဉ် ဖြစ်သည်ဆိုသည်မှာ အရေးမကြီးသောကြောင့်ပင် ဖြစ်၏။ မှတ်ဉာဏ်နှင့် စွမ်းအားများ ရှိနေသရွေ့ ၊ သူသည် ယခင်က သက်ရှိဗုဒ္ဓပင် ဖြစ်သည်။

မူလအကြောင်းအရာသို့ ပြန်သွားကြရအောင်…….

“သက်ရှိဗုဒ္ဓ တိန့်ကျန်း... အခုတစ်ခေါက် အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်းကနေ ခင်ဗျားတစ်ပါးတည်းပဲ လာခဲ့တာလား ”

ကောင်းကင်အရှင်သခင် ကျန့်တောက်ရန် က သူ၏ရှေ့မှ သက်ရှိဗုဒ္ဓကို ကြည့်ရင်း မျက်မှောင်ကြုတ်၍ မေးလိုက်တော့သည်။ သူတို့၏ ပတ်ဝန်းကျင်၌ အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်း၏ တပည့်များကို လုံးဝ မတွေ့ရသောကြောင့်ပင် ဖြစ်၏။

“အော်မိတော်ဖော်... ကျွန်ုပ်၏ ဂိုဏ်းသားအားလုံး ပျံလွန်တော်မူသွားကြပါပြီ ၊ ဒီနှင်းမုန်တိုင်းဝက်ဝံနဲ့ မတွေ့ခင်မှာ မိစ္ဆာသားရဲ အမြောက်အမြားရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာပါ ၊

အဲဒီနောက်မှာ ဒီနှင်းမုန်တိုင်းဝက်ဝံ ရုတ်တရက် ပေါ်လာပြီး ၊ ဂိုဏ်းသားတွေနဲ့ ဆီးနှင်းမိစ္ဆာ အားလုံးကို သတ်ပစ်လိုက်တာပါ ၊ အကယ်၍ မိတ်ဆွေတို့သာ အနည်းငယ် နောက်ကျပြီး ရောက်လာမယ်ဆိုရင် ၊ ဒီရဟန်းလည်း နောက်တစ်ကြိမ် ပျံလွန်တော်မူရတော့မှာ အမှန်ပါပဲ ”

သက်ရှိဗုဒ္ဓ တိန့်ကျန်းက လက်ဝါးနှစ်ဖက်ကို ယှက်လျက် ၊ ဝမ်းနည်းဖွယ် အမူအရာဖြင့် မလှမ်းမကမ်းရှိ ပျက်စီးနေသော တောင်ကုန်း၏ ထောင့်တစ်နေရာသို့ ညွှန်ပြလိုက်တော့သည်။ သေချာပေါက် ထိုနေရာ၌ မိစ္ဆာသားရဲအချို့နှင့် အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်းသားများ၏ ရုပ်အလောင်းများ ရှိနေ၏။

“ဒီလိုကိုး... ကြည့်ရတာ ကျွန်တော်တို့ ရောက်လာတာ နောက်ကျသွားပုံရတယ် ၊ အကယ်၍ ကြယ်ခုနစ်ပွင့်အဆင့်ရှိတဲ့ မိစ္ဆာဘုရင်နဲ့သာ မတွေ့ခဲ့ရင် ၊ ဒီထက် ပိုစောစော ရောက်လာနိုင်မှာပါ ”

ကောင်းကင်အရှင်သခင် ရွှင်ယန် က မတတ်သာစွာဖြင့် သက်ပြင်းချလိုက်တော့သည်။

“ခင်ဗျားတို့လည်း မိစ္ဆာဘုရင်နဲ့ တွေ့ခဲ့ကြတာလား ၊ ကြည့်ရတာ အခုတစ်ခေါက် ကိစ္စက ကျွန်တော်တို့ ထင်ထားသလို မရိုးရှင်းဘူးပဲ ”

သက်ရှိဗုဒ္ဓ တိန့်ကျန်းမှာလည်း ဤစကားကို ကြားသောအခါ ထိတ်လန့်သွားရ၏။ ကြယ်ခုနစ်ပွင့်အဆင့်ရှိသော မိစ္ဆာဘုရင်တစ်ကောင် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။ ဤမိစ္ဆာဘုရင်များ မည်သည့်နေရာမှ ရောက်ရှိလာသည်ကိုလည်း သူ အမှန်တကယ် မသိနိုင်ပေ။

“ဝုန်း... ဝုန်း... ဝုန်း... ”

သို့သော်လည်း ကွက်တိဆိုသလိုပင် ၊ ပတ်ဝန်းကျင်ရှိ မြေပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါလာတော့သည်။ လူတိုင်းမှာ ထိုတုန်ခါမှုကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် မျက်နှာများ ပျက်ယွင်းသွားကြပြီး ၊ မြေပြင်သို့ အလျင်အမြန်ပင် ငုံ့ကြည့်လိုက်ကြ၏။

“ဘုန်း... ”

ရုတ်တရက်ဆိုသလို ရေခဲပြာရောင် စွမ်းအင်လှိုင်းတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်လာတော့သည်။ ထိုစွမ်းအင်မှာ အစွန်ဆုံး၌ ရပ်နေသော ကောင်းကင်အရှင်သခင် ချုံယန် ကို တိုက်ရိုက် ထိမှန်သွား၏။

“အအေးဓာတ်စွမ်းအား... ရေခဲဝိညာဉ်ခန္ဓာ လား ၊ မဖြစ်နိုင်တာ ”

ချုံယန်၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားရတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် ခုခံရန်အတွက် သူ၏ခန္ဓာကိုယ်အတွင်းရှိ ‘ကိုးဖြာသော နေဝန်း စစ်မှန်သောကျမ်းစာ’ ၏ စွမ်းအားများကို အစွမ်းကုန် လှုံ့ဆော်လိုက်၏။

ကံမကောင်းစွာဖြင့် ၊ သူကဲ့သို့သော ကောင်းကင်အရှင်သခင် ဆဋ္ဌမအဆင့်ရှိသူ တစ်ဦးသည် ၊ ကြယ်ကိုးပွင့်အဆင့်ရှိသော မိစ္ဆာဘုရင်က ရေခဲဝိညာဉ်ခန္ဓာကို အသုံးပြု၍ ထုတ်ဖော်လိုက်သည့် ကြီးမားလှသော စွမ်းအားကို မည်သို့ ခုခံနိုင်မည်နည်း။

တစ်ခဏချင်းအတွင်းမှာပင် သူ၏ ‘နေဝန်းစစ်မှန်သောစွမ်းအင်’ များမှာ အေးခဲသွားရပြီး ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချက်ချင်းပင် ‘ရေခဲရုပ်တု’ တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်စွမ်းအားများ အားလုံးမှာလည်း လုံးဝ ကွယ်ပျောက်သွားရပြီး ၊ ကောင်းကင်ယံမှနေ၍ မြေပြင်သို့ အရှိန်အဟုန်ဖြင့် ပျက်ကျသွား၏။

“ဘုန်း... ”

နောက်ဆုံး၌ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားသော အသံကြီးနှင့်အတူ ၊ သူသည် မြေပြင်ပေါ်သို့ ကျရောက်ကာ လုံးဝ ဥဿုံ ပျက်စီးသွားရတော့သည်။

“မိတ်ဆွေ ချုံယန် ”

“ချုံယန် ”

“တောက်... ဒီနှင်းမုန်တိုင်းဝက်ဝံက ဘယ်လိုလုပ်ပြီး ရေခဲဝိညာဉ်ခန္ဓာကို ပိုင်ဆိုင်ထားရတာလဲ ”

“အားလုံး ပြီးသွားပြီ... ငါတို့ ထွက်ပြေးကြမလား ”

ဤအခိုက်အတန့်၌ ကောင်းကင်အရှင်သခင်များ အားလုံးမှာ အော်ဟစ်လိုက်ကြပြီး ၊ သူတို့၏ မျက်နှာများမှာလည်း တဖြည်းဖြည်းနှင့် ဖြူဖျော့လာ၏။ သူတို့သည် မြေပြင်သို့ ငုံ့ကြည့်လိုက်ကြရာ ၊ ခန္ဓာကိုယ်တစ်ခုလုံးမှ ရေခဲပြာရောင် ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေသော နှင်းမုန်တိုင်းဝက်ဝံကြီးကို မြင်တွေ့လိုက်ရတော့သည်။ ဤအချိန်၌ ၎င်း၏ အမွှေးအမျှင်များမှာလည်း မူလက ဆီးနှင်းကဲ့သို့ ဖြူဖွေးနေရာမှ ရေခဲပြာရောင်သို့ ပြောင်းလဲသွားပြီ။

All Chapters