တစ်ကိုယ်လုံး တုန်လှုပ်သွားခြင်း
Vol. 12 Ch. 114
တာအိုတပည့်များ ဤကဲ့သို့ စည်းလုံးညီညွတ်ကြသည်ကို မြင်တွေ့ရသောအခါ ၊ တာအိုဂိုဏ်းကို စတင်တည်ထောင်ခဲ့သည့် မူလဆရာသခင် တစ်ဦးအနေဖြင့် သူသည် အလွန်ပင် ကျေနပ်အားရမိသည်။
နောက်တစ်ခဏ၌ သူသည် ခေါင်းကို လှည့်လိုက်ပြီး နှင်းမုန်တိုင်းဝက်ဝံ ရှိရာဘက်သို့ ကြည့်လိုက်၏။ အပိုစကားများ ဆိုမနေတော့ဘဲ ကျန့်တောက်လင် သည် သူ၏ ညာဘက်လက်မှ လက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်ပြီး ၊ ဟင်းလင်းပြင်ထဲ၌ပင် ထိုဝက်ဝံကြီးရှိရာဘက်သို့ အသာအယာ ဝေ့ယမ်းလိုက်တော့သည်။
“ဖတ်... ”
တစ်ခဏချင်းအတွင်းမှာပင် ကီလိုမီတာပေါင်းများစွာ ဝေးကွာသောနေရာ၌ ရှိနေသည့် နှင်းမုန်တိုင်းဝက်ဝံကြီးမှာ နှစ်ပိုင်း တိတိကျကျ ပြတ်တောက်သွား၏။ ဤအခိုက်အတန့်၌ ၎င်းသည် မျက်လုံးများကို အပြူးသားဖြင့် ၊ သေဆုံးသွားသည့်တိုင် ဘာဖြစ်သွားသည်ကို မသိလိုက်ရချေ။
ထိုအမှုကိစ္စကို အဆုံးသတ်ပြီးနောက် ကျန့်တောက်လင်သည် သူ၏ ဘယ်ဘက်လက်ဝါးကို ဟင်းလင်းပြင်ထဲသို့ တစ်ချက် ရိုက်နှက်လိုက်သေးသည်။
“ဘုန်း... ”
ချက်ချင်းဆိုသလိုပင် အရိုးဖြူဘီလူးကြီး အသူရာမှာလည်း ပေါက်ကွဲထွက်သွားပြီး ၊ ကောင်းကင်ယံအနှံ့ သွေးရောင်အလင်းတန်းများအဖြစ် ပြန့်ကျဲသွား၏။
သို့သော် ထူးဆန်းသည်မှာ သက်ရှိဗုဒ္ဓ တိန့်ကျန်း ထံမှ စုပ်ယူထားသော သက်တမ်းအများစုမှာ မူလပိုင်ရှင်ထံသို့ ပြန်လည် ရောက်ရှိသွားခြင်းပင် ဖြစ်သည်။ အသက်ငါးဆယ်ကျော်အရွယ်အထိ အိုမင်းသွားသော သူ၏ ရုပ်သွင်မှာလည်း တစ်ခဏချင်းအတွင်းမှာပင် အသက်သုံးဆယ်ကျော်အရွယ်သို့ ပြန်လည် ရောက်ရှိသွား၏။ သို့သော်လည်း နောက်တစ်ခဏ၌ သူသည် မျက်လုံးများ လန်တက်သွားကာ သတိလစ် မေ့မြောသွားတော့သည်။
“အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်းကတော့ လူတွေရဲ့ သက်တမ်းကို စုပ်ယူတဲ့ အရာတွေကိုပဲ လုပ်နေတာ ဝါသနာပါတာပဲ ”
ကျန့်တောက်လင်က အနည်းငယ် နှာခေါင်းရှုံ့လျက် ဆိုလိုက်၏။
ထို့နောက်တွင် သူသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ တစ်ခဏချင်းအတွင်းမှာပင် ကီလိုမီတာ ရာပေါင်းများစွာအတွင်းရှိ အရာအားလုံးမှာ သူ၏ အမြင်အာရုံထဲသို့ ရောက်ရှိလာ၏။ သို့သော်လည်း နောက်တစ်ခဏ၌ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။
သူသည် ဟိမဝန္တာတောင်တန်း၏ အမြင့်ဆုံးတောင်ထိပ်ကို မယုံကြည်နိုင်လောက်သော အမူအရာဖြင့် စိုက်ကြည့်နေမိ၏။
“ဝိညာဉ်လောကရဲ့ ဝိညာဉ်သံတမန် ကျန့်တောက်လင်... နန်းတော်သခင် အရှင်မင်းကြီးကို ဂါရဝပြုပါတယ် ”
သူသည် ထိတ်လန့်တုန်လှုပ်သွားပြီး ၊ မြေပြင်ပေါ်သို့ အလျင်အမြန်ပင် ဒူးထောက်ကာ ထိုတောင်ထိပ်ရှိရာ အရပ်ဘက်သို့ ရိုသေလေးစားစွာဖြင့် ဂါဝရပြုလိုက်တော့သည်။
ဤအခိုက်အတန့်၌ ရောက်ရှိနေသူတိုင်းမှာ မျက်လုံးများ ပြူးသွားကြ၏။ သူတို့သည် တောင်ထိပ်ရှိရာဘက်သို့ မယုံကြည်နိုင်စွာ လှမ်းကြည့်မိကြပြီး ၊ ကျန့်တောက်လင်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးကပင် ဒူးထောက်ရလောက်အောင် ထိုနေရာ၌ မည်သည့်အရာ ရှိနေသနည်းဟု တွေးတောနေကြသည်။
ဝိညာဉ်လောက၏ အရှင်သခင်လား။ ၎င်းမှာ မည်ကဲ့သို့သော ဖြစ်တည်မှုမျိုးနည်း။ ဝိညာဉ်လောကမှာ ထိုကဲ့သို့သော ရာထူးမျိုး ဘယ်တုန်းက ရှိခဲ့သနည်း။
“ဝူး... ”
သို့သော်လည်း ထိုစဉ်မှာပင် မည်သူမျှ သတိမပြုမိနိုင်သော လှိုင်းတွန့်တစ်ခု ဆိုက်ရောက်လာ၏။ ထိုလှိုင်းတွန့်ကို ခံစားလိုက်ရသည်နှင့်တစ်ပြိုင်နက် ကျန့်တောက်လင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။
“ဒီလက်အောက်ငယ်သား နားလည်ပါပြီ... ဒီလက်အောက်ငယ်သား ပြန်ခွင့်ပြုပါဦး ၊ ”
ကျန့်တောက်လင်က အလျင်အမြန်ပင် ဦးတိုက်လိုက်၏။ နောက်တစ်ခဏ၌ သူသည် မတ်တတ်ရပ်လိုက်ပြီး ၊ သန့်စင်သော စွမ်းအင်များအဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့် မြေပြင်ကြား၌ ပျောက်ကွယ်သွားတော့သည်။
လူတိုင်းမှာ ဘာဖြစ်သွားသည်ကို မသိဘဲ ဝေဝေဝါးဝါး ဖြစ်ကျန်ရစ်ခဲ့ကြ၏။ သို့သော်လည်း ကျန့်တောက်လင် ထွက်ခွာသွားသည်ကို မြင်သောအခါ သူတို့အားလုံး မြေပြင်ပေါ်သို့ အလျင်အမြန်ပင် ဒူးထောက်လိုက်ကြတော့သည်။
မလှမ်းမကမ်းတွင် ရှိနေသော ရှီးကျန့် ပင်လျှင် အမြန်ပင် ဒူးထောက်လိုက်ရ၏။ ဤပုဂ္ဂိုလ်မှာ တာအိုဂိုဏ်းကို စတင်တည်ထောင်ခဲ့သော ဆရာသခင် ကျန့်တောက်လင် ဖြစ်၏။ သူသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကပင် ‘တစ်ပိုင်းတစ်စ စစ်မှန်သော အရှင်သခင်’ အဆင့်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး ၊ ဝိညာဉ်လောက၌ နှစ်ပေါင်းနှစ်ထောင်ကြာ နေထိုင်ပြီးနောက်တွင်မူ ‘စစ်မှန်သော အရှင်သခင်’ အဆင့်ရှိသည့် အထူးအစွမ်းထက်သော ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သူတည်ထောင်ခဲ့သော တာအိုဂိုဏ်းသည်လည်း ဂိုဏ်းပေါင်းစုံကို အတူတကွ စည်းလုံးစေခဲ့ပြီး ၊ ယခင်ကကဲ့သို့ ဖရိုဖရဲ ဖြစ်မနေတော့ချေ။ ထို့ကြောင့် တာအိုဂိုဏ်း၏ ကနဦးဆရာသခင်များ အားလုံးထဲတွင် ဤဖြစ်တည်မှု၏ အဆင့်အတန်းမှာ အလွန်ပင် မြင့်မားလှပြီး ၊ အချို့သော ဂိုဏ်းခွဲများ၏ စတင်တည်ထောင်သူ ဆရာသခင်များနှင့်ပင် ယှဉ်နိုင်သည်။
လုံဟူတောင်ကို စတင်တည်ထောင်ခဲ့သော ဆရာသခင်ကိုယ်တိုင်ပင်လျှင် ကျန့်တောက်လင်၏ အနွယ်အတော်ပင် ဖြစ်၏။ သဘောတရားအရဆိုလျှင် သူသည် လုံဟူတောင်၏ စတင်တည်ထောင်သူ ဆရာသခင်ဟုပင် ဆိုနိုင်သည်။
“တပည့်တော်တို့ ကနဦးဆရာသခင်ကို ရိုသေစွာဖြင့် ပို့ဆောင်ပါတယ် ”
“တပည့်တော်တို့ ကနဦးဆရာသခင်ကို ရိုသေစွာဖြင့် ပို့ဆောင်ပါတယ် ”
လူတိုင်းက ရိုသေလေးမြတ်စွာဖြင့် အော်ဟစ်နှုတ်ဆက်လိုက်ကြ၏။
မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက် ၊ ပတ်ဝန်းကျင်ရှိ တာအိုစွမ်းအားများ ပျောက်ကွယ်သွားချိန်မှသာ လူတိုင်းသည် နှင်းဖုံးနေသော တောင်ထိပ်ပေါ်၌ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ကြတော့သည်။
“နောက်ဆုံးတော့ အားလုံး ပြီးသွားပြီပေါ့ ”
ကောင်းကင်အရှင်သခင် ချင်းယွင် က ခပ်ဖွဖွ သက်ပြင်းချလိုက်၏။ ဤတစ်ခေါက် ဆုံးရှုံးမှုမှာ ကြီးမားလှသည်။ ကောင်းကင်အရှင်သခင်ကြီး နှစ်ဦးပင်လျှင် သေဆုံးသွားခဲ့ရပြီး သက်ရှိဗုဒ္ဓ တိန့်ကျန်းပင်လျှင် သူ၏ သက်တမ်း နှစ်ပေါင်းတစ်ရာခန့် ဆုံးရှုံးသွားခဲ့ရ၏။ အကယ်၍ ကျန့်တောက်လင်သာ ပေါ်မလာခဲ့လျှင် ဆုံးရှုံးမှုမှာ နှစ်ပေါင်းနှစ်ရာအထိ ဖြစ်သွားနိုင်သည်။
အခြားအရာများကို ခဏဖယ်ထားဦးတော့ ၊ ကျန့်တောက်လင်ကို ပင့်ဖိတ်ခဲ့ကြသည့် သူတို့သုံးဦးမှာလည်း ယခုအခါ စွမ်းအားများ လုံးဝဥဿုံ ကုန်ခမ်းနေပြီ ဖြစ်၏။ ပြန်လည်ကောင်းမွန်လာရန်အတွက် အနည်းဆုံး ဆယ်နာရီခန့် အချိန်ယူရလိမ့်မည်။
သက်ရှိဗုဒ္ဓ တိန့်ကျန်းမှာလည်း အသူရာပုံရိပ် ပျောက်ကွယ်သွားပြီးနောက် လုံးဝ သတိလစ်သွားခဲ့ပြီ။ အကယ်၍ ရှီးကျန့်သာ ဖမ်းမထားပေးခဲ့ပါက သူသည် ပြုတ်ကျပြီး သေဆုံးသွားနိုင်သည်။
“ဒါပေမဲ့ မူလဆရာသခင်က ဘာဖြစ်လို့ တောင်ထိပ်ရှိရာဘက်ကို ဒူးထောက်ခဲ့တာပါလိမ့် ၊ ပြီးတော့ ဝိညာဉ်လောကရဲ့ အရှင်သခင်ဆိုတာကကော ဘယ်သူလဲ ”
ဤအခိုက်အတန့်၌ ကျန့်တောက်ရန် က မျက်မှောင်ကြုတ်လျက် ဆိုလိုက်တော့သည်။ ဘာဖြစ်သွားသည်ကို သူ အမှန်တကယ် မသိရှိချေ။
“ဒါက တောင်ထိပ်ဘက်ကို မဟုတ်ဘဲ မြောက်ဘက်အရပ်ကို ဖြစ်မှာပါ ၊ အဝေးတစ်နေရာရာက ပုဂ္ဂိုလ်မျိုး ဖြစ်ပါလိမ့်မယ် ၊ အများကြီး မတွေးပါနဲ့တော့ ”
ချင်းယွင်ကလည်း စိတ်အေးစေရန်အတွက် ရှေ့သို့ တိုးလာပြီး ပြောလိုက်တော့သည်။
“ဖြစ်နိုင်ပါတယ် ၊ ဘယ်လိုပဲဖြစ်ဖြစ်... ငါတို့ အပေါ်ကို ဆက်တက်ကြဦးမှာလား ၊ အဲဒါက အခုအတွက် အရေးအကြီးဆုံး မေးခွန်းပဲ ”
ကျန့်တောက်ရန်က တွေဝေစွာဖြင့် ရှေ့ရှိ ဧဝရက်တောင်ထိပ် ကိုမော့ ကြည့်လိုက်၏။ ဟင်းလင်းပြင် အက်ကြောင်းများမှာ တောင်ထိပ်၌ တည်ရှိနေသည်။ သူ တကယ်ပင် အပေါ်သို့ တက်ချင်နေသေး၏။ အကယ်၍ သူတို့ တက်သွားမည်ဆိုပါက ၊ အခြားသော နှင်းမုန်တိုင်းဝက်ဝံနှင့် မဆိုထားနှင့် ၊ ကြယ်ခုနစ်ပွင့်အဆင့်ရှိသော မိစ္ဆာဘုရင်တစ်ကောင် ပေါ်လာလျှင်ပင် သူတို့ သေဆုံးကြရလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ ဝိညာဉ်စွမ်းအင်များမှာ ကုန်ခမ်းနေသောကြောင့်ပင် ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ပြန်လည် ဖြည့်တင်းလျှင်ပင် ဆယ်နာရီကျော် ကြာမြင့်လိမ့်မည်။
“အရင်ဆုံး ပြန်ဆုတ်ကြတာပေါ့ ၊ ဒီကိစ္စက ငါတို့ရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်နေပြီလို့ ငါထင်တယ် ၊ ပြန်သွားပြီး ဂိုဏ်းက ဆရာကြီးတွေကို အကူအညီတောင်းတာက ပိုကောင်းပါလိမ့်မယ် ၊ မဟုတ်ရင်တော့ သေတွင်းထဲ သွားနေသလို ဖြစ်နေလိမ့်မယ် ”
လုံယွီရှင်း က တိုက်ရိုက်ပင် ပြောလိုက်တော့သည်။ သူ စကားပြောလိုက်သည်နှင့် အခြားသော ကောင်းကင်အရှင်သခင်ကြီး နှစ်ဦးစလုံးကလည်း ခေါင်းငြိမ့် ထောက်ခံလိုက်ကြ၏။
“ရှီးကျန့်... အခု ခင်ဗျားတစ်ယောက်ပဲ စွမ်းအားတွေ ကျန်သေးတာဆိုတော့ ၊ သက်ရှိဗုဒ္ဓ တိန့်ကျန်းကို အနောက်ဘက်ဒေသ ဗုဒ္ဓဘာသာဂိုဏ်းဆီ ပြန်ပို့ပေးဖို့ အကူအညီတောင်းပါရစေ ၊
သူ့ရဲ့ ဘေးကင်းလုံခြုံမှုကိုတော့ ခင်ဗျား အသေအချာ တာဝန်ယူပေးရလိမ့်မယ် ”
ချင်းယွင်က တိန့်ကျန်းကို ပွေ့ချီထားသော ရှီးကျန့်ကို လေးနက်စွာ မှာကြားလိုက်တော့သည်။ သို့သော်လည်း သူ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ၊ ရှီးကျန့်က ထူးဆန်းစွာ ပြုံးလိုက်၏။
“စိတ်မပူပါနဲ့... သူ့ရဲ့ ဘေးကင်းမှုကို ကျွန်တော် သေချာပေါက် တာဝန်ယူမှာပေါ့ ”
ရှီးကျန့်က ခပ်ဖွဖွ ပြုံးလျက် ဆိုလိုက်သည်။
“ဝုန်း... ဝုန်း... ဝုန်း... ”
သို့သော်လည်း နောက်တစ်ခဏ၌ သူ၏လက်အတွင်းမှနေ၍ အဆုံးမရှိသော ကောင်းကင်ဘုံမိုးကြိုး စွမ်းအားများ ရုတ်တရက် ပေါက်ကွဲထွက်လာ၏။
“ဘုန်း... ”
တစ်ခဏချင်းအတွင်းမှာပင် လူတိုင်း၏ မယုံကြည်နိုင်သော အကြည့်များအောက်၌ ၊ သက်ရှိဗုဒ္ဓ တိန့်ကျန်းမှာ မီးသွေးခဲအဖြစ်သို့ ပြောင်းလဲသွားပြီး ၊ လုံးဝ ဥဿုံ သေဆုံးသွားရတော့သည်။
“ဝူး... ”
ထို့တင်မကသေးဘဲ ၊ တစ်ဖက်လူ၏ ဝိညာဉ်ကိုလည်း ရှီးကျန့်က တိုက်ရိုက် ထုတ်ယူလိုက်ပြီး သူ၏လက်ထဲ၌ ဆုပ်ကိုင်ထား၏။
“ရှီးကျန့်... မင်း ဘာလုပ်နေတာလဲ ”
“တောက်... မင်း တကယ်ပဲ ဒီလိုလုပ်ရဲတယ်ပေါ့ ”
တစ်ခဏချင်းအတွင်းမှာပင် ကောင်းကင်အရှင်သခင်ကြီး သုံးဦးစလုံးမှာ အော်ဟစ်လိုက်ကြပြီး ၊ သူတို့၏ မျက်နှာများမှာ သိသိသာသာ ပျက်ယွင်းသွားရတော့သည်။
“ဘာလုပ်နေတာလဲ ဟုတ်လား ၊ ခဏနေရင် ခင်ဗျားတို့ သိရမှာပေါ့ ”
သူတို့သုံးဦး၏ စကားကို ကြားသောအခါ ရှီးကျန့်၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ကွေးညွှတ်သွား၏။ နောက်တစ်ခဏ၌ သူသည် သူ၏ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပြီး လက်ထဲရှိ ဝိညာဉ်ကို တိုက်ရိုက် ဝါးမြိုလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်အတတ်ပညာတစ်ခုမှာ စတင် လှုပ်ရှားလာ၏။ အဆုံးမရှိသော အမည်းရောင် အငွေ့အသက်များမှာ ရှီးကျန့်၏ တစ်ကိုယ်လုံးကို တစ်ခဏချင်းအတွင်း လွှမ်းခြုံသွားတော့သည်။
“ဝုန်း... ”
တစ်ခဏချင်းအတွင်းမှာပင် ကြီးမားလှသော စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်နှင့် ခြေလက်များအတွင်းသို့ စိမ့်ဝင်လာ၏။ ဤအခိုက်အတန့်၌ ရှီးကျန့်၏ စုစုပေါင်း စွမ်းအားမှာ ရူးသွပ်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာတော့သည်။
“ဝိညာဉ်ဝါးမြိုခြင်း လျှို့ဝှက်အတတ် ပဲ ၊ ဒါက ယင်ချန်း မျိုးနွယ်စုတွေရဲ့ မွေးရာပါ လျှို့ဝှက်အတတ် မဟုတ်လား ၊ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ”
တစ်ခဏချင်းအတွင်းမှာပင် ချင်းယွင်က အသက်ရှူမှားသွားရပြီး ၊ သူ၏ရှေ့မှ ရှီးကျန့်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။
“ယင်ချန်း မျိုးနွယ်စု ဟုတ်လား ၊ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လုံးဝ ပျောက်ကွယ်သွားခဲ့တာ မဟုတ်ဘူးလား ၊ ဘယ်လိုလုပ်ပြီး ဒီမှာ ပြန်ပေါ်လာနိုင်တာလဲ ”
ကျန့်တောက်ရန်၏ မျက်နှာမှာလည်း သိသိသာသာ ပျက်ယွင်းသွားရတော့သည်။
“စကားတွေ ပြောမနေနဲ့တော့... ပြေးကြတော့ ”
သို့သော်လည်း ထိုအခိုက်အတန့်၌ လုံယွီရှင်း၏ အော်ဟစ်သံမှာ အဝေးမှ ထွက်ပေါ်လာ၏။ ထိုအချိန်မှသာ ကောင်းကင်အရှင်သခင်ကြီး နှစ်ဦးမှာ သတိပြန်ဝင်လာပြီး လှည့်ကြည့်လိုက်ကြရာ ၊ လုံယွီရှင်းမှာ ကီလိုမီတာပေါင်းများစွာ ဝေးသောနေရာသို့ ပြေးသွားပြီး ရေခဲအတားအဆီးကို ပြင်းထန်စွာ ရိုက်နှက်နေသည်ကို မြင်တွေ့လိုက်ရတော့သည်။
ကံမကောင်းစွာဖြင့် ၊ နှင်းမုန်တိုင်းဝက်ဝံ သေဆုံးသွားသဖြင့် နှစ်ပေါင်းထောင်ချီ ရေခဲထုမှာ စွမ်းအားများစွာ လျော့ကျသွားပြီ ဖြစ်သော်လည်း ၊ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းနေသော လုံယွီရှင်းအတွက်မူ ၎င်းကို ဖောက်ထွက်ရန်မှာ မဖြစ်နိုင်သေးချေ။