← Chapters

ဝူအင်ပါယာမှ ကြီးမြတ်သောဇူအင်ပါယာအား တိုက်ခိုက်ခြင်း

Vol. 50 Ch. 693

ဝူအင်ပါယာမှ ကြီးမြတ်သောဇူအင်ပါယာအား တိုက်ခိုက်ခြင်း

Vol. 50 Ch. 693

မြင့်မြတ်သောနန်းတော်၌

မြူခိုးများ ဖုံးအုပ်ထားသော တောင်တန်းများအလွန်ရှိ စိမ်းပြာရောင် ကျောက်ဆောင်တစ်ခုပေါ်တွင် အဖြူရောင်အဝတ်အစားများ ဆင်မြန်းထားသည့်လူတစ်ယောက် ဆိတ်ငြိမ်စွာ ရပ်နေလျက် ရှိသည်။ ၎င်းထံမှ ကြီးကျယ်ခမ်းနားလှသော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလေသည်။

ယင်းအဖြူရောင် အဝတ်အစားများအား ဆင်မြန်းထားသောသူမှာ သူ၏မျက်ဝန်းများကို ဖြည်းညင်းစွာ ဖွင့်ဟလိုက်သောအခါတွင် ကောင်းကင်နတ်မင်းတစ်ပါးကဲ့သို့သော ထည်ဝါကာ အညှာအတာကင်းမဲ့လွန်းလှသည့် ခရမ်းရောင်မျက်ဆံများ တောက်ပစွာဖြင့် လင်းလက်လာသည်။

ထိုသူမှာ မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင် ရှမ့်ယွမ်ပင် ဖြစ်သည်။

"သုံးစားလို့ကို မရဘူး။ အသူရာသွေးခန္ဓာကို ဖန်တီးနိုင်ဖို့အတွက် ငါ့မူလအရင်းအမြစ်တွေ အများကြီးကို သုံးခဲ့ရတာ။" နန်းဆောင်သခင် ရှမ့်ယွမ်မှ ရေရွတ်လိုက်သည်။

"ဇူယွမ်ပြောတဲ့စကားက အမှန်တရားပဲ။ သူခိုးဆိုတာ အမြဲတမ်း သူခိုးပဲ ဖြစ်နေမှာပဲ။ ဘယ်တော့မှ လက်နက်ကောင်းတစ်ခု ဖြစ်လာနိုင်မှာ မဟုတ်ဘူး။"

နန်းဆောင်သခင် ရှမ့်ယွမ်မှ ခေါင်းကိုခါယမ်းကာ ရေရွတ်နေပါသော်လည်း အစောပိုင်း ယောင်းယွမ်သူတော်စင်မြို့တော်၏ ကောင်းကင်ထက်တွင် ရှိနေတုန်းကကဲ့သို့ ဒေါသထွက်နေခြင်း အလျဉ်းမရှိချေ။ ယင်း၏ မျက်ဝန်းများမှာ မခန့်မှန်းနိုင်သော ​မျှော်လင့်ချက် အလင်းရောင်များဖြင့်သာ တောက်ပနေလျက် ရှိသည်။

"ဘာပဲဖြစ်ဖြစ် ရှုံးတာကရှုံးတာပဲ။ ငါလည်း သူ့ဆီကနေ ဘာမှမျှော်လင့်ထားခဲ့တာမှ မဟုတ်တာ။"

နန်းဆောင်သခင် ရှမ့်ယွမ်မှာ ဝူဟောင်၏ စိတ်ဝိဉာဉ် ဖျက်စီးခံရခြင်းနှင့်ပက်သတ်၍ အနည်းငယ်မျှပင် အလေးထားခြင်း မရှိပေ။ ဝူဟောင်မှာ ၎င်း၏အကြံအစည်များထဲမှ နယ်ရုပ်တစ်ခုသာ ဖြစ်သည်။ ထို့ကြောင့် ဝူဟောင် ပျောက်ကွယ်သွားရခြင်းသည် သူ၏အစီအစဉ်အား အနည်းငယ်ပင် ထိခိုက်စေခြင်း မရှိ။

နန်းဆောင်သခင် ရှမ့်ယွမ်မှာ အင်္ကျီလက်မောင်းအိုးအတွင်းမှ ရှေးဟောင်း သလင်းကျောက်ဖန်လုံးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုသလင်းကျောက်ဖန်လုံးသည် မြူခိုးများဖြင့် ပြည့်နှက်နေလျက်ရှိပြီး စကြာဝဠာကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သိမ်းဆည်းထားသည်ဟုပင် ထင်မှတ်ရလေသည်။

"ဝူဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မြင့်မြတ်တဲ့နဂါးကောင်းချီးတွေကို ဇူယွမ်ရသွားပြီ။"

နန်းဆောင်သခင် ရှမ့်ယွမ်မှာ သလင်းကျောက်လုံးအတွင်းမှ မြင်နေရသော အခြေအနေများကို ကြည့်ရှုလိုက်ပြီးနောက် လက်ဖြောက်တီးလိုက်သည်။

"မလုံလောက်သေးဘူး။"

နန်းဆောင်သခင် ရှမ့်ယွမ်မှာ ညင်သာစွာ ပြုံးရယ်ကာ ခေါင်းကိုမော့လျက် ငွေခြည်ရောင် မျက်ဝန်းများဖြင့် စကြာဝဠာ တစ်နေရာအား ကြည့်ရှုလိုက်သည်။

"ဒါပေမယ့် သိပ်တော့မကြာလောက်တော့ပါဘူး။"

.......

ကန်ရွှမ်းကလန်၌

ကလန်ခေါင်းဆောင် ချင်းယန်မှာ ကျောဖက်တွင် လက်နှစ်ဖက်အား ယှက်သိုင်းထားလျက် လေဟာနယ်အတွင်းသို့ လေးနက်သောမျက်ဝန်းများဖြင့် ကြည့်ရှုနေလျက် ရှိသည်။

ကလန်ခေါင်းဆောင် ချင်းယန်၏အနောက်တွင် တောင်ထွတ်ဆရာသခင်မ လျန်းယီမှာ ရွှင်လန်းသောအမူအရာဖြင့် ရှိနေလေသည်။ "ဇူယွမ်က တကယ်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ သူဝူဟောင့်ကို အပြတ်အသတ် နိုင်သွားတာဆိုတော့ အခုချိန်လောက်ဆို ရှန့်ယွမ်တော့ တော်တော်ဒေါသထွက်နေမှာ။"

"အဲ့လိုမဖြစ်လောက်ဘူး ထင်တာပဲ။"

ကလန်ခေါင်းဆောင် ချင်းယန်မှ တည်ငြိမ်စွာ ပြောလိုက်သည်။ "ခုနတုန်းက ရှမ့်ယွမ်က အရမ်းဒေါသထွက်ပြနေတယ်ဆိုပေမယ့် သူ့မှာ တခြားရည်ရွယ်ချက်တစ်ခုခု ရှိလိမ့်မယ်လို့ ငါခံစားနေရတယ်။"

ကလန်ခေါင်းဆောင် ချင်းယန်မှာ မျက်မှောင်ကျုံ့လျက် အလေးအနက် တွေးတောကြည့်လိုက်ပါသော်လည်း နန်းဆောင်သခင် ရှမ့်ယွမ်၏ ရည်ရွယ်ချက်အား တစိုးတစဉ်းမျှပင် စဉ်းစားမိခြင်း မရှိပေ။ ထို့ကြောင့် ခေါင်းကိုသာခါယမ်းလျက် ဆက်လက်စကားဆိုလိုက်သည်။ "ဇူယွမ်က ဝူဟောင်ကို နိုင်သွားတယ်ဆိုပေမယ့်လည်း ကန်းမင်တိုက်ကြီးကိုပြန်ပြီး ဝူဘူရင်ကို ဆက်တိုက်ဖို့ ဆုံးဖြတ်ထားတာ။ အဲ့တိုက်ပွဲကတော့ သူ့အတွက် အရမ်းအန္တရာယ်များလိမ့်မယ်။"

တောင်ထွတ်ဆရာသခင်မ လျန်းယီမှ သက်ပြင်းချကာ ပြောလိုက်သည်။ "ဒီကောင်လေးက အရမ်းကို ခေါင်းမာတာပဲ။ ခြေလှမ်းနည်းနည်းလောက် နောက်ဆုတ်လိုက်မယ်ဆိုရင်တောင် တအားကြီး အန္တရာယ်များမှာ မဟုတ်တော့ဘူး။"

ဇူယွမ်၏ အရည်အချင်းအရ အနည်းငယ်သာ ဆက်လက်ကျင့်ကြံလိုက်မည်ဆိုလျှင် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်သည်နှင့်တစ်ပြိုင်နက် ဝူဘုရင်အား ကောင်းစွာယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။

"သူသာ အဲ့လိုနောက်ဆုတ်ရကောင်းမှန်းသိခဲ့ရင် ဒီနေ့ ဒီလိုနေရာကိုတောင် ရောက်လာနိုင်မယ် မထင်ဘူး။" ကလန်ခေါင်းဆောင် ချင်းယန်မှ ပြောလိုက်သည်။

"အဲ့ဒါက အန္တရာယ်များတယ်ဆိုပေမယ့် မရဏလမ်းနဲ့တော့ မနီးလောက်သေးပါဘူး။ ဝူဘုရင်က နတ်ဘုံခန်းဝါအဆင့်ဆိုပေမယ့် ဇူယွမ်ကလည်း မူလစဦးအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီလေ။ ပြီးတော့ ဝူဟောင်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မြင့်မြတ်တဲ့နဂါးကောင်းချီးတွေကိုလည်း ပြန်ယူထားနိုင်တယ်မလား။ သူသာ ကျန်တဲ့အချိန်နည်းနည်းမှာ ကောင်းကောင်းကျင့်ကြံနိုင်မယ်ဆိုရင် အဆင့်တက်သွားနိုင်တယ်။"

"အဲ့ကောင်လေးကရော အဆင့်တက်ဖို့ တွေးနေတာလား။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဘုံခန်းဝါအဆင့်ကို တက်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးလေ။ ချူချင်းနဲ့ တခြားရွေးချယ်ခံတွေဆိုရင် နတ်ဘုံခန်းဝါအဆင့်ကိုတက်ဖို့ ကြိုးစားနေတာ တော်တော်ကြာပြီ။ ဒါပေမယ့် အခုချိန်ထိတောင် အဆင့်တက်နိုင်သေးတာ မဟုတ်ဘူး။" တောင်ထွတ်ဆရာသခင်မ လျန်းယီမှ ပြောလိုက်သည်။

ကလန်ခေါင်းဆောင် ချင်းယန်မှ ရယ်မောကာ စကားဆိုလိုက်သည်။ "ပုံမှန်အတိုင်းဆိုရင်တော့ အဆင့်ကြီးတစ်ဆင့်တက်ဖို့ဆိုတာ အချိန်တွေ အများကြီး ယူရတာပေါ့။ အခုက ဇူယွမ်က အရမ်းကို ဖိအားများတဲ့ အခြေအနေကို ရောက်နေတာလေ။ အရမ်းဖိအားများလာတဲ့အချိန်မှာ အရည်အချင်းရှိတဲ့သူတွေက အဆင့်တက်ဖို့ကို လုပ်ဆောင်နိုင်ကြတယ်။"

"ဇူယွမ်က ဒီအခြေအနေရဲ့ ဖိအားတွေကို အသုံးချပြီး ကျင့်ကြံခြင်းအဆင့် တက်သွားနိုင်တယ်။"

"သူ့ရဲ့ယုံကြည်ချက်နဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကလည်း သူများနဲ့ မတူဘူးလေ။"

ကလန်ခေါင်းဆောင် ချင်းယန်၏စကားသံမှာ အသိအမှတ်ပြုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။

ကျင့်ကြံခြင်းလောက၌ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရဲရင့်သောရည်ရွယ်ချက်တို့ မရှိလျှင် ထိုသူ၏ ကျင့်ကြံရေးလမ်းစဉ်မှာ နှောင့်နှေးနေရလိမ့်မည် ဖြစ်သည်။

တောင်ထွတ်ဆရာသခင်မ လျန်းယီမှာလည်း ဇူယွမ်အား အသိအမှတ် ပြုလိုက်မိသည်။ ထိုမျှကြီးမားသော ဖိအားများအောက်တွင်သာ အမှန်တကယ် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်ခဲ့မည်ဆိုပါက ဇူယွမ်အတွက် အန္တရာယ်ရှိသော အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေသည်။

"ဒီကောင်လေး အောင်မြင်ပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပဲ။"

ကလန်ခေါင်းဆောင် ချင်းယန်မှာ ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီးနောက် မြင့်မြတ်သောနန်းတော် ရှိရာအရပ်သို့ ကျဉ်းမြောင်းသော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်သည်။

ရှမ့်ယွမ်....မင်းလုပ်နေတာတွေအားလုံးက ဂုဏ်သိက္ခာဆယ်ဖို့ပဲဆိုတာ တကယ်ရော ဟုတ်ရဲ့လား....

ဒါမှမဟုတ်....တခြားရည်ရွယ်ချက် ရှိနေသေးတာလား....

အဲ့လိုဆိုရင် မင်းရဲ့ရည်ရည်ရွယ်ချက်က ဘာများဖြစ်မလဲ...

........

ဇူယွမ်မှာ ယောင်းယွမ်သူတော်စင်မြို့တော်မှထွက်ခွာ၍ ကန်းမင်တိုက်ကြီးသို့ ပြန်လည်သွားရောက်နေစဉ်မှာပင် ဝူဟောင်နှင့်သူ၏ ကြီးကျယ်ခမ်းနားသော တိုက်ပွဲအကြောင်းမှာ ရှန်ဇူတိုက်ကြီး တစ်ခွင်လုံးသို့ ပျံ့နှံ့သွားပြီ ဖြစ်သည်။

တိုက်ပွဲရလဒ်အား သိရှိလိုက်ရသူတိုင်းမှာ ဇူယွမ်၏ အံ့မခမ်း တိုက်ပွဲစွမ်းရည်အပေါ် အံ့အားသင့်ကုန်ကြရသည်။

ဇူယွမ်သည် ဆက်လက်ကျင့်ကြံခွင့်သာ ရရှိခဲ့ပါက အနာဂတ်တစ်ချိန်တွင် ကန်ရွှမ်းကလန်၏ ပင်မထောက်တိုင်တစ်ခုပင် ဖြစ်လာနိုင်သည်အထိ အရည်အချင်းရှိသူ ဖြစ်သည်။ သို့သော် ကံတရား၏ မျက်နှာသာ မပေးမှုကြောင့် ဇူယွမ်သည် သိပ်မကြာသော အနာဂတ်၌ပင် ပျောက်ကွယ်သွားရတော့မည် ဖြစ်သည်။

ကန်းမင်တိုက်ကြီးထံသို့ ဇူယွမ် အစောတလျင် ​ထွက်ခွာနေရသည့် အကြောင်းအရင်းအား ရှန်ဇူတိုက်ကြီး တစ်ခုလုံးမှ သိရှိထားကြပြီး ဖြစ်သည်။

စင်စစ်အားဖြင့် နတ်ဘုံခန်းဝါအဆင့်သာရှိသော ဝူဘုရင်သည် ရှန်ဇူတိုက်ကြီးအတွက် အနည်းငယ်မျှပင် အရေးမပါချေ။ သို့သော် မူလစဦးအဆင့်သာ ရှိသေးသော ဇူယွမ်အတွက်မူ နတ်ဘုံခန်းဝါအဆင့်သည် မည်သို့မျှ လက်လှမ်းမမှီနိုင်လောက်အောင် မြင့်မားလှပေသည်။

ချီစွမ်းအင် ကျင့်ကြံခြင်းလောကတွင် မူလစဦးအဆင့်အား မြင့်မားသောအဆင့်တစ်ခုဟု သတ်မှတ်နိုင်ပါသော်လည်း နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိသွားသောအခါမှသာ ချီစွမ်းအင်၏ လျှိုဝှက်ဆန်းကြယ်ခြင်းများကို အမှန်တကယ် နားလည်လာနိုင်မည် ဖြစ်သည်။

မူလစဦးအဆင့်နှင့် နတ်ဘုံခန်းဝါအဆင့်တို့ကြား ကွာခြားချက်သည် အလွန်ပင် ကြီးကျယ်ခမ်းနားလှသည်။

မူလစဦးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော ဇူယွမ်အတွက်ပင်လျှင် နတ်ဘုံခန်းဝါအဆင့်ရှိသူတစ်ဦးအား ယှဉ်ပြိုင်တိုက်ခိုက်ရန်မှာ ရိုးရှင်းလွယ်ကူလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ကန်းမင်တိုက်ကြီးသို့ အစောတလျင်ပြန်ကာ ဝူဘုရင်အား တိုက်ခိုက်ရန် ဆုံးဖြတ်သည့် ဇူယွမ်အား အများစုမှ လိမ္မာပါးနပ်ခြင်းမရှိသောလုပ်ရပ်ဟု ယူဆကြသည်။

မည်သို့ပင်ဆိုစေကာမူ ဝူအင်ပါယာနှင့် ကြီးမြတ်သောဇူအင်ပါယာအကြားရှိ ပဋိပက္ခများသည် မြင့်မြတ်သောနန်းတော်နှင့် ကန်ရွှမ်းကလန်ကိုပါ ကိုယ်စားပြုနေပြီဖြစ်ကြောင်း စောင့်ကြည့်နေသူများမှ နားလည်ထားကြသည်။ ထို့ကြောင့် လက်ရှိအခြေအနေအား မည်သူကမှ ဝင်ရောက်ကူညီနိုင်ခြင်း မရှိသဖြင့် ဇူယွမ်အပေါ်တွင်သာ မူတည်နေရခြင်း ဖြစ်သည်။

လက်ရှိပြဿနာအား ဇူယွမ်မှ မည်သို့မည်ပုံ ဖြေရှင်းမည်ကို ရှန်ဇူတိုက်ကြီး တစ်ခုလုံးမှ စိတ်ဝင်စားနေကြပေသည်။

ထို့ကြောင့် ကန်းမင်တိုက်ကြီးသို့ ဇူယွမ်ထွက်ခွာရာ လမ်းတလျှောက်လုံးကို ရှန်ဇူတိုက်ကြီးမှ အင်အားကြီးကလန်ကြီးများ အပါအဝင် ကလန်၊ဂိုဏ်း၊ အဖွဲ့အသီးသီးမှ စောင့်ကြည့်နေကြလျက် ရှိသည်။

ကျယ်ပြောလှသော ကန်ရွှမ်းကောင်းကင်ဒေသတွင် ကန်းမင်တိုက်ကြီးမှာ ဝေးလံခေါင်ဖျားသော အရပ်မှ သေးငယ်သော တိုက်ငယ်တစ်ခုသာ ဖြစ်ပါသော်လည်း ယခုအခါတွင် အားလုံး၏ အာရုံစိုက်ခြင်းအား ခံယူနေရပြီ ဖြစ်သည်။

လူတိုင်းမှာ ကန်းမင်တိုက်ကြီးကိုသာ စိတ်ဝင်တစား ရှိနေကြသည်။

ဝူအင်ပါယာနှင့် ကြီးမြတ်သောဇူအင်ပါယာအကြားရှိ နယ်နိမိတ်မျဉ်းပေါ်တွင်လည်း တိုက်ပွဲခေါ်သံများ စတင်ခဲ့ပြီ ဖြစ်သည်။

ဝူအင်ပါယာမှာ ယခင်တစ်ကြိမ်ကကဲ့သို့ပင် ကြီးမြတ်သောဇူအင်ပါယာ၏ မြို့ရိုးနံရံများကို ကြီးမားလှသော စစ်သည်အင်အားများဖြင့် ဖြိုခွင်းနေလျက် ရှိသည်။

ယခင်တစ်ကြိမ်ကမူ ဝူဘုရင်မှာ ဇူမိသားစု၏ မြင့်မြတ်သောနဂါးကောင်းချီးအား အရယူလိုသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ ဝူဘုရင်မှာ ကြီးမြတ်သောဇူအင်ပါယာအား အမြစ်ပါမကျန် မြေလှန်ဖျက်စီးပစ်ရန် ကြံရွယ်ထားခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အငြှိုးအတေးများကို အဆုံးသတ်ပစ်လိုက်သင့်သည့် အချိန်သို့ ရောက်ရှိနေပြီပင် မဟုတ်ပါလော....

All Chapters