ဆွေ့လုံမြို့တော်
Vol. 50 Ch. 694
လွန်ခဲ့သော လဝက်ခန့်မှစ၍ ဝူအင်ပါယာ၏ စစ်တပ်သည် ဝူဘုရင်၏ အမိန့်တော်ဖြင့် ကြီးမြတ်သောဇူအင်ပါယာထံသို့ စစ်ချီလာခဲ့ကြသည်။
ဝူအင်ပါယာ၏ စစ်တပ်အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလွန်းလှသည်။ ကြီးမြတ်သောဇူအင်ပါယာသည် စစ်ပွဲအတွက် ကောင်းစွာပြင်ဆင်ထားခဲ့ပါသော်လည်း အင်အားမမျှတမှုကြောင့် တိုက်ပွဲစပြီး မကြာမီမှာပင် စတင်ဖြိုခွင်းခံလာရသည်။
ထို့အပြင် ဇူချင်မှာလည်း အင်ပါယာနှစ်ခု၏ စစ်သည်အင်အားအား တွက်ချက်ချိန်ဆပြီးနောက် စစ်ရေးတိုက်ခိုက်မှုများအား အနည်းငယ်မျှပင် သတိလက်လွတ် ဆောင်ရွက်ပြုမူခြင်း မလုပ်ရဲတော့ပဲ ဝူအင်ပါယာအား ခုခံတိုက်ခိုက်နိုင်ရန်အတွက် ကြီးမြတ်သောဇူအင်ပါယာ တစ်ခုလုံးရှိ စစ်သည်အင်အားများကို ဆွေ့လုံမြို့တော်ထံ ပို့ဆောင်ထားလိုက်ရသည်။
ဆွေ့လုံမြို့တော်သည် ကြီးမြတ်သောဇူအင်ပါယာအတွက် နောက်ဆုံးခံတပ်မြို့ပင် ဖြစ်သည်။
ဇူချင်သည် ပထဝီဝင် မြေအနေအထားများကို တွက်ဆကာ ဆွေ့လုံမြို့တော်၌ စစ်သည်အင်အား အားလုံးစုဆောင်းတိုက်ခိုက်ရန် စီစဉ်လိုက်ခြင်း ဖြစ်သည်။
ဆွေ့လုံမြို့တော်၏ အပြင်ဖက်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက နဂါးများကို သတ်ဖြတ်မြှုပ်နှံထားခဲ့သည်ဟုဆိုကြသော ဆွေ့လုံမြစ်ကြီး ရှိလေသည်။
ယခုအခါတွင် ကျယ်ပြောလှသော ဆွေ့လုံမြစ်ကြောင်းတလျှောက်၌ စစ်ပွဲတောက်လောင်မှုများဖြင့် ပြည့်နှက်နေရပြီ ဖြစ်သည်။
ဆွေ့လုံမြို့တော်၏ မြို့တံတိုင်းပေါ်၌
ဇူချင်မှာ ချပ်ဝတ်တန်ဆာများအား ဝတ်ဆင်ထားလျက်ရှိပြီး ကျယ်ပြောလှသော မြစ်တစ်ဖက်ကမ်းရှိ အဆုံးသတ်မဲ့သော စစ်တပ်ကြီးအား ကြည့်ရှုနေလေသည်။
ထိုမည်းမှောင်နေသော တိမ်တိုက်ကြီးအလား မျက်စိတဆုံး မရေမတွက်နိုင်အောင် များပြားလှသည့် စစ်သည်တော်များမှာ "ဝူ"ဟုရေးထိုးထားသော အောင်လံများကို ဆွဲကိုင်ထားလျက် ရှိကြသည်။
"ဝူအင်ပါယာက စစ်သည်အင်အား အကုန်နီးပါး ချီတက်လာကြတာဆိုတော့ မကြာခင်မှာပဲ သူတို့စပြီး တိုက်ခိုက်တော့မယ်လို့ ယူဆရပါတယ်။" ဇူချင်၏ နောက်တွင်ရှိနေသော ဝေကန်းလန်မှ လေးနက်စွာဖြင့် ပြောလိုက်သည်။
ဝေကန်းလန်၏ ဘေးတွင်မူ ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် ဝေချင်းချင်း ရှိနေ၏။ သူမသည် ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့်တိုင်အောင် လှပသော ခန္ဓာကိုယ် ကောက်ကြောင်းများမှာ ညှို့ငင်အားကောင်းစွာဖြင့် ပေါ်လွင်နေဆဲ ဖြစ်သည်။
ဝေချင်းချင်း၏ ရွှန်းစိုတောက်ပသော မျက်ဝန်းလေးများမှာ တင်းမာခက်ထန်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
ကြီးမြတ်သောဇူအင်ပါယာတွင် စစ်ဗိုလ်ချုပ်များစွာ ရှိနေပါသော်လည်း လက်ရှိအခြေအနေ၏ ဖိအားပေါင်းများစွာကြောင့် အနည်းငယ်မျှပင် အနားမယူနိုင်ပဲ ရှိနေကြရသည်။ လဝက်မျှသော အချိန်ကာလအတွင်းမှာပင် ၎င်းတို့အားလုံးမှာ ဝူအင်ပါယာ၏ စစ်သည်အင်အား အခြေအနေကို ကောင်းစွာမြင်တွေ့သိရှိခဲ့ရပြီဖြစ်သောကြောင့် ဖြစ်သည်။
ကြီးမြတ်သောဇူအင်ပါယာမှာ ဤနှစ်များအတွင်း စစ်သည်အင်အား တောင့်တင်းလာစေရန် များစွာကြိုးစားတည်ဆောက်နေခဲ့ပါသော်လည်း ဝူအင်ပါယာနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း ကွာခြားနေဆဲ ဖြစ်သည်။
ဇူချင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ဗိုလ်ချုပ်များအားကြည့်ကာ တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။ "ဒီလိုအချိန်မျိုးမှာ ကြီးမြတ်သောဇူအင်ပါယာအတွက် မင်းတို့ရှိပေးတာ တကယ့်ကံကောင်းမှုပဲ။"
ဗိုလ်ချုပ်တစ်ဦးမှ ပြုံးကာစကားဆိုလိုက်သည်။ "အရှင်မင်းကြီး....ကျွန်တော်တို့က သေရမှာကြောက်တဲ့ သူရဲဘောကြောင်တဲ့သူတွေ မဟုတ်ပါဘူး။ အဲ့လိုသာကြောက်နေမယ်ဆိုရင် အရင်ထဲက အရှင်မင်းကြီးနောက်တောင် လိုက်မှာမဟုတ်ဘူး။"
"ဝူဘုရင်ဆိုတာ သူခိုးတစ်ကောင်ပဲလေ။ အဲ့လိုသူခိုးကောင်က ကျွန်တော်တို့ကို ဖိနှိပ်ချင်လို့ ရမလား။"
"ကြီးမြတ်သောဇူအင်ပါယာကြောင့်သာမဟုတ်ရင် ဝူအင်ပါယာက ဒီနေ့ဒီလိုအခြေအနေတောင် ဖြစ်လာမှာမဟုတ်ဘူး။"
"စိတ်မပူပါနဲ့ အရှင်မင်းကြီး...ကျွန်တော်တို့က ကြီးမြတ်သောဇူအင်ပါယာနဲ့ နောက်ဆုံးအချိန်အထိ ရှိသွားမှာပါ။"
“------”
ဆုံးဖြတ်ချက် ခိုင်မာနေသော အမူအရာများကို မြင်တွေ့လိုက်ရပြီးနောက် ဇူချင်မှာ မျက်ရည်များပင် ဝေ့ဝဲတက်လာရသည်။ ထိုသွေးသောက်ညီအကိုများသည် အတိတ်ကာလ၌ ကြီးမြတ်သောဇူအင်ပါယာအား ဝူဘုရင်ဖိနှိပ်ခဲ့စဉ်ကတည်းက သူနှင့်အတူ အစဉ်အမြဲ ရှိနေပေးခဲ့ကြခြင်း ဖြစ်သည်။
ဝေ့ကန်းလန်မှ ပြုံးကာပြောလိုက်သည်။ "အရှင်မင်းကြီး....ဝူအင်ပါယာက အင်အားကြီးတာမှန်ပေမယ့် ကျွန်တော်တို့က သေခြင်းတရားကို ကြောက်နေမယ့်သူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ အမြင်မှာတော့ ဝူဘုရင်က သူခိုးတစ်ယောက်သာသာပါပဲ။"
"ကျွန်တော်တို့အားလုံးက ကြီးမြတ်သောဇူအင်ပါယာနဲ့အတူပဲ နေထိုင်သေဆုံးသွားဖို့ ဆန္ဒရှိတာပါ။"
ဇူချင်မှာ ခေါင်းကိုခါယမ်းကာ မျက်လုံးအား ပွတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လျက် နှလုံးသားအတွင်းမှ မြင့်တက်လာသော စိတ်ခံစားချက်များကို ဖိနှိပ်ထားလိုက်သည်။ "ဗိုလ်ချုပ်ကြီး...ငါတို့ကြီးမြတ်သောဇူအင်ပါယာက စစ်သည်အင်အား ဘယ်လောက်ကျန်သေးလဲ။"
ဝေကန်းလန်မှ အမူအရာပျက်သွားကာ ပြန်၍ပြောလိုက်သည်။ "မူလစဦးအဆင့်ကတော့ နှစ်ဆယ့်ရှစ်ယောက် ကျန်ပါသေးတယ်။ ကျန်တဲ့ဆယ့်နှစ်ယောက်ကတော့ ဝူအင်ပါယာဖက်က တိုက်ခိုက်လို့ ကျဆုံးသွားပါပြီ။"
ကြီးမြတ်သောဇူအင်ပါယာမှာ လွန်ခဲ့သော နှစ်များအတွင်း မူလစဦးအဆင့် စစ်သည်လေးဆယ်အား စုစည်းနိုင်ခဲ့သည်။ ထိုအယောက်လေးဆယ်တွင် အများစုမှာ မူလစဦး တတိယအဆင့်ထက် နိမ့်ကျပါသော်လည်း ကြီးမြတ်သောဇူအင်ပါယာအတွက်မူ တန်ဖိုးကြီးမားလှသော စစ်သည်တော်များပင် ဖြစ်သည်။
"ဒါပေမယ့် ကျွန်တော်တို့မှာ မူလစဦးအဆင့် တိုက်ပွဲဂိုလမ် ရှစ်ဆယ့်ရှစ်ကောင်နဲ့ ကောင်းကင်တံခါးအဆင့်က တစ်ထောက်ကျော်လောက် ရှိတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ စစ်သည်အင်အားတွေနဲ့ပါ ပေါင်းလိုက်မယ်ဆိုရင် ဝူအင်ပါယာကို ခြိမ်းခြောက်နိုင်မှာပါ။"
ဇူယွမ် ရှာဖွေတွေ့ရှိခဲ့သော တိုက်ပွဲဂိုလမ်များအား အင်အားပြည့်ဝသော တိုက်ပွဲဂိုလမ်များ ဖြစ်လာစေရန် ကြီးမြတ်သောဇူအင်ပါယာအတွင်း ကောင်းစွာလေ့ကျင့်ပေးထားခဲ့သည်။
ဝူအင်ပါယာသည် ဆွေ့လုံမြို့တော်အား တစ်ကြိမ်လာရောက် တိုက်ခိုက်ခဲ့ဖူးပါသော်လည်း တိုက်ပွဲစွမ်းရည် ကောင်းမွန်သော ဂိုလမ်များစွာကြောင့် ရှုံးနိမ့်ကာ တပ်ဆုတ်ခဲ့ရသည်။
"ဘာပဲဖြစ်ဖြစ် ဝူဘုရင်က အရမ်းကို သတိကြီးလွန်းတယ်။ သူသာ စစ်တပ်ကို ခေါ်မလာပဲ သူတစ်ယောက်ထဲ လာမယ်ဆိုရင် နတ်ဘုံခန်းဝါအဆင့် ဖြစ်နေပါစေဦးတော့....ငါတို့ တိုက်ပွဲဂိုလမ်တွေကို ဖောက်ခွဲပစ်ပြီး သူ့ကိုဒဏ်ရာရအောင် လုပ်ပစ်လိုက်လို့ရတယ်။" ဇူချင်မှ သက်ပြင်းချကာ ပြောလိုက်သည်။
မူလစဦးအဆင့်ရှိသော တိုက်ပွဲဂိုလမ်များသည် အသေခံဖောက်ခွဲသည့်စနစ်အား အသုံးပြုနိုင်ပေသည်။ ထိုသို့ဖောက်ခွဲဖျက်စီးခြင်းစနစ်သည် တစ်ကြိမ်သာ အသုံးပြုနိုင်မည်ဆိုပါသော်လည်း အလွန်ပြင်းထန်လွန်းသည့်အတွက် နတ်ဘုံခန်းဝါအဆင့်ကိုပင် ထိခိုက်စေနိုင်သည်။
၎င်းတို့မှာ ဝူဘုရင်အား ထောင်ချောက်ဆင်ရန် ကြံစည်ထားကြပါသော်လည်း နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝူဘုရင်မှာ အစစအရာရာ သတိကြီးလှသောကြောင့် မလွယ်ကူလှပေ။
ယခုဆိုလျှင် တိုက်ပွဲဂိုလမ်များ၏ တည်ရှိမှုလျှို့ဝှက်ချက်မှာ ပေါက်ကြားသွားပြီဖြစ်သောကြောင့် ဝူဘုရင်မှ ကြိုတင်ပြင်ဆင်ထားလိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။
"ဒီတစ်ခါတော့ ဝူဘူရင်ကိုယ်တိုင် တိုက်ခိုက်ဖို့များတယ်။" ဝေကန်းလန်မှ လေးနက်အက်ကွဲနေသောအသံဖြင့် ပြောလိုက်သည်။
ကြီးမြတ်သောဇူအင်ပါယာ၏ စစ်သည်အင်အား အခြေအနေကို ခန့်မှန်းတွက်ဆပြီးမှ ဝူဘုရင်မှာ လှုပ်ရှားမှုများကို စတင်လုပ်ဆောင်လာခြင်း ဖြစ်သည်။ ထို့အပြင် သာမန်စစ်သည်အင်အားနှစ်ခု၏ တိုက်ပွဲကြားတွင် နတ်ဘုံခန်းဝါအဆင့်တစ်ဦး၏ ပါဝင်လာမှုမှာ အလွန်ပင် ကြီးမားသော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမည် ဖြစ်သည်။
ကြီးမြတ်သောဇူအင်ပါယာမှ စစ်ဗိုလ်ချုပ်များနှင့် စစ်သည်တော်များမှာ ထိုအကြောင်းအရာအတွက် အလွန်ပင် စိတ်ဖိစီးနေကြရသည်။
အင်ပါယာနှစ်ခုကြားရှိ တိုက်ပွဲတွင် နတ်ဘုံခန်းဝါအဆင့်ရှိသူတစ်ဦး၏ ပါဝက်ပက်သတ်လာမှုမှာ အလွန်တင်းမာသော အခြေအနေတစ်ရပ်ပင် ဖြစ်သည်။
နတ်ဘုံခန်းဝါအဆင့်ရှိသူ တစ်ဦးတည်းဖြင့်ပင် မြို့တော်တစ်ခုလုံးအား ဖျက်စီးပစ်လိုက်နိုင်သောကြောင့် ဖြစ်သည်။
ဇူချင်မှာ မျက်ဝန်းများကိုပိတ်လျက် အသက်ပြင်းပြင်းရှူလိုက်သည်။ " တကယ်လို့ ဝူဘုရင် ရောက်လာခဲ့ရင် ငါသူ့ကိုတားမှာပါ။"
ဝေ့ကန်းလန်မှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားကာ ပြောလိုက်သည်။ "အရှင်မင်းကြီး...အဲ့လိုလုပ်ဖို့ မလိုအပ်ပါဘူး။ တကယ်အခြေအနေ ဆိုးလာတဲ့အခါကြရင် အရှင်မင်းကြီးအနေနဲ့ ဒီကထွက်သွားဖို့ပဲ စဉ်းစားသင့်ပါတယ်။ အသက်ရှင်နေသမျှ မျှော်လင့်ချက်ဆိုတာ ရှိနေဦးမှာပဲ။"
ထိုစကားအား ကြားရသောအခါတွင် ဇူချင်မှာ ခပ်ဖွဖွပြုံးလျက် လက်ခါပြလိုက်သည်။ " ငါတစ်ခါ ထွက်ပြေးခဲ့ပြီးပြီလေ။"
"ဒုတိယတစ်ခါတော့ ငါထွက်မပြေးချင်တော့ဘူး။"
ဇူချင်၏ မျက်ဝန်းများမှာ ဆုံးဖြတ်ချက်ပြတ်သားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။
အဆုံးသတ်အချိန်သို့ ရောက်ရှိသည်အထိ ခုခံတိုက်ခိုက်ချင်သော စိတ်ဆန္ဒများ ပြည့်ဝနေသည်မှာ ထင်ရှားလှသည်။
ဝေကန်းလန်မှာ ဇူချင်၏ ပြင်းပြလှသော စိတ်ဆန္ဒများကို ခံစားမိသောကြောင့် ဆက်လက်ဖြောင်းဖြရန် မကြိုးစားတော့ပေ။ " ကျွန်တော်လည်း နောက်ဆုံးအချိန်အထိ အရှင်မင်းကြီးနဲ့အတူ တိုက်ပွဲဝင်သွားပါ့မယ်။"
အခြားသော စစ်ဗိုလ်ချုပ်များမှာလည်း ဝေကန်းလန်၏ စကားအား ထောက်ခံလိုက်ကြသည်။
ဇူချင်မှာ ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် စစ်ဗိုလ်ချုပ်များအား လိုအပ်သည်များကို ပြင်ဆင်ထားရန် အမိန့်ပေးလိုက်သည်။
စစ်ဗိုလ်ချုပ်များ ထွက်ခွာသွားပြီနောက် ဇူချင်မှာ ဆွေ့လုံမြို့တော် တစ်ဖက်ကမ်းရှိ စစ်သည်များကိုကြည့်ကာ လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
ထို့နောက် နူးညံ့ညင်သာသော ခြေသံခပ်ဖွဖွအား ကြားလိုက်ရသောကြောင့် ဇူချင်မှ အနောက်သို့လှည့်ကာ ကြည့်လိုက်သည်။ "မိဖုရား...ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ။"
ရောက်ရှိလာသောသူမှာ ဇူယွမ်၏မယ်တော်ဖြစ်သူ ချင်ယုပင် ဖြစ်သည်။
ချင်ယုမှာ လှပစွာ ပြုံးလိုက်ရင်းဖြင့် ညင်သာစွာ စကားဆိုလိုက်သည်။ "ဒီနေရာက ကြီးမြတ်သောဇူအင်ပါယာအတွက် ဝူအင်ပါယာကို ရင်ဆိုင်ရမယ့် နေရာပဲလေ။ ကြီးမြတ်သောဇူအင်ပါယာသာ ရှုံးသွားခဲ့မယ်ဆိုရင် ကျွန်မ နန်းတော်ထဲမှာပဲရှိရှိ၊ ဒီနေရာမှာပဲ ရှိရှိ ဘာများထူးခြားသွားမှာမို့လို့လဲ။"
ဇူချင်မှာ သူမအား ကြည့်လိုက်ပြီးနောက် တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။ "မိဖုရား...ကိုယ်က အသုံးမကျခဲ့ပါဘူး။"
ချင်ယုမှ ပြုံးကာစကားဆိုလိုက်သည်။ "ကြီးမြတ်သောဇူအင်ပါယာကို အသက်နဲ့လဲပြီး ကာကွယ်သွားမယ်မလား။"
ဇူချင်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ပြန်၍ပြောလိုက်သည်။ "မိဖုရားက မလုပ်စေချင်လို့လား။"
ချင်ယုမှ ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။ "မဟုတ်ပါဘူး။ ကျွန်မပြောချင်တာက အသက်ရှင်ရသည်ဖြစ်စေ၊ သေဆုံးရသည်ဖြစ်စေ ရှင်သန်ခြင်းရော၊ သေဆုံးခြင်းမှာပါ ကျွန်မက ရှင်နဲ့အတူ အမြဲရှိနေမှာပါလို့။"
ဇူချင်မှ အံ့အားသင့်စွာဖြင့် သူမအား ကြည့်ရှုလိုက်သည်။
"အရှင်မင်းကြီး...ကျွန်မ ရှင့်ကိုမတားဘူးလေ။ ရှင်လည်း ကျွန်မရဲ့ဆုံးဖြတ်ချက်ကို မတားသင့်ဘူးမလား။"
ဇူချင်မှာ ချင်ယုအား တားဆီး၍မရနိုင်ကြောင်း သိရှိနေသောကြောင့် သူမအား ရင်ခွင်ထဲသို့ပွေ့ပိုက်ကာ ညင်သာစွာ ပြောလိုက်သည်။ "အဲ့ဒါဆိုရင် ကိုယ်တို့ ဇနီးခင်ပွန်းနှစ်ယောက် ဒီဆွေ့လုံမြို့တော်ကနေ ကြီးမြတ်သောဇူအင်ပါယာကို အသက်နဲ့လဲပြီး ကာကွယ်သွားကြမယ်။"
ချင်ယုမှာ ကျေနပ်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်ပြကာ ဇူချင်၏ ရင်ခွင်ထဲမှီလျက် ဆွေ့လုံမြို့တစ်ဖက်ကမ်းရှိ အဆုံးမရှိသော စစ်တပ်ကြီးအားကြည့်ကာ ပြုံး၍စကားဆိုလိုက်သည်။ " ယွမ်အာ ဒီမှာရှိမနေတာ တော်ပါသေးတယ်။"
"သူအိမ်ထောင်ပြုပြီး ကလေးရလာမှာကိုတော့ ကျွန်မတို့တွေ့နိုင်တော့မယ်မထင်ဘူး။"
"ယောင်ယောင်က တကယ့်ကိုတော်ပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ ဒါပေမယ့် ကျွန်မတို့ရဲ့ သားစုတ်လေးက အဲ့လောက်ကံကောင်းနိုင်ပါ့မလား။"
"ပြီးတော့ စုယုဝေလေးလည်း ရှိသေးတယ်။ အဲ့ကလေးမလေးဆိုရင် ယွမ်အာ့ကို အရမ်းသဘောကျတာ။ အနာဂတ်တစ်ချိန်ကြရင် ကျွန်မတို့ရဲ့ အုတ်ဂူကို ယွမ်အာနဲ့အတူ ဂါရဝပြုဖို့ ပါလာမယ့်မိန်းကလေးက ဘယ်သူဖြစ်မလဲ မသိဘူးနော်။"
ဇူချင်မှာ ချင်ယု၏စကားများကို နားထောင်နေရင်းဖြင့် မျက်ရည်များ ဝေ့ဝဲတက်လာသောကြောင့် ခေါင်းအားမော့ထားလိုက်ရသည်။
ဒုန်း...ဒုန်း...
ဆွေ့လုံမြို့တော်၏ တစ်ဖက်ကမ်းထံမှ စစ်ပွဲဗုံသံများ တီးခတ်နေလျက် ရှိသည်။
သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည့် ကြီးမားလှသော စစ်တပ်ကြီးမှာလည်း စစ်ချီလာနေပြီ ဖြစ်သည်။
ဝူအင်ပါယာသည် ကြီးမြတ်သောဇူအင်ပါယာအား တိုက်ခိုက်တော့မည်ပင် ဖြစ်လေတော့သတည်း....