ဝူဘုရင်
Vol. 50 Ch. 695
ဒုန်း...ဒုန်း...
ဆွေ့လုံတံတားပေါ်မှ စစ်ချီတီးလုံးများမှာ ကောင်းကင်နှင့်မြေကြီးကိုပင် ပဲ့တက်ထပ်လျက် ရေလှိုင်းလုံးများကို ဖန်တီးနေလေသည်။
ဝူအင်ပါယာ၏ ကြီးကျယ်ခမ်းနားလှသော စစ်တပ်ကြီးမှာလည်း စတင်၍ လှုပ်ရှားလာပြီ ဖြစ်သည်။ ၎င်းတို့သည် မိစ္ဆာကောင်ကြီးသဖွယ် ကြီးမားလှသော စစ်သင်္ဘောကြီးအား ရွက်လွှင့်လျက် လှိုင်းလုံးများကို ထိုးခွဲဖြတ်သန်းလိုက်သည်။
သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ကမ္ဘာမြေပြင်အနှံ့ ပျံ့နှံ့လွှမ်းခြုံထားသည်။
ဝူစစ်တပ်၏ လှုပ်ရှားမှုများအား ကြီးမြတ်သောဇူအင်ပါယာမှ ထောက်လှမ်းသိရှိထားပြီး ဖြစ်သည်။ မြို့ရိုးနံရံများထံမှ စစ်ချီဗုံသံများ အဆက်မပြတ် ထွက်ပေါ်နေလျက်ရှိပြီး စစ်သည်များမှာလည်း မြှားနှင့်လှံများကို အသင့်ပြင်နေကြပြီ ဖြစ်သည်။
ချီစွမ်းအင်များမှာလည်း မြို့ရိုးနံရံများကို အကာအကွယ်ပေးထားလျက် ရှိသည်။
မြို့ရိုးနံရံ၏ အဓိကနေရာတွင် ရှိနေသော ဇူချင်မှာ အဝေးမှ စစ်ချီလာနေသော ဝူစစ်တပ်အား လေးနက်ခက်ထန်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေလေသည်။ ဝူစစ်တပ်သည် ၎င်းတို့၏ မြို့သိမ်းတိုက်ပွဲအား ဆင်နွှဲတော့မည်ပင် ဖြစ်သည်။
"တိုက်ပွဲအတွက် ပြင်ဆင်ကြ။"
ဇူချင်၏စကားသံမှာ မြို့ရိုးနံရံတလျှောက် ပဲ့တင်ထပ်သွားသည်။
ဝေကန်းလန်မှာ လှံတံအား တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေကာ အော်ဟစ်လိုက်သည်။ "အဆုံးထိ တိုက်ခိုက်ကြ။"
"အဆုံးထိ တိုက်ခိုက်ကြ။"
စစ်သည်တော်များမှလည်း ဝေကန်းလန်နှင့်အတူ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။
တစ်ဖက်တွင်မူ အဆိပ်ဘုရင်၏မျက်နှာမှာ ဖြူဖက်ဖြူရော်ပင် ဖြစ်နေရသည်။ သူသည် စစ်ချီလာနေသော အဆုံးအစမဲ့သည့် ဝူစစ်တပ်အားကြည့်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။ "ပြီးသွားပြီ။ ပြီးသွားပြီ။"
"ဒါတွေအကုန်လုံးက ဟိုကောင်စုတ်လေး ဇူယွမ်ရဲ့အမှားတွေပဲ။ အခုတော့ သူ့ကြောင့် ငါသတ်ခံရတော့မယ်။"
ဝေကန်းလန်မှာ အဆိပ်ဘုရင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အလေးမထားတော့ပဲ တစ်ဖက်သို့လှည့်သွားသည်။ ဝေချင်းချင်းမှ နှုတ်ခမ်းသားလေးအား ဖိကိုက်ကာ ပြောလိုက်သည်။ "အဖေ...ကျွန်မတို့ နိုင်ဖို့အခွင့်အရေး ရှိပါ့မလား။"
ဝေကန်းလန်မှ သူမအား လေးနက်စွာကြည့်ရင်းဖြင့် ပြောလိုက်သည်။ "တကယ်လို့ ကြီးမြတ်သောဇူအင်ပါယာသာ ရှုံးသွားခဲ့မယ်ဆိုရင် သမီးထွက်ပြေးဖို့အတွက် နည်းလမ်းတစ်ခု ရအောင်ရှာပေးမယ်။ မှတ်ထားပါ။ သမီးရဲ့မောင်လေးက အိမ်မှာရှိနေတယ်။ အဲ့ဒါကြောင့် သူ့ကိုကာကွယ်ဖို့အတွက် သမီးအသက်ရှင်မှရမယ်။"
ဝေချင်းချင်းမှာ နှလုံးသားများ တုန်ခါသွားရသည်။ ဝေကန်းလန်မှ ထိုသို့စကားများကို ပြောနေခြင်းမှာ ကြီးမြတ်သောဇူအင်ပါယာအား အနိုင်ရရှိရန် မခန့်မှန်းထားသောကြောင့် ဖြစ်သည်။
သူမမှာ မျက်ဝန်းများ နီရဲလာကာ စကားဆိုလိုက်သည်။ "အဖေ...ကျွန်မတို့ ရှုံးချင်မှရှုံးမှာပါ။ အိမ်ရှေ့မင်းသား ဇူယွမ်ပြန်လာနေပြီဆိုတဲ့သတင်းကို အဖေလည်း ကြားတာပဲမလား။ အခုဆိုရင်သူက ကန်ရွှမ်းကလန်ရဲ့ ရွေးချယ်ခံတစ်ယောက်တောင် ဖြစ်နေပြီလေ။"
အဆိပ်ဘုရင်မှ ဝင်ရောက်ပြောဆိုလိုက်သည်။ " သူပြန်လာတာတော့ရော ဘာထူးခြားသွားမှာမို့လို့လဲ။ ဒီနေရာမှာ မူလစဦးအဆင့် နောက်တစ်ယောက် ပိုလာရုံပဲ ရှိတယ်။ သူကဒီကို ဘာလို့ပြန်လာတာလဲ။ အသေခံဖို့လား။"
သူ၏စကားလုံးများမှာ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
ဝေကန်းလန်မှာ အဆိပ်ဘုရင်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် ဝေချင်းချင်းအား ပြောလိုက်သည်။ "အရူးမလေး...အိမ်ရှေ့မင်းသားက ပြန်မလာခဲ့ရင်တောင် သူ့ရဲ့အရည်အချင်နဲ့ဆိုရင် အနာဂတ်မှာ ကြီးမြတ်သောဇူအင်ပါယာအတွက် ဝူဘုရင်ကို ပြန်လက်စားချေနိုင်မှာပါ။"
ဝေချင်းချင်းမှာ နှုတ်ခမ်းအစုံကို ခပ်နာနာ ဖိကိုက်လိုက်မိသည်။ အနာဂတ်တစ်နေ့တွင် ဝူဘုရင်အား သတ်ဖြတ်ခဲ့နိုင်လျှင်ပင် ကြီးမြတ်သောဇူအင်ပါယာကို ပြန်လည်တည်ထောင်ရန် မလွယ်ကူတော့ပေ။
ဒုန်း...ဒုန်း...
စစ်ချီဗုံသံများမှာ အဆက်မပြတ် ထွက်ပေါ်နေလျက် ရှိသည်။
ကြီးမားလှသော စစ်သင်္ဘောကြီးများမှာ မြစ်ကြောင်းအားဖြတ်ကျော်ပြီး ဆွေ့လုံမြို့တော် အနီးသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။
ထို့အပြင် ဝူစစ်သည်များမှာလည်း ကောင်းကင်ထက်သို့ ပျံသန်းကာ ချီစွမ်းအင်များကို ဖောက်ခွဲထုတ်ဖော်လိုက်ကြသည်။
၎င်းတို့မှာ ဝူအင်ပါယာတွင်ရှိသော မူလစဦးအဆင့် စစ်သည်များပင် ဖြစ်သည်။
ထိုအချိန်တွင် ဝူအင်ပါယာမှ အဆင့်မြင့်ကျင့်ကြံသူများမှာလည်း အဝေးမှနေ၍ စစ်ရေးအတွက် အရေးပါသော မြို့တော်ဖြစ်သည့် ဆွေ့လုံမြို့တော်အား အလေးပင်မထားဟန်ဖြင့် စောင့်ကြည့်နေကြသည်။ ယင်းတို့၏ အနေအထားအရ ကြီးမြတ်သောဇူအင်ပါယာအား အနည်းငယ်မျှပင် အလေးအနက်မထားသည်မှာ ထင်ရှားလှသည်။
ဆွေ့လုံမြို့တော်အတွင်းမှ ကြီးမြတ်သောဇူအင်ပါယာ၏ မူလစဦးအဆင့် စစ်သည်များမှာ လေးနက်ခက်ထန်သော အမူအရာဖြင့် ချီစွမ်းအင်များကို ဖောက်ကွဲထုတ်ဖော်လိုက်ကြသည်။ ၎င်းတို့မှာမူ တစ်ဖက်ရှိ စစ်သည်များနှင့်မတူပဲ ဝူအင်ပါယာနှင့်ပက်သတ်၍ စစ်ဖိစီးမှု များပြားနေကြရသည်။
စစ်သင်္ဘောကြီးမှ ဖြည်းညင်းစွာ ရပ်တန့်သွားပြီးနောက် လူတိုင်းမှာ အနောက်မှ ကပ်ပါလာသော ကြီးမားလှသည့် ရွှေရောင်သင်္ဘောကြီးကို မြင်တွေ့လိုက်ကြရသည်။ ထိုရွှေရောင်သင်္ဘောကြီး ခုတ်မောင်းလာရာ လမ်းတလျှောက်တွင်လည်း တခြားသော စစ်သင်္ဘောများမှ လမ်းဖယ်ပေးနေကြလေသည်။
လူတိုင်းမှာ ရွှေရောင်သင်္ဘောကြီးအား စိတ်ဝင်တစားဖြင့် ကြည့်ရှုနေမိကြသည်။
ထိုရွှေရောင်သင်္ဘောကြီးပေါ်တွင် ခမ်းနားလှသော ပုလ္လင်ကြီးတစ်ခု ပါဝင်နေပြီး ယင်းပုလ္လင်ပေါ်တွင် မျက်စိမှိတ်ကာ လိုက်ပါလာသော ပုံရိပ်တစ်ခု ရှိနေသည်။
၎င်းပုံရိပ်သည် ရွှေရောင်ဘုရင်ဝတ်စုံအား ဆင်မြန်းထားလျက်ရှိကာ အလွန်သြဇာအာဏာသက်ရောက်သည့်ဟန်ပန် ရှိသည်။
ထိုပုံရိပ်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများကြောင့် ဆွေ့လုံမြစ်ကြီးသည်ပင် လှိုင်းများတိတ်ဆိတ်သွားရသကဲ့သို့ စစ်ချီဗုံသံများလည်း ရပ်တန့်သွားရသည်။
ကမ္ဘာလောကကြီးတစ်ခုလုံး တိတ်ဆိတ်ခြင်းအတိ....
လူတိုင်းမှာ ၎င်းပုံရိပ်အား ကြည့်ရှုလိုက်ကြသည်။
မြို့ရိုးနံရံပေါ်တွင် ရှိနေသော ဇူချင်မှာ အကြောများပင် ထောင်ထနေသည်အထိ လက်ကို တင်းတင်းဆုပ်ထားလိုက်သည်။ သူ၏မျက်ဝန်းများမှာလည်း သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်လာပြီး အကြည့်များမှာ အေးစက်ခက်ထန်သွားရသည်။
ထိုပုံရိပ်သည် သူ့အတွက် မည်သို့မျှ မေ့မရနိုင်ပေ။
အတိတ်တစ်ချိန်က ကြီးမြတ်သောဇူအင်ပါယာသည် အထွတ်အထိပ်၌ ရပ်တည်နိုင်ခဲ့သော နိုင်ငံတော်တစ်ခုဖြစ်ပြီး ကန်းမင်တိုက်ကြီးတစ်ခုလုံး၏ အထင်ကြီးလေးစားခြင်းကို ခံခဲ့ရသည်။ သို့သော် ယခုတွင်မူ ယခင်ကရှိခဲ့သော ကြီးမြတ်သောဇူအင်ပါယာ၏ ကောင်းမွန်သော အရာအားလုံး ပျက်စီးသွားခဲ့ရပြီဖြစ်ပြီ ဝေးလံခေါင်ဖျားသော နေရာလေးတစ်ခုတွင် ပုန်းကွယ်နေရသည့် နိုင်ငံငယ်လေးတစ်ခုအဖြစ်သာ ရှိနိုင်တော့သည်။
ထို့အပြင် နိုင်ငံတော်အား ပျက်စီးစေခဲ့သော သူခိုးကောင်သည် ကြီးမြတ်သောဇူအင်ပါယာကို ဖျက်စီးခဲ့ရုံသာမက ဇူယွမ်၏ မြင့်မြတ်သောနဂါးကောင်းချီးကိုပါ ယူဆောင်သွားခဲ့သောကြောင့် ဇူယွမ်၏ငယ်ဘဝမှာ ငရဲတမျှ ဆိုးရွားခဲ့ရသည်။ ချင်ယုမှာလည်း သားတော်ဖြစ်သူ ဇူယွမ်အား ကာကွယ်နိုင်ရန် သွေးအဆီအနှစ်များ အစဉ်အမြဲဆိုသလို လွှဲပြောင်းပေးနေခဲ့သောကြောင့် သူမ၏အသက်စွမ်းအင်မှာ တဖြည်းဖြည်းနှင့် ပိုမိုမှေးမှိန်လာခဲ့ရလေသည်။
ယခုသူ၏ရှေ့တွင် ရှိနေသောပုံရိပ်မှာ ဇူမိသားစုနှင့် ကြီးမြတ်သောဇူအင်ပါယာအတွက် အဆိုးရွားဆုံးသော ရန်သူပင် ဖြစ်သည်။
"ဝူရွှမ်း..."
ဇူချင်မှာ ပုံရိပ်အား စူးစိုက်ကြည့်ရှုလိုက်ပြီးနောက် အရိုးများပင် အေးခဲသွားလောက်သည့် စကားသံ ထွက်ပေါ်လာသည်။
ပုလ္လင်ပေါ်တွင် ရှိနေသောပုံရိပ်မှာ ဝူအင်ပါယာ၏ အရှင်သခင် ဘုရင်ဝူရွှမ်းပင် ဖြစ်သည်။
ကြည့်ရှုနေသော အကြည့်များစွာ၏အောက်၌ပင် ဝူဘုရင်မှာ ပိတ်ထားသော မျက်ဝန်းများကို ဖြည်းညင်းစွာဖြင့် ဖွင့်ဟလိုက်သည်။ ထိုအချိန်မှာပင် ၎င်းထံမှ စွမ်းအင်ဖိအားများ ပိုမိုထွက်ပေါ်လာလေသည်။
ရွှေရောင်သင်္ဘောကြီးသည်ပင် စွမ်းအင်ဖိအားများကြောင့် အနည်းငယ် အက်ကွဲသွားသည်ဟု ထင်မှတ်ရသည်။
ဝူဘုရင်၏ နောက်တွင်ရှိနေသော ဝူစစ်သည်များမှာ ချက်ချင်းဆိုသလိုပင် ၎င်းအား ဒူးထောက်အရိုအသေပြုလိုက်ကြသည်။
"ဇူချင်...မတွေ့ရတာကြာပြီနော်။"
ဝူဘုရင်မှာ အဝေးတွင်ရှိနေသော ဇူချင်အား လှမ်း၍ကြည့်ရှုလိုက်ပြီးနောက် မထီမဲ့မြင်ပြုစွာဖြင့် ခပ်ဖွဖွ ရယ်မောလိုက်သည်။
"အင်ပါယာရဲ့ သူခိုးကောင်..." ဇူချင်၏ မျက်ဝန်းများမှာ အမုန်းတရားများဖြင့် ပြည့်နှက်နေရသည်။
ဝူဘုရင်မှ ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "မင်းလိုမျိုး လက်တစ်ဖက်မရှိတဲ့ ဒုက္ခိတတစ်ယောက်က ပုလ္လင်မှာထိုင်ပြီး တိုင်းပြည်ကို အုပ်စိုးချင်တာလား။ ဇူချင်...ကြီးမြတ်သောဇူအင်ပါယာက ဒီလိုအခြေအနေရောက်ခဲ့ရတာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး။ မင်းရဲ့မပြည့်စုံမှုတွေကြောင့်ပဲ။"
ဇူချင်၏ မျက်ဝန်းများမှာ အမျက်ဒေါသကြောင့် ရဲရဲတောက်နေရသည်။
"ဝူရွှမ်း....မင်းတို့ဝူအင်ပါယာအနေနဲ့ နှစ်ပေါင်းတစ်ရာအတွင်း ကြီးမြတ်သောဇူအင်ပါယာကို ခြေတစ်လှမ်းတောင် မချပါဘူးဆိုပြီး သစ္စာဆိုထားတယ်မလား။ အခုတော့ မင်းကစကားမတည်ပဲ ကမ္ဘာကြီးက ပျက်ရယ်ပြုအောင် လုပ်နေတာလား။" ဝေကန်းလန်မှ စကားဆိုလိုက်သည်။
ဝူဘုရင်မှ မျက်ဝန်းများ ကျဉ်းမြောင်းသွားကာ ပြောလိုက်သည်။ " မင်းတို့ကြီးမြတ်သောဇူအင်ပါယာက နိုင်ငံငယ်လေးတစ်ခုလို အေးအေးဆေးဆေးနေမယ်ဆိုရင် ငါကလှည့်တောင်ကြည့်ဖို့ စိတ်ကူးမရှိဘူး။ ဒါပေမယ့်...ဇူချင် မင်းမှာတခြားအတွေးတွေ ရှိနေသေးတယ်ဆိုရင်တော့ ငါကအမြစ်ပါဖြတ်ပေးရမှာပဲ။"
"ငါ့ရဲ့သစ္စာစကားဟုတ်လား...."
သူ၏နှုတ်ခမ်းများမှာ လှောင်ပြုံးပြုံးလိုက်ပြီးနောက် ဆက်လက်စကားဆိုလိုက်သည်။ "အဟက်....ငါကတကယ်ပဲ စကားလေးတစ်ခွန်းကြောင့် အကန့်အသတ်တွေ ထားလိမ့်မယ်လို့ ထင်နေတာလား။ ငါ့ဘဝမှာ နောင်တအရဆုံးက မြင့်မြတ်တဲ့နဂါးကောင်းချီးကို ရပြီးသွားတဲ့အချိန်မှာ အရမ်းစိတ်လှုပ်ရှားလွန်းလို့ မင်းတို့တွေကို မေ့သွားခဲ့တာကိုပဲ။ အဲ့ကတည်းကသာ မင်းတို့ကို အပြတ်ရှင်းခဲ့ရင် ဒီနေ့ဒီလောက်ထိ စိတ်ရှုပ်နေရမှာ မဟုတ်ဘူး။"
ဝေကန်းလန်မှ အံကြိတ်ကာ ပြောလိုက်သည်။ "မင်းသစ္စာစကားကို ဖောက်ဖျက်ခဲ့ရင် သေချာပေါက် ပြန်ပြီးပေးဆပ်ရလိမ့်မယ်။"
ဝူဘုရင်မှာ အလေးပင်မထားဟန်ဖြင့် လက်ကိုခါယမ်းကာ ပြောလိုက်သည်။ "အားနည်းတဲ့သူတစ်ယောက်ရဲ့ အမျက်ဒေါသဆိုတာ ပျက်ရယ်ပြုစရာတစ်ခုသက်သက်ပဲ။"
သူသည် ဇူချင်အား ခက်ထန်စွာကြည့်ရင်းဖြင့် ပြောလိုက်သည်။ "ဇူချင်....အဓိပ္ပါယ် မရှိတာတွေ လျှောက်ပြောမနေနဲ့။ ငါတို့ဝူအင်ပါယာရဲ့ မင်းတို့ကို တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ကို မင်းလည်းသိသင့်တယ်။"
"အခုဒီနေရာမှာ မင်းကိုယ်မင်း သတ်သေလိုက်မယ်ဆိုရင် ငါတို့ဝူစစ်တပ်က ကြီးမြတ်သောဇူအင်ပါယာကို မတိုက်တော့ပဲ အေးအေးဆေးဆေး တပ်ပြန်ဆုတ်ပေးမယ်။"
ဝူဘုရင်၏ ကျဉ်းမြောင်းသော မျက်ဝန်းများမှာ သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
"ဒါပေမယ့် မင်းကခေါင်းမာမာနဲ့ ငြင်းမယ်ဆိုရင်တော့ ငါတို့ကလည်း ရွေးချယ်စရာမရှိပဲ ဒီနေရာမှာရှိတဲ့ မြစ်နဲ့တောင်တွေကို မင်းတို့ကြီးမြတ်သောဇူအင်ပါယာက သွေးတွေနဲ့ အလှဆင်ပေးရလိမ့်မယ်။"