ဘယ်သူကရော မဟုတ်လို့လဲ..
Vol. 50 Ch. 697
ဝုန်း...
အနက်ရောင်စုတ်တံအား စလွယ်သိုင်းထားသော လူငယ်လေး၏ စကားသံမှာ မိုးချိန်းသံအလား ကြောက်မက်ဖွယ်ကောင်းလှပြီး သူ၏နောက်တွင်ရှိနေသော ကြီးမားလှသည့် လှိုင်းလုံးကြီးမှာလည်း နဂါးတစ်ကောင်အလား စစ်မြေပြင်ထံ အရှိန်အဟုန်ဖြင့် စီးဆင်းသွားသည်။
ကြီးမားလှသော လှိုင်းလုံးကြီးမှာ ဆွေ့လုံမြို့တော်အား ရိုက်ခတ်သွားပြီး ဝူစစ်တပ်၏ သင်္ဘောအချို့ကို ဖျက်စီးသွားကာ ကြီးမားသော အပျက်အစီးများကို ဖြစ်ပေါ်သွားစေသည်။
ဆွေ့လုံမြို့တော်အတွင်း ရှိနေသော ဗိုလ်ချုပ်များနှင့် စစ်သည်တော်များမှာ အဝေးမှ လူငယ်လေး၏ပုံရိပ်အားကြည့်ကာ အံ့အားသင့်နေကြရသည်။
"ဒါ...ဒါက အိမ်ရှေ့မင်းသား ဇူယွမ်မလား။"
"မင်းသားလေးက တကယ်ကို ပြန်လာတာပဲ။"
စစ်ဗိုလ်ချုပ်များနှင့် စစ်သည်တော်များမှာ အဝေးတွင်ရှိနေသော လူငယ်လေးထံမှ ထွက်ပေါ်နေသည့် စွမ်းအင်ဖိအားသည် ၎င်းတို့အားလုံးထက် အဆပေါင်းများစွာ သာလွန်နေသည်ကို ခံစားမိကြသည်။
အဆိပ်ဘုရင်မှာလည်း အံ့အားသင့်လွန်းလှသဖြင့် ပါးစပ်ပင် မပိတ်နိုင်အောင် ဖြစ်နေရသည်။ ယခုမြင်တွေ့နေရသော ထိုလူငယ်လေးသည် ယခင်ကထက် များစွာရင့်ကျက်တည်ငြိမ်နေပြီ ဖြစ်သည်။ ထို့အပြင် ကြောက်မက်ဖွယ် အကောင်းဆုံးအချက်မှာ အလွန်ခြားနားနေသော အကွာအဝေးမှပင် ပြင်းထန်လှသည့် စွမ်းအင်ဖိအားကို ကောင်းစွာရရှိနေခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်တွင် တွေ့ဆုံစဉ်ကထက် အဆပေါင်းများစွာ ပိုမိုသန်မာနေလေသည်။
ဝေကန်းလန်မှာ အဝေးမှ လူငယ်လေးအား ကြည့်ရှုနေရင်းဖြင့် အလွန်စိတ်လှုပ်ရှားနေရသည်။ ဝေချင်းချင်းမှာလည်း ပြောမပြနိုင်လောက်အောင် အံ့အားသင့်နေမိသည်။
"ယွမ်အာ...."
ချင်ယုမှာ နေ့ရောညပါ လွမ်းဆွတ်နေခဲ့ရသည့် သားတော်လေးအား တွေ့လိုက်ရသောကြောင့် ပျော်ရွှင်သွားရပါသော်လည်း နှလုံးသားအတွင်း စိုးရိမ်မှုများဖြင့် ပြည့်နှက်နေရသည်။ "ဒီအရူးလေးကတော့....ဘာလို့ပြန်လာရတာလဲ။"
ဇူချင်မှာလည်း ဇူယွမ်၏ပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မမြင်ရပါသော်လည်း တင်းတင်းဆုပ်ထားသောလက်များက သူ၏စိုးရိမ်မှုအား ပြသနေလျက် ရှိသည်။
"ယွမ်အာက တကယ်အရွယ်ရောက်လာပြီပဲ။" ဇူချင်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။
ကြီးမြတ်သောဇူအင်ပါယာမှ စစ်သည်များမှာ ဇူယွမ်၏ ရောက်ရှိလာမှုအား အံ့သြတုန်လှုပ်နေရသကဲ့သို့ ဝူစစ်တပ်မှာလည်း အပြောင်းအလဲများ ဖြစ်ပေါ်သွားရသည်။ မူလစဦးအဆင့်ရှိသော စစ်သည်တော်များ၏ အမူအရာမှာ လေးနက်ခက်ထန်သွားကြရသည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်ထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများကို ရရှိနေသောကြောင့်ပင် ဖြစ်သည်။
"သူက ကြီးမြတ်သောဇူအင်ပါယာရဲ့ အိမ်ရှေ့မင်းသားလား။"
"အခုချိန်မှ သူရောက်လာလိမ့်မယ်လို့ ထင်တောင်မထင်ထားမိဘူး။"
"ဘာပဲဖြစ်ဖြစ် သူကဘာများ ပြောင်းလဲနိုင်မှာမို့လို့လဲ။ ငါတို့ရဲ့ အရှင်မင်းကြီးက နတ်ဘုံခန်းဝါအဆင့်တောင် ရောက်နေပြီ။ အဲ့ကောင်လေးက သူ့သေလမ်း သူကိုယ်တိုင် လာရှာတာပဲ။"
"ဟုတ်တယ်။ ကြီးမြတ်သောဇူအင်ပါယာကို ဒီနေ့ ဘယ်သူကမှ ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူး။"
“.....”
ဝူစစ်တပ်မှ စစ်ဗိုလ်ချုပ်များမှာမူ ဇူယွမ်အား အလေးမထားသည့်ဟန်ဖြင့် တီတိုးဝေဖန်လိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့၏ နှလုံးသားထဲတွင် ဝူဘုရင်သည်သာ ပြိုင်ဖက်ကင်းမဲ့သော ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။
ဇူယွမ် ရောက်ရှိလာမှုကြောင့် စစ်တပ်နှစ်ခုလုံး၏ အာရုံစိုက်ခြင်းမှာ ၎င်းအပေါ် ကျရောက်လာရသည်။
ကောင်းကင်ထက်တွင် ရှိနေသော နဂါးဝတ်ရုံ ဆင်မြန်းထားသည့် ဝူဘုရင်မှာ အဝေးမှ ပုံရိပ်အား ကြည့်ရှုရင်းဖြင့် ပြောလိုက်သည်။ "ဇူယွမ်ဆိုတာ မင်းလား။"
"မင်းလာလိမ့်မယ်လို့ ငါထင်တောင် မထင်ထားမိဘူး။ ဝူဟောင်ရော ဘယ်မှာလဲ။ သူက ဘယ်လိုလုပ် မင်းကိုပြန်လာခွင့် ပေးလိုက်တာလဲ။"
ဇူယွမ်၏ အိမ်အပြန်လမ်းတလျှောက်တွင် မြင့်မြတ်သောနန်းတော်မှ စီစဉ်ထားသော အနှောင့်အယှက်များစွာ ရှိနေမည့်အကြောင်းကို ဝူဘုရင်မှ သိရှိထားပြီး ဖြစ်သည်။ ဝူဟောင်သည် ဇူယွမ့်အား တားဆီးမည့် အကြီးမားဆုံး အတားအဆီးပင် ဖြစ်သည်။
ဇူယွမ်မှာ ဝူဘုရင်အား စူးစိုက်ကြည့်ရှုလိုက်သည်။ ထိုလူသည် သူမွေးဖွားလာစဉ်ကပင် မြင့်မြတ်သောနဂါးကောင်းချီးအား ယူဆောင်သွားခဲ့ပြီး ငယ်ရွယ်စဉ်ကာလ၌ နဂါးဒေါသအဆိပ်ဖြင့် ဆိုးရွားစွာ ခံစားရစေရန် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
ထို့အပြင် ကြီးမြတ်သောဇူအင်ပါယာအား ဖိနှိပ်ကာ သူ၏ဖခမည်းတော်အား လက်တစ်ဖက်ဖြတ်၍ မယ်တော်အား သက်တမ်းတိုစေခဲ့သူမှာလည်း ဝူရွှမ်းဆိုသည့် ထိုလူပင်။
ယင်းဝူရွှမ်းကြောင့် ကိစ္စပေါင်းများစွာ ဖြစ်ပျက်ခဲ့ရသည်။
ဇူယွမ်မှာ တည်ငြိမ်စွာဖြင့် ကျောက်စိမ်းပြားတစ်ခုအား ထုတ်ယူကာ ချေမွလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို အလင်းတန်းများ ထွက်ပေါ်လာကာ လေထုထဲတွင် ပုံရိပ်များ ထွက်ပေါ်လာလေသည်။
၎င်းအလင်းမျက်နှာပြင်ပေါ်တွင် ပုံရိပ်နှစ်ခုမှာ ကောင်းကင်ထက်၌ တိုက်ခိုက်နေကြသည်။ ထိုပြသနေသည့် ပုံရိပ်များမှာ ဇူယွမ်နှင့်ဝူဟောင်တို့၏ တိုက်ပွဲပင် ဖြစ်သည်။
အလင်းမျက်နှာပြင်မှာ တိုက်ပွဲတစ်လျှောက်အား ပြသလာပြီးနောက် ဝူဟောင်၏စိတ်ဝိဉာဉ် ဖျက်စီးခြင်းခံလိုက်ရသည့် နေရာအရောက်တွင် ရပ်တန့်သွားသည်။
၎င်းအလင်းမျက်နှာပြင်မှာ ဖြည်းညင်းစွာဖြင့် မှုန်ဝါးပျောက်ကွယ်သွားပါသော်လည်း စစ်တပ်နှစ်ခုလုံးမှာ အံ့အားသင့်စွာဖြင့် ကျန်ရစ်နေခဲ့ရလေသည်။
"အိမ်...အိမ်ရှေ့မင်းသား..ဝူဟောင်က သူသတ်တာကို ခံ...ခံလိုက်ရတာလား။" ဝူစစ်တပ်ထံမှ ကြောက်လန့်တုန်လှုပ်နေသော အသံများ ကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။ ဝူဟောင်သည် ဝူအင်ပါယာ၏ အိမ်ရှေ့မင်းသားဖြစ်ပြီး ၎င်းတို့အတွက်မူ အဆင့်အတန်း အလွန်မြင့်မားလှပါသော်လည်း ဇူယွမ်မှာ ယင်း၏စိတ်ဝိဉာဉ်ကိုပင် ဖျက်စီးခြေမှုန်းပစ်ခဲ့သည်။
"ဇူယွမ်က အိမ်ရှေ့မင်းသား ဝူဟောင့်ကို သတ်နိုင်ခဲ့တာလား။"
ဝုန်း....
အံ့အားသင့်မှုများနှင့် အာမေဋိတ်သံများ အကြားတွင်ပင် မှုန်ဝါးပျောက်ကွယ်သွားသော အလင်းမျက်နှာပြင်အား ကြည့်ရှုနေသည့် ဝူဘုရင်၏ အမူအရာမှာ ခက်ထန်လာရပြီးနောက် ချီစွမ်းအင်များ မုန်တိုင်းအလား ကြမ်းတမ်းခက်ထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။
"မင်းကငါ့ရဲ့သားကို သတ်ခဲ့တယ်ပေါ့။"
ဝူဘုရင်မှာ တစ္ဆေတစ်ကောင်အလား ကြောက်မက်ဖွယ်ကောင်းသော မျက်ဝန်းများဖြင့် ဇူယွမ်အားကြည့်ကာ မုန်းတီးခါးသက်နေသောအသံဖြင့် အံကိုကြိတ်လျက် ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ ဇူယွမ်မှာ အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပဲ တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။ "ငါတို့ကြားမှာ ဖြစ်လာရတဲ့ ရန်ငြှိုးတွေ၊ အမုန်းတရားတွေ အားလုံးက မင်းကစခဲ့တာပဲလေ။"
ဝူဘုရင်သာ မြင့်မြတ်သောနဂါးကောင်းချီးကို ခိုးယူခြင်း မပြုခဲ့ပါက ယခုကဲ့သို့နေ့မျိုး ရောက်လာလိမ့်မည်မဟုတ်ပေ။
ဝူဘုရင်မှာ အချိန်အတန်ကြာအောင် ဇူယွမ်အား မျက်ထောင့်နီကြီးဖြင့် စူးစိုက်ကြည့်ရှုနေပြီးနောက် အသက်ပြင်းပြင်းရှူကာ ဒေါသများကို ထိန်းချုပ်ထားလိုက်သည်။
ဝူဘုရင်၏ မျက်ဝန်းအတွင်းမှ ခါးသီးအေးစက်နေသော အငွေ့အသက်များကပင် လူများကို ဒူးထောက်ကျသွားစေနိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။
ဝူဘုရင်မှာ မျက်ဝန်းများကို ဖြည်းညင်းစွာပိတ်လျက် ပြောလိုက်သည်။ "အခုချိန်မှာ ငါနောင်တအရဆုံးက မြင့်မြတ်သောနဂါးကောင်းချီးကို ရပြီးပြီးချင်း မင်းကိုမသတ်ခဲ့မိတာပဲ။"
"ဘာပဲဖြစ်ဖြစ် ပြီးတာတွေက ပြီးခဲ့ပြီဆိုတော့..."
"မင်းပြန်လာတာ ကောင်းတဲ့ကိစ္စပဲ။ တကယ်လို့ မင်းသာ ကန်ရွှမ်းကလန်မှာ ပုန်းနေမယ်ဆိုရင် ငါမင်းကို ဘာမှလုပ်လို့ ရမှာမဟုတ်ဘူး။ ဒါပေမယ့် အခုမင်းပြန်ရောက်လာပြီဆိုတော့ မရဏခရီးကို မင်းမိဘတွေနဲ့တူတူ သွားလို့ရပြီပေါ့။ အရေးအကြီးဆုံးအချက်က မိသားစုတွေ တူတူရှိရဖို့ပဲလေ။ ဟုတ်တယ်မလား။"
"မင်းတို့မိသားစုကို သတ်ပြီးတဲ့အခါကြရင် ငါ့သားအတွက် လက်စားချေတဲ့အနေနဲ့ ကြီးမြတ်သောဇူအင်ပါယာကြီး တစ်ခုလုံးကိုပါ ဖျက်စီးပေးဦးမှာ။"
ဝူဘုရင်၏ စကားသံမှာ ဆွေ့လုံမြစ်ကြောင်းတစ်ခုလုံးတွင် တိုးညင်းစွာ ပဲ့တင်ထပ်နေလျက် ရှိသည်။ မြစ်ရေစီးကြောင်းမှာ ငြိမ့်ညောင်းနေပါသော်လည်း ဝူဘုရင်၏ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ပြည့်နှက်နေသော စကားသံကြောင့် မြို့ရိုးနံရံပေါ်ရှိ စစ်သည်များမှာ ဖြူရော်နေရပြီ ဖြစ်သည်။
ထိုသတ်ဖြတ်လိုစိတ်များကိုသာ ဝူဘုရင်မှ လွှတ်ပေးခဲ့ပါက ကြီးမြတ်သောဇူအင်ပါယာ တစ်ခုလုံးမှာ တမုဟုတ်ချင်း ပြာကျပျက်စီးသွားမည်ဟုပင် ထင်မှတ်ရလေသည်။
ဝူဟောင်၏ သေဆုံးမှုမှာ ဝူဘုရင်အပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ဖြစ်စေခဲ့ခြင်း ဖြစ်သည်။
မြစ်မျက်နှာပြင်ပေါ်တွင် ရှိနေသော ဇူယွမ်မှာ ဝူဘုရင်၏ ခြိမ်းခြောက်မှုများကို အနည်းငယ်မျှပင် အလေးမထားသည့်အလား ပြောလိုက်သည်။ "မင်းက ကြီးမြတ်သောဇူအင်ပါယာကို ဖျက်စီးကောင်း ဖျက်စီးနိုင်ပါလိမ့်မယ်။ နှမြောစရာပဲ အဲဒီအချိန်တွေက ကုန်လွန်သွားခဲ့ပြီ။"
ဝူဘုရင်မှာ ကျယ်လောင်စွာ လှောင်ပြောင်ရယ်မောလိုက်သည်။ ထိုသို့ရယ်မောမှုကြောင့် သူ၏ချီစွမ်းအင်များပင် ပေါက်ကွဲထွက်လာရပြီး ဆွေ့လုံမြစ်အား အနည်းငယ် လှိုင်းထန်သွားစေရသည်။
"ဟားဟား.....ငါက ကြီးမြတ်သောဇူအင်ပါယာကို ဘာလို့ဖျက်စီးလို့ မရရမှာလဲ။ မင်းကြောင့်လား။"
"တကယ်က မင်းသာဦးနှောက်ရှိတယ်ဆိုရင် တစ်နေရာရာမှာ ကြွက်ကလေးတစ်ကောင်လို ပုန်းပြီး ငါကြီးမြတ်သောဇူအင်ပါယာကို ဖျက်စီးနေတာကို တိတ်တိတ်လေး ကြည့်နေသင့်တာ။ အခုမင်းပြောတဲ့စကားတွေကို နတ်ဘုံခန်းဝါအဆင့်ရောက်တဲ့နေ့မှပြောဖို့ သိမ်းထားလိုက်ပါဦး။"
ဝူဘုရင်၏ အဆိပ်ပြင်းလှသော မြွေတစ်ကောင်အလား ဇူယွမ်အား ကြည့်ရှုနေလေသည်။ သူ၏ အမူအရာမှာ လှောင်ပြောင်သရော်နေသည့်ဟန် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်း၏အကဲခတ်မှုအရ ဇူယွမ်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်မှာ အလွန်သန်မာနေပါသော်လည်း နတ်ဘုံခန်းဝါအဆင့်သို့ မတက်လှမ်းရသေးပေ။
ဆွေ့လုံမြို့တော်၏ မြို့ရိုးနံရံပေါ်မှ စစ်ဗိုလ်ချုပ်များနှင့် စစ်သည်တော်များစွာမှာ ဇူယွမ်အား စိုးရိမ်ပူပန်စွာဖြင့် စောင့်ကြည့်နေကြသည်။ ဇူယွမ်သည် နတ်ဘုံခန်းဝါအဆင့်သို့ အမှန်တကယ် တက်လှမ်းရခြင်း မရှိသေးပါက သူ၏ပြန်လည်ရောက်ရှိမှုမှာ မည်သည့်အကျိုးသက်ရောက်မှုမှ ဖြစ်ပေါ်စေနိုင်လိမ့်မည် မဟုတ်ချေ။
ချင်ယုမှာ စိုးရိမ်ပူပန်လွန်းလှသဖြင့် လက်ချောင်းလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
"ဘယ်လိုပဲဖြစ်ဖြစ် မင်းဒီကိုရောက်လာပြီဆိုမှတော့ ပြန်ထွက်သွားဖို့ စိတ်မကူးနဲ့တော့။"
"ဝူဟောင့်အတွက် အဖော်ရအောင်လို့ ငါမင်းကို ဒီနေ့ပဲ သဂြိုလ်ပစ်မယ်။"
ဝူဘုရင်မှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် သွေးနီရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ ပေထောင်ကျော်မျှရှိသော သွေးနီရောင် ချီလက်ဝါးကြီးတစ်ခု ဖြစ်ပေါ်စေလိုက်သည်။
ဝုန်း...
ချီလက်ဝါးကြီး ဆင်းသက်လာသည်နှင့်အမျှ ပြင်းထန်လှသော စွမ်းအင်ဖိအားများကြောင့် ဆွေ့လုံမြစ်မျက်နှာပြင်ကိုပင် ဆုတ်ဖြဲသွားလေသည်။ နတ်ဘုံခန်းဝါအဆင့် ရှိသူတစ်ဦး၏ ချီစွမ်းအင်အခြေခံအုတ်မြစ် ကျစ်လစ်သန်မာမှုမှာ အမှန်တကယ်ပင် မူလစဦးအဆင့်နှင့် ကွာခြားလွန်းလှသည်။
သွေးနီရောင် ချီလက်ဝါးကြီးမှာ ပြင်းထန်လှသောအရှိန်ဖြင့် မြစ်မျက်နှာပြင်ပေါ်တွင် ရှိနေသော ဇူယွမ်ထံသို့ ကျဆင်းလာနေလျက် ရှိသည်။
ဆွေ့လုံမြို့တော်၏ မြို့ရိုးနံရံပေါ်မှ စစ်ဗိုလ်ချုပ်များနှင့် စစ်သည်တော်များမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။ ဝူဘုရင်၏ တိုက်ခိုက်မှုမှာ အညှာအတာ ကင်းမဲ့လွန်းလှပြီး ဇူယွမ်အား သတ်ဖြတ်လိုစိတ် ပြင်းပြနေသည်မှာ ထင်ရှားလွန်းလှသည်။
ဝုန်း.....
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် သွေးနီရောင် ချီလက်ဝါးကြီးမှာ ဇူယွမ်ထံသို့ ရောက်ရှိသွားပြီး ချီစွမ်းအင်များ ပေါက်ကွဲသွားကာ မြစ်၏မြေအောက်မြေပြင်၌ပင် ကြီးမားလှသော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။
ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာလည်း အချိန်တစ်ခုကြာသည့်တိုင်အောင် ပတ်ဝန်းကျင်အား ပျံ့နှံ့လွှမ်းခြုံသွားရသည်။
ဇူချင်၊ ချင်ယုနှင့် အခြားသူများမှာ မြင်တွေ့နေရသော မြစ်မြေအောက်ကြမ်းပြင်၏ ချိုင့်ဝှမ်းနေရာအား ရင်တမမဖြင့် စောင့်ကြည့်နေကြသည်။
စစ်တပ်နှစ်ခုလုံးမှ စစ်သည်တော်များမှာလည်း မျက်တောင်ပင်မခတ်နိုင်ပဲ ကြည့်ရှုနေကြလေသည်။
အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် မြင်ကွင်းအား ဖုံးကွယ်ထားသော စွမ်းအင်လှိုင်းဂယက်များနှင့် ရေငွေ့များ ကွယ်ပျောက်သွားပြီး လေထုထဲတွင် ရှိနေသော ပုံရိပ်တစ်ခုအား မြင်တွေ့လိုက်ရသည့်အတွက် စောင့်ကြည့်နေကြသူများမှာ မျက်လုံးအပြူးသား ဖြစ်သွားကြရသည်။
ဝူဘုရင်မှာလည်း အမူအရာများ ပျက်ယွင်းသွားရသည်။
လူတိုင်းမှာ အနက်ရောင်စုတ်တံအား စလွယ်သိုင်းထားသော ဇူယွမ်အား ကောင်းမွန်သောအနေအထားဖြင့် မြင်တွေ့လိုက်ရခြင်းကို အံ့အားသင့်နေကြရသည်။ ဇူယွမ်၏နောက်တွင်လည်း ကောင်းကင်နှင့်မြေကြီးထံမှ ချီစွမ်းအင်များအား စုပ်ယူနေသော ထူးခြားဆန်းကြယ်လှသည့် ရောင်လျှံဝန်းတစ်ခု ရှိနေလေသည်။
ဇူယွမ်မှာ မြစ်ကြမ်းပြင်အောက်မှ ဖြည်းညင်းစွာ ထွက်လာပြီးနောက် တည်ငြိမ်စွာဖြင့် စကားဆိုလိုက်သည်။
"နတ်ဘုံခန်းဝါအဆင့်ရောက်မှ ဟုတ်လား။"
"ငါကအဲ့အဆင့် မရောက်သေးဘူးလို့ မင်းကိုဘယ်သူကပြောလို့လဲ။"