စကြာဝဠာရောင်လျှံဝန်း
Vol. 50 Ch. 698
ဆွေ့လုံမြစ်မျက်နှာပြင်ပေါ်ရှိ လူငယ်လေး၏ပုံရိပ်အား လူပေါင်းများစွာမှ အံ့အားသင့်စွာ ကြည့်ရှုနေလျက် ရှိသည်။ အထူးသဖြင့် လူအများ စိတ်ဝင်စားနေကြသည်မှာ ထိုလူငယ်လေး၏ နောက်တွင်ရှိနေသော ရောင်လျှံဝန်းကိုပင် ဖြစ်သည်။
ယင်းရောင်လျှံဝန်းမှာ နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်သော အခါမှသာ ရရှိပိုင်ဆိုင်နိုင်သော အမှတ်အသားဖြစ်သောကြောင့် မရင်းနှီးသည့်သူ မရှိပေ။
နတ်ဘုံခန်းဝါအဆင့်၏ ရောင်လျှံဝန်း....
ဆိုလိုသည်မှာ ဇူယွမ်သည် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသွားပြီဟူသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။
စစ်ပွဲမြေပြင်မှာ တိတ်ဆိတ်ငြိမ်သက်နေလျက်....
ထို့နောက် ဆွေ့လုံမြို့တော်၏ မြို့ရိုးနံရံများပေါ်မှ ဗိုလ်ချုပ်များနှင့် စစ်သည်တော်များ၏ အော်ဟစ်ဝမ်းမြောက်သံများ အသီးသီး ထွက်ပေါ်လာတော့သည်။
စစ်မြေပြင်သို့ နတ်ဘုံခန်းဝါအဆင့်ရှိသူတစ်ဦး ပါဝင်လာခြင်းမှာ အလွန်ကြီးမားသော အကျိုးသက်ရောက်မှုအား ဖြစ်ပေါ်စေနိုင်လေသည်။ ကြီးမြတ်သောဇူအင်ပါယာအား ဝူအင်ပါယာမှ အလုံးစုံ ဖိနှိပ်ထားနိုင်ခြင်းမှာလည်း နတ်ဘုံခန်းဝါအဆင့်ရှိသော ဝူဘုရင်ကြောင့်ပင် ဖြစ်သည်။
ဤကန်းမင်တိုက်ကြီးကဲ့သို့သော နေရာမျိုးတွင် နတ်ဘုံခန်းဝါအဆင့်ဆိုသည်မှာ အလွန်ရှားပါးသော ကျင့်ကြံခြင်းအဆင့်မျိုး ဖြစ်သည်။
ကြီးမြတ်သောဇူအင်ပါယာမှ မျှော်လင့်ချက်များအားလုံး ပျောက်ဆုံးတော့မည့်အချိန်တွင် ဇူယွမ်အား ရောင်လျှံဝန်းနှင့်အတူ တွေ့ရှိလိုက်ရခြင်းမှာ မျှော်လင့်ချက်ရောင်ခြည်တန်းတစ်ခု ပြန်လည်ထွန်းလင်းလာသကဲ့သို့ ခံစားကြရပေသည်။
"အရှင်မင်းကြီး.....အိမ်ရှေ့မင်းသားလေးက နတ်ဘုံခန်းဝါအဆင့်ကို တက်လှမ်းနိုင်သွားပါပြီ။" ဝေကန်းလန်မှာ ကူကယ်ရာမဲ့စွာဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဝေချင်းချင်းမှာလည်း အဝေးတွင်ရှိနေသော ပုံရိပ်အား ကြည့်ရှုနေရင်းဖြင့် သူမ၏နှလုံးသားများ ခါယမ်းသွားရသည်။
"နတ်ဘုံခန်းဝါအဆင့်...."
အဆိပ်ဘုရင်မှာ မည်သည့်စကားမှ မပြောနိုင်လောက်အောင် အံ့အားသင့်နေရသည်။ တစ်ချိန်က သူ့အားထိန်းချုပ်ထားခဲ့သော ထိုလူငယ်လေးသည် နှစ်နှစ်ကျော်မျှသော အချိန်အတွင်းမှာပင် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
မြို့ရိုးနံရံပေါ်တွင် ရှိနေကြသော အခြားစစ်ဗိုလ်ချုပ်များမှာလည်း ယခင်ကရှိခဲ့သော စိုးရိမ်ပူပန်မှုများ ယူပစ်သလို ပျောက်ဆုံးသွားရသကဲ့သို့ ပျော်ရွှင်ဝမ်းမြောက်နေကြသည်။
"အရှင်မင်းကြီးက တကယ့်ကို ကောင်းချီးတွေနဲ့ပြည့်နေတဲ့ သားတော်ကို ရထားတာပဲ။" ၎င်းတို့မှာ ယခုအချိန်ထိ မယုံကြည်နိုင်ဖြစ်နေသော ဇူချင်အား ချီးကျူးဂုဏ်ပြုလိုက်ကြသည်။
ဇူချင်မှာ ပါးစပ်အဟောင်းသားဖြင့် ချင်ယုအား ကြည့်ရှုလိုက်သည်။
ချင်ယုမှာ ညင်သာစွာ သက်ပြင်းချလျက် စကားဆိုလိုက်သည်။ "ယွမ်အာက ဒီအဆင့်ကို အချိန်တိုအတွင်း ရောက်သွားလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး။ ဒီနှစ်တွေအတွင်း သူဘယ်လောက်တောင် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရလိမ့်မလဲ။"
သူမသည် နှလုံးသားများ ဆုတ်ဖြဲခံရသကဲ့သို့ နာကျင်ခံစားနေရသည်။ ဇူယွမ်သည် အရည်အချင်းရှိသော ကလေးတစ်ဦး ဖြစ်ပါသော်လည်း အချိန်တိုအတွင်း နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်ရန် အလွန်ကြမ်းတမ်းသော အခင်အခဲများကို ရင်ဆိုင်ခဲ့ရလိမ့်မည် ဖြစ်သည်။
"ကောင်းကင်ဘုံက ကြီးမြတ်သောဇူအင်ပါယာကို ပျက်စီးစေချင်ပုံမရသေးဘူး။"
ဇူချင်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်သည်။ သူ၏တောင့်တင်းနေသော ခန္ဓာကိုယ်အား လျှော့ချလိုက်သကဲ့သို့ လေးလံနေသော စိတ်ဖိအားများလည်း ပေါ့ပါးသွားရသည်။
ဇူယွမ်မှာ နတ်ဘုံခန်းဝါအဆင့်ရှိသူတစ်ဦးအနေဖြင့် ရောက်ရှိလာသောကြောင့် ကြီးမြတ်သောဇူအင်ပါအနေဖြင့် ဝူအင်ပါယာအား တိုက်ခိုက်ရန် စိတ်ဓာတ်ခွန်အားများ တစ်ဖန်ပြည့်ဝလာရသည်။
သို့သော် ဇူချင်မှာ ဇူယွမ်၏ ရောင်လျှံဝန်းနှင့်ပက်သတ်၍ အနည်းငယ် ပဟေဠိ ဖြစ်နေရသည်။
"ယွမ်အာရဲ့ ရောင်လျှံဝန်းက ဘာလို့သူများတွေနဲ့မတူပဲ ကွဲထွက်နေသလို ဖြစ်နေတာလဲ...."
..........
ကြီးမြတ်သောဇူအင်ပါယာမှ စစ်သည်များမှာ ပျော်ရွှင်ဝမ်းမြောက်နေကြပါသော်လည်း ဝူစစ်တပ်မှာမူ အေးစက်တိတ်ဆိတ်နေကြသည်။ စစ်သည်များ၏ အမူအရာမှာ ယခင်နှင့်မတူပဲ ပြောင်းလဲသွားကြသကဲ့သို့ မူလစဦးအဆင့်ရှိသူများမှာလည်း လေးနက်ခက်ထန်သွားကြရသည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုံခန်းဝါအဆင့်ရှိသူတစ်ဦးသည် စစ်မြေပြင်အား မည်မျှပင် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ကြောင်း ၎င်းတို့မှ ကောင်းစွာသိရှိထားကြသောကြောင့် ဖြစ်သည်။
ဇူယွမ်သည် ထိုမျှငယ်ငယ်ရွယ်ရွယ်ဖြင့် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မည်သူကမှ ခန့်မှန်းမထားကြပေ။ သူ၏ကျင့်ကြံခြင်းပါရမီသည် အမှန်တကယ်ပင် ထူးခြားလှသည်။
ကောင်းကင်ထက်တွင် ရှိနေသော ဝူဘုရင်မှာလည်း ဇူယွမ်၏နောက်တွင် ရှိနေသော ရောင်လျှံဝန်းအား ကြည့်ရှုနေမိသည်။ သူ၏မျက်နှာအမူအရာမှာ ပျက်ယွင်းသွားသကဲ့သို့ နှလုံးသားမှာလည်း မုန်တိုင်းထန်လာရသည်။
"ဒီဇူမိသားစုရဲ့ ကောင်စုတ်လေးက ဘယ်လိုလုပ် နတ်ဘုံခန်းဝါအဆင့်ကို ရောက်သွားရတာလဲ။"
"ငါရထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် သူကမူလစဦးအဆင့်ရဲ့ အထွတ်အထိပ်မှာပဲ ရှိသင့်သေးတာလေ။"
ဝူဘုရင်၏ အမူအရာမှာ ခက်ထန်နေရသည်။ ဇူယွမ်သည် နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် အခြေအနေများမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သော အနေအထားဖြစ်နေပြီ ဖြစ်သည်။
"ပြီးတော့ ဘာလို့ အဲ့ကောင်လေးရဲ့ ရောင်လျှံဝန်းက အရောင်တွေ တောက်မနေတာလဲ။ သူနတ်ဘုံခန်းဝါ နိဗ္ဗာန်ဘယ်နခုကို ဖွင့်နိုင်ခဲ့တာလဲ။"
.....
ဇူယွမ်မှာလည်း သူ၏နောက်တွင်ရှိနေသော ရောင်လျှံဝန်းအား ထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုနေလျက် ရှိသည်။
စင်စစ်အားဖြင့် ဝူဟောင်ထံမှ မြင့်မြတ်သောနဂါးကောင်းချီးများကို စုပ်ယူပြီးသည့်နောက် သူ၏ချီစွမ်းအင်များမှာ အံ့အားသင့်စရာကောင်းလောက်အောင် တစ်ဟုန်ထိုး တိုးပွားလာခဲ့သည်။ သူသည် ရှန်ဇူတိုက်ကြီးမှ ကန်းမင်တိုက်ကြီးထံ လာရာလမ်းတလျှောက် အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
နတ်ဘုံခန်းဝါအဆင့်သို့ မတက်လှမ်းရသေးခင်မှာပင် ဇူယွမ်၏ ချီကြယ်ပွင့်များမှာ သုံးသိန်းကျော် အရေအတွက်သို့ ရောက်ရှိသွားခဲ့သည်။
ထိုပမာဏသည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း နတ်ဘုံခန်းဝါအဆင့်သို့ မတက်လှမ်းမှီအချိန်ထက်ပင် များပြားနေသော ပမာဏ ဖြစ်သည်။
နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းသောအချိန်တွင် အရေးအကြီးဆုံးအချက်မှာ နတ်ဘုံခန်းဝါ ချီပင်လယ်၏ အဆင့်သတ်မှတ်ချက်အား အဆုံးအဖြတ်ပေးနိုင်သော နတ်ဘုံခန်းဝါ နိဗ္ဗာန်ပွင့်ဟခြင်း ဖြစ်သည်။
ထိုအချိန်သည် နတ်ဘုံခန်းဝါရတနာ၏ အစွမ်းသတ္တိအား မြင်တွေ့ရမည့် အရေးကြီးသောအချိန်တစ်ခုလည်း ဖြစ်သည်။
သို့သော် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးသည် ဇူယွမ်၏ ချီပင်လယ်အား အပိုင်စီးကာ ဝင်လာသမျှ နတ်ဘုံခန်းဝါ ရတနာများအား ဆွဲယူမြိုချပစ်သောကြောင့် ပြဿနာဖြစ်နေခဲ့ရသည်။
သို့သော် ထိုပြဿနာသည် ဇူယွမ်အတွက် မရှည်ကြာခဲ့ပေ။ နတ်ဘုံခန်းဝါ ချီပင်လယ်နှင့် နတ်ဘုံခန်းဝါ နိဗ္ဗာန်များ စတင်ပွင့်သလာသောအခါတွင် အဘယ့်ကြောင့် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးမှ အခြားသော နတ်ဘုံခန်းဝါ ရတနာများအား ချီပင်လယ်အတွင်း ဝင်ရောက်ခွင့်မပြုခဲ့သည်ကို နားလည်သိရှိသွားရသောကြောင့် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးအား ပိုင်ဆိုင်ထားခြင်းမှာ လိုအပ်သည်ထက်ပင် ပိုနေပြီဖြစ်လေသည်။
ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက်အား ရှူထုတ်လိုက်ပြီးနောက် ချီပင်လယ်အတွင်းသို့ အတွေးတစ်ချက်ဖြင့် ဝင်ရောက်သွားလိုက်သည်။
ယခုဆိုလျှင် သူ၏ချီပင်လယ်မှာ နတ်ဘုံခန်းဝါ ချီပင်လယ်ဖြစ်နေပြီ ဖြစ်သည်။
နတ်ဘုံခန်းဝါ ချီပင်လယ် အတွင်းပိုင်းသည် မီးခိုးရောင် မြူခိုးများဖြင့် အပြောကျယ်လှပြီး ဆန်းကြယ်သော ကမ္ဘာသစ်တစ်ခု၏ နိဒါန်းကဲ့သို့ ထူးခြားလှသည်။ ယင်းသို့ ထူးခြားလှသော နတ်ဘုံခန်းဝါ ချီပင်လယ်၏အတွင်းအား အလွှာကိုးလွှာဖြင့် ဖွဲ့စည်းထားလျက် ရှိသည်။
ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံး၏ အကူအညီဖြင့် ဇူယွမ်မှာ ရှားပါးလှသော နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအား ဖွင့်လှစ်ပိုင်ဆိုင်နိုင်ခဲ့သည်။
"နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခု...."
ဇူယွမ်မှာ နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအား အတည်ပြုပြီး ဖြစ်ပါသော်လည်း စိတ်နှလုံး မငြိမ်သက်နိုင် ဖြစ်နေရသည်။ သူ၏ ထူးခြားဆန်းကြယ်လှသော နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအား အာရုံခံမိသည့် အချိန်တိုင်းတွင် စိတ်ခံစားချက်များ မြင့်တက်လာရသည်။
သို့သော် စင်စစ်အားဖြင့် ဇူယွမ်မှာ ရလဒ်အား ကြိုတင်ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးသည် ရှစ်ရောင်ခြယ်ရတနာကိုပါ စုပ်ယူမြိုချခဲ့သောကြောင့် သာမန်ထက် အဆပေါင်းများစွာ သာလွန်သော အစွမ်းသတ္တိများ ရှိလိမ့်မည်ဟု ယူဆထားခဲ့သည်။
ဇူယွမ်၏ ယူဆချက်အရ အစစ်အမှန် ရောင်စဉ်ကိုးသွယ် ရတနာသည်ပင် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးအား ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော်....
ဇူယွမ်မှာ မျက်ဝန်းများကိုဖွင့်လျက် ခံစားချက်များ ရောယှက်နေသော အမူအရာဖြင့် ဦးခေါင်းနောက်တွင်ရှိနေသော ရောင်လျှံဝန်းအား ကြည့်ရှုလိုက်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအား ဖွင့်ဟနိုင်ခဲ့ပါက ရောင်လျှံဝန်း၌ ကွဲပြားခြားနားသော ရောင်စဉ်ကိုးခု ရောယှက်ပါဝင်နေရမည် ဖြစ်သည်။
သို့သော် ဇူယွမ်၏ ရောင်လျှံဝန်းမှာ ရောင်စဉ်ကိုးသွယ် ရှိမနေပဲ ထူးခြားဆန်းကြယ်ကာ ရှုပ်ထွေးသော ရောင်စဉ်များကိုသာ မြင်တွေ့နေရသည်။
ဇူယွမ်မှာ နတ်ဘုံခန်းဝါအဆင့်သို့ စတင်တက်လှမ်းသည့်အခါက ရောင်လျှံဝန်းအား ရောင်စဉ်ကိုးခု ပြည့်သွားသည်အထိ မြင်တွေ့ခဲ့ရဖူးသည်။
သို့သော် ထိုရောင်စဉ်ကိုးသွယ်မှာ မှေးမှိန်သွားကာ မည်သည့်အရောင်များ ပါဝင်နေသည်ကိုပင် ခန့်မှန်းမရနိုင်သော ထူးခြားဆန်းကြယ်သော ရောင်စဉ်များအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် စိတ်လှုပ်ရှားသွားခဲ့ရသည်။
ထိုအချိန်၌ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးထံမှ စွမ်းအင်စီးဆင်းမှု မတည်မငြိမ်ဖြစ်နေသည်ကိုလည်း ဇူယွမ်မှ အာရုံခံမိခဲ့သည်။ ထို့ကြောင့် ရောင်လျှံဝန်းမှ ရောင်စဉ်များ ပြောင်းလဲနေရခြင်းသည် ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးနှင့် ပက်သတ်နေသည်မှာ အသေအချာပင် ဖြစ်သည်။
သူ၏ နတ်ဘုံခန်းဝါ ချီပင်လယ်မှာ ကောင်းကင်ဘုံ၏ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးကြောင့် အမျိုးမျိုး ပြောင်းလဲနေရသည်။
"ငါချီပင်လယ် စပွင့်ခါစတုန်းက နဂါးဒေါသအဆိပ်ကြောင့် သွေးနီရောင် ပြောင်းသွားခဲ့တယ်။"
"အခု နတ်ဘုံခန်းဝါ ချီပင်လယ် ပွင့်တဲ့အခါကြတော့ ကောင်းကင်ဘုံရဲ့ဒဏ်ခတ်ခြင်း သူတော်စင်မှော်စာလုံးကြောင့် အရောင်တွေ ရှုပ်ထွေးနေရတယ်။"
ဇူယွမ်မှာ သူ၏ရှေ့တွင်ရှိနေသော ရောင်စဉ်များစွာ ရှုပ်ထွေးနေသည့် ရောင်လျှံဝန်းအား ကြည့်ရှုလိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။
ဘာလို့ ငါ့ရဲ့ရောင်စဉ်ကိုးသွယ်က ပြောင်းလဲသွားရတာလဲ....တကယ်လို့ ရောင်စဉ်ကိုးသွယ်ကိုသာ ရှင်းရှင်းလင်းလင်း မြင်နေရရင် ဝူဘုရင် အခုထက်ပိုပြီး မျက်နှာပျက်နေမှာ သေချာတယ်....
"ဟူး.....ရှုပ်ထွေးနေတဲ့ ရောင်စဉ်တွေ။ ကြည့်ရတာ သိပ်မလှဘူးဆိုပေမယ့် တိုက်ခိုက်လို့တော့ရမှာပါ။ ဟုတ်တယ်မလား။"
ဇူယွမ်မှာ သူ့ကိုယ်သူပြန်၍ နှစ်သိမ့်နေရသည်။
ထို့နောက် ဝူဘုရင်အားကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် အေးစက်ခက်ထန်စွာကြည့်၍ ပြောလိုက်သည်။
"ဝူဘုရင်....."
"နှစ်ပေါင်းများစွာရှိခဲ့တဲ့ အစိုင်အခဲတွေကို နောက်ဆုံးတော့ ရှင်းပစ်လို့ရပြီပေါ့။"