← Chapters

ဝူဘုရင်အားဆန့်ကျင်တိုက်ခိုက်ခြင်း

Vol. 51 Ch. 699

ဝူဘုရင်အားဆန့်ကျင်တိုက်ခိုက်ခြင်း

Vol. 51 Ch. 699

ကောင်းကင်ထက်၌ ဝူဘုရင်မှာ အေးစက်ခက်ထန်သည့် အမူအရာဖြင့် ရှိနေသော ဇူယွမ်အား ကြည့်ရှုနေလျက် ရှိသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်ကာ ခံစားချက်များကို ချိုးနှိမ်လိုက်ပြီးနောက် စကားဆိုလိုက်သည်။ "ဘဝင်မြင်နေတဲ့ ကောင်စုတ်လေး....မင်းကနတ်ဘုံခန်းဝါအဆင့်ကို အခုမှရောက်တာကိုလည်း မေ့မနေနဲ့ဦး။ ငါက နတ်ဘုံခန်းဝါအဆင့်ကို ရောက်နေတာ ကြာလှပြီ။"

ဝူစစ်တပ်မှ ဗိုလ်ချုပ်များနှင့် စစ်သည်တော်များမှ ဝူဘုရင်၏ စကားအား ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ထိုအချက်သည် အမှန်တရားပင် ဖြစ်သည်။ ဇူယွမ်သည် နတ်ဘုံခန်းဝါအဆင့်သို့ ယခုမှ တက်လှမ်းလာသောသူဖြစ်သဖြင့် ဝူဘုရင်မှာ အသာစီးနေရာတွင် ရှိလေသည်။

ဇူယွမ်မှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ "ခင်ဗျားက နတ်ဘုံခန်းဝါအဆင့်ကို ရောက်တာကြာပြီဆိုပေမယ့် အခုထိ အခြေတည်အဆင့်မှာပဲ ရှိသေးတာလား။ ခင်ဗျားက ဘာမှလည်း အထင်ကြီးစရာ မကောင်းဘူးပဲ။"

ဝူဘုရင်မှာ မကျေမနပ် ဖြစ်သွားရသည်။ "အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့။"

ဝုန်း....

ဝူဘုရင်မှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလိုက်ပြီး ကောင်းကင်တစ်ခွင်လုံးအား သွေးနီရောင်များဖြင့် ခြယ်မှုန်းလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ဖိအားများမှာ ချက်ချင်းဆိုသလို ပတ်ဝန်းကျင်အား စိုးမိုးလွှမ်းခြုံသွားကာ တိမ်တိုက်များပင် သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားရသည်။ ဝူဘုရင်၏ ချီစွမ်းအင်အခြေခံအုတ်မြစ်သည် အနည်းဆုံး ချီကြယ်ပွင့် တစ်သန်းကျော်မျှ ပိုင်ဆိုင်ထားဟန် ရှိသည်။

စစ်မြေပြင်တစ်ခုလုံးအား စွမ်းအင်ပြင်းထန်သော သွေးနီရောင် ချီစွမ်းအင်များမှ လွှမ်းမိုးထားလျက်ရှိပြီး မူလစဦးအဆင့် စစ်သည်တော်များမှာ မည်သည့်စကားမှ မပြောနိုင်လောက်အောင် အံ့အားသင့်နေရသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ချီကြယ်ပွင့်များမှာ တစ်သောင်းကျော်မျှသာရှိပြီး ဝူဘုရင်နှင့် နှိုင်းယှဉ်ရန်မဖြစ်နိုင်လောက်အောင် အဆပေါင်းများစွာ ကွာခြားနေသောကြောင့် ဖြစ်သည်။

နတ်ဘုံခန်းဝါအဆင့်တစ်ဦး၏ ချီစွမ်းအင်အခြေခံအုတ်မြစ် ကျစ်လစ်သန်မာမှုသည် အမှန်တကယ်ပင် မူလစဦးအဆင့်နှင့် ခြားနားလွန်းလှသည်။

မူလစဦးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူသည်ပင် နတ်ဘုံခန်းဝါအဆင့်တစ်ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။

ဝူဘုရင်၏ ချီစွမ်းအင်အခြေခံအုတ်မြစ် ကျစ်လစ်သန်မာမှုအရ သူသည် နတ်ဘုံခန်းဝါအဆင့်၏ အဆင့်ကြီးသုံးခုမှ အစပထမအဆင့်ဖြစ်သော အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြို့ရိုးနံရံပေါ်တွင် ရှိနေသော ဇူချင်၊ ဝေကန်းလန်နှင့် အခြားသူများ၏ အမူအရာမှာ လေးနက်ခက်ထန်နေရသည်။ အဘယ့်ကြောင့်ဆိုသော် တစ်သန်းကျော်မျှသော ချီကြယ်ပွင့်ပမာဏမှာ ၎င်းတို့အတွက် လွန်စွာကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။

"မင်းသားလေးက အခုမှ နတ်ဘုံခန်းဝါအဆင့်ကို ရောက်ခါစပဲ ရှိသေးတယ်။ သူ့ရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က ဝူဘုရင်လောက် အားကောင်းဦးမှာ မဟုတ်ဘူး။" ဝေကန်းလန်မှ လေးနက်သောအသံဖြင့် စကားဆိုလိုက်သည်။

ဇူချင်မှ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "တကယ်လို့ ယွမ်အာတစ်ယောက်တည်း မတိုက်နိုင်ခဲ့ရင် ကူညီလို့ရအောင် တိုက်ပွဲဂိုလမ်တွေကို အသင့်ပြင်ထားလိုက်။"

ယခုဆိုလျှင် ကြီးမြတ်သောဇူအင်ပါယာဖက်တွင်လည်း နတ်ဘုံခန်းဝါအဆင့်တစ်ဦး ရှိနေပြီဖြစ်သောကြောင့် ဝူအင်ပါယာ၏ အားသာချက်မှာ အတော်အတန် ဆုတ်ယုတ်သွားပြီ ဖြစ်သည်။ ကြီးမြတ်သောဇူအင်ပါယာအနေဖြင့် ဝူအင်ပါယာအား အနိုင်မရနိုင်ပါသော်လည်း တိုက်ပွဲအား သရေအခြေအနေသို့ ရောက်သည်အထိ ဆွဲခေါ်သွားနိုင်ရန် မျှော်လင့်ချက်ရှိလာပြီပင်။

ဝေကန်းလန်နှင့် အခြားသူများမှာ ဇူချင်၏ အမိန့်အား ခေါင်းညိတ်လက်ခံလိုက်ကြသည်။ ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာ၏ နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။ ထို့ကြောင့် ဇူယွမ် အသင်အန္တရာယ် ကင်းနေသမျှ ကြီးမြတ်သောဇူအင်ပါယာအတွက် မျှော်လင့်ချက်ရှိနေလိမ့်မည် ဖြစ်သည်။

စစ်မြေပြင်ရှိ လူတိုင်းမှာ ဝူဘုရင်၏ စွမ်းအင်ဖိအားများကို ခံစားနေရပါသော်လည်း ဇူယွမ်မှာမူ အနည်းငယ်မျှပင် အလေးမထားဟန်ဖြင့် ကောင်းကင်ရှိ သွေးနီရောင် တိမ်ထုများကိုကြည့်ကာ ရယ်မောလိုက်သည်။ "အဟက်....ချီကြယ်ပွင့် တစ်သန်းကျော်က တကယ်ကြောက်စရာကောင်းသားပဲ။"

မူလစဦးအဆင့်နှင့် နတ်ဘုံခန်းဝါအဆင့်ကြား ကွာခြားချက်မှာ အလွန်ကြီးမားလွန်းလှသည်။ ဇူယွမ်မှာ နတ်ဘုံခန်းဝါအဆင့်သို့သာ မတက်လှမ်းနိုင်ခဲ့ပါက ဝှက်ဖဲမည်မျှပင် ရှိနေပါစေ ချီကြယ်ပွင့် တစ်သန်းကျော်ပမာဏအား ရရှိပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။

"အခု မင်းနောင်တရဖို့ သိပ်နောက်ကျသွားပြီ။"

ဝူဘုရင်မှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ သူသည် ဇူယွမ့်အပေါ် သတ်ဖြတ်လိုစိတ်များ လွန်စွာပြင်းထန်နေရသည်။ ထိုမျှငယ်ရွယ်သော အသက်၌ပင် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းသည် ဇူယွမ်၏ ကြောက်မက်ဖွယ်ကောင်းသေည အရည်အချင်းများကို ပြသနေခြင်းပင် ဖြစ်သည်။ အကယ်၍သာ ဇူယွမ်အား နှစ်အနည်းငယ် ထပ်မံလွှတ်ပေးထားခဲ့ပါက သူ၏ဝူအင်ပါယာသည် ထိုကောင်စုတ်လေး၏ လက်ထဲတွင်ပင် ဖျက်စီးခြေမှုန်းခံလိုက်ရလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ဝူဘုရင်မှာ ဖြစ်လာနိုင်မည့် ပြဿနာများ၏ အရင်းအမြစ်ကို အခုအချိန်တည်းက ဖြေရှင်းထားရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ဝုန်း....

သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသော ဝူဘုရင်မှာ လက်နှစ်ဖက်ကို အတူတကွ ချိတ်ဆက်လျက် ကွမ်းဟွမ်ရောင်လျှံဝန်းအား လည်ပတ်စေလိုက်သည်။

ဝုန်း....

ပတ်ဝန်းကျင်မှ ပြင်းထန်လှသော ချီစွမ်းအင်လှိုင်းများမှာ ကွမ်းဟွမ်ရောင်လျှံဝန်းထံသို့ ဝင်ရောက်သွားလေသည်။

ထို့နောက် ကွမ်းဟွမ်ရောင်လျှံဝန်းထံမှ သွေးနီရောင်အလင်းတန်းများမှာ နဂါးတစ်ကောင်အလား ကြောက်မက်ဖွယ်ကောင်းစွာဖြင့် ပေါ်ထွက်လာပြီးနောက် ဇူယွမ်၏ဦးခေါင်းထံ ချိန်ရွယ်ပျံသန်းသွားသည်။

ယင်းချီစွမ်းအင်အလင်းတန်းမှာ ကြီးမားလှရုံသာမကပဲ အလွန်လည်း မာကျောကျစ်လစ်လှသည်။  နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိသွားသူတစ်ဦး၏ ချီစွမ်းအင်အား ထိန်းချုပ်အသုံးပြုနိုင်စွမ်းမှာ မူလစဦးအဆင့်နှင့် များစွာကွာခြားပေသည်။

ဇူယွမ်မှာ ကျဆင်းလာနေသော သွေးနီရောင်အလင်းတန်းကြီးအား ကြည့်ရှုလိုက်ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လျက် ရွှေရောင်ချီစွမ်းအင်များအား ထွက်ပေါ်စေကာ ယင်းအလင်းတန်းနှင့် ထိပ်တိုက်တွေ့ဆုံစေလိုက်သည်။

ဝုန်း....

ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များ ချက်ချင်းဆိုသလို ထွက်ပေါ်လာလေသည်။

သွေးနီရောင်အလင်းတန်းကြီး အပိုင်းပိုင်းအစစ ပျက်စီးသွားရပါသော်လည်း ဇူယွမ်မှာ အနည်းငယ်မျှပင် ထိခိုက်သွားဟန် မရှိပေ။

ဇူယွမ်ထံမှ ထွက်ပေါ်နေသော ရွှေရောင်ချီစွမ်းအင်များမှာ အဆုံးမရှိသော မိုးကောင်းကင်အား တဝက်ကျော်မျှ ပမာဏအထိ လွှမ်းမိုးလိုက်သည်။

၎င်းထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားမှာလည်း ဝူဘုရင်ထက် အနည်းငယ်မျှပင် လျော့နည်းခြင်း မရှိချေ။

ဇူယွမ်မှာ ပျင်းရိစွာ အကြောဆန့်လိုက်ရင်းဖြင့် ဝူဘုရင်အား ပြုံးကာပြောလိုက်သည်။ "ချီကြယ်ပွင့် တစ်သန်းကျော်က အဲ့လောက်လည်း ကြောက်စရာမကောင်းပါလားဗျ...အဟက်။"

စစ်မြေပြင်တစ်ခုလုံးမှာ အံ့အားသင့်သော အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားရသည်။ ဝူစစ်တပ်ရော၊ ဇူစစ်တပ်ပါ ဇူယွမ်အား မျက်စိအပြူးသားဖြင့် ကြည့်ရှုနေကြလေသည်။

ကောင်းကင်ထက်တွင် ရှိနေသော ဝူဘုရင်မှာလည်း မျက်စိအပြူးသား ဖြစ်သွားရပြီးနောက် အံကိုကြိတ်ကာ ပြောလိုက်သည်။ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းကအခုမှ နတ်ဘုံခန်းဝါအဆင့်ကို ရောက်ခါစပဲ ရှိသေးတာလေ။ ဘာလို့ မင်းရဲ့ချီစွမ်းအင်အခြေခံအုတ်မြစ်က အရမ်းသန်မာနေရတာလဲ။"

ဇူယွမ်ထံမှ ပေါက်ကွဲထွက်ပေါ်လာသော ချီစွမ်းအင်များကို ကြည့်ရုံမျှဖြင့်ပင် ၎င်း၏နတ်ဘုံခန်းဝါ ချီပင်လယ်အတွင်း ရှိနေသော ချီကြယ်ပွင့်များမှာလည်း တစ်သန်းကျော်ပမာဏအထိ ရှိလိမ့်မည်ဟု ခန့်မှန်းသိရှိနိုင်သည်။

ဝူဘုရင်မှာ မယုံကြည်နိုင် ဖြစ်နေရသည်။ အဘယ့်ကြောင့်ဆိုသော် ဝူဘုရင် နတ်ဘုံခန်းဝါအဆင့်သို့ စတင်တက်လှမ်းခဲ့သောအချိန်က ချီကြယ်ပွင့် ငါးသိန်းရှစ်သောင်းမျှသာ ပိုင်ဆိုင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

မြို့ရိုးနံရံပေါ်တွင် ရှိနေကြသော ဇူချင်၊ ချင်ယု၊ ဝေကန်းလန်နှင့် အခြားသူများမှာလည်း မယုံကြည်နိုင် ဖြစ်နေရလေသည်။

"ဘာလို့ အရှင့်သားရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က ဒီလောက်သန်မာနေတာလဲ။" ဝေကန်းလန်မှ ပဟေဠိဖြစ်စွာဖြင့် မေးမြန်းလိုက်သည်။

"ဇူယွမ်ရဲ့ နတ်ဘုံခန်းဝါ ချီပင်လယ်က ပုံမှန်နဲ့မတူပဲ အရမ်းထူးခြားလို့ ဖြစ်လိမ့်မယ်။" ဇူချင်မှ တစ်ချက်မျှတွေးကာ ပြောလိုက်သည်။

"ဝူဘုရင်က နတ်ဘုံခန်းဝါ နိဗ္ဗာန်ငါးခု ဖွင့်နိုင်ခဲ့တယ်။ အရှင့်သားက အခုမှ နတ်ဘုံခန်းဝါအဆင့်ကို ရောက်တာဆိုပေမယ့် ဝူဘုရင်နဲ့တန်းတူလောက်ကို ဖြစ်နေပြီ။ မင်းသားလေးက နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခု ဒါမှမဟုတ် ရှစ်ခုများ ဖွင့်ထားနိုင်တာလား။" ဝေကန်းလန်မှ တံထွေးများကိုမြိုချကာ ရေရွတ်လိုက်သည်။

၎င်းတို့အတွက်မူ နတ်ဘုံခန်းဝါအဆင့်သို့ ရောက်သောအခါ၌ နတ်ဘုံခန်းဝါ နိဗ္ဗာန်လေးခုမျှ ဖွင့်လှစ်နိုင်လျှင်ပင် လွန်စွာစိတ်ကျေနပ်စရာ ကောင်းနေပြီဖြစ်သည်။ နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခု သို့မဟုတ် ရှစ်ခုဆိုသော ပမာဏ ယင်းတို့အတွက် စိတ်ကူးယဥ်စရာပင် မဟုတ်ပေ။

နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုဆိုလျှင် ၎င်းတို့အနေဖြင့် အတွေးထဲတွင်ပင် ထည့်မတွေးရဲသော အရာဖြစ်သည်။

ကြီးမြတ်သောဇူအင်ပါယာမှ အခြားသော စစ်ဗိုလ်ချုပ်များမှာလည်း ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေကြရသည်။

တစ်ဖက်တွင်လည်း ဝေချင်းချင်းမှာ ကောင်းကင်ထက်ရှိ လူငယ်လေး၏ပုံရိပ်အား မျက်တောင်ပင်မခတ်ပဲ ငေးမောကြည့်ရှုနေလျက် ရှိသည်။ ချီပင်လယ်ပင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော ငယ်ရွယ်သည့် ဇူယွမ်၏ပုံရိပ်အား ယခုထိတိုင် သူမအမှတ်ရနေဆဲ ဖြစ်သည်။ နှစ်အနည်းငယ်အတွင်းမှာပင် ထိုလူငယ်လေးသည် နတ်ဘုံခန်းဝါအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မည်သူကမှ ခန့်မှန်းထားမိမှာ မဟုတ်ပေ။

အဆိပ်ဘုရင်မှာ နဖူးထက်မှ ချွေးစေးများကို သုတ်လိုက်ပြီးနောက် ဇူချင်အားကြည့်ကာ ချိုသာသောအသံဖြင့် စကားဆိုလိုက်သည်။ "မင်းသားလေးက အရမ်းအရည်အချင်းရှိတော့ အရှင်မင်းကြီး ဘာမှလုပ်စရာ မလိုတော့ဘူးပေါ့။ အရှင်မင်းကြီး ကောင်းချီးပေးခံရတာပဲ။"

ဇူချင်မှ အဆိပ်ဘုရင်အားကြည့်ကာ ခပ်ဖွဖွပြုံးလျက် မေးလိုက်သည်။ "ကြီးမြတ်သောဇူအင်ပါယာက ဖျက်စီးခံရတော့မယ်ဆိုပြီး မင်းထင်နေတာ မဟုတ်ဘူးလား။"

ဝူအင်ပါယာမှ ကြီးမြတ်သောဇူအင်ပါယာအား စတင်စစ်ချီလာစဉ်အခါ၌ပင် အဆိပ်ဘုရင်မှာ အရာရာအား အဆိုးမြင်နေခြင်းဖြစ်ပြီး သေရတော့မည်ဟုပင် မကြာခဏ ညည်းတွားလေ့ရှိသည်။

အဆိပ်ဘုရင်မှ ရှက်ရွံ့သွားဟန်ဖြင့် ပြောလိုက်သည်။ "ကျွန်တော် အသိဉာဏ်နည်းတာပါ။ မင်းသားလေးရှိနေတာကို ကျွန်တော်တို့ ဘယ်လိုလုပ် ဖျက်စီးခံရပါ့မလဲ။"

သူသည် ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာသို့ ပြန်လည်ရောက်ရှိလာချိန်တွင် နတ်ဘုံခန်းဝါအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။  လက်ရှိအနေအထားအရ အိမ်ရှေ့စံမင်းသားမှာ လူတစ်ဦးဟုပင် မထင်မှတ်ရလောက်အောင် ကြောက်မက်ဖွယ်ကောင်းနေသည်။ ၎င်းသည် နတ်ဘုံခန်းဝါအဆင့်သို့ စတင်ရောက်ရှိခါစသူတစ်ဦး ဖြစ်ပါသော်လည်း ဝူဘုရင်နှင့်ပင် ယှဉ်ပြိုင်နိုင်နေပြီ ဖြစ်သည်။ အိမ်ရှေ့စံမင်းသား၏ အရည်အချင်းမှာ အမှန်တကယ်ပင် ရှားပါးလွန်းလှသည်။

ထို့ကြောင့် အဆိပ်ဘုရင်သည် ဝူအင်ပါယာသာ အမှန်တကယ် ကျရှုံးသွားခဲ့ပါက ဇူယွမ်နှင့် ပြဿနာများ မဖြစ်တော့ပဲ ခပ်ခွာခွာသာ နေတော့မည်ဟု ဆုံးဖြတ်ထားလိုက်သည်။

ဇူယွမ်၏ တိုက်ပွဲစွမ်းရည်အရ မူလစဦးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦးအား အတွေးတစ်ချက်တည်းဖြင့်ပင် မရဏလမ်းသို့ ပို့ဆောင်ပေးလိုက်နိုင်ပေသည်။ ထို့အပြင် ယခုအခါတွင် ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သဖြင့် အဆိပ်ဘုရင်ဟူသောသူသည် တိုင်းပြည်အတွက် အရေးပါသောသူတစ်ဦး မဟုတ်တော့ပေ။

စစ်မြေပြင်တစ်ခုလုံး အံ့အားသင့်နေကြစဥ်မှာပင် ဇူယွမ်မှာ ဝူဘုရင်အားကြည့်လျက် ပြုံးရယ်ကာပြောလိုက်သည်။ "ကျွန်တော့်ကို ထပ်ပြီးမတိုက်တာက သိပ်တော့မဟုတ်သေးဘူးလေ...အဟက်။ တိုက်ခိုက်ဖို့ နည်းနည်းလောက်ထပ်ပြီး ကြိုးစားကြည့်ပါဦးလား။"

ဝုန်း....

ဇူယွမ်ထံမှ တောက်ပသော ရွှေရောင်ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ပုံရိပ်မှာ ရွှေရောင်အလင်းတန်းတစ်ခုအလားဖြစ်သွားပြီး လက်ထဲတွင်လည်း ကောင်းကင်ဘုံယွမ်စုတ်တံအား ဆုပ်ကိုင်ထားလျက် ရှိသည်။

ဝုန်း.....

ကောင်းကင်ဘုံယွမ်စုတ်တံ၏ ထိပ်ဖျားမှာ တုန်ခါနေလျက်ရှိပြီး လေထုသည်ပင် တုန်လှုပ်လာရသည်။ ထို့နောက် ချက်ချင်းဆိုသလို ကောက်းကင်ဘုံယွမ်စုတ်တံ၏ ပုံရိပ်များစွာမှာ ဝူဘုရင်ထံ အညှာအတာကင်းမဲ့စွာ ပျံသန်းသွားတော့သည်။

ဝူဘုရင်မှာ ပျံသန်းလာနေသော စုတ်တံများကို ကြည့်ရှုလိုက်ပြီးနောက် ရွှေရောင်ဓားတစ်ချောင်းအားဆင့်ခေါ်ကာ တိုက်ခိုက်လိုက်သည်။

ချလန်း....

စုတ်တံနှင့် ဓားမှာ တွေ့ဆုံသွားကြပြီးနောက် ကမ္ဘာမြေပြင် တုန်ဟီးမတက် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးအား ကြားလိုက်ရသည်။

လက်နက်နှစ်ခုမှာ ကောင်းကင်ထက်တွင် လျှပ်စီးအလား လျင်မြန်လှသောအရှိန်ဖြင့် တိုက်ခိုက်နေကြသကဲ့သို့ ထွက်ပေါ်လာသော ပြင်းထန်လှသည့် စွမ်းအင်လှိုင်းဂယက်များမှာလည်း ဆွေ့လုံမြစ်အား လှိုင်းထန်စေလျက် ရှိသည်။

သို့သော် မည်မျှပင် တိုက်ခိုက်စေကာမူ ဝူဘုရင်မှာ အနည်းငယ်မျှပင် အသာစီးမရနိုင်ပဲ ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏တစ်သန်းကျော်မျှသော ချီကြယ်ပွင့်ပမာဏမှာ ဇူယွမ်အပေါ် မည်သည့်အကျိုးသက်ရောက်မှုမှ မဖြစ်စေသောကြောင့် ဖြစ်သည်။

ဇူယွမ်မှာ တိုက်ခိုက်နေရင်းဖြင့် အေးစက်စွာ ပြုံးလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ လင်းလက်တောက်ပလာသည်။

ဆန်းကြယ်သောခန္ဓာကျင့်စဥ်...

ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။

ကောင်းကင်ဘုံယွမ်စုတ်တံမှာလည်း လျင်မြန်စွာ လှုပ်ရှားနေလျက်ရှိပြီး လေထုအား တုန်ခါနေစေလေသည်။

ချလန်း....

စုတ်တံနှင့် ဓားမှာ နောက်ထပ်တစ်ကြိမ် ထပ်မံတွေ့ဆုံသွားသည်နှင့်အတူ ဝူဘုရင်၏ အမူအရာမှာလည်း ပျက်ယွင်းသွားရသည်။ အဘယ့်ကြောင့်ဆိုသော် စုတ်တံထံမှ ထွက်ပေါ်နေသော စွမ်းအင်မှာ တောင်တန်းများအား ဖြိုခွင်းနိုင်သည်အထိ ရုတ်ချည်းဆိုသလို ပြင်းထန်သွားသောကြောင့် ဖြစ်သည်။

ထိုသို့ပြင်းထန်လှသော စွမ်းအင်များကြောင့် ရွှေရောင်ဓားမှာ ပြင်းထန်စွာတုန်ခါလာရပြီး ဝူဘုရင်မှာလည်း လက်ချောင်းများမှ သွေးများစီးကျလာရသည်။

"ဟာ....."

စစ်မြေပြင်တစ်ခုလုံးမှာလည်း အံ့အားသင့်သွားရလေသည်။

ကြီးမြတ်သောဇူအင်ပါယာမှ စစ်သည်တော်များမှာ ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။

ဝူအင်ပါယာ၏ စစ်သည်များမှာမူ သွေးဆုတ်ဖြူရော်နေရသည်။

၎င်းတို့၏ နှလုံးသားအတွင်းမှ အထွဋ်အထွတ်ထားရသော ဝူဘုရင်သည် ကြီးမြတ်သောဇူအင်ပါယာမှ အိမ်ရှေ့မင်းသား၏ အသာစီးရမှုအား ခံရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ဇူယွမ်မှာ ကောင်းကင်ဘုံယွမ်စုတ်တံအား လွှဲယမ်းလျက် ဝူဘုရင်အားကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားက နတ်ဘုံခန်းဝါအဆင့်ဆိုပေမယ့် ဝူဟောင်ထက်တောင် ပိုပြီးတိုက်ရလွယ်သေးတယ်။"

ဝူဟောင်နှင့် တိုက်ခိုက်ရစဉ်အခါက ဇူယွမ်မှာ ဝှက်ဖဲများအားလုံးကို မဖြစ်မနေ ထုတ်သုံးခဲ့ရသည်။ သို့သော် ယခုဝူဘုရင်မှာ နတ်ဘုံခန်းဝါအဆင့်၏ အခြေတည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပါသော်လည်း လွယ်ကူစွာပင် တိုက်ခိုက်နိုင်ခဲ့သည်။

ဝူဘုရင်မှာ ကျင့်ကြံခြင်းအဆင့်တွင် ဝူဟောင်ထက် ပို၍မြင့်မားသော်လည်း ဝှက်ဖဲအရာ၌ ဝူဟောင်အား ယှဉ်နိုင်ခြင်းမရှိ။

ထိုသည်မှာ ပတ်ဝန်းကျင် အခြေအနေ ကွာခြားမှုကြောင့် ဖြစ်သည်။ ဝူဘုရင်သည် ကန်းမင်တိုက်ကြီး၌ ရေမြေ့သခင် မင်းပြည့်ရှင်တစ်ဦးဖြစ်နေစေကာမူ မြင့်မြတ်သောနန်းတော်၊ ကန်ရွှမ်းကလန်တို့နှင့် နှိုင်းယှဉ်လိုက်သောအခါတွင် အကြီးအကဲတစ်ဦးဖြစ်ရန်မဆိုနှင့် တံခါးစောင့် ဖြစ်ရန်ပင် အရည်အချင်းမရှိသူ ဖြစ်သည်။

ဝူဘုရင်၏ အမူအရာမှာ ခက်ထန်နေရသည်။ တစ်ချိန်က အချိန်မရွေး သတ်ပစ်နိုင်သည်အထိ အားနည်းခဲ့သော လူငယ်လေးတစ်ဦးထံမှ ယခုကဲ့သို့ အထင်အမြင်သေးခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

"ဇူမိသားစုရဲ့ ကောင်စုတ်လေးက တော်တော်ဘဝင်မြင့်နေတာပဲ။"

ဝူဘုရင်၏ မထီမဲ့မြင် စကားသံမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ သူ၏နှဖူးမှ သွေးကြောများမှာလည်း ထောင်ထနေလျက် ရှိသည်။

"ငါကဒီကို ဘာမှမပြင်ဆင်ပဲ လာလိမ့်မယ်လို့ မင်းထင်နေတာလား။"

ဝူဘုရင်၏ မျက်ဝန်းများမှာ ရဲရဲတောက်နေလေသည်။ သူသည် လက်နှစ်ဖက်အား အတူတကွ ချိတ်ဆက်လိုက်သည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ချီစွမ်းအင်များသည် မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုးတက်လာနေလျက် ရှိသည်။

ထိုချီစွမ်းအင်များမှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီးနောက် ဝူဘုရင်၏နောက်တွင် ဒုတိယမြောက် ကွမ်းဟွမ်ရောင်လျှံဝန်း ဖြစ်ပေါ်လာသဖြင့် စောင့်ကြည့်နေကြသူများမှာ အလွန်အံ့အားသင့်သွားကြရသည်။

ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဝန်းရံနေလျက် ရှိသည်။

ဇူချင်နှင့် အခြားသူများ၏ အမူအရာမှာ ပျက်ယွင်းသွားကြရသည်။

ဇူယွမ်မှာလည်း မျက်ဝန်းများ ကျဉ်းမြောင်းသွားရလေသည်။

"ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခု...."

"ဒါဆို ခင်ဗျားက စွမ်းအင်တွေကို ဖုံးကွယ်ထားခဲ့တာပေါ့။ တကယ်တော့ ခင်ဗျားက နတ်ဘုံခန်းဝါရဲ့ ဗဟိုအဆင့်ကိုတောင် ရောက်နေပြီပဲ။ ဘယ်လိုတောင် ဉာဏ်နီဉာဏ်နက်များတဲ့ မြေခွေးအိုကြီးလဲ။"

All Chapters