ဝူဘုရင်အားသတ်ဖြတ်ခြင်း
Vol. 51 Ch. 701
ငွေရောင်ချပ်ဝတ်အား ဝတ်ဆင်ထားသည့် ဇူယွမ်မှာ ရေပြင်ပေါ်တွင် ရပ်နေလျက်ရှိပြီး ၎င်း၏နောက်ကျောတွင် ဆန်းကြယ်သော အတောင်ပံတစ်စုံ ရှိနေသည်။ အနီးကပ် သေချာစွာ ကြည့်ရှုမည်ဆိုပါက ဇူယွမ်၏ ငွေရောင်ချပ်ဝတ်ပေါ်တွင် စိမ်းဝါရောင် အလင်းတန်းများ ရောယှက်စီးဆင်းနေသည်ကို မြင်တွေ့နိုင်ပေသည်။
ကြောက်မက်ဖွယ်ရာ ချီစွမ်းအင်လှိုင်းများလည်း ဇူယွမ်ထံမှ ထွက်ပေါ်နေလျက်ရှိသည်။
စစ်တပ်နှစ်ခုလုံးမှာ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ကြောက်ရွံ့တုန်လှုပ်စွာ ဇူယွမ်အား ကြည့်ရှုနေကြသည်။
အဘယ့်ကြောင့်ဆိုသော် ဇူယွမ်ထံမှ ထွက်ပေါ်လာသော စွမ်းအင်ဖိအားများမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းနေပြီး နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ဝူဘုရင်သည်ပင် ဖိနှိပ်ခံလိုက်ရသောကြောင့် ဖြစ်သည်။
"မင်းသားလေးက တကယ်အံ့သြစရာပဲ။"
မြို့ရိုးနံရံပေါ်တွင် ရှိနေသော ဝေကန်းလန်မှ ကူကယ်ရာမဲ့စွာ စကားဆိုလိုက်သည်။ ချီဘုရင် ပုန်ကန်ထကြွသောနေ့ကို ယခုအချိန်ထိ သူမှတ်မိနေပါသေးသည်။ ထိုနေ့တွင်လည်း ဇူယွမ်မှာ ယခုကဲ့သို့ ငွေရောင်ချပ်ဝတ်အား ဆင်မြန်းထားခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထိုစဉ်အချိန်က ယခုမျှထိ သန်မာခြင်း မရှိခဲ့ပေ။
အခြားသော ဗိုလ်ချုပ်များမှာလည်း ဝေကန်းလန်၏စကားအား အံ့အားသင့်စွာဖြင့် ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ ယခု ဇူယွမ်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများမှာ လွန်စွာကြောက်မက်ဖွယ် ကောင်းလှသည်။
ဇူချင်မှာ ချီးကျူးထောပနာပြုသံများကို ကြားလိုက်ရပြီးနောက် ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်သည်။
"မြင့်မြတ်တဲ့နဂါးကောင်းချီးကို ခိုးလိုက်ရင် ယွမ်အာက ဘယ်တော့မှ ခေါင်းဖော်နိုင်တော့မှာ မဟုတ်ဘူးလို့ ဝူဘုရင်က ထင်နေတာလေ။ ဒါပေမယ့် ငါတို့ ဇူမိသားစုက အဲ့လောက်လွယ်လွယ်နဲ့ ပျက်စီးမသွားနိုင်ဘူး။"
ဇူချင်မှာ စိတ်ဓာတ်ခွန်အားများ တက်ကြွနေလျက်ရှိသည်။ မှန်ပေသည် မြင့်မြတ်သောနဂါးကောင်းချီးကို ဖြစ်ပေါ်စေခဲ့သော လူတစ်ယောက်၏ အစွမ်းစကိုအထင်သေး၍မရပေ။
.........
ဇူချင်မှာ ပျော်ရွှင်မှုများဖြင့် မျက်ဝန်းများ တောက်ပနေပါသော်လည်း ဝူဘုရင်မှာမူ ငွေရောင်ချပ်ဝတ်အား ဆင်မြန်းထားသော ဇူယွမ်အား မြင်တွေ့လိုက်ရပြီးနောက် နှုတ်ခမ်းများ ရှုံ့မဲ့သွားရသည်။
ဇူယွမ်သည် ကောင်းကင်ဘုံကျင့်စဉ် များအား တစ်ပြိုင်နက်တည်း အသုံးပြုနေသည်ကို ဝူဘုရင်မှ ကောင်းစွာခံစားနေမိသည်။ ထို့အပြင် ဇူယွမ် အသုံးပြုနေသော ကောင်းကင်ဘုံကျင့်စဉ်များမှ တစ်ခုချင်းစီသည်ပင် သူ၏တော်ဝင်နဂါးတံဆိပ်တော်ထက်အဆင့်အတန်း မြင့်လိမ့်မည်ဟုလည်း ခံစားနေရသည်။
ထိုသို့မဟုတ်ပါက ဇူယွမ်မှာ ယခုလောက်ထိ စွမ်းအင်တိုးပွားလာစရာ အကြောင်းမရှိပေ။
ဝူဘုရင်မှာ ကြိတ်မနိုင်ခဲမရသကဲ့သို့ ခံစားနေရသည်။ သူသည် အလယ်အလတ် ကောင်းကင်ဘုံကျင့်စဉ်ဖြစ်သော တော်ဝင်နဂါးတံဆိပ်တော်အတွက် စွမ်းအင်များအားလုံးကို အသုံးပြုခဲ့ရသည်။
သို့သော် ဇူယွမ်အသုံးပြုလိုက်သည့် ကောင်းကင်ဘုံကျင့်စဉ်များမှာ သူ၏တော်ဝင်နဂါးတံဆိပ်တော်ထက် အဆင့်မြင့်နေလေသည်။
ဇူယွမ်မှာ ကျင့်ကြံခြင်းအဆင့်အရ ၎င်းထက် အနည်းငယ်မျှ နိမ့်ပါးနေပါသော်လည်း အဆင့်မြင့်သော ကောင်းကင်ဘုံကျင့်စဉ်များ အသုံးပြုပြီးသည့်နောက် သူ့အားခြိမ်းခြောက်နေနိုင်ပြီ ဖြစ်သည်။
ဝူဘုရင်မှာ ငွေရောင်ချပ်ဝတ်အား ဝတ်ဆင်ထားသော ဇူယွမ်၏ပုံရိပ်ကို ကြည့်ရှုလိုက်ပြီးနောက် နှလုံးသားအတွင်း မသက်မသာ ခံစားလာရသည်။
ဝုန်း....
ဝူဘုရင်မှ ခံစားချက်များ ရောထွေးနေစဉ်မှာပင် ဇူယွမ်မှာ အတောင်ပံတစ်ချက် ခတ်လိုက်ပြီးနောက် ကြီးမားသော လှိုင်းများကို ဖြစ်ပေါ်စေကာ ထိုနေရာမှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။
ရုတ်ချည်းဆိုသလို ဝူဘုရင်၏ အမူအရာမှာ ပြောင်းလဲသွားရကာ အလျင်အမြန် ဆုတ်ခွာလိုက်တော့သည်။
သို့သော်…
ဝုန်း....
ဇူယွမ်၏ပုံရိပ်မှာ မျက်စိတမှိတ်အတွင်း ဝူဘုရင်ရှေ့သို့ ရောက်ရှိလာပြီးနောက် ကြောက်မက်ဖွယ် စွမ်းအင်ဖိအားများ ထွက်ပေါ်နေသော ကောင်းကင်ဘုံယွမ်စုတ်တံဖြင့် ၎င်း၏သေကွင်းသေကွက် နေရာများကို ချိန်ရွယ်တိုက်ခိုက်လိုက်သည်။
ဝူဘုရင်မှာ ရွှေရောင်ဓားအား ဆွဲကိုင်လျက် ဇူယွမ်၏ တိုက်ခိုက်မှုများအား ခုခံကာကွယ်လိုက်သည်။
ချလန်း.....
သတ္ထုရိုက်သံများ ပဲ့တင်ထပ်သွားသကဲ့သို့ ဝူဘုရင်၏ အမူအရာမှာလည်း ပြောင်းလဲသွားရသည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်ထံမှ တောင်များကိုပင် ဖြိုခွင်းနိုင်လောက်သော ပြင်းထန်ကြောက်မက်ဖွယ်ကောင်းလှသည့် စွမ်းအင်လှိုင်းများကို ခံစားနေရသောကြောင့် ဖြစ်သည်။ ရွှေရောင်ဓားအား ကိုင်ဆောင်ထားသော ဝူဘုရင်၏လက်မှ သွေးများစီးကျလာရသကဲ့သို့ ခန္ဓာကိုယ်မှာလည်း အဝေးသို့ လွင့်စင်သွားရသည်။
ဇူယွမ်မှာ ဆန်းကြယ်သောခန္ဓာကျင့်စဉ်၊ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်နှင့် မြေဓာတ်စွမ်းအင် သူတော်စင်မှော်စာလုံးအား တစ်ပြိုင်နက်တည်း အသုံးပြုနေခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ချီကြယ်ပွင့် တစ်သန်းခွဲကျော်မျှအထိ စွမ်းအင်ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ဝူဘုရင်မှာ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိနေပါသော်လည်း ဇူယွမ်မှာ ယင်းအား ဖိနှိပ်ထားနိုင်နေခြင်း ဖြစ်သည်။
ချလန်း....
ဇူယွမ်မှာ အနည်းငယ်မျှပင် ရပ်တန့်သွားခြင်းမရှိပဲ အဆက်မပြတ် ဆက်လက်တိုက်ခိုက်နေလျက် ရှိသည်။
ဝူဘုရင်မှာ ခုခံနိုင်ရန် ကြိုးစားပါသော်လည်း မည်သို့မျှ အရာမထင်ပဲ အနောက်သို့သာ အဆက်မပြတ် ဆုတ်ခွာနေရလျက်ရှိပြီး သူ၏သွေးများမှာလည်း ကိုင်ဆောင်ထားသော ရွှေရောင်ဓားပေါ်သို့ အဆက်မပြတ် ကျဆင်းနေလေသည်။
ဝူစစ်တပ်သည် ထိုမြင်ကွင်းအား စိတ်မသက်မသာဖြစ်စွာဖြင့် ကြည့်ရှုနေကြရသည်။ မူလစဦးအဆင့် စစ်သည်တော်များပင် နှလုံးသားအတွင်း၌ပင် ကြောက်စိတ်များ ကြီးစိုးလာကြရသည်။
နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိထားသော ဝူဘုရင်သည် ကြီးမြတ်သောဇူအင်ပါယာမှ အိမ်ရှေ့မင်းသားဖြစ်သူ၏ ဖိနှိပ်ခြင်းအား ခံယူရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ချလန်း....
ကောင်းကင်ဘုံယွမ်စုတ်တံနှင့် ရွှေရောင်ဓားတို့ ထပ်မံတွေ့ဆုံသွားကြသည်။
"သန်းချီသောနဂါးဝေလငါး..."
ဇူယွမ်၏ အော်ဟစ်သံနှင့်အတူ ကောင်းကင်ဘုံယွမ်စုတ်တံပေါ်တွင် ဝေလငါးပုံရိပ်များ ပေါ်ပေါ်လာကာ လေထုမှာလည်း အက်ကွဲလာရသည်။
ချလန်း...
မီးစမီးပွားများ နေရာအနှံ့ ပျံ့ကျဲလာလေသည်။ ဝူဘုရင်၏ မျက်နှာမှာလည်း သွေးဆုတ်ဖြူရော်လာရပြီးနောက် ပါးစပ်အပြည့် သွေးတစ်လုတ်အား အန်ထုတ်လိုက်ရသည်။ သူသည် တုန်လှုပ်ပြိုလဲလျက် ပေထောင်ချီမျှ လွင့်စင်သွားရတော့သည်။
ဇူယွမ်မှာ အေးစက်နေသော မျက်ဝန်းများဖြင့် ဝူဘုရင်အားကြည့်ကာ ပြောလိုက်သည်။ "ခွေးသားကြီးဝူ....ငါ့ဆီကနေ မြင့်မြတ်တဲ့နဂါးကောင်းချီးကို ယူသွားခဲ့တုန်းက ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ တွေးမိခဲ့ဖူးလား။"
သွေးများပေကျံနေသော ဝူဘုရင်မှာ ခက်ထန်စွာဖြင့် စကားဆိုလိုက်သည်။ "အခုချိန်မှာ ငါနောင်တအရဆုံးက မင်းကိုမသတ်မိခဲ့တာကိုပဲ။"
သူသည် အမှန်တကယ်ပင် နောင်တရနေခြင်း ဖြစ်သည်။ မြင့်မြတ်သောနဂါးကောင်းချီးအား လွယ်ကူစွာ ရယူနိုင်ခဲ့သည့်အချိန်က ဝူဘုရင်မှာ မောက်မာခက်ထန်နေခဲ့ပြီး အရာအားလုံး စီစဉ်တကျအတိုင်း ဖြစ်လာလိမ့်မည်ဟု ယူဆထားခဲ့သည်။
သို့သော် ဆယ်စုနှစ်တစ်ခု ကြာမြင့်သွားပြီးနောက် မြင့်မြတ်သောနဂါးကောင်းချီး လုယူခြင်း ခံလိုက်ရသည့် ထိုလူမမယ်ကောင်လေးသည် မထင်မှတ်ထားလောက်အောင် သန်မာလာခဲ့လေသည်။
ဝူမိသားစု နှစ်ပေါင်းများစွာ ကြံစည်လာခဲ့ရသော အစီအစဉ်များ ဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။
ဇူယွမ်မှ တည်ငြိမ်သောအမူအရာဖြင့် ပြောလိုက်သည်။ "သူခိုးဆိုတာ အမြဲတမ်း သူခိုးပဲ။ဘယ်တော့မှ ပိုင်ရှင်အစစ်ဖြစ်လာမှာမဟုတ်ဘူး။"
ဝှစ်....
ဇူယွမ်၏ပုံရိပ်မှာ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
ဝူဘုရင်မှာ ချီစွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေလျက် အလျင်အမြန် ဆုတ်ခွာလိုက်သည်။
ဝုန်း....
လေထုမှာ တုန်ခါသွားပြီးနောက် ကောင်းကင်ဘုံယွမ်စုတ်တံမှာ လျင်မြန်လှသောအရှိန်ဖြင့် ဝူဘုရင်ထံသို့ ပျံသန်းလာလေသည်။
"အား...."
ဝူဘုရင်၏အော်ဟစ်သံနှင့်အတူ လက်မောင်းတစ်ဖက် လေထုထဲသို့ လွင့်စင်သွားရသည်။
"ဒါက ခင်ဗျား ကျုပ်အဖေပေါ် အကြွေးတင်နေတဲ့လက်ပဲ။"
ဇူယွမ်မှာ ခက်ထန်နေသော မျက်ဝန်းများဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံကို ဆွဲကိုင်ကာ ဝူဘုရင်၏ ရင်ဘတ်အား ထိုးဖောက်လိုက်သည်။
"ဒါက ကျုပ်အမေရဲ့ သက်တမ်းတွေ လျော့ခဲ့ရတဲ့အကြွေး..."
ဝူဘုရင်မှာ သွေးများမြင်မကောင်းအောင် ထွက်နေသည့်တိုင် အရူးတစ်ယောက်အလား ဆက်လက်ဆုတ်ခွာနေလျက် ရှိသည်။
ကောင်းကင်ဘုံယွမ်စုတ်တံ၏ ချွန်ထက်လှသောထိပ်ဖျားမှာ ဝူဘုရင်၏ ခန္ဓာကိုယ်အား နှစ်ပိုင်းဖြတ်လိုက်လေတော့သည်။
သွေးစများမှာ ဇူယွမ်၏မျက်နှာပေါ်သို့ လွင့်စင်သွားရသည်။
"ဒါက နဂါးဒေါသအဆိပ်နဲ့ ကျုပ်ဘဝကို ရှင်ရက်နဲ့သေအောင်လုပ်ခဲ့တဲ့အကြွေး..."
ဝူဘုရင်မှာ နီရဲနေသော မျက်ဝန်းများဖြင့် ကောင်းကင်ဘုံယွမ်စုတ်တံအား ရူးရူးနှမ်းနှမ်း ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ကောင်လေး....မင်းမိသားစုက အဲ့တုန်းက ဘာမှသုံးစားမရဘူးလေ။ အဲ့ဒါကြောင့် ငါ့ရဲ့နောက်လိုက်ခွေးဖြစ်ဖို့ပဲ ထိုက်တန်တယ်။"
"အဲ့တော့ရော ဘာဖြစ်လဲ။ ခင်ဗျားပေးတဲ့ ဒုက္ခတွေကြောင့်သာမဟုတ်ရင် ကျုပ်ဒီနေ့ ဒီလိုဖြစ်လာမှာတောင် မဟုတ်ဘူး။" ဇူယွမ်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
အရာအားလုံးသည်သာ ချောမွေ့နေခဲ့ပါက ဇူယွမ်သည်လည်း ကန်းမင်တိုက်ကြီး၏ တစ်နေရာတွင်ထိုင်ကာ ဝူဘုရင်ကဲ့သို့ပင် လောကစည်းစိမ်များအား ခံစားပျော်ရွှင်နေရလိမ့်မည် ဖြစ်သည်။
ဝူဘုရင်မှ ခက်ထန်စွာ စကားဆိုလိုက်သည်။ "ကောင်လေး....မင်းငါ့ကို သတ်နိုင်မယ်များ ထင်နေလား။ ငါသေရမယ်ဆိုရင်တောင် မင်းကိုငါနဲ့တူတူ သဂြိုလ်ပစ်မယ်။"
ဝူဘုရင်၏ ခန္ဓာကိုယ်မှ ရုတ်ချည်းဆိုသလို ထောင်သောင်းမကသော အလင်းတန်းများ ထွက်ပေါ်လာသည်။
ဝုန်း....
ဝူဘုရင်ထံမှ ပြင်းထန်လှသော ချီစွမ်းအင်များ ထွက်ပေါ်လာကာ ဆွေ့လုံမြစ်၌ပင် ကြီးမားသော ချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်ပေါ်သွားစေလေသည်။
ဘန်း....
ဇူယွမ်မှ အဝေးသို့ လွင့်စင်သွားရပြီးနောက် မြစ်မျက်နှာပြင်နှင့် ကြမ်းတမ်းစွာ ရိုက်ခတ်မိသွားသည်။
"အဟွတ်...."
ဇူယွမ်မှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရပြီး ငွေရောင်ချပ်ဝတ်ပေါ်တွင်လည်း အက်ကြောင်းများ စတင်ပေါ်ပေါက်လာသည်။ သူသည် သွေးများကို ခပ်ကြမ်းကြမ်း ပွတ်ထုတ်လိုက်ပြီးနောက် ငွေရောင်ချပ်ဝတ်မှာလည်း ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားသည်။ ဇူယွမ်သည် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ခန္ဓာကိုယ် ပျက်စီးနေပြီဖြစ်သော ဝူဘုရင်အား ကြည့်ရှုလိုက်သည်။
"ခင်ဗျားကိုယ်ခင်ဗျား တကယ်ဖျက်စီးပစ်တာဆိုရင်တောင် ကျုပ်နည်းနည်းလောက် လေးစားမိဦးမယ်။ အခုက ခင်ဗျားက ထွက်ပြေးဖို့သက်သက်ပဲ လုပ်သွားတာပဲ။"
ဇူယွမ်မှာ ကွမ်းဟွမ်ရောင်လျှံဝန်းနှစ်ခု ခြံရံလျက်ရှိသော သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ဝူဘုရင်၏စိတ်ဝိဉာဉ်အားကြည့်ကာ ပြောလိုက်ခြင်း ဖြစ်သည်။
"ဇူယွမ်...မင်းဒီအတွက် ပြန်ပေးဆပ်ရမယ်။"
"မင်းတို့ရဲ့ ကြီးမြတ်သောဇူအင်ပါယာကြီးကို ဖျက်စီးဖို့ ငါပြန်လာခဲ့မယ်။"
ဝူဘုရင်၏အော်ဟစ်သံမှာ မိုးကောင်းကင်တခွင် ပဲ့တက်ထပ်သွားသည်။
"ဝူစစ်တပ်....ပြန်ဆုတ်..."
ဝူဘုရင်၏ အော်ဟစ်သံနှင့်အတူ အဆုံးအစမဲ့သော ဝူစစ်တပ်ကြီးမှာလည်း အလျင်အမြန် ဆုတ်ခွာသွားတော့သည်။
ဝူအင်ပါယာ၏ ကြီးမြတ်သောဇူအင်ပါယာအား တိုက်ခိုက်သိမ်းပိုက်ရန် အားထုတ်မှုမှာ အဆုံးသတ်သွားရပြီပင် ဖြစ်သည်။
ဝူစစ်တပ်မှာ မြေပြိုကျသကဲ့သို့ လျင်မြန်စွာပင် တပ်ဆုတ်သွားရလေတော့သတည်း...