ဇူအင်ပါယာ၏ တန်ပြန်
Vol. 51 Ch. 702
ဆွေ့လုံမြို့တော်၏ မြို့ရိုးနံရံပေါ်တွင် ရှိနေသော ဇူချင်၊ ဝေကန်းလန်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာ မျက်စိတမှိတ်စာအတွင်း ဆုတ်ခွာသွားကြသော ဝူစစ်တပ်အား အံ့အားသင့်စွာဖြင့် ကြည့်ရှုနေကြသည်။
ကြီးမြတ်သောဇူအင်ပါယာအား ဖျက်စီးရန် ခြိမ်းခြောက်နေခဲ့သော အဆုံးအစမဲ့ စစ်တပ်ကြီးမှာ တစ်ခဏအတွင်း၌ပင် အပြိုပြိုအလဲလဲ ဖြစ်သွားလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
မြို့ရိုးနံပေါ်မှ လေထုသည်ပင် ခေတ္တမျှ ဆိတ်ငြိမ်သွားလေသည်။
များစွာသောလူများမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကိုပါ ပွတ်သပ်နေကြသည်။
မဖြစ်နိုင်သော အရာတစ်ခုအား အသက်မသေပဲ မြင်တွေ့ခွင့်ရနေသည်မှာ ထူးခြားလှသည်။
အချို့သော စစ်သည်တော်များမှာ လက်မခံနိုင်စွာဖြင့် ကိုယ့်ပါးကိုယ်ရိုက်ကြည့်ကြတော့သည်။ ပါးချသံများ အစီအရီ ထွက်ပေါ်လာသကဲ့သို့ နာကျင်စွာ ညည်းတွားသောအသံများလည်း ထွက်ပေါ်လာလေသည်။
ဖျောင်း…ဖြန်း
"အား....နာတယ်ဟ။”
“ ဒါဆို ဒါတကယ်ပဲပေါ့။"
"ဟိတ်ကောင်....မင်းပါးမင်းချပါလား။ ဘာလို့ ငါ့ပါးလာရိုက်နေတာလဲ။"
“ကိုယ့်ပါးကိုယ်ရိုက်ရင်နာမှာပေါ့ဟ။’’
"အ....."
"ဝူစစ်တပ်က တပ်ဆုတ်ပြေးတာလား။"
"အဲ့လိုထင်တာပဲ။"
"......."
မြို့ရိုးနံရံမှာ အသံများဖြင့် ဆူညံနေလျက် ရှိသည်။ စစ်သည်များအားလုံးမှာ အသိစိတ် ပြန်ဝင်လာပြီးနောက် မျက်ဝန်းများမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားရသည်။
ထို့နောက် ချက်ချင်းဆိုသလို အောင်ပွဲခံအော်ဟစ်သံများ ထွက်ပေါ်လာရာ မြို့ရိုးနံရံသည်ပင် တုန်လှုပ်သွားလေသည်။
၎င်းတို့အားလုံးမှာ အစောပိုင်းကပင် တိုင်းပြည်အတွက် အသက်ပေးရန် ဆုံးဖြတ်ထားပြီးကြခြင်း ဖြစ်သည်။ ယင်းတို့သည် ဆက်လက်ရှင်သန်စိတ် မရှိသောကြောင့် မဟုတ်ပဲ အခြေအနေများအရ မျှော်လင့်ချက်များ မရှိတော့သည့်အတွက်သာ ထိုသို့ဆုံးဖြတ်ထားခဲ့ကြရခြင်း ဖြစ်သည်။
အရာအားလုံး ပျက်စီးဆုံးရှုံးရတော့မည်ဟု ယူဆထားသောအချိန်တွင် မိုးကောင်းကင်မှ မျှော်လင့်ချက်အလင်းတန်းတစ်ခု ကျဆင်းလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။၎င်းမှာ အသက်တစ်ချောင်းကောက်ရသကဲ့သို့ပင်။
"အိမ်ရှေ့မင်းသားက အတော်ဆုံးပဲ။"
"အိမ်ရှေ့မင်းသားက အထူးချွန်ဆုံးပဲ။"
"......"
လောကကြီးတစ်ခုလုံးကိုပင် တုန်ခါသွားစေနိုင်လောက်သော ကျယ်လောင်လှသည့် ချီးကျူးထောပနာပြုသံများ ထွက်ပေါ်လာလေသည်။
ကြီးမြတ်သောဇူအင်ပါယာ၏ စစ်သည်များမှာ ဆွေ့လုံမြစ်ပေါ်တွင် ရှိနေသော လူငယ်လေး၏ပုံရိပ်အား ဂုဏ်ယူလေးစားစွာဖြင့် ကြည့်ရှုနေကြသည်။
ဇူယွမ်မှာ မိုးကောင်းကင်မှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးသဖွယ် တစ်ဦးတည်းဖြင့် ၎င်းတို့အားလုံးအား ကယ်တင်ပေးခဲ့သောကြောင့် စစ်သည်များမှာ ဇူချင်ထက်ပင်ပို၍ ၎င်းအား လေးစားချစ်ခင်သွားမိကြသည်။
ဝေကန်းလန်နှင့် အခြားသော စစ်ဗိုလ်ချုပ်များမှာ ခံစားချက်များကြောင့် မျက်ဝန်းများ ရဲတွတ်လာရပြီးနောက် သက်ပြင်းချလိုက်မိကြသည်။ "မင်းသားလေးက တကယ့်ကို မြင့်မြတ်တဲ့နဂါးတစ်ပါးပဲ။"
၎င်းတို့အားလုံးမှာ နှလုံးသားအတွင်း အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေရသည်။ နတ်ဘုံခန်းဝါ ဗဟိုအဆင့်သို့ ရောက်ရှိထားသော ဝူဘုရင်အား ဇူယွမ်ကြောင့် ရုပ်ခန္ဓာပျက်စီးကာ ထွက်ပြေးသွားရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။
ဇူချင်မှာ ခံစားချက်များကြောင့် မျက်နှာတစ်ခုလုံး နီရဲနေလျက်ရှိပြီး ပုံမှန်ကဲ့သို့ တည်ငြိမ်နေဟန်လည်း မရှိပေ။ သူသည် လက်ခုပ်နှစ်ဖက်အား ကျယ်လောင်စွာတီးလျက် အော်ဟစ်လိုက်သည်။ "ကောင်းတယ်၊ သိပ်ကောင်းတယ်။"
"ဝူရွှမ်း.....မင်းက ငါတို့ဇူမိသားစုရဲ့ မြင့်မြတ်တဲ့နဂါးကို ဖျက်စီးချင်တာမလား။ အခုအဲ့ဒါရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကိုရော သဘောမှကျရဲ့လား။ ဟား…ဟား"
"ငါ့မိသားစုရဲ့ မြင့်မြတ်တဲ့နဂါးကို လွယ်လွယ်ကူကူ ဖျက်စီးလို့ရမယ် မထင်နဲ့။"
ဇူယွမ်မှာ ဝူဘုရင် ထွက်ပြေးသွားရာအရပ်သို့ တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် လေးစားချစ်ခင်စွာ စောင့်ကြည့်နေကြသော အကြည့်များစွာ၏အောက်၌ပင် မြို့ရိုးနံရံပေါ်သို့ ပျံတက်လိုက်သည်။
"ခမည်းတော်၊ မယ်တော်။"
ဇူယွမ်မှာ မြို့ရိုးနံရံပေါ်သို့ ရောက်ရှိသွားသည်နှင့် ဇူချင်နှင့် ချင်ယုအားကြည့်ကာ ပြုံးပြလိုက်သည်။
ချင်ယုမှ ဇူယွမ်အား ဂရုတစိုက်ဖြင့်ကြည့်ကာ မေးလိုက်သည်။ "ယွမ်အာ....ဘယ်နေရာတွေ နာသွားသေးလဲ။"
ဇူယွမ်မှာ ခပ်ဖွဖွ ပြုံးလိုက်ပြီးနောက် ချင်ယုအားဖက်ကာ ပြောလိုက်သည်။ "သားအဆင်ပြေပါတယ် မယ်တော်ရဲ့။"
ဇူချင်မှာ ဇူယွမ်နှင့်ချင်ယုအား မျက်ရည်အဝဲသားဖြင့် ကြည့်ရှုနေလေသည်။ ထို့နောက် ဇူယွမ်၏ပုခုံးအား အားပါးတရပုတ်ကာ ပြောလိုက်သည်။ "ငါ့ရဲ့သားတော်လေးက တကယ်အရွယ်ရောက်လာပြီပဲ။"
ဇူယွမ်မှာ ကောင်းကင်တံခါးအဆင့်ဖြင့် ကြီးမြတ်သောဇူအင်ပါယာမှ ထွက်ခွာသွားစဉ်တွင် အတော်ပင် ငယ်ရွယ်လွန်းလှသည်။ ယခုပြန်ရောက်လာသောအခါတွင် သူသည် နတ်ဘုံခန်းဝါအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်လေသည်။
ဇူချင်မှာ ဝမ်းနည်းမှု၊ ဂုဏ်ယူမှုနှင့် ပျော်ရွှင်မှုခံစားချက်များ ရောယှက်နေရသည်။
"ကြီးမြတ်သောဇူအင်ပါယာက မင်းအပေါ် တကယ်ကျေးဇူးတင်ရမှာပဲ။"
ဇူယွမ်မှာ ခေါင်းကိုခါယမ်းလိုက်ပြီးနောက် ပြုံးကာပြောလိုက်သည်။ "ကျွန်တော်က ကြီးမြတ်သောဇူအင်ပါယာရဲ့ မင်းသားပဲလေ။ အဲ့ဒါကြောင့် တိုင်းပြည်ကို ကာကွယ်ရမှာ ကျွန်တော့်တာဝန်ပဲ။"
"ပြီးတော့...."
ဇူယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားကာ ဆက်လက်စကားဆိုလိုက်သည်။ "ဒီလောက်နှစ်တွေအကြာကြီး ကျွန်တော့်ရဲ့တာဝန်ကို ထပ်ပြီးမျက်ကွယ်မပြုနိုင်တော့ဘူး။"
ဇူယွမ်မှာ ကြီးမြတ်သောဇူအင်ပါယာမှ ထွက်ခွာခဲ့စဉ်အချိန်က ၎င်းတို့ခံစားခဲ့ရသော ရှက်ရွံ့သိမ်ငယ်မှုများစွာအတွက် ပြန်လည်လက်စားချေပေးမည်ဟု ဇူချင်အား ကတိကဝတ်ပြုထားခဲ့သည်။
ဇူချင်မှာ ကလေးငယ်တစ်ဦး၏ စကားအား အတည်မှတ်ယူခြင်း ပြုလိမ့်မည်မဟုတ်သော်လည်း ဇူယွမ်မှာ ယင်းကတိစကားအတိုင်း ပြုမူခဲ့သည်။
ဝူဘုရင်သည် ကြီးမြတ်သောဇူအင်ပါယာနှင့် ၎င်းတို့ဇူမိသားစုအတွက် ရှက်ရွံ့သိမ်ငယ်မှုများစွာ ယူဆောင်လာခဲ့သောသူ ဖြစ်သည်။ ယခုအခါတွင် အလွန်ကြီးကျယ်မြင့်မြတ်လှသည်ဟု လူအများမှ အမြဲတစေ ယူဆခြင်းခံရသော ယင်းဝူဘုရင်မှာ လူအားလုံးရှေ့၌ပင် ဇူယွမ်အား ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်လေသည်။
အတိတ်ကာလ၌ ခံစားခဲ့ရသော နာကျင်မှုများ၊ အငြှိုးအတေးများအားလုံးအတွက် ပြန်လည်ရယူနိုင်ခဲ့ပြီပင် ဖြစ်သည်။
ဇူချင်မှ ခေါင်းညိတ်ကာ စကားဆိုလိုက်သည်။ "အရင်တုန်းက ငါကအမြဲတမ်း ဝူဘုရင်ဖိနှိပ်တာ ခံခဲ့ရပေမယ့် သူ့ထက်သာတာတစ်ခု ငါ့မှာရှိတယ်လေ။ ငါ့ရဲ့သားတော်က သူ့ရဲ့သားထက် အများကြီးပိုပြီး သန်မာတယ်။"
"ခုနတုန်းက ဝူဘုရင်က ဘာလို့သူ့ကို တိုက်ခိုက်ဖို့ သတ္တိရှိနေရတာလဲဆိုပြီးမေးတော့ ဘာပြန်ဖြေရမလဲမသိ ဖြစ်နေခဲ့တယ်။ ငါသတ္တိရှိနေခဲ့တာ တကယ်တော့ ငါ့မှာအရမ်းအားကိုးရတဲ့ သားတော်ရှိနေလို့ပဲ။"
ဇူချင်မှာ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်သည်။
ဇူယွမ်မှာလည်း ခေါင်းကိုခါယမ်းလျက် ခပ်ဖွဖွ ပြုံးလိုက်လေသည်။
"ခမည်းတော်...ဝူဘုရင်ကလည်း ကျွန်တော့်ကိုရှုံးပြီး ဝူစစ်တပ်ကလည်း ဖရိုဖရဲဖြစ်နေပြီ။ ကျွန်တော်တို့ ကြီးမြတ်သောဇူအင်ပါယာအနေနဲ့ သူတို့ကို ဒီတိုင်းမလွှတ်ပေးလိုက်သင့်ဘူး။" ဇူယွမ်မှာ ဝူစစ်တပ် ဆုတ်ခွာထွက်ပြေးသွားသော အရပ်သို့ကြည့်ကာ ပြောလိုက်သည်။
ဇူချင်မှ မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "သားတော်က ဘာလုပ်ချင်လို့လဲ။"
ဇူယွမ်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ဝူဘုရင်က ရုပ်ခန္ဓာ ဖျက်စီးခံလိုက်ရတယ်ဆိုပေမယ့် သူ့ကိုကြည့်ရတာ ဒီအခြေအနေအတွက် ကြိုပြီးပြင်ဆင်ထားတဲ့ပုံပဲ။ ဒီအတိုင်းသာ လွှတ်ထားလိုက်ရင် အနာဂတ်မှာ ကြီးမြတ်သောဇူအင်ပါယာအတွက် အန္တရာယ်များလာလိမ့်မယ်။"
ထို့အပြင် ဇူယွမ်သည်လည်း ကြီးမြတ်သောဇူအင်ပါယာ၌ တစ်သက်လုံးနေထိုင်ရန် မဖြစ်နိုင်ပေ။ ဤနေရာသည် အလွန်သေးငယ်သော ကမ္ဘာတစ်ခုဖြစ်၍ သူ၏ကျင့်ကြံခြင်းများအတွက် အကျိုးမရှိနိုင်ချေ။ ထို့ကြောင့် ယခုအချိန်တည်းက ပြဿနာအား အမြစ်မှဖြတ်ထားရပေလိမ့်မည်။
"ကျွန်တော့်ဆီကယူသွားတဲ့ မြင့်မြတ်တဲ့နဂါးကောင်းချီးကို ဝူဘုရင်က သုံးပိုင်းခွဲခဲ့တာလေ။ ဝူဟောင်ဆီမှာရှိနေတဲ့ ကောင်းချီးကိုတော့ ပြန်ယူပြီးသွားပြီ။ ဒါပေမယ့် ဝူအင်ပါယာကဟာတော့ ကျန်နေသေးတယ်။ ဝူအင်ပါယာကို ဖျက်စီးပြီးတော့မှ အဲ့ကောင်းချီးကို ပြန်ယူလို့ရမှာ။"
ဇူယွမ်မှာ ဇူချင်အား ကြည့်ရှုလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။ "အဲ့ဒါကြောင့် ကြီးမြတ်သောဇူအင်ပါယာအတွက် ဝူအင်ပါယာကို ဖျက်စီးပစ်ရမယ်။"
ဇူချင်မှာ ခံစားချက်များကြောင့် အမူအရာများ တင်းမာခက်ထန်နေရသည်။
ဇူချင်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်ကာ စကားဆိုလိုက်သည်။ "ဝူဘုရင်ရှုံးသွားတာက ဝူစစ်တပ်အတွက် အကြီးမားဆုံး ထိုးနှက်မှုပဲ။ ဒီအချိန်က ငါတို့တိုက်ဖို့အတွက် အကောင်းဆုံးပဲ။"
သူသည် ဝေကန်းလန်နှင့် အခြားသော ဗိုလ်ချုပ်များအားကြည့်ကာ ပြောလိုက်သည်။ "ဒီနေ့ ကြီးမြတ်သောဇူအင်ပါယာက ဆုံးရှုံးခဲ့ရတဲ့အရာတွေအားလုံးကို ပြန်ပြီးယူကြမယ်။"
ဝေကန်းလန်မှ အရိုအသေပြုကာ ပြောလိုက်သည်။ "အရှင်မင်းကြီးရဲ့အမိန့်ကို နာခံလျက်ရှိကြောင်းပါ။"
ဝေကန်းလန်မှာ အမိန့်တော်အားရယူလျက် ထွက်ခွာသွားပြီးနောက် ဆွေ့လုံမြို့တော်မှာ လူများစွာဖြင့် စည်ကားသွားရသည်။ ကြီးမားလှသော စစ်တပ်ကြီးသည် မျက်စိတမှိတ်အတွင်းမှာပင် စုစည်းသွားကာ ဂိတ်တံခါးများကိုလည်း ဖွင့်လှစ်လိုက်ကြသည်။
မြို့ရိုးနံပေါ်တွင် ရှိနေသော ဇူယွမ်မှာ များစွာသော စစ်သည်တော်များကိုကြည့်လျက် ခေါင်းညိတ်လိုက်သည်။
"ခမည်းတော်....ဒီအချိန်က အေးအေးဆေးဆေးနေရမယ့် အချိန်မဟုတ်သေးဘူး။"
ဇူယွမ်မှ ဇူချင်အားကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော် ဝူဘုရင်နောက်ကိုလိုက်ပြီးတော့ သူဝူစစ်တပ်ကို အမိန့်ပေးဖို့ အဆက်အသွယ်လုပ်ချိန်မရှိအောင် လုပ်ထားလိုက်မယ်။ ကျန်တာကိုတော့ ခမည်းတော်တို့နဲ့ပဲ လွှဲထားလိုက်မယ်။"
ဇူယွမ်မှာ ဝူဘုရင်အား သတ်ဖြတ်နိုင်ပါသော်လည်း ထောင်သောင်းများစွာသော စစ်သည်များအား တစ်ဦးတည်း ကိုင်တွယ်ရန်မှာ မဖြစ်နိုင်လှပေ။
ဇူချင်မှာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "သေချာဂရုစိုက်နော်။ ယုန်တောင်မှ နာလာရင် ပြန်ကိုက်တက်တယ်။"
ချင်ယု၏မျက်ဝန်းများမှာမူ မလိုလားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလျက် ရှိသည်။
ဇူယွမ်မှာ ချင်ယုအား ကြည့်လိုက်ပြီးနောက် ပြုံးကာစကားဆိုလိုက်သည်။ "စိတ်မပူပါနဲ့ မယ်တော်....ဝူဘုရင်က စွမ်းအင် အပြည့်အဝနဲ့တောင် သားကိုမယှဉ်နိုင်တာ။ အခုလို ခန္ဓာကိုယ်တောင် မရှိတော့တဲ့ အနေအထားနဲ့ဆို ပြောမနေနဲ့။"
ထို့နောက် ဇူယွမ်မှာ အလင်းတန်းတစ်ခုအလား လျင်မြန်လှသောအရှိန်ဖြင့် ကောင်းကင်ထက်သို့ ထိုးတက်သွားတော့သည်။
"ခမည်းတော်တို့ကို ဝူအင်ပါယာရဲ့ မြို့တော်မှာ စောင့်နေမယ်။ အဲ့မှာ ပြန်တွေ့တဲ့အခါကြရင် တူတူအောင်ပွဲခံကြတာပေါ့။"
ကြည်လင်ပြတ်သားသော စကားသံမှာ ဆွေ့လုံမြို့တော်တခွင် ပဲ့တင်ထပ်သွားသကဲ့သို့ ဇူယွမ်၏ပုံရိပ်မှာလည်း လျင်မြန်စွာပင် ပျောက်ကွယ်သွားလေတော့သတည်း....