← Chapters

ရန်သူကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 106

ရန်သူကို သတ်ဖြတ်ခြင်း

Vol. 8 Ch. 106

ချင်းမင်၏စကားကို ကြားချိန်၌ လူထွားကြီးက ပြောဆိုသည်။

"ဒါဆိုရင် ဘာမှစိတ်မပူပါနဲ့....မဟာသိုင်းဆရာကြီးနယ်ပယ် ပထမအဆင့်တွေကို... ကျွန်တော်က တစ်ယောက်ချင်းစီ လက်သီးနဲ့ ထိုးသတ်ပြမယ်"

ချင်းမင်က အပြုံးနှင့် ပြောဆိုလိုက်၏။

"သူတို့ကြားထဲမှာ အဆင့်မြင့် မဟာသိုင်းဆရာကြီးနှစ်ယောက်ရှိတယ်... အဲ့ဒီလူတွေကိုရော ခင်ဗျားက လက်သီးနဲ့ ထိုးနိုင်မလား"

ထိုအဆင့်မြင့် မဟာသိုင်းဆရာကြီးနှစ်ယောက်သည် ဆရာသခင်ချင်းယန်ကို တိုက်ခိုက်ခဲ့သော အနက်ရောင်ဝတ်စုံဝတ် လူနှစ်ယောက်ပင်။

လူထွားကြီး၏မျက်နှာ နီမြန်းသွားပြီးနောက် တိုးညှင်းစွာ ပြောဆိုသည်။

"ဒါက မရနိုင်ဘူးလေ.....ဒါပေမဲ့ ကျွန်တော့်ရဲ့အစ်ကိုကြီးကတော့ ရတယ်"

ထိုလူထွားကြီး၏အကြည့် ကျရောက်သွားသောနေရာသို့ လိုက်ကြည့်လိုက်ချိန်၌ ချင်းမင်က ပိန်ပါးသော သက်လတ်ပိုင်းအရွယ်လူတစ်ဦးကို တွေ့မြင်မိသည်။

ထိုလူက ဤလူထွားကြီး ပြောဆိုနေသော အစ်ကိုကြီး ဖြစ်ပုံရသည်။

ချင်းမင်သည် သူ့ကို ယခင်ကတည်းက ကြိုတင်၍ သတိထားမိခဲ့သည်။ သူသည် တခြားလူများကဲ့သို့ ခန္ဓာကိုယ်တောင့်တင်းခြင်း မရှိသော်လည်း သူ၏မျက်လုံးများသည် ဓားတစ်လက်အလား စူးရှထက်မြက်နေပေ၏။

ဤလူသည် မဟာသိုင်းဆရာကြီးနယ်ပယ် ကျင့်ကြံသူများကြားတွင် ထိပ်သီးကျင်ကြံသူတစ်ယောက် ဖြစ်မည်မှာ သိသာထင်ရှားသည်။

ထို့ပြင် ဤလူထွားကြီးများသည် ခေါင်းမာပြီး ထင်ရာစိုင်းသော ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့ကို ခေါင်းဆောင်နိုင်သော လူထံတွင် ပုံမှန်မဟုတ်သော နည်းလမ်းများ ရှိနေပေမည်။

"သူရဲကောင်းကြီးတို့ လာပါ.... ကျွန်တော်က ဂုဏ်ပြုပါရစေ"

ချင်းယွမ်က မတ်တတ်ထရပ်လိုက်ပြီး ဝိုင်အရက်ခွက်ကို ကိုင်ကာ ပြောဆိုလိုက်သည်။

လူလတ်ပိုင်းကြီးက ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်မှ ဝိုင်အရက်ခွက်ကို ကောက်ယူကာ မော့သောက်လိုက်၏။

မဟာသိုင်းဆရာကြီးအဆင့်သို့ ရောက်နေသူများအတွက် အရက်မူးရန်ဆိုသည်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ ထို့ကြောင့် သူတို့သည် သူတို့၏ပါးစပ်ကို ကျယ်လောင်စွာဖွင့်ဟကာ အားရပါးရ သောက်ကြတော့သည်။

ချင်းမင်သည် ဤလူများ ဝိုင်အရက် အလွန်အကျွံ့သောက်မိပြီး အမှားလုပ်မိမည်ကို မကြောက်ရွံချေ။ ဆေးနတ်ဘုရားတစ်ပါးအနေဖြင့် သူတို့ မူးလဲသွားလျှင်ပင် အမူးပြေစေမည့် ဆေးဝါးများ သူ့ထံ၌ ရှိနေသည်။

ချင်းယွမ်က ဂုဏ်ပြုစကားပြောဆိုနေပြီး တခြားအကြီးအကဲများသည် အရည်အချင်း မမီကြသဖြင့် နံဘေးမှသာ ရယ်မောနေကြရသည်။

ချင်းမင်သည် တိတ်တဆိတ် ပျော်ရွှင်နေမိပေ၏။

ချင်းမင်နှင့်ချင်းယွမ်တို့တွင် အစီအစဉ်များ ကြိုရှိနေကြောင်း ချင်းမိသားစုဝင်များ သိလိုက်ရပြီး ပြောင်းရွှေ့ရန် ပြင်ဆင်ခိုင်းခြင်းသည် ရန်သူကို လှည့်စားရန်သာ ဖြစ်ကြောင်း နားလည်သွားကြသည်။

လူများအားလုံး ဝမ်းသာအားရဖြစ်နေကာ ပြုံးပျော်နေကြသည်။

"တာဝန်က ဒီလောက်ထိ လွယ်ကူနေမှတော့ ကျွန်တော် စိတ်အေးရပါပြီ"

လူလတ်ပိုင်းကြီးက ပြောဆိုသည်။

ထိုအချိန်မှာပင် ချင်းမိသားစုမှ အစေခံတစ်ယောက် အလောတကြီး ပြေးဝင်လာသည်။

ချင်းမိသားစုတွင် တင်းကြပ်သောစည်းမျဉ်းများ ရှိနေပေ၏။ အိမ်ထဲတွင် ဧည့်သည်များကို ဧည့်ခံနေစဉ် မိသားစုခေါင်းဆောင်ကို မည်သူမျှ မနှောင့်ယှက်ရချေ။

ယခုချိန်၌ အစေခံလေး၏ပုံစံသည် ပျာယာခတ်နေပြီး အလွန်အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပျက်နေသည်မှာ သိသာထင်ရှားသည်။

ယခုကဲ့သို့အချိန်မျိုးတွင် အလွန်အရေးကြီးသော အခြေအနေဟူ၍ တစ်ခုသာ ရှိနိုင်သည်။ ဤသည်မှာ ချင်းမိသားစုထံသို့ ချန်မိသားစု ဝမ်မိသားစုနှင့်မြို့တော်ဝန်တို့ လာရောက်တိုက်ခိုက်ခြင်းပင်။

သူတို့ တွေးထားသည့်အတိုင်းပင် အစေခံလေးက ချင်းယွမ် ထိုင်နေသည်အား မြင်တွေ့ချိန်၌ ချက်ချင်းပြောဆိုလိုက်သည်။

"သခင်ကြီး....အခြေအနေ မကောင်းတော့ပါဘူး ချန်မိသားစု ဝမ်မိသားစုနဲ့ မြို့တော်ဝန်တို့က လူအင်အားအများအပြားနဲ့ ရောက်လာကြပါတယ်....လူတွေအများကြီးပဲ.... မြို့စောင့်တပ်တွေလည်း ပါလာပြီးတော့ ချင်းအိမ်တော်ကို ဝိုင်းထားကြပါပြီ"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

"အဖေ....ကြည့်ရတာတော့ ကျွန်တော်တို့ရဲ့ သားကောင်တွေ ရောက်လာပြီနဲ့ တူတယ်"

ချင်းမင်က အနည်းငယ် စိုးရိမ်နေခဲ့သည်။ အကယ်၍ သူတို့သာ ရောက်မလာခဲ့လျှင် ညဥ့်နက်သန်းခေါင်ကြီး၌ သူသည် သူတို့၏အိမ်တံခါးတစ်ချပ်ချင်းစီကို လိုက်ခေါက်နေရပေလိမ့်မည်။

ယခုချိန်၌ သူတို့ ရောက်လာကြသဖြင့် ချင်းမင် စိတ်သက်သာရာ ရသွားသည်။

"ငါတို့ ထွက်ကြည့်ကြမလား"

ချင်းယွမ်က မေးမြန်းသည်။

"ဟုတ်ကဲ့...စားသောက်တာလည်း ပြီးသလောက် ဖြစ်နေပါပြီ....တိုက်ခိုက်ပြီးသွားမှ ပြန်လာပြီးတော့ ဆက်စားကြတာပေါ့"

ချင်းမင်က စားပွဲပေါ်တွင် ကျန်ရှိနေသော ဟင်းပွဲအနည်းငယ်ကိုကြည့်ပြီး နှုတ်ခမ်းမဲ့လိုက်သည်။ ဤလူထွားကြီးများသည် အမှန်တကယ်ကို စားသောက်နိုင်ပေ၏။

"မီးဖိုချောင်ကို အမိန့်ပေးလိုက်.... အခုချက်ချင်း မြန်မြန်ချက်ပြုတ်ပြီးတော့ ဒီနေရာကို ရှင်းလင်းထားလိုက်စမ်း... ငါတို့ ပြန်လာတဲ့အချိန်ကျရင် ဟင်းပွဲတွေ စားပွဲအပြည့် ဖြစ်နေတာကို မြင်ချင်တယ်"

ချင်းမင်က အစေခံကို အမိန့်ပေးလိုက်သည်။

ပြေးဝင်လာသော အစေခံသည် ထိုစကားကို ကြားချိန်၌ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။

လျိုမြို့၏ ထိပ်သီးအင်အားစုကြီး သုံးစုဖြစ်သော ချန်မိသားစု ဝမ်မိသားနှင့် မြို့တော်ဝန်တို့အားလုံး တံခါးဝသို့ ရောက်နေကြပြီဖြစ်သော်လည်း သခင်လေးကမူ အနည်းငယ်မျှ စိတ်လောနေပုံ မရချေ။

ထို့ပြင် သူ့ထံ၌ အစားအသောက် စီစဉ်ရန် စိတ်ကူးပင် ရှိနေပေ၏။

သို့ရာတွင် ချင်းမိသားစု၏ အစေခံတစ်ယောက်အနေဖြင့် သူသည် ချင်းမင်၏အမိန့်ကို နာခံရန်သာ လိုအပ်သဖြင့် ချက်ချင်းဆိုသလိုပင် လုပ်ဆောင်လိုက်သည်။

ချင်းမင်၏အမိန့်ကို ကြားချိန်၌ လူထွားကြီးများသည် မပြုံးဘဲ မနေနိုင်ကြတော့ချေ။

ချင်းမိသားစု၏အကြီးဆုံးသားသည် ဘဝကို မည်ကဲ့သို့ နေထိုင်ရမည်ကို ကောင်းစွာနားလည်ထားသည်။

ဤကဲ့သို့ အလုပ်ရှင်မျိုးသည် အလွန်ကောင်းမွန်ပြီး ပြဿနာရှာမည့်ပုံ မပေါ်ပေ။

သူတို့သည် မဟာသိုင်းဆရာကြီးများ ဖြစ်ကြကာ ချင်းမင်ကမူ သိုင်းစစ်သည်တော်အဆင့်၌သာ ရှိသေးသော်လည်း သူသည် အလုပ်ရှင် ဖြစ်နေသည် မဟုတ်လော.....

အကယ်၍ အလုပ်ရှင်များဘက်မှ ငွေမပေးလိုလျှင်မူ သူတို့ဘက်မှ သင်ခန်းစာ ပေးရပေလိမ့်မည်။

ကျင်ကြံသူတိုင်းတွင် ဂုဏ်သိက္ခာ ရှိပေ၏။

All Chapters