← Chapters

သောက်ကြရအောင်

Vol. 8 Ch. 116

သောက်ကြရအောင်

Vol. 8 Ch. 116

လူထွားကြီးများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လူတစ်ယောက်က ပြောဆိုသည်။

"ငါတို့ သွားကြည့်လိုက်ရမလား"

"ဒါဆိုရင် လူကြီးမင်းတို့ကို ကျေးဇူးတင်ပါတယ်"

ချင်းမင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။

"ငါတို့ သွားပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်"

ထိုသို့ပြောဆိုပြီးသည်နှင့် လူထွားကြီးလေးဦးသည် ဆရာသခင်ချင်းယန်နှင့် ချင်းယွမ်တို့ ထွက်သွားရာလမ်းဘက်သို့ ပြေးထွက်သွားကြသည်။

"ချင်းမင်... ဘာမှ စိတ်မပူပါနဲ့... မင်းရဲ့ဆရာနဲ့ အဖေတို့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး"

ချင်းမင်ကို ကာကွယ်ရန် ကျန်ရစ်ခဲ့သော လူထွားကြီးက ပြောဆိုသည်။

ချင်းမင်က ခေါင်းညိတ်လိုက်သော်လည်း စိုးရိမ်ပူပန်စွာဖြင့် အဝေးသို့ လှမ်းမျှော်ကြည့်နေဆဲပင်။

တစ်ချိန်တည်းမှာပင် သူသည် လျှိုမြို့ကို ထိန်းချုပ်ပြီး ကိုယ်ပိုင်အင်အားစုများကို စတင်ဖွဲ့စည်းရန် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်၏။

ကိုယ်ပိုင်အင်အားစုမရှိရင် အဆင်မပြေနိုင်မှုများ အလွန်များပြားသည်။

အကယ်၍သာ သူ့ထံတွင် ကိုယ်ပိုင်အင်အားစု ရှိခဲ့ပါက ယခုကဲ့သို့ လှည့်ကွက်များကို အသုံးပြုနေရန် လိုအပ်မည် မဟုတ်ချေ။

လူထွားကြီးတချို့က အပြုံးနှင့် ပြောဆိုလိုက်သည်။

"ကောင်းပြီလေ... ငါတို့ အပြင်မှာ စောင့်နေဖို့ မလိုပါဘူး... အိမ်ထဲကိုပြန်ဝင်ပြီး ဆက်သောက်ကြတာပေါ့"

"ငါတို့မပါဘဲ ဘယ်လိုလုပ်ပြီး သောက်လို့ရမှာလဲ"

ချင်းယွမ်သည် သူ၏လက်ထဲတွင် ခေါင်းပြတ်တစ်လုံးကို ကိုင်ထားကာ အဝေးမှနေ၍ ရယ်မောရင်း လျှောက်လှမ်းလာသည်။

ချင်းယွမ်၏စကား ဆုံးသည်နှင့် ဆရာသခင် ချင်းယန်သည်လည်း တခြားတစ်ဖက်မှ ထွက်ပေါ်လာပြီး သူ၏လက်ထဲတွင်လည်း ခေါင်းပြတ်တစ်လုံး ပါလာသည်။

ထို့ပြင် သူတို့၏နောက်သို့ လိုက်သွားသော လူထွားကြီးများသည်လည်း အပြုံးများဖြင့် ပြန်ရောက်လာကြသည်။

"အဖေ .. ဆရာ...အဆင်ပြေရဲ့လား"

ချင်းမင်က ချက်ချင်းနှုတ်ဆက်ပြီး စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။

ချင်းယွမ်က ခေါင်းခါယမ်းပြပြီး ရယ်မောလိုက်သည်။

"လာ... သွားသောက်ကြရအောင်... ဒီနေ့က တကယ့်ကို ပျော်စရာကောင်းတာပဲ"

ဤသည်မှာ အမှန်ပင်။

ယနေ့မှစ၍ လျှိုမြို့သည် သူတို့ ချင်းမိသားစုပိုင် ဖြစ်သွားလေပြီ။

အိုးယန်မိသားစုသည် သူတို့၏ မဟာမိတ်ဖြစ်ကာ ဝမ်မိသားစုကမူ ခေါင်းငုံ့၍ အရှုံးပေးသွားခဲ့သည်။ လျှိုမြို့တစ်မြို့လုံးတွင် မည်သူက ချင်းမိသားစုကို ယှဉ်ပြိုင်ရဲမည်နည်း။

ချင်းမိသားစုခေါင်းဆောင်အနေဖြင့် ချင်းယွမ်သည် လျှိုမြို့၌ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မျက်နှာပွင့်လန်းပေတော့မည်။

အရေးအကြီးဆုံးအချက်မှာ သူ၏သားသည် အလွန်ပါရမီအရည်အချင်းရှိသူ ဖြစ်နေခြင်းပင်။

ဤသည်က သူ့ကို အိပ်မက်မက်ရာမှ လန့်နိုးသွားသကဲ့သို့ ခံစားရစေသည်။

ချင်းမင်ပေးသော ဆေးလုံးများနှင့် ကျင့်ကြံနည်းစနစ်များသာ မရှိလျှင် သူသည် မည်သည့်နည်းဖြင့် မဟာသိုင်းဆရာကြီးတစ်ယောက် ဖြစ်လာနိုင်မည်နည်း။

ချင်းမင်သာ သူ၏ဆရာသခင်ကို ချင်းမိသားစုသို့ ဖိတ်ခေါ်မလာခဲ့လျှင် ချင်းမိသားစုသည် လျှိုမြို့၏ မိသားစုကြီးလေးစုစာရင်းဝင် ဖြစ်လာနိုင်မည် မဟုတ်ချေ။ ထို့ပြင် ချင်းမိသားစုသည် ယခုကဲ့သို့ လျှိုမြို့၏ အကြီးမားဆုံး အောင်နိုင်သူလည်း ဖြစ်လာမည် မဟုတ်ချေ။

"ဒီလူကို ဘယ်လိုလုပ်ရမလဲ"

ချင်းမိသားစုဝင်တစ်ယောက်က တိုးညှင်းသောလေသံဖြင့် မေးမြန်းသည်။

အရက်သောက်ရန် ဟန်ပြင်နေသော ချင်းယွမ်သည် ချက်ချင်းရပ်တန့်သွားပြီး ချန်မိသားစုခေါင်းဆောင်ကို ကြည့်လိုက်၏။

သူတို့သည် အရေးကြီးသော ပုဂ္ဂိုလ်ကို မေ့လျော့နေခဲ့ကြသည်။

ချန်မိသားစုခေါင်းဆောင်သည် အမှန်တကယ်ကို အသုံးမကျသူတစ်ယောက် ဖြစ်နေသလော။ သူသည် နှစ်ချက်သာ အရိုက်ခံလိုက်ရပြီးနောက် မြေကြီးပေါ်သို့ လဲကျသွားကာ မည်သူ၏အာရုံစိုက်မှုကိုမျှ မရရှိခဲ့ချေ။

သေလုမြောပါး ဖြစ်နေသော ချန်မိသားစုခေါင်းဆောင်ကို ကြည့်ပြီး လူများအားလုံးက ချင်းမင်ကို ပြန်ကြည့်လိုက်ကြသည်။

ချင်းမင်သည် ယခုအချိန်၌ သူတို့၏အမာခံကျောရိုးသဖွယ် ဖြစ်လာခဲ့လေပြီ။ သူတို့ မဖြေရှင်းနိုင်သော ကိစ္စရှိတိုင်း သူတို့သည် ချင်းမင်ကို မကြည့်ဘဲ မနေနိုင်ကြတော့ချေ။

ချင်းမင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောဆိုလိုက်၏။

"သတ်လိုက်တော့...."

ထိုသို့ပြောဆိုပြီးနောက် သူသည် ကြက်တစ်ကောင်ကို သတ်ခိုင်းလိုက်သည့်အလား လုံးလုံးလျားလျား ဂရုမစိုက်ဘဲ ချင်းအိမ်တော်ထဲသို့ ဝင်သွားတော့သည်။

တခြားမဟာသိုင်းဆရာကြီးများသည်လည်း ပို၍ပင် ဂရုမစိုက်ကြဘဲ ချင်းမင်၏နောက်မှ လိုက်ပါသွားကြသည်။

"အစ်ကို... ညီမ အဆင်သင့်ဖြစ်ပြီ"

ချင်းချင်းသည် ချင်းမင်ကို မြင်တွေ့ချိန်၌ ဝမ်းသာအားရ ပြေးလာသည်။

သို့ရာတွင် ချင်းချင်း၏အနောက်တွင် အစေခံမလေးနှစ်ဦးက ကပျာကယာ လိုက်ပါလာသည်။ ချင်းမင်သည် ချင်းချင်းကို အပြင်ထွက်ခွင့်မပေးဘဲ တားဆီးထားရန် မှာကြားထားခဲ့ခြင်း ဖြစ်ပေ၏။

ယခုချိန်၌ ချင်းချင်း ပြေးထွက်သွားသဖြင့် သူမတို့ ထိတ်လန့်သွားကြသည်။

ကံကောင်းသည်မှာ ချင်းအိမ်တော်တံခါးဝတွင် ချင်းမင်ကို တွေ့လိုက်ရခြင်းပင်။ ထိုသို့မဟုတ်လျှင် ချင်းချင်းကို တားဆီးရန် မည်ကဲ့သို့ ဆင်ခြေပေးရမည်ကို သူမတို့ မသိကြတော့ချေ။

"အင်း... ထမင်းသွားစားကြမယ်"

ချင်းမင်သည် သူ့ညီမလေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း ကြင်နာစွာ ပြောဆိုလိုက်၏။

"ဟုတ်ကဲ့... ညီမ ဗိုက်ဆာနေပြီ... ဒီနေ့ စားဖိုဆောင်က ဘာလို့ ထမင်းမချက်တာလဲ မသိဘူး"

ချင်းချင်းက ညည်းတွားလိုက်သည်။

"ဘာလို့လဲဆိုတော့ ဒီနေ့ အိမ်ပြောင်းဖို့ လုပ်ထားလို့လေ... ဒါပေမဲ့ အစ်ကိုက လူဆိုးတွေကို မောင်းထုတ်လိုက်ပြီဆိုတော့ အိမ်ပြောင်းစရာ မလိုတော့ဘူး... သူတို့က အလုပ်မအားကြသေးလို့ ထမင်းမချက်ရသေးတာပါ"

ချင်းမင်က အပြုံးနှင့် ရှင်းပြလိုက်သည်။

All Chapters