ဆေးပညာရှင်
Vol. 8 Ch. 107
ချင်းမိသားစု၏တံခါးဝရှေ့တွင် ချန်မိသားစု ဝမ်မိသားစုနှင့် မြို့တော်ဝန်တို့သည် သူတို့၏လူများကို ခေါ်ဆောင်လာပြီး ချင်းအိမ်တော်တစ်ခုလုံးကို ဝိုင်းရံထားကြသည်။
ချင်းမိသားစုဝင်များအားလုံးသည် လက်နက်များကို ကိုင်ဆောင်ကာ တံခါးဝတွင် မတ်တတ်ရပ်နေကြပြီး အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြသည်။
ချင်းမင်နှင့်ချင်းယွမ်တို့ ပြင်ပသို့ လျှောက်လှမ်းထွက်လာကြ၏။
"သခင်ကြီး...."
ချင်းမိသားစုဝင်များက ရိုသေလေးစားစွာ နှုတ်ဆက်လိုက်ကြသည်။
ထိုအချိန်တွင် ချင်းမင်ကလည်း တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ ချင်းမင်က ချင်းမိသားစုကို အလွန်သဘောကျနှစ်သက်နေဆဲပင်။
အတိတ်ဘဝတွင် ချင်းမိသားစုသည် ညသန်းခေါင်ယံအချိန်၌ ရန်သူများ၏ ဝိုင်းရံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ချင်းမိသားစုဝင်များသည်လည်း အသက်နှင့်ရင်း၍ ခုခံခဲ့ကြသည်။ နောက်ဆုံးတွင် ချင်းမိသားစုဘက်မှ ရှုံးနိမ့်သွားခဲ့သည့်တိုင် မိသားစုဝင်တစ်ယောက်မျှ ထွက်ပြေးသွားခဲ့ခြင်း မရှိချေ။
ဤကဲ့သို့ လုပ်ဆောင်နိုင်ရန်မှာ မလွယ်ကူချေ။ အနည်းဆုံးအနေဖြင့် ဤသည်မှာ ချင်းမင်ကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။
"ဒီလို ချင်းမိသားစုမျိုးက ငါ့ရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရထိုက်ပါတယ်"
ချင်းမင် တွေးလိုက်သည်။
"ချင်းယွမ်....မင်း ဒီမှာ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး... မင်း ထွက်ပြေးသွားပြီလို့ ငါ ထင်နေတာ"
ချန်မိသားစုခေါင်းဆောင်က ချင်းယွမ်ကို မြင်တွေ့ချိန်၌ လှောင်ပြောင်လိုက်၏။
"မင်းတို့လို ကြွက်စုတ်တွေက ကျားတစ်ကောင်ကို ထွက်ပြေးအောင် လုပ်နိုင်ပါ့မလား"
ချင်းယွမ်က ခွန်းတုံ့ပြန်လိုက်သည်။
"ကြွက်စုတ်တွေ....ဟုတ်လား"
ချန်မိသားစုခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
"ငါတို့က ကြွက်စုတ်တွေဆိုရင် မင်းတို့က ဘာကောင်တွေလဲ... ကျားက ဖျားနာနေတဲ့ ကျားတစ်ကောင်လောက်တောင် အသုံးမကျဘူး.... ဒီနေ့ မင်းတို့က ထွက်မပြေးဘူးဆိုမှတော့ ငါက မင်းတို့အားလုံးကို ဒီနေရာမှာပဲ အသေ သတ်ပစ်မယ်"
"ဟမ့်...မင်းမှာ အရည်အချင်း ရှိရင် လာခဲ့လေ"
ချင်းယွမ်က ဝမ်မိသားစုခေါင်းဆောင်ကို ကြည့်လိုက်ပြီး စူးရှကျယ်လောင်စွာ ပြောဆိုသည်။
"သတ္တိကြောင်တဲ့ ဝမ်မိသားစုက ပါဝင်ပတ်သက်လာပြီဆိုတော့...မင်းတို့မိသားစုက ထာဝရ ပျက်စီးသွားမှာကို မကြောက်ဘူးလား"
"သတ္တိကြောင်တယ် ဟုတ်လား....ဝမ်မိသားစုက ဘယ်လိုလုပ်ပြီး သတ္တိကြောင်ရမှာလဲ.... သတ္တိကြောင်တဲ့သူက လျှိုမြို့ရဲ့ မိသားစုကြီးလေးခုစာရင်းမှာ ဝင်ထိုင်နိုင်ပါ့မလား...မင်း ပြန်စဥ်းစားကြည့်လိုက်ပါအုံး..... မင်းတို့ ချင်းမိသားစုကသာ မိသားစုကြီးလေးခုစာရင်းမှာ ကပ်ထိုင်နေရပြီးတော့ အခု ထုတ်ပယ်ခံရတော့မှာလေ"
ဝမ်မိသားစုခေါင်းဆောင်က ချင်းယွမ်ကို ကြည့်ပြီး အပြုံးနှင့် ပြောဆိုလိုက်သည်။
"သေလမ်းရှာနေတာပဲ...မင်းက သေခါနီးနေတာတောင် အသနားမခံဘဲနဲ့ လေကြီးနေတုန်းလား"
မြို့တော်ဝန်ချန်က လှောင်ပြောင်လိုက်သည်။
"အသနားခံရမယ် ဟုတ်လား"
ချင်းယွမ်ကလည်း ပြန်လည်၍ လှောင်ပြောင်လိုက်၏။
"ခဏလောက် စောင့်ကြည့်လိုက်ပါအုံး....ဘယ်သူက အသနားခံရမလဲ ဆိုတာကို ကြည့်ကြသေးတာပေါ့"
"မင်းတို့မှာ မဟာဆေးပညာရှင်တစ်ယောက် ရှိနေတာနဲ့ ဘဝင်မြင့်မနေနဲ့....ငါတို့ဆီမှာလည်း မဟာဆေးပညာရှင်ကို ဖြေရှင်းပေးမယ့်လူတွေ ရှိတယ်...မင်းတို့က လိမ္မာပြီးတော့ လက်နက်ချမယ်ဆိုရင် ငါတို့က သက်ညှာပေးပြီးတော့ မင်းတို့ရဲ့ ခန္ဓာကိုယ်တွေကို အကောင်းပကတိအတိုင်း ထားပေးမယ်.....ဒါမှ မင်းတို့တွေ ငရဲပြည်မှာ ပြန်ဆုံစည်းနိုင်ကြမှာပေါ့"
ချန်မိသားစုခေါင်းဆောင်က ရိုင်းစိုင်းစွာ ပြောဆိုလိုက်သည်။
သူသည် ချင်းမိသားစုကို မုန်းတီးနေသည်မှာ အချိန်အတော် ကြာမြင့်နေပြီဖြစ်ပြီး သူတို့ကို ဖျက်ဆီးနိုင်ရန် အိမ်မက်မက်နေခဲ့သည်။ ယနေ့တွင်မူ သူ အခွင့်အရေး ရခဲ့လေပြီ။
"ခင်ဗျားက အရှက်မရှိတဲ့ ချန်မိသားစုခေါင်းဆောင်လား...."
ချင်းမင်က ရှေ့သို့ထွက်လာပြီး သရော်တော်တော်ပြောဆိုသည်။
"ဟမ့်.....မိသားစုကိစ္စတွေမှာ ကလေးတွေ ဝင်ပါဖို့မလိုဘူး...အိမ်ပြန်ပြီး နို့မစို့ဘဲ ဒီနေရာမှာ လာပြောနေစရာ အကြောင်းမရှိဘူး"
ချန်မိသားစုခေါင်းဆောင်က ချင်းမင်၏ လှောင်ပြောင်မှုကို ကြားချိန်၌ ခွန်းတုံ့ပြန်လိုက်၏။
"ကျူပ်က ဆေးပညာရှင်တစ်ယောက်လေ....ခင်ဗျားတို့ရဲ့ မဟာသိုင်းဆရာကြီးတွေထက် အဆင့်နိမ့်ကျမနေဘူး... ခင်ဗျားတို့တောင် ဒီနေရာမှာ စကားပြောခွင့် ရှိတယ်ဆိုရင် ကျူပ်ကရော ဘာလို့ မပြောနိုင်ရမှာလဲ"
ချင်းမင်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောဆိုသည်။
"ဆေးပညာရှင် ဟုတ်လား....မင်းက တကယ်ပဲ ဆေးပညာရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာလား....မင်း ဆေးပညာကို လေ့လာခဲ့တာ ရက်ပိုင်းပဲ ရှိသေးတယ် မဟုတ်လား"
ထိုသတင်းကို ကြားချိန်၌ ချန်မိသားစုခေါင်းဆောင် ထိတ်လန့်တုန်လှုပ်သွားသည်။
ရုတ်ချည်းဆိုသလိုပင် သူ ပြန်လည်၍ သတိဝင်လာသည်။ ချင်းမင်သည် ဆေးပညာရှင် ဖြစ်နေလျှင်ပင် သူ မည်သည်ကြောင့် အရေးစိုက်ရမည်နည်း။ သူတို့သည် ယနေ့တွင် ချင်းမိသားစုတစ်စုလုံးကို သတ်ပစ်မည် မဟုတ်လော။
ချင်းမင်၏ပါရမီသည် မည်မျှထိ ကောင်းမွန်နေပါစေ အသုံးဝင်တော့မည် မဟုတ်ချေ။ သေလူများထံ၌ ပါရမီဆိုသည်မှာ ရှိမည်မဟုတ်တော့ပေ။
"ဒီနေ့ ငါက မင်းကို ပိုပြီးတော့တောင် ဦးစားပေးပြီး သုတ်သင်ရလိမ့်မယ်"
ချန်မိသားစုခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် မည်သို့ပင်ဖြစ်စေကာမူ ချင်းမင်ကို ဤနေရာ၌ အမြစ်ပြတ်သုတ်သင်ရန် သူ တိတ်တဆိတ် ဆုံးဖြတ်ချက် ချလိုက်၏။
ပါရမီမြင့်မားသော ဆေးပညာရှင်တစ်ယောက်သာ ထွက်ပြေးလွတ်မြောက်သွားပါက သူတို့အတွက် နောက်ကြောင်းအေးတော့မည် မဟုတ်ချေ။
"မင်းတို့ ချင်းမိသားစုက တကယ်ပဲ ပျော်နေကြတာလား...နတ်ဘုရားတွေက မင်းတို့ဘက်မှာ မရှိဘူးဆိုတာ သိသာပါတယ်.... ဒီနေ့က မင်းတို့ ချင်းမိသားစု မျိုးတုန်းမယ့်နေ့ပဲ"
မြို့တော်ဝန်သည်လည်း ချင်းမင် ဆေးပညာရှင်အဆင့်သို့ တက်လှမ်းသွားပြီဟူသော သတင်းကို ကြားချိန်တွင် ထိတ်လန့်တုန်လှုပ်သွားပြီး ချက်ချင်းအော်ဟစ်လိုက်သည်။
ဤချင်းမင်၏ပါရမီသည် အမှန်တကယ်ကို အလွန်မြင့်မားပေ၏။ ကျီးဝူသည် ချင်းမင်ကို မယှဉ်နိုင်သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။
ချင်းမင်သည် ယခုချိန်၌ ဆေးပညာရှင်တွေ ဖြစ်နေလေပြီ။ ချန်မိသားစုမှ အသုံးမကျသော လက်ထောက်ဆေးပညာရှင်များကမူ အချိန်ကြာမြင့်စွာ ကြိုးစားသည့်တိုင် မည်သည့်တိုးတက်မှုမျှ မရှိကြချေ။
'ဒါက တကယ့်ကို ဒေါသထွက်စရာ ကောင်းလိုက်တာ...'