← Chapters

ဝိုင်းရံခြင်း

Vol. 8 Ch. 108

ဝိုင်းရံခြင်း

Vol. 8 Ch. 108

မြို့တော်ဝန်၏ စကားကို ကြားလိုက်ရချိန်၌ ချင်းမိသားစုတစ်စုလုံး ဒေါသအမျက် ခြောင်းခြောင်းထွက်သွားကြလေသည်။

သူတို့၏ ချင်းမိသားစုသည် ယခုမှ တိုးတက်စပြုလာခြင်း ဖြစ်သော်လည်း ဤလူများသည် သူတို့၏ကိုယ်ကျိုးစီးပွားအတွက် ချင်းမိသားစု တိုးတက်လာမည့် လမ်းကြောင်းကို အသည်းအသန် တားဆီးပိတ်ပင်နေကြသည်။

အကယ်၍ ဤလူများသာ မရှိခဲ့ပါက ချင်းမိသားစု၏ ခရီးလမ်း ဖြောင့်ဖြူးနေမည်မှာ အမှန်ပင်။

"ဘာလဲ မင်းတို့က ငါတို့ကို တိုက်ခိုက်ချင်လို့လား....ငါတို့ဘက်မှာ သန်မာအားကောင်းတဲ့ မဟာသိုင်းဆရာကြီး ခြောက်ယောက် ရှိတယ်.... မင်းတို့က ဘာနဲ့ တိုက်ခိုက်မှာလဲ.... မဟာသိုင်းဆရာကြီး နှစ်ယောက်နဲ့လား....ဟား ဟား ဟား...."

ဒေါသထွက်နေသော ချင်းမိသားစုဝင်များကို မြင်တွေ့ချိန်၌ ချန်မိသားစုခေါင်းဆောင်က အူလှိုက်သည်းလှိုက် ရယ်မောလိုက်သည်။

ချင်းမိသားစုဝင်များ ဒေါသထွက်လေလေ သူ ပို၍ပျော်ရွှင်လေလေပင်။

သူတို့ဘက်တွင် မဟာသိုင်းဆရာကြီး ခြောက်ယောက် ရှိသော်လည်း ချင်းမိသားစုဘက်တွင်မူ နှစ်ယောက်သာ ရှိသည်။ သုံးယောက်တစ်ယောက် တိုက်ခိုက်လျှင်ပင် သူတို့ဘက်က အသာစီး ရနေလေပြီ။

ချင်းမိသားစုကို သုတ်သင်ရှင်းလင်းပြီး အိုးယန်မိသားစုကို မောင်းထုတ်လိုက်သည်နှင့် သူတို့ ချန်မိသားစုသည် လျှိုမြို့တစ်မြို့လုံးကို လွှမ်းမိုးနိုင်ပေမည်။ အနာဂတ်တွင် လျှိုမြို့၌ သူတို့ ပြောသမျှ ဖြစ်လာပေမည်။

အကြောင်းအရင်းမှာ သူတို့ ချန်မိသားစုတွင် မဟာသိုင်းဆရာကြီးနှစ်ယောက် ရှိသောကြောင့် ပင်။

ဝမ်မိသားစုတွင် တစ်ယောက်သာ ရှိပြီး မြို့တော်ဝန်ဘက်တွင်လည်း မဟာသိုင်းဆရာကြီး အဆင့်သို့ ရောက်သူမှာ သူတစ်ယောက်တည်းသာ ရှိသည်။ သူတို့နှစ်ယောက် ပေါင်းလျှင်ပင် ချန်မိသားစု၏မဟာသိုင်းဆရာကြီး နှစ်ယောက်ကို ယှဉ်နိုင်မည်လော။

ထိုအကြောင်းကို တွေးမိချိန်၌ ချန်မိသားစုခေါင်းဆောင်က အော်ဟစ်ရယ်မောလိုက်၏။

ထို့ကြောင့် ချင်းမိသားစုသည် သူ့၏ ကံကောင်းစေသောကြယ်ပွင့် ဖြစ်နေဆဲပင်။

အကယ်၍သာ ချင်းမိသားစုသာ ဆက်လက်၍ ရှိနေခဲ့လျှင် သူတို့ချန်မိသားစုသည် လျှိုမြို့၏ မိသားစုကြီးလေးစုထဲတွင် ပါဝင်နေသော်လည်း မြို့တစ်မြို့လုံးကို လွှမ်းမိုးနိုင်သည်အထိ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။

"ချန်မိသားစုခေါင်းဆောင်....ခင်ဗျား သိပ်ပြီးဘဝင်မမြင့်နဲ့အုံး....မဟုတ်လို့ကတော့ နောက်ကျရင် ခင်ဗျား ကြုံတွေ့ရမယ့် ရိုက်နှက်မှုကို ခံနိုင်မှာ မဟုတ်ဘဲနဲ့ ဒေါသထွက်ပြီး သေသွားလိမ့်မယ်"

ချင်းမင်က လှောင်ပြောင်လိုက်သည်။

ဤချန်မိသားစုကို သူ မည်သို့ပင်ကြည့်ကြည့် မျက်စိစပါးမွှေး စူးနေမိသည်။ ချန်မိသားစုထဲတွင် မဟာသိုင်းဆရာကြီးနှစ်ယောက်သာ ရှိသည်ကို အလွန်မောက်မာဝံ့ကြွားနေပေ၏။

သူတို့သည် ဤကိစ္စကို ချန်မိသားစုဝင်တစ်ယောက် သိုင်းဘိုးဘေးအဆင့်ကို တက်လှမ်းသွားသည့်အလား ဂုဏ်ယူနေကြသည်။ သိုင်းဘိုးဘေးဆိုလျှင်ပင် သူ၏မျက်လုံးထဲ၌ အရေးမပါလှချေ။

သိုင်းဧကရာဇ်တစ်ယောက်ကို ပိုင်ဆိုင်ထားသော အင်အားစုများပင်လျှင် ဤမျှအထိ မောက်မာဝံ့ကြွားခြင်း မရှိကြပေ။

အကယ်၍ သူသည် သူတို့ကို ပျက်စီးစေလိုလျှင် အရင်ဆုံး ရူးသွပ်ခွင့် ပေးရပေမည်။

"ရိုက်နှက်မှု ဟုတ်လား... ဟား ဟား ဟား...ချင်းမင် မင်းရဲ့ဆေးပညာစွမ်းရည်က ကောင်းတယ်ဆိုတာ ငါ ဝန်ခံပါတယ်... ပြီးတော့ မင်းက ဉာဏ်လည်း နည်းနည်းကောင်းတယ်...ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီဉာဏ်ကောင်းမှုလေးတွေက အခု မင်းကို မကယ်တင်နိုင်တော့ဘူး.... ဒီလောကကြီးထဲမှာ အရာအားလုံးက အတုအယောင်တွေပဲ... ခွန်အားကသာ စိတ်ချရဆုံးပဲ ဆိုတာ မင်း သိထားရမယ်"

ချန်မိသားစုခေါင်းဆောင်က ပြုံးလိုက်ပြီး ချင်းမင်ကို သရော်တော်တော် ကြည့်လိုက်သည်။

ဤသည်မှာ ကောင်ငယ်လေးတစ်ယောက်၏ သေခါနီးဆဲဆဲ မျက်နှာအမူအယာမျိုးပင်။

"ကျုပ်က လှည့်ကွက်တွေ သုံးနေတယ်လို့ ပြောချင်တာလား.... ချန်မိသားစုခေါင်းဆောင် ခင်ဗျားကို ကျုပ်ရဲ့ လှည့်ကွက်တွေ ခဏနေကျရင် ပြပါ့မယ်"

ချင်းမင်က ခေါင်းခါယမ်းပြီး ပြုံးလိုက်၏။

ရုတ်ချည်းဆိုသလိုပင် သူက နောက်သို့လှည့်ပြီး ထိုလူထွားကြီးများကို ပြောဆိုလိုက်သည်။

"လူကြီးမင်းတို့....ခင်ဗျားတို့ကို ဒုက္ခပေးရတာ အားနာပါတယ်....ဒီလူတွေကို သတ်ပြီးရင် ကျွန်တော်တို့ ဆက်သောက်ကြတာပေါ့"

လူများအားလုံး ချင်းမင်၏စကားကို ကြားချိန်၌ အံ့အားသင့်သွားကြသည်။

ချင်းမင်၏စကားများအရ ချန်မိသားစု ဝမ်မိသားစုနှင့် မြို့တော်ဝန်တို့ကို ကြက်ကလေးများကဲ့သို့ သဘောထားနေပုံရသည်။

သူသည် ကြက်သတ်ပြီးလျှင် ချက်စားပြီး ဝိုင်အရက်နှင့် မြည်းကြစို့ဟု ပြောလိုက်သည့်အလားပင်။

မိသားစုကြီးနှစ်စုနှင့် မြို့တော်ဝန်တို့သည် အချိန်မရွေး အသတ်ခံရနိုင်သော ကြက်များ ဖြစ်သွားကြသည်။ ချင်းမိသားစုသည် ဤလက်တွေ့မကျသော အတွေးမျိုးကို မည်သည့်သတ္တိမျိုးဖြင့် ထုတ်ဖော်ပြောဆိုဝံ့သနည်း။

"မင်းက ငါတို့ကို ပြောနေတာလား.... ရယ်စရာကောင်းလိုက်တာ.... ဒီလူထွားကြီးတွေက ငါတို့ကို သတ်ချင်နေတာတဲ့လား..... ချင်းမင် မင်း အိပ်မက်မက်မနေစမ်းနဲ့"

ချန်မိသားစုခေါင်းဆောင်က လူထွားကြီးများကို ကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

ဤလူထွားကြီးများ၏ပုံပန်းသဏ္ဍာန်မှာ အလွန်တောင့်တင်းခိုင်မာကြသည်။ သို့ရာတွင် ကံမကောင်းစွာဖြင့် ခွန်အားဆိုသည်မှာ သူတို့၏ရုပ်ခန္ဓာကိုယ်များဖြင့် ဆုံးဖြတ်ခြင်း မဟုတ်ဘဲ သူတို့၏ကျင့်ကြံဆင့်နှင့် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။

အကယ်၍ ရုပ်ခန္ဓာကိုယ်သန်မာရုံမျှဖြင့် ခွန်အားကြီးမည် ဆိုပါက စစ်သည်တော်များအားလုံး လူထွားကြီးများ ဖြစ်နေပေမည်။ သူတို့ကဲ့သို့ သက်လတ်ပိုင်းအရွယ် လူများ၏အလှည့်သို့ မည်သည့်နည်းဖြင့် ရောက်လာနိုင်မည်နည်း။

မြို့တော်ဝန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ချန်မိသားစုခေါင်းဆောင် မဟုတ်ချေ။ ဤလောကကြီးတွင် အပြင်လူများ ရှိနေပြီး မိုးကောင်းကင်အထက်တွင် နောက်ထပ်ကောင်းကင်ယံကြီး ရှိနေသေးကြောင်း သူ သိရှိထားသည်။

ကျောက်မိသားစုသည် တစ်ညတည်းနှင့် အသတ်ခံလိုက်ရသည်။ သူတို့တစ်ဖွဲ့လုံး ပေါင်းလိုက်လျှင်ပင် ထိုလူသတ်သမားနှင့် ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေမည်။

ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဘဝတွင် အလွန်အမင်း မမောက်မာခြင်းက ပို၍ကောင်းမွန်ပေမည်။

လွန်ခဲ့သည့် အချိန်ကာလအတွင်း၌ ချန်မိသားစုသည် ချင်းမိသားစုကြောင့် ရူးသွပ်လုနီးပါး ဖြစ်ခဲ့ရသည်ဟု ယူဆနိုင်ပေ၏။ ယခုချိန်၌ အခြေအနေများ ရုတ်တရက် ပြောင်းလဲသွားသဖြင့် ချန်မိသားစုခေါင်းဆောင်အား စိတ်ထိခိုက်သွားစေသည်ကို ရှောင်လွှဲ၍မရချေ။

All Chapters