မဟာသိုင်းဆရာကြီးဆယ်ယောက်
Vol. 8 Ch. 109
"ဟုတ်လား"
ထိုလူဆယ်ယောက်သည် သူတို့၏အရှိန်အဝါများကို စုစည်းလိုက်ကြရာ ချက်ချင်းဆိုသလိုပင် လူများအားလုံးသည် မုန်တိုင်းတစ်ခုကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်က သူတို့ထံသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
ချင်းမိသားစုအနေဖြင့်မူ ထိုမျှလောက် မခံစားရချေ။ ထိုအရှိန်အဝါ၏ အဓိကပစ်မှတ်ထားခြင်းကို ခံရသူများမှာ ချန်မိသားစုခေါင်းဆောင်နှင့် ဝမ်မိသားစုခေါင်းဆောင်တို့ ဖြစ်ပြီး သူတို့အား အချိန်အတော်ကြာသည်အထိ အရှိန်အဝါဖြင့် ဖိနှိပ်တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
မူလက အလွန်မောက်မာထောင်လွှားနေသော ချန်မိသားစုခေါင်းဆောင်သည် ရုတ်တရက် ရယ်မောခြင်း ရပ်တန့်သွားပြီး လည်ပင်းညှစ်ခံထားရသော ဘဲတစ်ကောင်ကဲ့သို့ သနားဖွယ်အသံများ ထွက်ပေါ်လာသည်။
"မင်း... မင်းတို့အားလုံးက မဟာသိုင်းဆရာကြီးတွေပဲ"
ဤကောက်ချက်ကို ချပြီးနောက် ချန်မိသားစုခေါင်းဆောင်သည် မြေပြင်ပေါ်သို့ ဖင်ထိုင်ရက်သား လဲကျသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်သည်။
သူသည် ဝမ်းနည်းခြင်းများပြီးနောက် အလွန်အမင်း ပျော်ရွှင်ခဲ့ရသည်။ ထို့နောက် ပျော်ရွှင်ခြင်းများပြီးဆုံးချိန်၌ အလွန်အမင်း ဝမ်းနည်းခဲ့ရပေ၏။ သူ၏စိတ်အခြေအနေသည် ကမောက်ကမဖြစ်နေပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ပြောင်းပြန် စီးဆင်းသွားကာ နှလုံးသွေးများကို ဆောင့်တက်လာစေသည်။
"သခင်ကြီးချန်....အဆင်ပြေရဲ့လား"
ချန်မိသားစုဝင်များက ချန်မိသားစုခေါင်းဆောင်ကို တွဲထူရန် ချက်ချင်း ရှေ့တိုးလာကြသည်။
မြို့တော်ဝန်နှင့် ဝမ်မိသားစုခေါင်းဆောင်တို့သည် ချန်မိသားစုခေါင်းဆောင်၏ သနားစဖွယ်ပုံစံကို ကြည့်ရန် မည်သို့ အချိန်ရှိမည်နည်း။ သူတို့၏မျက်နှာများသည်လည်း ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူတို့၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီနေကြသည်။
ဘဝတွင် ဤထက်ပို၍ ဝမ်းနည်းဖွယ်ကောင်းသော အရာဟူ၍ မရှိတော့ချေ။ မူလက အနိုင်ရရန် အခွင့်အရေးသည် သူတို့နှင့် လက်တစ်ကမ်းအကွာတွင် ရှိနေခဲ့သည်။ သို့ရာတွင် ယခုအချိန်၌ သူတို့၏အသက် သေရေးရှင်ရေးဆိုသည်မှာ သူတို့၏လက်ထဲတွင် မရှိတော့ချေ။
"ချင်းယွမ်.... မင်း ဒီမဟာသိုင်းဆရာကြီးတွေကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"
မြို့တော်ဝန်က တင်းမာခက်ထန်သောလေသံဖြင့် ပြောဆိုသည်။
"ငါ ရှာတွေ့ခဲ့တာ မဟုတ်ဘူး... ချင်းမင် ရှာတွေ့ခဲ့တာ.... ဒါက မင်းတို့ ပြောတဲ့ ဉာဏ်ကောင်းတာပဲလေ... ဘယ်လိုလဲ ....ဒီဉာဏ်ကောင်းမှုလေးက လုံလောက်ရဲ့လား .....ဒါပေမဲ့ မင်းတို့ရဲ့ မဟာသိုင်းဆရာကြီးတွေ ဆိုတာကရော ဘယ်လိုလဲ...ငါ့သားရဲ့ဉာဏ်ကောင်းမှုကို မင်းတို့ မရှုံးနိမ့်လောက်ဘူးမလား..."
ချင်းယွမ်က လှောင်ပြောင်လိုက်သည်။
လွန်ခဲ့သည့် အချိန်တခဏကပင် သူတို့သည် ထွက်ပြေးရန်အတွက် အလောတကြီး ဆွေးနွေးနေခဲ့ကြသည်။ သို့ရာတွင် ယခုအချိန်၌မူ ထွက်ပြေးရမည့်သူမှာ သူတို့၏ရန်သူများ ဖြစ်နေလေပြီ။
ချင်းယွမ်သည် အလွန်ပျော်ရွှင်နေမိပြီး ယခုအချိန်ထက်ပို၍ စိတ်သက်တောင့်သက်သာဖြစ်သော အချိန်ဟူ၍ မရှိနိုင်တော့ချေ။
"ချင်းမင်.....မင်းက ဒီအကူအညီတွေကို ရှာတွေ့ခဲ့တာလား"
မြို့တော်ဝန်ချန်က ချင်းမင်ကို ကြည့်ပြီး မေးလိုက်သည်။
ဤမဟာသိုင်းဆရာကြီး ဆယ်ယောက်လုံးကို သိုင်းစစ်သည်တော်အဆင့်တွင်သာ ရှိသူတစ်ယောက်က ရှာတွေ့ခဲ့လိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။ ချင်းမင်သည် မည်သို့ ရှာတွေ့ခဲ့သနည်း။
ချင်းမင်က ခေါင်းညိတ်ပြပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အပြုံးနှင့် ပြောဆိုလိုက်သည်။
"ခင်ဗျား အံ့သြမနေဘူးလား...ခင်ဗျား အံ့သြသွားတယ် မဟုတ်လား"
မြို့တော်ဝန်ချန်သည် စကားမပြောနိုင်တော့ချေ။ အကယ်၍ ယနေ့တွင် ချင်းမင်သာ သူ့ကို အလွတ်မပေးလျှင် သူ သေချာပေါက် ဒုက္ခရောက်တော့မည်ကို သူ သိရှိထားသည်။
ဝမ်မိသားစုခေါင်းဆောင်ကမူ မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း သူ၏မျက်လုံးများသည် စူးရှတောက်ပနေဆဲပင်။ သူသည် အခြေအနေကို မည်သို့ ပြောင်းပြန်လှန်ရမည်အား စဉ်းစားနေသည်မှာ သိသာထင်ရှားပေ၏။
အရာအားလုံးကို သူ၏လက်ထဲတွင် ထားရှိလိုသော သူ့ကဲ့သို့ လူစားမျိုးအတွက် ယခုကဲ့သို့ မတော်တဆမှုမျိုး ဖြစ်လာသည်ကို အမုန်းဆုံးပင်။
သို့ရာတွင် ထိုမတော်တဆသည် ဖြစ်ပွားလာပြီ ဖြစ်သောကြောင့် သူသည် ရူးသွပ်မတတ် ခေါင်းခါယမ်းကာ တန်ပြန်နည်းလမ်းများကို မစဉ်းစားဘဲ မနေနိုင်တော့ချေ။
ဆုံးရှုံးမှု မရှိသရွေ့ အရာအားလုံးတွင် လှုပ်ရှားရန် အခွင့်အရေး ရှိနေဆဲပင်။
"သူရဲကောင်းတို့.... ချင်းမင်က ခင်ဗျားတို့ကို ဘာအကျိုးအမြတ်တွေ ပေးထားလဲတော့ မသိပေမဲ့ ကျွန်တော်က နှစ်ဆပေးပါ့မယ်..... ခင်ဗျားတို့ ဒီနေ့ ကိစ္စမှာ ဝင်မပါသရွေ့ပေါ့"
ဝမ်မိသားစုခေါင်းဆောင်က သူ၏ရှေ့ရှိ မဟာသိုင်းဆရာကြီးအဆင့်ရှိသော လူထွားကြီးဆယ်ယောက်ကိုကြည့်ပြီး အော်ဟစ်ပြောဆိုလိုက်၏။ မည်သူမဆို မည်သည့်အရာမဆို သတ်မှတ်စျေးနှုန်းရှိနေမည်ဟု သူ ယုံကြည်သည်။
ချင်းမိသားစုသည် ထိုဈေးနှုန်းကို တတ်နိုင်လျှင် သူသည်လည်း ဤလူများကို ဆွဲဆောင်ရန် ကြိုးစား၍ ရနိုင်သည် မဟုတ်လော....
"အကျိုးအမြတ်....ဟုတ်လား"
ခေါင်းဆောင်ဖြစ်ပုံရသော အတော်အသင့် ပိန်ပါးသည့် လူလတ်ပိုင်းကြီးက ပြောဆိုလိုက်သည်
"ပထမဆုံးအနေနဲ့ ခင်ဗျားက ဈေးနှုန်းမြင့်မြင့် ပေးရုံနဲ့ ကျွန်တော်တို့က အလုပ်ရှင်ရဲ့ စကားကို လွန်ဆန်မှာ မဟုတ်ဘူး... ပြီးတော့ ခင်ဗျားတို့ ဝမ်မိသားစုက ဘာမလို့လဲ....တကယ်ရော နှစ်ဆ ပေးနိုင်လို့လား"
"ကျွန်တော်တို့ တတ်နိုင်ပါတယ် ခင်ဗျားတို့က ကျွန်တော်တို့ ဝမ်မိသားစုကို အသက်ရှင်ခွင့် ပေးသရွေ့...ခင်ဗျားတို့ လိုချင်သလောက် ပေးပါ့မယ်"
လူလတ်ပိုင်းလူကြီး၏ စကားကို ကြားချိန်၌ ဝမ်မိသားစုခေါင်းဆောင်က ချက်ချင်းပြောဆိုလိုက်သည်။
ထိုအချိန်တွင် ချန်မိသားစုခေါင်းဆောင်နှင့် မြို့တော်ဝန်တို့သည်လည်း သူတို့ သေလမ်းသို့မရောက်သေးကြောင်း နားလည်သဘောပေါက်သွားကြသည်။ အကယ်၍ သူတို့သာ ဤမဟာသိုင်းဆရာကြီးအဆင့် ကျင်ကြံသူများ၏ စိတ်အခြေအမေကို ပြောင်းပြန်လှန်နိုင်လျှင် သူတို့ထံ၌ အခွင့်အရေး ရှိနေဆဲပင်။
"ဈေးနှုန်းက ဘယ်လောက်ပဲ ဖြစ်နေပါစေ.... ကျွန်တော်က နှစ်ဆ ပေးပါ့မယ်"
မြို့တော်ဝန်ချန်သည် သူ၏နှလုံးသားထဲမှ သွေးယိုစီးလုမတတ် ခံစားလိုက်ရသည်။
မူလက သူသည် လောဘကြီးသောသူတစ်ယောက်ပင်။ ယခုချိန်၌ သူသည် အခွင့်ကောင်း မရသည့်အပြင် ပိုက်ဆံထပ်သုံးနေရသောကြောင့် သူ စိတ်ဆင်းရဲပြီး နှလုံးသွေးယိုစီးလုမတတ် ဖြစ်နေသည်။