← Chapters

အစ်ကို

Vol. 8 Ch. 111

အစ်ကို

Vol. 8 Ch. 111

ချန်မိသားစုခေါင်းဆောင်က ဦးဆောင်ပြီး ဒူးထောက်လိုက်သည်ကို မြင်လိုက်ရချိန်၌ တခြားချန်မိသားစုဝင်များသည်လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ နောက်ဆုံးတွင် သူတို့သည် မိသားစုခေါင်းဆောင်၏ ဩဇာအာဏာကို မလွန်ဆန်ရဲဘဲ သူတို့အားလုံး ဒူးထောက်လိုက်ကြသည်။

ထိုအချိန်ကျမှသာ မြို့တော်ဝန်ချန်သည် သူတစ်ယောက်တည်းသာ ဒူးမထောက်ဘဲ ကျန်ရစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် မည်မျှပင် တုံးအသူဖြစ်ပါစေ ယခုအချိန်တွင် ဒူးမထောက်ပါက သေလမ်းတစ်ခုသာ ရှိတော့မည်ကို သူ နားလည်လိုက်သည်။

သူသည် အသက်ဆက်ရှင်သန်လိုသေးသဖြင့် ချက်ချင်းဆိုသလိုပင် ဒူးထောက်လိုက်၏။

သူသည် ချန်မိသားစုလောက် နေရခက်ခြင်း မရှိချေ။ ချင်းမင်သည် အစကတည်းက သူ၏ရန်သူမဟုတ်ခဲ့ချေ။ ချင်းမိသားစုနှင့် သူသည် အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်ရုံမျှသာ ရှိသည်ဟု ဆိုနိုင်သည်။

သူတို့အကြားတွင် ကြီးမားသော အမုန်းတရားဟူ၍ မရှိပေ။ ယခုအချိန်တွင် သူ ပြန်လည်မတိုက်ခိုက်နိုင်တော့သည့်အတွက် အညံ့ခံလိုက်ခြင်းသည် နည်းလမ်းကောင်းတစ်ခုဟု ဆိုရပေမည်။

မြို့စောင့်တပ်သားများသည် သိုင်းစစ်သည်တော်များသာ ဖြစ်ကြပြီး မြို့တော်ဝန်ချန် ဒူးထောက်သည်ကို မြင်တွေ့လျှင် သူတို့လည်း ဒူးထောက်လိုက်ကြတော့သည်။

သူတို့သည် အလွန်အမင်း နားမလည်နိုင် ဖြစ်နေကြ၏။ သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် ပြေးလာကြကာ ရက်စက်ကြမ်းကြုတ်သော စကားလုံးတချို့ကို ပြောဆိုပြီးမှ မည်သည်ကြောင့် ယခုကဲ့သို့ လွယ်လင့်တကူ လက်မြှောက်အရှုံးပေးလိုက်ရသနည်း။

ချင်းမိသားစုဝင်များအားလုံးနှင့် မဟာသိုင်းဆရာကြီး ဆယ်ဦးလုံးသည်လည်း အံ့အားသင့်သွားကြပြီး ချင်းမင်ကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားကြသည်။

"အစ်ကို... ဘာတွေပြောနေတာလဲ... ညီမတို့ ဘယ်ဘက်ကို သွားကြမှာလဲ"

ထိုအချိန်တွင် ချင်းချင်းသည် ချင်းအိမ်တော်ထဲမှ ထွက်လာခါစဖြစ်ပြီး မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို မသိသေးချေ။ သူမသည် အိတ်ကြီးတစ်လုံးကို လွယ်ထားပြီး ချင်းမင်ကို ကြည့်လိုက်၏။

ဤအိတ်ထဲတွင် သူမ၏ရတနာပစ္စည်းများ ပါဝင်နေသဖြင့် တခြားလူများကို ကိုင်ခိုင်းရန် စိတ်မချချေ။

ချင်းမင်က လူများအားလုံး၏ အကြည့်များကို လျစ်လျူရှုကာ နောက်သို့လှည့်ကြည့်လိုက်သည်။ သူသည် ညီမဖြစ်သူထံမှ အိတ်ကြီးကို ယူ၍ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

ထို့နောက် သူသည် သူ့ညီမ၏လက်ကို ဆွဲကာ ရှေ့သို့ လျှောက်လှမ်းသွားလိုက်သည်။

"ဒီလူတွေက ဘာလုပ်နေကြတာလဲ... ဘာလို့ သူတို့က ဒီနေရာမှာ ဒူးထောက်နေကြတာလဲ..."

ချင်းချင်းသည် နောက်ဆုံးတွင် ချန်မိသားစု မြို့တော်ဝန်ချန်နှင့် ဝမ်မိသားစုတို့ကို မြင်သွားခဲ့သည်။

လက်ရှိနေရာတွင် ရှိနေသူများအနက် အနက်ရောင်ဝတ်စုံဝတ် လူနှစ်ဦးသာ ဒူးမထောက်ကြဘဲ တခြားလူများအားလုံး ဒူးထောက်နေကြလေပြီ။

အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် အခြေအနေ မဟန်တော့သည်ကို မြင်တွေ့သဖြင့် ယခင်ကတည်းက ထွက်ပြေးချင်နေသည်။ သို့ရာတွင် ဆရာသခင်ချင်းယန်နှင့် မဟာသိုင်းဆရာကြီးများ ရှိနေသဖြင့် သူတို့ မည်သို့မျှ ထွက်ပြေး၍ မရနိုင်ပေ။

သူတို့ ထွက်ပြေးလိုက်သည်နှင့် ချက်ချင်း သေဆုံးရပေမည်။

"မင်း ကြည့်လိုက်အုံး... ဒါတွေက ငါတို့ရဲ့ရန်သူတွေနဲ့ ငါတို့ကို အိမ်ပြောင်းရအောင် လုပ်တဲ့သူတွေလေ... အခု ငါက သူတို့ကို နှိမ်နင်းလိုက်ပြီဆိုတော့ မင်း အိမ်ပြောင်းဖို့ မလိုတော့ဘူး...ကဲ... ပစ္စည်းတွေကို နေရာပြန်ထားလိုက်တော့...ငါက ဒီကိစ္စကို ဖြေရှင်းပြီးတာနဲ့ ညီမနဲ့အတူ ထမင်းစားမယ်"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

လူများအားလုံး ကြက်သေသေသွားကြသည်။ ယခုချိန်၌ ဤလူများကို မည်သို့ စီမံမည်အား ဆုံးဖြတ်ရမည့်အချိန်တွင် ချင်းမင်သည် သူ၏ညီမကို အိမ်ပြောင်းရန် မလိုတော့ကြောင်း ရှင်းပြနေသလော။

ချင်းမိသားစုတစ်စုလုံးတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်ခဲ့သည်ကို ချင်းချင်းတစ်ယောက်သာ မသိသေးကြောင်း လူများအားလုံး ခန့်မှန်းနိုင်ပေ၏။

ချင်းချင်းသည် အစ်ကိုဖြစ်သူက ထမင်းအတူစားမည်ဟု ပြောလိုက်သဖြင့် သူမ၏ဗိုက်ကို စမ်းကြည့်လိုက်သည်။ သူမသည် အမှန်တကယ်ကို အနည်းငယ် ဗိုက်ဆာနေလေပြီ။

"အင်း... ညီမရဲ့ပစ္စည်းတွေ သွားပြန်ထားလိုက်မယ်... ဒီကိစ္စပြီးရင် ညီမတို့တွေ ထမင်းသွားစားကြမယ်နော်"

ထိုသို့ပြောပြီးသည်နှင့် ချင်းချင်းသည် ချင်းအိမ်တော်ထဲသို့ ပျော်ရွှင်စွာ ပြေးဝင်သွားပြီး အိမ်အဝင်ဝတွင် သူမ၏အိတ်ကြီးကို မမေ့မလျော့ ပြန်ကောက်ယူသွားသည်။

ချင်းမင်သည် ချင်းမိသားစု အစေခံများကို မျက်ရိပ်ပြလိုက်ရာ အစေခံမလေး နှစ်ဦးသည် ချက်ချင်းဆိုသလိုပင် ချင်းချင်း၏နောက်သို့ လိုက်ပါသွားကြသည်။

"ကောင်းပြီလေ..... ကျုပ်ရဲ့ညီမလေးလည်း ထွက်သွားပြီဆိုတော့... အခု ခင်ဗျားတို့ကိစ္စကို ပြောလို့ရပြီ"

ချင်းမင်သည် ပြန်လှည့်လာပြီး သူ၏ရှေ့တွင် ဒူးထောက်နေသူများကို ကြည့်ကာ ပြောဆိုလိုက်သည်။

ချင်းမင် မည်သည်ကြောင့် ဤသို့ပြောဆိုလိုက်သည်ကို မည်သူမျှ နားမလည်ကြသော်လည်း ခြွင်းချက်အနေဖြင့် လူနှစ်ဦးရှိသည်။ ဤသည်မှာ ချင်းမင်နှင့်ချင်းချင်းတို့၏ မိဘနှစ်ပါးပင်။

ချင်းယွမ်သည် သူ၏ရှေ့ရှိ ချင်းမင်ကို ကြည့်ကာ ချက်ချင်းနားလည်သဘောပေါက်သွားသည်။

ချင်းမင်သည် ချင်းချင်းကို သွေးထွက်သံယို မြင်ကွင်းများ မမြင်စေလိုသောကြောင့် ထွက်သွားခိုင်းလိုက်ခြင်း ဖြစ်ကြောင်း သူ သိလိုက်သည်။

ချင်းချင်း ဤမျှထိ အပြစ်ကင်းစင်ပြီး ဘာမှနားမလည် ဖြစ်နေရခြင်းမှာ သူမကို အလွန်ချစ်သော အစ်ကိုကြီးတစ်ယောက် ရှိနေသောကြောင့်ပင်။

ချင်းမင်သည် ချင်းချင်းနှင့် ပတ်သက်လာလျှင် မုန်တိုင်းဟူသမျှကို ရင်ဆိုင်ကာကွယ်ပေးလေ့ရှိသည်။

ကျောက်မိသားစုမှ ကျောက်ခို့သည် ချင်းမင်ကို အမြဲတစေ ရန်စသော်လည်း ချင်းမင်က တုံ့ပြန်မတိုက်ခိုက်ခဲ့ချေ။ သို့ရာတွင် သူ၏ညီမ ချင်းချင်းအကြောင်း ထည့်ပြောလိုက်သည်နှင့် ချင်းမင်သည် ချက်ချင်းရူးသွပ်သွားလေ့ရှိသည်။

သူသည် ကျောက်ခို့ကို မနိုင်မှန်း သိလျက်နှင့်ပင် ရှေ့တိုးကာ အသည်းအသန် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုအကြိမ်သည် ချင်းမင် အဆိုးရွားဆုံး ဒဏ်ရာရခဲ့သည့် အကြိမ်ဖြစ်ပြီး သတိလစ်သွားသည်အထိ ရိုက်နှက်ခံခဲ့ရသည်။

All Chapters