← Chapters

တစ်ယောက်ယောက်က ငါ့ရဲ့ညီမကို အနိုင်ကျင့်ခဲ့လို့ပဲ

Vol. 8 Ch. 112

တစ်ယောက်ယောက်က ငါ့ရဲ့ညီမကို အနိုင်ကျင့်ခဲ့လို့ပဲ

Vol. 8 Ch. 112

ယခုချိန်တွင်လည်း ချင်းမင်သည် လူများအားလုံးကို စောင့်ဆိုင်းခိုင်းသည့် အကြောင်းအရင်းမှာ...

သူ၏စိတ်ထဲတွင် သူနှင့်အနီးကပ်ဆုံး လူနည်းစုမှလွဲ၍ လက်ရှိနေရာတွင် ရှိနေသူများအားလုံးကို ဂရုမစိုက်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

သူသည် ထိုလူများကို ဂရုမစိုက်ချေ။ ထို့ကြောင့် သူ ဂရုစိုက်သော လူများအတွက် တခြားလူများကို စောင့်ဆိုင်းစေခဲ့သည်။

"ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ... ကျွန်တော်တို့ ဝမ်မိသားစုက သခင်လေးချင်း စေခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်"

ဝမ်မိသားစုခေါင်းဆောင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး အရိုအသေပြုသည်။

"ကောင်းပြီလေ"

ချင်းမင်က ကျယ်လောင်စွာ အော်ဟစ်ပြီး ပြောဆိုလိုက်၏။

"ဒါပေမဲ့ ကျုပ် စိတ်ပူတယ်"

"ဘာကို စိတ်ပူတာပါလဲ"

ဝမ်မိသားစုခေါင်းဆောင်က မေးမြန်းသည်။

ချင်းမင်က ပြုံးလိုက်ပြီး ဝမ်မိသားစုခေါင်းဆောင်ကိုကြည့်ကာ ပြောဆိုသည်။

"ခင်ဗျားကို ကျုပ် စိတ်မချဘူး"

"ဒါဆိုရင် ကျွန်တော် သေပေးပါ့မယ်"

ထိုစကားဆုံးသည်နှင့် သူသည် ရုတ်တရက် သူ၏နဖူးကို သူ့လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

"သခင်ကြီး"

ဝမ်မိသားစုခေါင်းဆောင်၏ နောက်မှ မိသားစုဝင်များသည် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားသော မိသားစုခေါင်းဆောင်ထံသို့ အပြေးအလွှား ရောက်လာကြသည်။

ချင်းမင်သည်လည်း သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

လှည့်ကွက်သုံးချင်သူများကို သူ မုန်းတီးသော်လည်း ဝမ်မိသားစုခေါင်းဆောင်သည် အစစ်အမှန်ယောက်ျားကောင်းတစ်ယောက်ဟု သူ ဝန်ခံရပေမည်။

"ဆရာ... ဝမ်မိသားစုခေါင်းဆောင်ရဲ့မရီဒါန်းတွေကို ဖျက်ဆီးလိုက်ပါ"

ချင်းမင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ကောင်းပြီလေ"

ကျယ်လောင်သော အသံနှင့်အတူ လူငယ်တစ်ယောက်ပုံစံ ရုပ်ဖျက်ထားသော ဆရာသခင်ချင်းယန်သည် နံဘေးရှိ သစ်ပင်တစ်ပင်ပေါ်မှ ဆင်းသက်လာပြီး ဝမ်မိသားစုခေါင်းဆောင်ထံသို့ ပျံသန်းသွားသည်။

ဝမ်မိသားစုခေါင်းဆောင်သည် လုံးလုံးလျားလျား တားဆီးခြင်း မပြုချေ။ ဝမ်မိသားစုဝင်များကမူ တားဆီးလိုသော်လည်း သူတို့ထံတွင် စွမ်းအားမရှိကြချေ။

အချိန်တခဏအတွင်းမှာပင် ဝမ်မိသားစုခေါင်းဆောင်၏ခန္ဓာကိုယ်တစ်ခုလုံးရှိ မရီဒါန်းများနှင့်သွေးကြောများသည် လူငယ်လေးတစ်ယောက်၏ လက်ချက်ဖြင့် ပျက်စီးသွားတော့သည်။

ဝမ်မိသားစုခေါင်းဆောင်၏ ကျင့်ကြံဆင့်စွမ်းအားများ ဖျက်ဆီးခံလိုက်ရသည်ကို မြင်တွေ့ပြီးနောက် ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝမ်မိသားစုခေါင်းဆောင်ကို သူ၏မိသားစုဝင်များက တွဲထူပေးထားပြီး သူသည် ချင်းမင်ဘက်သို့လှည့်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ်"

ထိုသို့ပြောဆိုပြီးနောက် ဝမ်မိသားစုခေါင်းဆောင်သည် သူ၏မိသားစုဝင်များနှင့်အတူ ထွက်ခွာသွားတော့သည်။

ချင်းမင်သည် ဝမ်မိသားစုကို မည်သို့မျှ အရေးမယူဘဲ ချောချောမွေ့မွေ့ ထွက်ခွာခွင့်ပြုလိုက်သည်ကို မြင်တွေ့ချိန်၌ ချန်မိသားစုခေါင်းဆောင်က စူးရှကျယ်လောင်သောအသံဖြင့် ပြောဆိုလိုက်၏။

"ချင်းမင်... ငါလည်း ငါ့ရဲ့သွေးကြောတွေကို ငါကိုယ်တိုင် ဖျက်ဆီးပြီးတော့ ကျင့်ကြံတာကို စွန့်လွှတ်ပါ့မယ်... ကျေးဇူးပြုပြီး ချန်မိသားစုကို လွှတ်ပေးပါ... သူတို့က အပြစ်ကင်းပါတယ်"

သိုင်းကြောများကို ဖျက်ဆီးလိုက်ခြင်းသည် သိုင်းပညာကို စွန့်လွှတ်လိုက်ခြင်းနှင့် ထပ်တူထပ်မျှပင်။ ထိုအချိန်မှစ၍ သူသည် လောကကြီးတွင် အသုံးမကျသော လူတစ်ယောက်အဖြစ် ဆင်းရဲဒုက္ခခံကာ ရှင်သန်ရပေမည်။

သို့ရာတွင် ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်ခြင်းသည် ချန်မိသားစု အမြစ်ပြတ်သုတ်သင်ခြင်းခံရသည်ထက် ပိုကောင်းပေမည်။

တစ်ဖက်တွင် ကျင့်ကြံမှုကို စွန့်လွှတ်ရခြင်းဖြစ်ကာ တခြားတစ်ဖက်တွင် ချန်မိသားစု အမြစ်ပြတ်သုတ်သင်ခံရခြင်း ရှိနေသဖြင့်....

မည်သည့်အရာက ပို၍အရေးကြီးကြောင်း သူ ကောင်းစွာခွဲခြားနိုင်သည်။

"မရဘူး...."

ချင်းမင်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်။

မရဘူးဟု ဆိုသလော....

ဤစကားလုံးသည် ချန်မိသားစုခေါင်းဆောင်၏ စိတ်နှလုံးသားကို ပြင်းပြင်းထန်ထန် နာကျင်သွားစေသည်။ တစ်နေ့တွင် ရန်သူကို သူ၏ကျင့်ကြံမှုအား ဖျက်ဆီးပေးပါရန် တောင်းပန်ရလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ဖူးသော်လည်း ယခု၌မူ ထိုသို့တောင်းပန်သည့်တိုင် မရနိုင်တော့ချေ။

ချင်းမင်သည် သူ၏ချန်မိသားစုကို သေစေလိုပေ၏။

ချန်မိသားစုနှင့် ချင်းမိသားစုကြားတွင် ဤမျှထိ ကြီးမားသော အငြိုးအတေး ရှိနေသလော...

ချင်းမိသားစုကို အပြစ်ပြုမိသဖြင့် သူ ဒုက္ခရောက်ရမည် ဆိုလျှင်ပင် ချန်မိသားစုတစ်စုလုံး ဒုက္ခရောက်ရန် မလိုအပ်ချေ။

"ဘာဖြစ်လို့လဲ"

ချန်မိသားစုခေါင်းဆောင်က ခေါင်းမော့ပြီး ချင်းမင်ကို ကြည့်လိုက်၏။

သူ သေရမည်ဆိုလျှင်ပင် ချင်းမင်သည် မည်သည်ကြောင့် ချန်မိသားစုကို ဖျက်ဆီးရန် ဤမျှထိ အတင်းအကြပ် လုပ်ဆောင်နေသည်ကို မေးမြန်းရပေမည်။

သူ ဝန်မခံလိုသော်လည်း ချင်းမင်၏စိတ်ဓာတ်နှင့်စိတ်ဆန္ဒသည် သူ့ထက် ပို၍ခိုင်မာပြတ်သားသည်။

သို့ရာတွင် ယခုချိန်၌ ချင်းမင်က သူ၏ချန်မိသားစုကို ဖျက်ဆီးမည်ဟု ဆိုလာသဖြင့် အကြောင်းအရင်းကို သူ သိလိုသည်။

"ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ချန်မိသားစုက ကျုပ်ရဲ့ညီမလေးကို အနိုင်ကျင့်ခဲ့လို့ပဲ"

ချင်းမင်က ပြောဆိုလိုက်ပြီး ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်ကာ သူ၏ညီမကို အနိုင်ကျင့်ခဲ့သော သခင်မလေးချန်ကို ရှာဖွေနေသည်။

"မင်းရဲ့ညီမကို အနိုင်ကျင့်တာ.... ဟုတ်လား"

ချန်မိသားစုခေါင်းဆောင် စိတ်သောကရောကါသွားသည်။

နောက်ဆုံးတွင် ချန်မိသားစု ပျက်စီးရခြင်း၏ အကြောင်းအရင်းမှာ ဤအချက်ကြောင့် ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ်ထားမထားခဲ့ချေ။

"ဘယ်သူက မင်းရဲ့ညီမကို အနိုင်ကျင့်တာလဲ"

ချန်မိသားစုခေါင်းဆောင်သည် မမေးမြန်းဘဲ မနေနိုင်တော့ချေ။

ချင်းမင်သည် ထိုအချိန်တွင် ချန်သခင်မလေးကို ရှာတွေ့သွားလေပြီ။

ချင်းမင် ထုတ်မပြောမီမှာပင် ချန်မိသားစုခေါင်းဆောင်က သိရှိသွားသည်။ ချင်းမင်၏ အကြည့်နောက်သို့ သူ လိုက်ကြည့်လိုက်ရာ သခင်မလေးချန်သည် သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာပေ၏။

"မင်းကြောင့် ငါတို့အားလုံး သေရတော့မယ်"

ချန်မိသားစုခေါင်းဆောင်က သခင်မလေးချန်ကို ဆွဲထုတ်လိုက်သည်။

ဒူးထောက်နေသော သခင်မလေးချန်သည် ကြောက်လန့်တကြား ဖြစ်နေလေပြီ။ ချန်မိသားစုကို ဖျက်ဆီးရခြင်း၏ အကြောင်းအရင်းမှာ သူမက ချင်းချင်းကို ရိုက်နှက်ခဲ့သောကြောင့် ဖြစ်သည်ဟု ချင်းမင် ပြောလိုက်သည်ကို ကြားချိန်၌ သူမ ကြက်သေသေသွားသည်။

ဤအကြောင်းအရင်းကြောင့် ဖြစ်နေလိမ့်မည်ဟု သူမ အမှန်တကယ်ကို ထင်မှတ်မထားမိချေ။ ယခုချိန်၌ သူမကို ချန်မိသားစုခေါင်းဆောင်က ဆွဲထုတ်လိုက်ချိန်တွင် ရုတ်တရက် သူမ မည်သို့လုပ်ရမည်ကို မသိတော့ချေ။

All Chapters