← Chapters

သတ်စမ်း

Vol. 8 Ch. 113

သတ်စမ်း

Vol. 8 Ch. 113

သခင်မလေးချန်သည် အချိန်တခဏကြာမျှ ကြက်သေသေသွားပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသည်။

ချန်မိသားစုသည် လျှိုမြို့၏ထိပ်သီးမိသားစုကြီးလေးစုတွင် အမြဲတစေ ထိပ်ဆုံးက ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ချင်းမိသားစုထံတွင် အသက်ချမ်းသာပေးရန် တောင်းပန်နေရသည်။ သခင်မလေးချန်သာမက ချန်မိသားစုဝင် အားလုံးသည်လည်း ဤအဖြစ်အပျက်ကို လက်မခံနိုင်သေးချေ။

သို့ရာတွင် သူတို့၏ရှေ့တွင် ရှိနေသော လူထွားကြီးဆယ်ဦး၏ ကြီးမားသောအရှိန်အဝါကို ခံစားရချိန်၌ သူတို့ မယုံချင်သော်လည်း လက်တွေ့ဖြစ်ရပ်မှန်ကို ရင်ဆိုင်ရပေတော့မည်။

အကယ်၍ သူတို့သာ ချင်းမိသားစုနှင့် အသက်စွန့် တိုက်ခိုက်ခဲ့လျှင် ချင်းမိသားစုဘက်မှ ထိခိုက်မှုရှိမရှိကို သူတို့ မသိနိုင်ချေ။ သို့ရာတွင် မဟာသိုင်းဆရာကြီး အဆင့်၌ရှိသော ကျင့်ကြံသူဆယ်ဦးသည် သူတို့အားလုံးကို ဖျက်ဆီးပစ်ရန် လုံလောက်ပေ၏။

"ချင်းမင်... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီးတော့ ငါ့ကို လွှတ်ပေးပါ"

သခင်မလေးချန်သည် အသိပြန်ဝင်လာပြီး သူမ၏ရှေ့တွင် မတ်တတ်ရပ်နေသော ချင်းမင်ကို ကြည့်ကာ တောင်းပန်လိုက်သည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ ချင်းမင်သည် မည်သူဖြစ်သနည်း....

သူသည် ဆေးပညာရှင်တစ်ဦးဖြစ်ပြီး ရန်သူနှင့် ပတ်သက်လျှင် စိတ်နှလုံးသား မာကျောသူတစ်ယောက်ပင်။

ဤမိန်းမသည် သူ၏ညီမကို အနိုင်ကျင့်ခဲ့သောကြောင့် သေဆုံးရပေမည်။

ပုံမှန်အားဖြင့်လည်း သူမသည် လျှိုမြို့တွင် ချန်မိသားစု၏အာဏာကို အသုံးပြုကာ ယုတ်မာသော ကိစ္စများကို ပြုလုပ်လေ့ရှိသည်။

လျှိုမြို့တစ်မြို့လုံးသည် ဤသခင်မလေးချန်ကို ကြောက်ရွံ့ကြရာ သူမကို သတ်လိုက်ခြင်းသည် မြို့နေလူထုအတွက် အန္တရာယ်ကို ဖယ်ရှားပေးခြင်းပင်။

"သူတို့အားလုံးကို သတ်လိုက်စမ်း..."

ချန်မိသားစုခေါင်းဆောင်နှင့် သခင်မလေးချန်တို့၏ တောင်းပန်မှုကို လျစ်လျူရှုပြီး ချင်းမင်က အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့"

ခန္ဓာကိုယ် တောင့်တင်းသန်မာသော လူထွားကြီးတစ်ဦးက ကြေးခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်သော အသံဖြင့် အော်ဟစ်ကာ သူ၏ကြွက်သားများနှင့်အရိုးများကို လှုပ်ရှားလိုက်သည်။

"ငါတို့က ဒီနေရာကို တာဝန်ထမ်းဆောင်ဖို့ လာခဲ့တာ... ဒါပေမဲ့ ဘာမှမလုပ်ဘဲ သက်သက်သာသာနေခဲ့ရတယ်... ဘာမှ မလုပ်ရဘဲ ဒီတိုင်း ပြန်သွားရမယ်ဆိုရင်..ငါ့ရဲ့စိတ်ထဲမှာ မသိုးမသန့် ဖြစ်နေမှာ... အခု လုပ်စရာရှိလာပြီဆိုတော့ ငါ့ရဲ့စိတ်နဲ့ ကွက်တိပဲ... မင်း ငါတို့ကို ခိုင်းစရာ မရှိတော့မှာကိုတောင် စိုးရိမ်နေတာ"

သူတို့သည် ချင်းအိမ်တော်သို့ ရောက်လာစဉ်ကတည်းက အလျှံပယ်စားသောက်ခဲ့ကြသည်။ သူတို့သည် အခကြေးငွေကြောင့် လာခဲ့ခြင်း ဖြစ်သော်လည်း မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ရချေ။ သူတို့သည် ဤအတိုင်း ဟန်ပြမတ်တတ်ရပ်နေခဲ့ရုံသာ ဖြစ်နေပေ၏။

သူတို့သည် ထိုကဲ့သို့ ကိစ္စမျိုးကို လက်မခံနိုင်လေရာ ယခုမှသာ အဆင်ပြေသွားတော့သည်။ ချန်မိသားစုသည် ချင်းမိသားစုနှင့် ဖြေရှင်း၍မရနိုင်သော ရန်ငြိုးရှိပုံရသဖြင့် သူတို့ ရှေ့ထွက်ရမည့်အချိန်သို့ ရောက်လာလေပြီ။

ထိုအဖွဲ့ကို ဦးဆောင်သော ပိန်ပါးပါး လူလတ်ပိုင်းကြီးက ချန်မိသားစုထံသို့ ပြေးဝင်သွားသည်။

သူသည် ဤအဖွဲ့၏ခေါင်းဆောင် ဖြစ်သော်လည်း စကားများစွာ ပြောဆိုခြင်း မရှိချေ။ သူ့အတွက်ကမူ အင်အားသုံးပြီး ဖြေရှင်းနိုင်သည့် ကိစ္စများဖြစ်နေပါက မည်သည်ကြောင့် သူ စကားများများ ပြောနေရမည်နည်း။

သူတို့သည် စကားလုံးများဖြင့် ပြဿနာကို ဖြေရှင်းနိုင်လျှင် မည်သည်ကြောင့် သိုင်းပညာကို ဤမျှထိ ပြင်းပြင်းထန်ထန် ကျင့်ကြံခဲ့ကြမည်နည်း။

ပိန်ပါးပါးလူလတ်ပိုင်းကြီး၏ နောက်မှနေ၍ တခြားလူထွားကြီးများသည်လည်း ပြေးထွက်သွားကြသည်။

ရုတ်ချည်းဆိုသလိုပင် ချန်မိသားစုဝင်များအားလုံး မတ်တတ်ရပ်လိုက်ကြပြီး အစွမ်းကုန် တိုက်ခိုက်ရန် ဟန်ပြင်လိုက်ကြ၏။

ချန်မိသားစုသည်လည်း လျှိုမြို့၏ နံပါတ်တစ် အာဏာရှင် ဖြစ်ခဲ့ဖူးသည် မဟုတ်လော။ ယခု ချက်ချင်း အသတ်ခံလိုက်ရမည်ဆိုလျှင် သူတို့အတွက် အရှက်သိက္ခာ ကြွင်းကျန်တော့မည် မဟုတ်ချေ။ လူနည်းစုမှလွဲ၍ ချန်မိသားစုဝင်များအားလုံး သိုင်းစစ်သည်တော်များ ဖြစ်ကြသည်။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ နှစ်ဖက်အကြားရှိ ကျင့်ကြံဆင့်ကွာခြားချက်သည် အလွန်ကြီးမားသဖြင့် သူတို့ထံ၌ သတ္တိရှိနေရုံဖြင့် အစားထိုး၍ မရနိုင်ပေ။

လူထွားကြီးဆယ်ယောက်သည် သိုးအုပ်ထဲသို့ ဝင်ရောက်သွားသော ကျားဆယ်ကောင်အလားပင်။

ချန်မိသားစုခေါင်းဆောင်သည် ခေါင်းဆောင်ဖြစ်သူ ပိန်ပါးပါးလူလတ်ပိုင်းကြီး၏ တိုက်ခိုက်ခြင်းကို ချက်ချင်းခံလိုက်ရပြီး သိုင်းကွက်နှစ်ကွက်မျှပင် တောင့်မခံနိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် တိုက်ခိုက်သတ်ဖြတ်ခြင်းကို အထူးပြုကျင့်ကြံသော မဟာသိုင်းဆရာကြီးတစ်ဦး မဟုတ်ချေ။ သူသည် စွမ်းအားသုံး၍ မတိုက်ခိုက်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သုံးရက်ခန့် လေ့ကျင့်မှုမရှိလျှင်ပင် သိုင်းပညာသည် ကျဆင်းသွားတတ်သည်ဟု ဆိုကြသည် မဟုတ်လော။

သူသည် ဓားသွားပေါ်တွင် နေ့စဉ် အသက်လုနေရသော မဟာသိုင်းဆရာကြီးများနှင့် မည်သို့ ယှဉ်နိုင်မည်နည်း။ ချန်မိသားစုဝင်များသည် ချက်ချင်းဆိုသလိုပင် အရေးနိမ့်သွားကြ၏။

ထိုအချိန်မှာပင် လူအုပ်အကြားမှ အနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် ရုတ်တရက် ကိုယ်ဖော့ပညာရပ်ကို တပြိုင်နက်တည်း ထုတ်ဖော်အသုံးပြုကာ အဝေးသို့ ထွက်ပြေးသွားကြသည်။

ဆရာသခင် ချင်းယန်သည် သူတို့ကို ယခင်ကတည်းက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ဤအနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးသည် သူ့ကို သတ်ဖြတ်ရန် လာခြင်းဖြစ်ရာ သူ မည်သည်ကြောင့် သတိမထားမိဘဲ နေမည်နည်း။

တိုက်ပွဲကွင်းပြင်မှ အခြေအနေသည် ယခုချိန်၌ အလွန်ကောင်းမွန်နေသည်။ ချန်မိသားစုသည် မဟာသိုင်းဆရာကြီးဆယ်ဦး၏ တိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်နေပြီဖြစ်ရာ ဤအနက်ရောင်ဝတ်စုံဝတ်လူနှစ်ဦးကို အလွတ်ပေး၍ မဖြစ်ချေ။

ဆရာသခင်ချင်းယန်က အော်ဟစ်လိုက်သည်။

"ဘယ်ကို ပြေးမလို့လဲ"

သူ၏ပုံရိပ် လှုပ်ရှားသွားသည်ကို မြင်လိုက်ရပြီး အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်၏နောက်သို့ ပြေးလိုက်သွားသည်။

ချင်းယွမ်သည်လည်း တခြားအနက်ရောင်ဝတ် စုံဝတ်လူတစ်ယောက်၏နောက်သို့ လိုက်သွားလေ၏။ သူတို့နှစ်ယောက်သည် လမ်းခွဲပြီး ထွက်ပြေးသွားကြသော အနက်ရောင်ဝတ်စုံဝတ် လူနှစ်ယောက်၏နောက်သို့ အသီးသီး လိုက်သွားကြသည်။

ချင်းမင်သည် သူ၏ဖခင်အတွက် အနည်းငယ် စိတ်ပူသွားသဖြင့် မဟာသိုင်းဆရာကြီးအဆင့် ပိန်ပါးပါးလူလတ်ပိုင်းကြီးကို မျက်စပစ်၍ အချက်ပြလိုက်သည်။

ထိုပိန်ပါးပါးလူလတ်ပိုင်းကြီးသည် ချန်မိသားစုခေါင်းဆောင်ကို နှိမ်နင်းပြီးဖြစ်ကာ ကျန်ရှိသော ချန်မိသားစုဝင်များကို သတ်ရန် ဟန်ပြင်နေခဲ့သည်။ ချင်းမင်၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် သူသည် ချက်ချင်းဆိုသလိုပင် ချင်းယွမ်၏နောက်သို့ လိုက်သွားတော့သည်။

All Chapters